ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.4.13

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မွန်ဂိုလီးယားနိုင်ငံသို့ ဧပြီလ ၂၇ ရက်နေ့မှစ၍ ရက်သတ္တတစ်ပတ်ကြာ ခရီးသွားရောက်


၂၈.၄.၂၀၁၃၊ တနင်္ဂနွေနေ့

dawsugotomongolia1-april28
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားနိုင်ငံသို့ ရက်သတ္တတစ်ပတ် ကြာမြင့်မည့် ခရီးစဉ်သွားရောက်ရန် ဧပြီလ ၂၇ ရက် ည ၁၁ နာရီ ၄၅ မိနစ်က KE472 - KOREAN AIR လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင် ထွက်ခွာသွားသည်။
အဆိုပါ ခရီးစဉ်သည် မွန်ဂိုလီးယား သမ္မနိုင်ငံ၏ သမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြားမှုကြောင့် သွားရောက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၂၉ ရက်တွင် ကျင်းပမည့် နိုင်ငံပေါင်း တစ်ရာကျော်မှ ခေါင်းဆောင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက်ရန်ရှိသည့် "ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ" ကို တက်ရောက်မည်ဖြစ်သည်။
dawsugotomongolia2-april28
ဆက်လက်၍ ဧပြီ ၃၀ တွင် မွန်ဂိုလီးယား သမ္မတနှင့်အတူ Mongolian and Myanmar : Road to Freedom and Lessons Learned မိန့်ခွန်းကို ပူးတွဲပြောကြားမည် ဖြစ်သည်။ မြန်မာနိုင်ငံသို့ မေလ ၃ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ အစောပိုင်းအတွင်းကလည်း ဂျပန်နိုင်ငံသို့ တစ်ပတ်ကြာခရီးစဉ် သွားရောက်ခဲ့သည်။
 Eleven Media Group

27.4.13

လက်ပံတောင်းလယ်သမားတွေ တရားဝင်ဆန္ဒပြခွင့်ရရှိ


၂၇.၄.၂၀၁၃၊ စနေနေ့


အခုရက်ပိုင်း လက်ပံတောင်းတောင်ဒေသတွင်း တားမြစ်နယ်မြေထဲ လယ်ဝင်ထွန်ခဲ့တဲ့ ဒေသခံလယ်သမားတွေနဲ့ အာဏာပိုင်တွေကြား သေနက်နဲ့ပစ်ခတ်တဲ့အထိ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေဘက်က ဒေသခံတွေကို တရားဝင် ဆန္ဒပြခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။ ဆန္ဒပြသူ ကန့်သတ်ဦးရေ ၅၀၀ နဲ့ ဆန္ဒပြချိန် သုံးနာရီ ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း တရားဝင် ဆန္ဒပြခွင့်ပြုဖို့ ဒေသခံလယ်သမားတွေဘက်က တာဝန်ရှိသူတွေကို ခွင့်ပြုမိန့်တောင်းခံခဲ့ပြီးတဲ့ တစ်ပတ်အကြာမှာ အာဏာပိုင်တွေဘက်က ခွင့်ပြုမိန့် ချပေးလိုက်တာဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၂၉ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ် တုံရွာကနေ ပုသိမ်-မုံရွာလမ်းဆုံ ဦးပိုင်ကုမ္ပဏီရုံးရှေ့အထိ ဆန္ဒပြကြမှာဖြစ်ပါတယ်။ ဆန္ဒပြပွဲခွင့်ပြုချိန် သုံးနာရီတိတိ အတွင်းမှာ ဆန္ဒပြသူဦးရေ ၅၀၀ အထိ ကန့်သတ်ခွင့်ပြုထားတယ်လို့ လက်ပံတောင်းတောင် အရေးတက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်ကပြောပါတယ်။

“ကျနော်တို့ ၂၉ ရက်နေ့ကို စာတင်ထားတဲ့ဟာ ကျပြီပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့ ၂၉ ရက်နေ့မှာ ဆန္ဒပြမယ်။ အယောက် ၅၀၀။ ကန့်သတ်အင်အား အယောက် ၅၀၀။ အချိန်အားဖြင့် သုံးနာရီ။ အဓိက ကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ မတရားဖမ်းဆီးထားတဲ့သူတွေကို ပြန်လည် လွှတ်ပေးရေး ဆိုတာတွေနဲ့ တုံရွာရှေ့ကနေ ပုသိမ်-မုံရွာ လမ်းဆုံ ဦးပိုင်ကုမ္ပဏီ ရုံးရှေ့အထိကို ကျနော်တို့ ဆန္ဒပြပွဲ ဆက်လုပ်မယ်။ နောက်နှစ်တွေမှာ ကျနော်တို့က မြေယာမယူထားတဲ့ လယ်သမားတွေဟာ သူတို့မြေသူတို့ပိုင်တယ်ဆိုတဲ့ သဘောထား ထုတ်ပြန်မှုတွေနဲ့ ရွာတွင်း ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်သွားမှာဖြစ်ပါတယ်။ ”

တုံရွာကနေ စတင်ဆန္ဒပြကြမယ့် ဒီဆန္ဒပြပွဲမှာတော့ မိမိတို့ရဲ့ မိရိုးဖလာ လယ်ယာလုပ်ကိုင်ခွင့်ပြန်ရရေးအတွက် ဒေသခံပြည်သူတွေဘက်က ရွာလုံးကျွတ် ဆန္ဒပြကြမှာဖြစ်ပြီး တားမြစ်နယ်မြေမဟုတ်တဲ့ နယ်မြေတွေမှာလည်း ပြန်ပြီးထွန်ယက်စိုက်ပျိုးဖို့ စီစဉ်နေတယ်လို့ ဆည်တည်ရွာက တောင်သူဦးကြီး ဦးသန်းမောင်ကပြောပါတယ်။

“ကျနော်တို့ကတော့ ရွာလုံးကျွတ်လိုက်နေကြပါတယ်။ ကျနော်တို့ရွာတွေက။ ကျနော်တို့ရဲ့ဘ၀ဟာ မြေကြီးပါ။ မြေကြီးက ကျနော်တို့ဘ၀ပါ။ အဲဒီတော့ ကျနော်တို့လယ်မြေတွေ အတွက်ကို ကျနော်တို့ဒီလိုပဲ နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်သွားမှာပါ။ ရွာလုံးကျွတ်လိုက်မှာပါ။”

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း လယ်ယာသိမ်းခံထားရတဲ့ ဒေသခံတောင်သူလယ်သမားတွေက သူတို့ပိုင်ခဲ့တဲ့ လယ်ယာမြေထဲမှာ ဝင်ထွန်ယက်ခဲ့တာမှာ တားမြစ်နယ်မြေဖြစ်တဲ့အတွက် အာဏာပိုင်တွေနဲ့ လယ်သမားတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့ပြီး သေနတ်နဲ့ပစ်ခတ်မှု၊ ရိုက်နှက်ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မနေ့က ဧပြီလ ၂၆ ရက်နေ့မှာတော့ ဖမ်းဆီးခံ ကျောင်းသားလူငယ်တွေနဲ့ လယ်သမားတွေကို ပြန်လွှတ်ပေးရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ တားမြစ်နယ်မြေရုပ်သိမ်းရေး အပါအဝင် တောင်းဆိုချက်တွေကို လယ်သမားတွေက ဝိုင်းဆန္ဒပြခဲ့ကြရမှာတော့ အာဏာပိုင်တွေဘက်က လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားပြီး တင်းမာမှုတွေရှိခဲ့ပါတယ်လို့ တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်ကပြောပါတယ်။

“လက်ပံတောင်းအခြေအနေကတော့ဗျာ လယ်ယာမြေဆုံးရှုံးပြီးတော့ လျော်ကြေးမယူထားတဲ့ လယ်သမားတွေ တော်တော်များများရှိတယ်။ အဲဒါတွေကို ထွန်ယက်ဖို့လုပ်တော့ ၂၅ ရက်နေ့က သေနတ်နဲ့ပစ်၊ ဖမ်းတာတွေဖြစ်တဲ့အခါကျတော့၊ အဲဒါမနေ့က ဆန္ဒပြတဲ့အခါကျတော့လည်း ပထမစည်း၊ ဒုတိယစည်း၊ တတိယစည်းတွေနဲ့ သတ်မယ်ဖြတ်မယ်ပုံစံမျိုးတွေ လုပ်ကြတယ်။ ညတုန်းကလည်း ဆည်တည်းရွာက တရုပ်ဆိုက်ထဲကို လုံထိန်းတွေ ထပ်ရောက်လာတာတို့။ ညပိုင်း မုံရွာမြို့ပေါ်မှာရှိတဲ့ ရဲတွေကို တောက်လျှောက် ကားတွေနဲ့ဒီဘက်လွှတ်တယ်။ မနက်ကျတော့လည်း ဟိုဘက်မှာ လုံထိန်းတွေ၊ ရဲတွေ ကျနော်တို့ မုံရွာဘက်ကူးတဲ့ဘက်မှာလည်း တောက်လျှောက် ထပ်ချထားတယ်။

"ဒီနေ့မနက် ၉ နာရီလောက်မှာ မိုးကြိုးပြင်ကျေးရွာက ထွန်တုံး တိုက်ပွဲဝင်မယ်ဆိုပြီးတော့ သူတို့ဘက်လူတွေက တဘက်သတ် ကောလာဟလတွေနဲ့ မိုးကြိုးပြင်ကျေးရွာကို ရဲတွေ ထောက်လှမ်းရေးတွေ အက်စ်ပီတွေ အပြည့် ဒီနေ့မနက် ၉ နာရီလောက်မှာ ရောက်လာတယ်။ ရောက်လာပြီးတော့ ရွာဝမှာ ၀ုန်းဝုန်းနဲ့လာပြီးတော့လုပ်တယ်။ ရွာသားတွေကို ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်ပြီးတော့ သူတို့ ပြန်တယ်။ ပြန်ပြီးတဲ့အခါကျတော့ မြေယာလျော်ကြေးတွေ ထုတ်ယူဖို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီးတော့ လော်စပီကာတွေနဲ့ အော်တယ်။ ရွာသားတွေက လက်မခံဘူး။ လယ်သမားတွေရဲ့အခွင့်အရေး ဆုံးရှုံးနေတဲ့ဟာကို ဘာတခုမှ ဖော်ထုတ်ခွင့် လုပ်ခွင့်မရဘဲနဲ့ တကယ့်ကို စစ်မြေပြင်ကြီးတခုအလား၊ ထောက်လှမ်းရေးတွေ စစ်တပ်တွေ လုံထိန်းတွေနဲ့ မဲမှောင်နေအောင် တောက်လျှောက်လုပ်နေတယ်။ အဲဒီအတွက် ရွာသားတွေအနေနဲ့လည်း ဒေသတည်ငြိမ်ရေးနဲ့ သူတို့တွေ အကြမ်းဖက်မခံရရေးကို သတိကြီးစွာနဲ့ စောင့်ကြည့်နေရတဲ့ အနေအထားတွေ ရှိပါတယ်။”

ဒီကနေ့ ဧပြီလ ၂၇ ရက်မနက်ပိုင်းမှာတော့ မူလစီစဉ်ထားတဲ့ လယ်ယာမြေတွေမှာ လယ်ထွန်ဖို့ ထွန်တုံးချချိန်မှာတော့ အာဏာပိုင်တွေက အင်အားအလုံးအရင်းနဲ့ လုံခြုံရေးယူထားတဲ့အတွက် ဒေသခံလယ်သမားတွေ ထပ်ပြီး အထိခိုက်အနာတရ သွေးမြေကျမှာ မလိုလားတဲ့အတွက် လယ်သမားတွေက ထွန်တုံးရုပ်ပြီး ပြန်လာခဲ့ကြတယ်လို့လည်း ဆည်တည်းရွာက လယ်သမားကြီး ဦးသန်းမောင်ကပြောပါတယ်။

“ဘိုးဘွားပိုင် ကျနော်တို့ သမဦးကျမြေတွေကို ကျနော်တို့က ပုံမှန်ထွန်ယက်စားသောက်လာတာ ဆိုတော့ ကျနော်တို့မြေကို ကျနော်တို့က ဆက်ပြီးတော့ ထွန်မှာပါ။ ဒါပေမဲ့ သူတို့က ကျနော်တို့ရဲ့ မြေပေါ်မှာ ကျနော်တို့ထွန်တာကို ဒီလိုလာပြီး အကြမ်းဖက်ဖို့အဆင်သင့်။ ထောင်နဲ့ချီတဲ့အင်အားနဲ့ပြင်တယ်ဆိုတော့ နောက်ဆုတ်ထားတာ။ ဒါပေမဲ့ ကျနော်တို့ဘက်ကနေပြီးတော့ ဒီလိုမျိုး ကျနော်တို့ကိုလာပြီးတော့ အကြမ်းဖက်တာတို့၊ မတရားလာလုပ်တာတို့ ဒီလိုထိပ်တိုက်မတိုးချင်လို့ ကျနော်တို့က နောက်ဆုတ်ထားတာပါ။”

အခုလက်ရှိအခြေအနေမှာတော့ မုံရွာခရိုင် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနယ်မြေထဲမှာ အာဏာပိုင်တွေဘက်က လုံခြုံရေးအင်အားတွေ တိုးချဲ့ချထားပါတယ်။

ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း လုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဒေသခံတွေရဲ့ လယ်မြေ ဧကပေါင်း ၇,၈၀၀ ကျော်ကို သိမ်းယူခဲ့ပြီးတော့ ရွာပေါင်း ၄ ရွာကို ဖယ်ရှားခိုင်းခဲ့တာဖြစ်ပါတယ်။ ဒေသခံတောင်သူလယ်သမား အများစုကတော့ အသိမ်းခံထားရတဲ့ သူတို့ လယ်မြေတွေကို ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကပေးတဲ့ လျော်ကြေး နစ်နာကြေးမယူဘဲ စီမံကိန်းရပ်တန့်ရေးကိုသာ ဆက်လက် တောင်းဆိုတိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

VOA

ဇွန်လမှစ၍ ကုန်သွယ်ခွန်ကင်းလွတ်ခွင့်(GSP) စနစ် စတင်ကျင့်သုံးမည်



၂၇.၄.၂၀၁၃၊ စနေနေ့
 

ဥရောပယူနီယံ(EU)နိုင်ငံများ အနေဖြင့်၂၀၁၃-၂၀၁၄ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ပို့ကုန်များကို ကန့်သတ် ထိန်းချုပ်မှု မရှိပဲ အထွေထွေကုန်သွယ်ခွန် ကင်းလွတ်ခွင့် (GSP) စနစ်ကျင့်သုံးတော့မည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။     
 
အထွေထွေကုန်သွယ်ခွန်ကင်းလွတ်ခွင့်စနစ်(GSP)ကို ၂၀၁၃ခုနှစ်၊ ဇွန်လပိုင်းမှစတင်၍ ကျင့်သုံးနိုင်မည်ဟု  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဌ ဦးနှင်းဦးက ဆိုသည်။   
 
“ဇွန်လမှာ လုပ်မယ့် ILO အစည်းအဝေးဆုံးဖြတ်ပြီးတာနဲ့ EU က ဒီစနစ် စတင်မယ် ထင်တယ်။ EU ကို ပို့လို့ ရတာ မရတာက GSP စနစ်နဲ့မဆိုင်ဘူး။ အမှန်က ဒီကစက်ရုံက ပို့တဲ့ ပစ္စည်းက အရည်အသွေးကောင်းမှ သူတို့ လက်ခံတာ။ GSP လွတ်သည်ဖြစ်စေ မလွှတ်သည် ဖြစ်စေ သူတို့ သတ်မှတ်ထားတဲ့ စံနဲ့ညီမှ လက်ခံတာ”  ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဌ ဦးနှင်းဦးက ပြောသည်။     
 
အဆိုပါစနစ်အား စတင်ကျင့်သုံးပြီဆိုပါက လုပ်ငန်းရှင်များအနေဖြင့် ကုန်တင်ပို့မှုအပိုင်း၌ ပိုမိုတိုးတက်လာ နိုင်ကြောင်း ယခင်တင်ပို့မှုမရှိသည့် ထုတ်ကုန်ပစ္စည်းများလည်း တိုးမြှင့် တင်ပို့နိုင်မည် ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်အချို့က ဆိုသည်။
 
မြန်မာနိုင်ငံတွင် ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သည့် အအေးခန်းစက်ရုံပေါင်း(၁၅၀)ကျော်ရှိသော်လည်း လက်ရှိ၌ EU နိုင်ငံသို့ တင်ပို့ခွင့်ရသည့် စက်ရုံမှာမူ (၁၃)ရုံသာရှိကြောင်း၊ အဆိုပါနိုင်ငံသို့ ကုန်သွယ်မှု အများဆုံးပြုလုပ် လျက်ရှိသည့်လုပ်ငန်းများမှာ ငါးလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းတို့ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။  
 
“GSP စနစ်ရဲ့ အားသာချက်က ဘာလဲဆိုတော့ အဲ့ဒီစနစ်လာရင် လုပ်ငန်းရှင်တွေ ဈေးပိုရလာမှာပေါ့။ အမြတ်အစွန်း ပိုလာမယ်။ အခွန်လျော့ချပေးတဲ့အတွက် ဈေးပိုရလာမယ်။ အရင်က တင်ပို့ငွေ ဒေါ်လာ ၁၀၀ ဆိုရင်ကို (၁၃.၇)% ဆောင်ရတာ။ အဲ့ဒီစနစ်ရဲ့ အားနည်းချက်ကတော့ မရှိပါဘူး” ဟု ဦးနှင်းဦးက ဆက်ပြော သည်။
 
မြန်မာနိုင်ငံမှလုပ်ငန်းရှင်များအနေဖြင့် ဥရောပနိုင်ငံအဆင့်မီကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် အကူအညီ အထောက်အပံ့များ လိုအပ်နေသေးကြောင်း အဆိုပါနိုင်ငံမှ သတ်မှတ်အဆင့်နှင့် ကိုက်ညီမှုရှိမရှိကို သက်ဆိုင်ရာအာဏာပိုင်များက စနစ်တကျ စစ်ဆေးပေးရန် လိုအပ်နေသေးကြောင်း လုပ်ငန်းရှင်တို့က သုံးသပ်ပြောဆိုကြသည်။ 
 
“EUက နိုင်ငံတကာကုန်သွယ်မှုနဲ့ ပတ်သတ်တဲ့နည်းပညာတွေ စွမ်းဆောင်ရည်တိုးမြှင့်တာတွေကို ရေတိုရေရှည် ပရောဂျက်တွေကို အစိုးရဌာနနဲ့ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်နေတဲ့အတွက် ကျွန်တော်တို့နိုင်ငံအနေနဲ့ အများကြီးအလားအလာ ကောင်းနိုင်တယ်” ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
 
EUနိုင်ငံသည်၂၀၁၂ခုနှစ် အောက်တိုဘာလမှစ၍ မြန်မာနိုင်ငံ၏ကုန်သွယ်ရေးနှင့် ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အီးယူငွေ(၅.၂)သန်းလျာထားကာ International Management Group အဖွဲ့ ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ ကုန်သွယ်မှုနှင့်ပတ်သက်၍ လိုအပ်သည့်နည်းပညာများကို ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းက သုတေသနပြုလုပ်ခဲ့သည်ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။
 
EU နိုင်ငံသည် ၂၀၁၃ခုနှစ် ဧပြီလ(၂၂)ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံသို့ လက်နက်ရောင်းဝယ်ခြင်းကိစ္စမှလွဲ၍ စီးပွားရေးပိတ်ဆို့ထားမှုများအား ရုပ်သိမ်းပေးခဲ့သည်။

မြစ်မခ

ကြည့်မြင်တိုင်တစ်ဖက်ကမ်း ကမ်းနားနှင့်ဝေးသည့်ကျေးရွာများ သောက်သုံးရေအခက်အခဲကြီးမားနေ


၂၇.၄.၂၀၁၃၊ စနေနေ့
 


ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင်မြို့နယ် တစ်ဖက်ကမ်းရှိ ကျေးရွာ(၁၀)ရွာ၌ ရေပြတ်လပ်နေခြင်းကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လာရောက်ကူညီပေးလျက်ရှိသော်လည်း လိုအပ်ချက်များ ရှိနေသေးသည်ဟု ဒေသခံများထံက သိရှိရသည်။
 
ဒီက ရေက သောက်ဖို့မပြောနဲ့ ထမင်း၊ ဟင်းတောင် ချက်လို့မရဘူး။ ပြီးခဲ့တဲ့နှစ်က သောက်ရေ လာလှူတဲ့ သူတွေ ရှိသေးတယ်။ ဒီနှစ် ဘယ်ကမှ မလာသေဘူး။ လာဝေတဲ့ရေကလည်း ဒီနေရာနဲ့ဝေးတော့ ရေဝေနေ တာတောင် မသိလိုက်ဘူး။ သိလို့သွားတော့ ရေက ကုန်ပြီ။ ဟု ကွက်သစ်ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
 
မြို့တော်စည်ပင်ရေပေးဝေရေးဌာနမှ နေ့စဉ် ရေဂါလန် ၁၅၀၀၀(တစ်သောင်းခွဲ)ခန့် လှိုင်မြစ်ကမ်းအနီးရှိ ရွာများသို့သာ စက်လှေဖြင့် လာရောက် ရေပေးဝေလျက်ရှိပြီး မြစ်ကမ်နှင့်ဝေးသည့် နေရာများမှာ ရေရောက်ရှိရန် အခက်အခဲရှိနေသေးကြောင်း သိရှိရသည်။
 
မြို့တော်စည်ပင်ကနေ တစ်ရက်ကိုရေဂါလံ၁၅၀၀၀ လာဝေပေးတယ်။ ဒါပေမယ့် လူက များတယ်၊ ရပ်ကွက် ကလည်းကြီးတော့ ကမ်းနားပိုင်းတွေတောင်မှ ၂ ရက်ခြား ၃ ရက်ခြား တစ်ခါလောက်ပဲ ရေရကြတယ်။ ရေကန် ၁၀ က အကုန်လုံးခန်းသလောက်ဖြစ်ပြီး ကုန်းပေါ်တဲ့နေရာ ကုန်းပေါ် ကုန်ပြီ။ ကမ်းနားနဲ့ဝေးတဲ့ ကွက်သစ် ဆိုရင် လာပေးတဲ့ရေ လုံးဝ မရကြတော့ဘူး။ ဟု ဆိပ်ကြီး၊ ဦးမြ၊ ငါးဇင် ကျေးရွာသုံးရွာ၏ အုပ်ချုပ်ရေးမှုးဖြစ်သူ ဦးအောင်ချင်း ကပြောသည်။
 
ကြည်မြင့်တိုင်မြို့နယ် တစ်ဖက်ကမ်းတွင် ကျေးရွာ(၁၁)ရွာရှိသည့်အနက် မြို့တော်စည်ပင်ရေပေးဝေရေးဌာနမှ ရေပေးဝေနိုင်သည့် ရွာမှာ ဆိပ်ကြီးကျေးရွာ၊ ဦးမြကျေးရွာ၊ ငါးဇင်ကျေးရွာ (သုံးရွာ)ရှိပြီး အဆိုပါ ကျေးရွာများ၌ အိမ်ထောင်စု (၂၁၀၀) ရှိသော်လည်း အိမ်ထောင်စုတစ်ထောင်ကျော်ခန့်မှာ သောက်သုံးရေ မရရှိသေးကြောင်း ၄င်းက ဆက်ပြောသည်။
 
အဆိုပါ ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်ခြင်းမှာ နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရခြင်းကြောင့် နောင်နှစ် များ၌ ယခုကဲ့သို့ သောက်သုံးရေပြတ်လပ်မှုမျိုး မကြုံရစေရန် ရေသိုလှောင်ထားနိုင်မည့် ရေစည်များကို ထား ရှိသင့်သည်ဟု ရပ်ကွက်(၃)ခုမှ အုပ်ချုပ်ရေးမှူးက အကြံပြုပြောဆိုသည်။
 
ရပ်ကွက်များရှိ ရေကန်များမှာစာရင်းသာရှိပြီး ကန်အများစုမှာ ကောနေပြီဖြစ်ခြင်းကြောင့် ပြန်လည်အသုံး ပြုနိုင်ရန် နိုင်ငံတော်မှ ပြုပြင်ဖန်တီးပေးသင့်ကြောင်းနှင့် ရပ်ကွက်တိုင်းတွင် ရေသိုလှောင်ထားနိုင်ရန် ရေစည်များ ပြုလုပ်ပေးထားသင့်ကြောင်းနှင့် နွေရာသီရေပြတ်လပ်ချိန်၌ သောက်သုံးရေ ရရှိနိုင်ရေး ခွဲတမ်းနှင့်ပေးဝေပါက သောက်သုံးရေလုံလောက်စွာရရှိနိုင်ကြောင်း ဒေသခံတို့ကဆိုသည်။
 
ပိုက်နဲ့တိုက်ရိုက်ပေးတဲ့အခါကျတော့ ရေလည်း အဖိတ်အစင်ရှိတယ်၊ ရတော့လည်း လှေဆိပ်နဲ့ နီးစပ်ရာ ပြည်သူတွေကပဲ ရတာပေါ့။ အတွင်းဘက်ကျတဲ့နေရာ လှေဆိပ်နဲ့ဝေးတဲ့ နေရာကလူတွေ ကျတော့ သောက်သုံးရေ မရကြဘူး။ အခုနေ မီးလောင်ရင်တောင် ငြိမ်းဖို့ ရေမရှိဘူး ဟု ငါးဇင်ရပ်ကွက်နေ  ဦးစိန်သန်းက ပြောသည်။
 
သောက်သုံးရေ ပြတ်လပ်လျက်ရှိသည့် ရွာ(၁၁)ရွာမှာ ဆိပ်ကြီး၊ ဦးမြ၊ ငါးဇင်၊ အောက်ရုံ၊ အလတ်ချောင်း၊ ၀ါးရုံဆိပ်၊ စက်ကလေး၊ ဘလုပ်ညွန့်၊ စက်ဆန်း၊ အေးရွာအရှေ့ နှင့် အေးရွာအနောက်ရွာတို့ဖြစ်ပြီး အဆိုပါ ရွာများတွင် လူဦးရေ  ၅၀၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံက သိရှိရသည်။
 
ရန်ကုန်မြို့တော်စည်ပင်မှ အဆိုပါကျေးရွာများသို့ ရေပေးဝေရာ၌ တစ်ရက်လျှင် ငွေကျပ် ၄ သိန်းနီပါး ကုန်ကျလျက်ရှိကြောင်း သိရှိရသည်။
 
၂၀၀၉ ခုနှစ်မှ စတင်၍ ဒလ၊ သန်လျှင၊် ကြည့်မြင့်တိုင် တစ်ဖက်ကမ်းတို့တွင် သောက်သုံးရေပြတ်လပ်မှုများ ပိုမိုကြုံတွေလာရပြီး ယခုနှစ်တွင် အချို့ဒေသများ၌ ဖေဖော်ဝါရီလ မတိုင်မီကတည်းက သောက်သုံးရေပြတ်လပ် မှုများ ကြုံတွေနေရခြင်းဖြစ်သည်။

မြစ်မခ 

မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး ဆီးနိတ်အမတ် သတိပေး

မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိနေပေမဲ့ စစ်ရေးအရဆက်ဆံမှု ကိုတော့ သတိထားသင့်တယ်လို့ အမေရိကန် ဆီးနိတ်အမတ် Benjamin Cardin ကပြောလိုက်ပါတယ်။ ဆီးနိတ်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီက ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ အာရှဒေသမှာ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကြားနာပွဲတစ်ခုမှာ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ဆီးနိတ်အမတ် Cardin က ခုလိုပြောခဲ့ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စစ်ဖက်ဆိုင်ရာ လေ့ကျင့်သင်တန်းပေးမှုတွေ လုပ်သင့်မသင့်ကိုလည်း ဆွေးနွေးသွားခဲ့တဲ့ ဆီးနိတ်လွှတ်တော်ကြားပွဲ အကြောင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ပိုမိုကြီးမားသည့် လေယာဉ်တင်သင်္ဘောတည်ဆောက်ရန် တရုတ် ဆန္ဒရှိ


၂၇.၄.၂၀၁၃၊ စနေနေ့
 

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ထိပ်တန်း အရာရှိ တစ်ဦးက ရေတပ်သည် နောက်ထပ် လေယာဉ်တင် သင်္ဘောတစ်စင်းကို တည်ဆောက်မည် ဆိုပါက ယခုလက်ရှိ ပိုင်ဆိုင်ထားသည့် လီယာအိုနင်သင်္ဘောကြီးထက် ပိုကြီးရန် လိုအပ်ကြောင်း ရေတပ် တည်ထောင်မှု (၆၄)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အင်္ဂါနေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံသည် လက်ရှိ ပိုင်ဆိုင်ထားသည်ထက် ပိုမိုကြီးမားသော လေယာဉ်တင် သင်္ဘောကြီး တစ်စင်းကို တည်ဆောက်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ထိပ်တန်း အရာရှိ တစ်ဦးက ရေတပ်သည် နောက်ထပ် လေယာဉ်တင် သင်္ဘောတစ်စင်းကို တည်ဆောက်မည် ဆိုပါက ယခုလက်ရှိ ပိုင်ဆိုင်ထားသည့် လီယာအိုနင် သင်္ဘောကြီးထက် ပိုကြီးရန် လိုအပ်ကြောင်း ရေတပ် တည်ထောင်မှု (၆၄)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အင်္ဂါနေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

ရေတပ်၏ ဒုတိယ စစ်ဦးစီး ဆွန်ဇူးက "နောက်ထပ် တည်ဆောက်မယ့် လေယာဉ်တင် သင်္ဘောက ကျွန်တော်တို့ရဲ့ လိုအပ်ချက်အရ တိုက်လေယာဉ်တွေ ပိုပြီး တင်ဆောင်နိုင်ရပါမယ်"ဟု ပြောကြားခဲ့သည်။ ဆွန်က ရှန်ဟိုင်းတွင် တရုတ်တို့ လေယာဉ်တင်သင်္ဘောသစ် တစ်ခုကို တည်ဆောက်နေကြောင်း နိုင်ငံခြား မီဒီယာအချို့က ရေးသားနေမှုများသည် တိကျမှု မရှိကြောင်းလည်း မှတ်ချက်ပြုသွားသည်။ တရုတ်တွင် လတ်တလော၌ တာဝန်ထမ်းဆောင်နေသည့် လေယာဉ်တင် သင်္ဘောကြီး လီယာအိုနင်သည် ဆိုဗီယက်တို့ အသုံးပြုခဲ့သည့် သင်္ဘောဟောင်းကြီးကို အဆင့်မြှင့် မွမ်းမံကာ (၂၀၁၂)ခုနှစ်၊ စက်တင်ဘာ (၂၅)ရက်နေ့က ရေတပ်သို့ လွှဲပြောင်းခဲ့သည်။ တရုတ်ရေတပ်ကို (၁၉၄၉)ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့က စတင်တည်ထောင်ခဲ့သည်။ 

ဆွန်၏ အဆိုအရ လီယာအိုနင်သည် တရုတ်၏ ရေတပ်မ (၃)ခုလက်အောက်တွင် ရှိနေမည် မဟုတ်ဘဲ ရေတပ်ဌာနချုပ်က တိုက်ရိုက် စီမံထိန်းချုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။ လီယာအိုနင်သည် တန်ချိန် ငါးသောင်း တင်ဆောင်နိုင်သည့် စွမ်းရည်ရှိပြီး ဆီလျော်မှုရှိအောင် ပြင်ဆင် မွမ်းမံထားသည့် တိုက်လေယာဉ် (၃၀)ကို နေရာချ တပ်စွဲထားနိုင်သည်။ ဆွန်က လတ်တလောတွင် တရုတ်၏ J-15 တိုက်လေယာဉ်များသည် လေယာဉ်တင် သင်္ဘောပေါ်မှ စစ်ဆင်မှုများ ပြုလုပ်နိုင်ရန် နောက်ထပ် အကြိမ်များစွာ လေ့ကျင့်မှု ပြုလုပ်ရန် လိုအပ်နေဆဲဟုလည်း ဝန်ခံသွားခဲ့သည်။ 

Planet Myanmar Network

26.4.13

မန်ယူ အသင်းဝင်ဟောင်းများ ပါဝင်မည့် ရန်ပုံငွေဘောလုံးပွဲ သုဝဏ္ဏကွင်းတွင် ကျင်းပမည်


၂၆.၄.၂၀၁၃၊ သောကြာနေ့

မြန်မာပြည်သို့ ရောက်ရှိနေသည့် မန်ယူ အသင်းဝင်ဟောင်းများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ – ကြယ်ပြာ / ဧရာဝတီ)

မန်ချက်စတာ ယူနိုက်တက် (မန်ယူ) ဘောလုံးအသင်းမှ ကစားသမားဟောင်း ၄ ဦး ပါဝင်သည့် ရန်ပုံငွေ ဘောလုံးပွဲကို ရန်ကုန် သုဝဏ္ဏ အားကစား ကွင်းတွင် ဇွန်လ ၉ ရက်နေ့၌ ကျင်းပရန်ကိစ္စအား ယနေ့ညနေ ၄ နာရီက Park Royal ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ ရန်ပုံငွေပွဲအတွက် ဘောလုံး ခြေစမ်းပွဲ ကစားမည့် အစီအစဉ်အား နိုင်ငံတကာ ကုမ္ပဏီတခုဖြစ်သော CEA ကုမ္ပဏီက မြန်မာဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ ကမ်းလှမ်းခဲ့မှုကြောင့် လက်ရှိ မြန်မာ့လက်ရွေးစင် ဘောလုံးသမားများနှင့် မြန်မာ့လက်ရွေးစင် ဘောလုံး သမားဟောင်းများပါဝင်သည့် ခြေစမ်းပွဲ ကစားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုခြေစမ်း ကစားပွဲတွင် ပါဝင်ကစားမည့် မန်ယူ ကစားသမားဟောင်း ၄ ဦးမှာ ဒင်းနစ်အာဝင်၊ အင်ဒီကိုးလ်၊ ကလေတန် ဘလက်မိုး နှင့် လီရှပ်တို့ဖြစ်ပြီး ၎င်းတို့သည် ယနေ့နံနက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ခြေစမ်းကစားပွဲနှင့် ပတ်သက်၍ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က “ဒါက လူမှုရေးနဲ့ ပတ်သက်ပြီး လုပ်တဲ့ ပွဲဖြစ်တဲ့အတွက် လက်မှတ်ကို ကျပ် ၁ ထောင်နဲ့ ၅ ရာလောက်ပဲ သတ်မှတ်မယ်လို့ စီစဉ်ထားတယ်။ ပြီးရင် လှူမယ်” ဟု ပြောသည်။

ခြေစမ်းကစားပွဲတွင် ရရှိမည့် ငွေကြေးများအား ဘုန်းကြီးကျောင်းပညာရေးနှင့် ပရဟိတလုပ်ငန်းများအပြင်၊ HIV ကူးစက် ခံရသူများနှင့် ပတ်သက်သည့် လူမှုရေး လုပ်ငန်းများအတွက် လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ခြေစမ်းကစားပွဲတွင် မန်ယူ ကစားသမားဟောင်း ၄ ဦးကို တဘက် ၂ ဦးစီ ခွဲပြီး ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ 

လက်ပံတောင်းမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ထိပ်တိုက်တွေ့


၂၆.၄.၂၀၁၃၊ သောကြာနေ့

 

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်း တောင် ဒေသမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ တွေနဲ့  တင်းမာမှု တွေ ဖြစ်နေတယ်လို့ သတင်းရပါတယ်။ 

ဆားလင်းကြီးမြို့နယ် ၀က်မှေးရွာသစ်အနီးမှာ ဒေသခံ ၁၀၀၀ ၀န်းကျင်ရှိတဲ့ ဆန္ဒပြ လူအုပ်က ထန်းလက် ပျားတုတ် စသည် ကိုင်ဆောင်ပြီး ယမန်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ သူတွေ ပြန်လွှတ် ပေးရေးအတွက် တောင်း ဆိုစဉ်မှာ လုံခြုံရေး ရဲအင်အား ၂၀၀ လောက်က ဟန့်တားခဲ့ရာက တင်းမာမှုဖြစ်တာလို့ ဒေသခံ တဦးက ဧရာဝတီကို ပြောပါတယ်။    

ဆန္ဒပြသူတွေက မုံရွာမြို့ကို တက်ပြီး ဆန္ဒပြဖို့ တောင်းဆိုနေမှုကို ရဲတပ်ဖွဲ့ဘက်ကလည်း ခွင့်မပြုနိုင်ကြောင်း၊ ဆန္ဒပြသူတွေဘက်ကလည်း ယမန်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ကိုအောင်စိုးအပါအ၀င် ဒဏ်ရာရ သူတွေအတွက် ဆန္ဒပြတာ ဖြစ်တယ်လို့ ဆိုပြီး တင်းမာမှုကနေ လုံခြုံရေး ရဲတပ်ဖွဲ့တွေက ရဲကားတွေ ပတ်ဝန်းကျင်မှာ နေရာယူထားတယ်လို့ ဆိုပါတယ်။

