မြန်မာနိုင်ငံ၌ ကူးစက်မြန် ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ အစုလိုက် အများအပြားဖြစ်ပွားမှု မရှိသေးသည့်အတွက် ယင်းရောဂါ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်များတွင် ထည့်သွင်းထိုးနှံရန် မရှိသေးကြောင်းနှင့် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်လာပါက ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် စီမံဆောင်ရွက်ထားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ ရောဂါအဖြစ်များသည့် နိုင်ငံများတွင် အစုလိုက် ကာကွယ်ဆေး ထိုးနှံခြင်းများ ပြုလုပ်ရန် သတ်မှတ်ထားပြီး အဆိုပါ ကာကွယ်ဆေးများကို ရောဂါအဖြစ်များသည့် အာဖရိက ဒေသ ၂၆ နိုင်ငံတွင် ပြုလုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၌မူ အစုလိုက် အများအပြား ဖြစ်ပွားမှု မရှိသေးသည့်အတွက် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်များတွင် ထည့်သွင်းခြင်း မရှိသေးကြောင်း၊ မြန်မာနိုင်ငံတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုများသည့် ရခိုင်ပြည်နယ်တွင် ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကူးစက်မြန် ပြင်းထန်ဦးနှောက် အမြှေးရောင်ရောဂါကို မြန်မာနိုင်ငံ၌ ၁၉၉၂ ခုနှစ်တွင် မန္တလေး၊ ပျော်ဘွယ်၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး စသည့်ဒေသများတွင် စတင်ဖြစ်ပွားခဲ့ပြီး စတင်ဖြစ်ပွားသည့်အချိန်က အစုလိုက်ကပ်အသွင် ဖြစ်ပွားခြင်းမျိုးမဟုတ်ဘဲ ယခုဖြစ်ပွားသကဲ့သို့ တစ်ဦးစ၊ နှစ်ဦးစ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖြစ်ပွားမှုသည် အစုလိုက်ကပ်အသွင် ဖြစ်ပွားနိုင်မှုကို သတိပေးနေခြင်း ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် သတိပြုသင့်ကြောင်းနှင့် ရောဂါကြိုတင် ကာကွယ်ရေး နှိုးဆော်ချက်များကိုလည်း လိုက်နာလုပ်ဆောင်ကြရန် လိုအပ်ကြောင်း သိရသည်။
အဆိုပါရောဂါသည် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်း ဒေသကြီးများတွင် အမြစ်တွယ် ဖြစ်ပွားလျက်ရှိပြီး ရှမ်း၊ ကယား၊ ရခိုင်ပြည်နယ်များတွင် ကူးစက်ပြန့်နှံ့လျက်ရှိရာ ရန်ကုန်နှင့် ပဲခူးတိုင်း ဒေသကြီးများတွင် ကွက်ကြားဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။
မတ်လပထမပတ် အတွင်းက မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကျေးရွာများတွင် ရောဂါဖြစ်ပွားမှုသည် ပွဲလမ်းသဘင် လူစုလူဝေးမှတစ်ဆင့် စတင်ကူးစက်ခြင်းဖြစ်ပြီး ကျေးရွာ ခုနစ်ရွာမှ ကလေးငယ် ၁၅ ဦး ကူးစက်ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အနက်မှ ကလေးငယ်နှစ်ဦး၊ သုံးဦးသာ ဖြစ်ပွားခြင်းဖြစ်ပြီး ကူးစက်မြန် ကပ်အသွင်ဖြစ်ပွားမှု မဟုတ်ဘဲ ကွက်ကျားဖြစ်ပွားခြင်းသာ ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကူးစက်မြန် ပြင်းထန်ဦးနှောက် အမြှေးရောင်ရောဂါ ဖြစ်ပွားမှုရှိခဲ့ပါက ရောဂါဖြစ်ပွား သူနှင့် အနီးကပ် အတူနေထိတွေ့ ကိုင်တွယ်ပြုစုသူများကို Close Contact ဟုသတ်မှတ်ပြီး ရောဂါမကူးစက်စေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် Ciprofloxacin 500 mg သောက်ဆေးကို တိုက်ကျွေးကြောင်း၊ ယင်းဆေးကို လူနာနှင့် အနီးကပ်ထိတွေ့ ပြုစုသူ၊ မိသားစုဝင်များ၊ သေဆုံးသူများကို ကိုင်တွယ်လုပ်ဆောင် ပေးရသူများ၊ ကျန်းမာရေး ၀န်ထမ်းများကိုသာ ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်း ဖြစ်ကြောင်းနှင့် လူတိုင်း ကြိုတင် ကာကွယ်ဆေး သောက်သုံးရန် မလိုကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment