ဘယ်လောက်ပဲဆင်းရဲပါစေ.. အကောင်းဘက်ချည်းတွေးတတ်တဲ့ မိခင်တစ်ယောက်ရဲ့အပြုအမူက သားသမီးတွေရဲ့
ကိုယ်ကိုယ့်ကိုယုံကြည်မှု (Confidence) နဲ့ ယုံကြည်ခြင်း (Trust) ကို အများကြီး အထောက်အကူပြုစေပါတယ်။
တစ်ခါက ရထားပေါ်မှာ အမေတစ်ယောက် သားကိုဆုံးမနေတာနဲ့ကြုံခဲ့ဖူးတယ်။ ရုံးဆင်းချိန်မို့ လူတွေပြည့်ကျပ်နေပေမယ့် အမေဖြစ်သူက အသံကိုမလျော့ခဲ့ဘူး။ ရထားပေါ်ကလူတွေအားလုံး သူပြောတဲ့စကားကို အတိုင်းသားနေရတယ်။
“ငါက ပင်ပင်ပန်းပန်းငွေရှာပြီး ကျောင်းထားပေးတယ်။ ပိုက်ဆံတွေအကုန်ခံပြီး ကျူရှင်ထားတယ်။ ဒါတောင် အမှတ်တွေက စုတ်ပြတ်နေတာပဲ”
ကြည့်ရတာ ရမှတ်တွေ တော်တော်ဆိုးတဲ့ပုံပါပဲ။ အမေကပြောလေ စိတ်တိုလေနဲ့ “အဲလောက်အထိ အ,ရလား။ အ,တာမှ ဝက်နဲ့တူတယ်”လို့ ကလေးကိုဆူတော့တယ်။ အမေဆူတာကိုငုံ့ခံနေတဲ့ကလေးက ရုတ်တရက် “ သားကဝက်ဆိုရင် အမေကဝက်မပေါ့” လို့ ပြန်ပြောလိုက်တယ်။ ရထားပေါ်က လူတွေအားလုံး ပြုံးစိစိဖြစ်ကုန်ကြတယ်။ အခြေအနေ မဟန်မှန်းသိတော့ ကလေးက တစ်ခြားရထားတွဲပေါ် အမြန်ကူးသွားလိုက်တယ်။ အမေတစ်ယောက်တည်း ငိုင်ပြီးကျန်ရစ်ခဲ့တယ်။
အဲဒီအဖြစ်အပျက်ကိုကြည့်ပြီး အမေရိကားက,ကလေးတွေ ဖွံ့ဖြိုးကြီးပြင်းပုံကို နှစ်ရှည်ဆန်းစစ်တဲ့စီမံကိန်းတစ်ခုကို ကျွန်တော်သွားသတိရမိတယ်။ စီမံကိန်းရဲ့နောက်ဆုံးရလဒ်က “မွေးရာပါ အကျင့်ကြောင့်ဖြစ်စေ၊ နေထိုင်မှု အခြေအနေကြောင့်ဖြစ်စေ မိခင်တစ်ဦးရဲ့အပြုအမူစရိုက်တွေက ကြီးပြင်းလာမယ့်ကလေးတစ်ယောက်ကို များစွာသက်ရောက်စေတယ်”လို့ဆိုတယ်။
၁၉၇ဝခုနှစ် နှစ်ဦးပိုင်းမှာ အမေရိကားက ဝင်ငွေနည်းတဲ့အိမ်ထောင်စု(၁ဝ၇)စုကိုရှာပြီး လေးလသားအရွယ်ကနေ မူလတန်းကလေးတွေအထိ သားသမီးအပေါ် မိဘတွေရဲ့ပျိုးထောင်မှုကို စစ်တမ်းကောက်ယူခဲ့ကြတယ်။ ကလေးတွေကို ဘာသာစကား၊ စာပေပညာတွေသင်ကြားပေးပြီး ၂၁နှစ်အရွယ်ရောက်တဲ့အထိ ခြေရာခံခဲ့ကြတယ်။
ရလဒ်ကိုဆန်းစစ်တော့ စစချင်းမှာ လမ်းညွှန်သင်ကြားမှုတွေကို စောစောခံယူတဲ့ကလေးတွေက ဉာဏ်ပညာအရည်အချင်းတွေ ပိုမိုကောင်းမွန်လာတာကိုတွေ့ရတယ်။ ဥပမာ- သင်ကြားမှုခံယူရတဲ့ ၁၂နှစ်ကလေးတစ်ယောက်ရဲ့အသိဉာဏ်က ၉၄မှတ်၊ မခံယူတဲ့ကလေးက ၈၈မှတ်ပဲရှိတာကိုတွေ့ရတယ်။ ဒါပေမယ့် အသက်အရွယ်နဲ့လိုက်ပြီး အသက်ကြီးလာလေ သက်ရောက်မှုနည်းလာလေကို တွေ့ရတယ်။
လျှော့နည်းလာရခြင်းအကြောင်းရင်းကို ပညာရှင်တွေက အချက်အလက်ခွဲကြည့်တော့ မိခင်ရဲ့အပြုအမူနဲ့ သင်ပြမှုတွေ အရေးပါကြောင်းကို တွေ့ရှိခဲ့ရတယ်။ ဒီလို စစ်တမ်းကောက်ယူမှုတွေမရှိခဲ့ရင်လည်း “မိခင်တစ်ဦးရဲ့ အပြုအမူ”က သားသမီးကြီးပြင်းလာမှု၊ အောင်မြင်မှုတွေအပေါ်မှာ များစွာအထောက်အကူဖြစ်စေတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။
အမေရိကားက NASAရဲ့ အင်ဂျင်နီယာမှူးဖြစ်တဲ့ Homer Hadley Hickamက အငြိမ်းစားမယူခင် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်တဲ့ “October Sky”ဆိုတဲ့စာအုပ်တစ်အုပ်ကို ရေးသားခဲ့တယ်။ အဲဒီစာအုပ်ထဲမှာ သူဟာ ဆင်းရဲတဲ့သတ္တုတွင်းမြို့ကျောင်းကနေ West Virginiaရဲ့သိပ္ပံပြပွဲမှာ ပထမဆုရခဲ့တာဟာ မိခင်နဲ့ပတ်သက်နေတယ်လို့ ဆိုပါတယ်။
ယမ်းကောင်းလေ ဒုံးကျည်က အမြင့်ကိုပျံတက်နိုင်လေဆိုတာကိုသိခဲ့တဲ့နှစ်မှာ အိမ်က ရေနွေးပိုက်ကို သူဖောက်ခွဲလိုက်မိတယ်။ ကွယ်ဝှက်လို့မရတဲ့အရာမို့ သူတော်တော်လေး တုန်လှုပ်သွားခဲ့မိတယ်။ အိမ်လည်း မပြန်ရဲခဲ့ဘူး။ ဆာလောင်လို့မတတ်နိုင်တဲ့အဆုံးမှာ အိမ်ကိုသူပြန်ခဲ့တယ်။ အိမ်ရောက်တော့ မိခင်ကမဆူတဲ့အပြင် “ရေနွေးပိုက် အသစ်လဲရမယ်လို့ သားဖေဖေကို မေမေအစောကြီးကတည်းကပြောခဲ့တယ်။ သူနားမထောင်ခဲ့ဘူး။ အခုတော့ အသစ်တစ်ခုဝယ်ရတော့မယ်”လို့ ပြောခဲ့တယ်။ အမေ့စကား၊ အမေရဲ့အပြုအမူတွေက သူ့ဘဝကို ပြောင်းလဲစေခဲ့တာကြောင့် အောင်မြင်တဲ့ ဒုံးပျံပညာရှင်တစ်ဦးဖြစ်အောင်ကြိုးစားပြီး အမေ့ကျေးဇူးကိုဆပ်ဖို့ သူဆုံးဖြတ်ခဲ့တယ်။
အမေရိကန်သမ္မတဘုရှ်အပါးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ နာမည်ကြီးအမျိုးသမီး Condoleezza Riceက ဒီလိုပြောခဲ့ပါတယ်။ သူ အလယ်တန်းအရွယ်တုန်းက တစ်နေ့ကျောင်းအပြန်မှာ အထုပ်အပိုးတွေနဲ့ အိမ်ရှေ့လမ်းဘေးမှာရပ်နေတဲ့ အမေကိုတွေ့လိုက်ရတယ်။ အိမ်လခမပေးနိုင်လို့ အိမ်ရှင်က မောင်းချလိုက်ပြီလို့ဆိုပါတယ်။ ဆင်းရဲတဲ့အတွက်ကျောင်းထွက်ပြီး အလုပ်လုပ်ဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါကို အမေကလက်မခံခဲ့ဘူး။
“အိမ်မရှိလည်း ပညာဆက်သင်လို့ရတယ်။ ပညာမရှိရင် နေဖို့အိမ်မရှိဘူး။ အမေတို့ရဲ့အခြေအနေကို ပြောင်းလဲချင်ရင် သမီးကျောင်းတက်ရမယ်။ ပညာရှိရင် နေဖို့အိမ်ရှိလာမှာပဲ”
အောင်မြင်သူတစ်ဦးရဲ့ နောက်ကွယ်မှာ မြင့်မြတ်တဲ့အမျိုးသမီးတစ်ဦးရှိသတဲ့။ အထက်က ပုံပြင်လေးတွေက အဲဒီသဘောကို ဆောင်ပါတယ်။ ဒါကြောင့် ဘယ်လိုပတ်ဝန်းကျင်၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အကောင်းဘက်ချည်း တွေးတတ်၊ မြင်တတ်တဲ့ မိခင်တစ်ဦးရဲ့အပြုအမူတွေက ကလေးရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ ယုံကြည်ခြင်းတွေကို များစွာ အထောက်အကူပြုစေခဲ့ပါတယ်။
မူရင်း... ထိုင်ဝမ်စာရေးဆရာ “ဟုန်လန်” (Hong Lan)
နိုင်းနိုင်းစနေ (Thursday, June 19, 2008)
0 comments:
Post a Comment