"ကိုအောင်စိုး၊ ကိုစိုးသူ၊ ကိုမောင်စန်းတို့ကို ချက်ချင်းလွှတ်"လို့လည်း ဆန္ဒပြသူတွေက သံပြိုင်အော် ဟစ် နေကြပါတယ်။      

လုံခြုံရေး ရဲတပ်ဖွဲ့တွေက စည်း ၃ စည်း တား ထားပြီး ကျော်လာပါက ပစ်ခတ်အရေးယူမှာ ဖြစ်တယ်လို့ သတိပေး နေကြောင်း လည်း သိရပါတယ်။ 

ဒေသခံတချို့ က ပြောတာကတော့ ယမန်နေ့က နေပြည်တော်က အစည်းအဝေး ဆုံးဖြတ်ချက် တခုကို အတည်မပြုနိုင် ပေမယ့် ကြားသိချက်တွေအရ ဆန္ဒပြ လယ်သမားတွေကို ပစ်ခတ်ခြေမှုန်းရန် အစီအစဉ် ရှိတဲ့အတွက် ဆန္ဒပြသူတွေ ဘက်က ကျူးလွန်မှုတခုခုကို စောင့်ဆိုင်းနေတယ်လို့ လည်း ဆိုနေကြပါတယ်။ 

ယမန်နေ့က လယ်ယာမြေတွေအပေါ် လယ်သမားတွေက နွားလှည်းတွေနဲ့ထွန်ယက်မှုကို ဟန့်တားပြီး လုံခြုံရေး ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းနည်းသုံး ပစ်ခတ်၊ ဖမ်းဆီးမှုကြောင့် ၁ ဦး သေနတ်ဒဏ်ရာရပြီး အခြား ထိခိုက် ဒဏ်ရာရသူ တွေလည်း ရှိခဲ့လို့ ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။         

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကတော့ မည်သည့် အကြမ်းဖက်နှိမ်နင်းမှုကို မဆို မလိုလားကြောင်း ယမန်နေ့က ထုတ်ဖော်ပြောဆိုထားပါတယ်။ 

ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာတော့ ယမန်နေ့က အခင်းဖြစ်စဉ်ကို ဓာတ်ပုံများနှင့် တကွ ဖော်ပြ ထားပြီး ထန်းလက်ပြား ကိုင်ဆောင်ကာ ရဲတပ်ဖွဲ့အား  အော်ဟစ်နေသည့် ဒေသခံရွာသူများ၏ ဓာတ်ပုံနှင့် သတင်းကို ဖော်ပြထား ပါတယ်။

နိုင်ငံပိုင် သတင်းစာတွေ အဆိုအရ ယမန်နေ့က တင်းမာမှုကြောင့် ရဲတပ်ဖွဲ့ ၁၅ ဦး ဒဏ်ရာရခဲ့ပြီး ဆန္ဒပြသူ ဘက်က ၃ ဦး ဒဏ်ရာရပြီး ဒေသခံ တချို့ကို ထိန်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။    

နောက်ထပ် ကြား သိရတဲ့သတင်းတွေအရ လက်နက်၊ လူအင်အားအပြည့်နဲ့ နောက်ထပ်  ရဲကား ၅ စီး ထပ်ရောက် တယ်လို့ သိရပြီး ရဲလုံခြုံရေး အင်အားများတွင် ရဲမေတွေလည်း ပါတယ်လို့ ဆိုပါတယ်။            

နောက်ဆုံး ကြားသိရတဲ့ သတင်းအချက်အလက်တွေအရ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက တားဆီးထားတဲ့ စည်း ၃ စည်းကို ဆန္ဒပြ ဒေသခံတွေက မကျူးကျော်ပဲ ပိုစတာများ ကိုင်ဆောင်ကာ နောက်ပြန် ဆုတ် သွားခဲ့တယ်လို့ ဆိုပါတယ်။ 

ဧရာဝတီ 

ပြည်မြို့ လူသတ်မှု စစ်ခုံရုံး ဖွဲ့စစ်မည်


၂၆.၄.၂၀၁၃၊ သောကြာနေ့

 

ဧပြီလ ၂၃ ရက် ညတွင် ပြည်မြို့၌ ဖြစ်ပွားခဲ့သော လူသတ်မှုတွင် သံသယရှိသူ ၃ ဦးလုံးကို ယခုအခါ ခလရ ၇၅ တပ်ရင်းအချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး စစ်ခုံရုံး တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရ သည်။

ယမန်နေ့က ပြုလုပ်သော သေဆုံးသူ အသက် ၂၃ နှစ် ရှိ မောင်ဇော်မင်းဦး၏ ဈာပနသို့ လာရောက်၍ DNA ထုတ်ယူစဉ် စစ်ခုံရုံး ဥက္ကဋ္ဌဖြစ်သူ ဒု ဗိုလ်မှူးကြီး နေဝင်းက သက်ဆိုင်သူ မိသားစုဝင်များနှင့် သတင်းထောက် များအား ယခုလို ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ည ၉ နာရီခန့်က ပြည်မြို့ ဆင်စုရပ်ကွက်အနီး ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေးတံတားအောက်) တွင် ချိန်းတွေ့နေသည့် သမီးရည်းစား စုံတွဲအား လူ ၃ ဦးမှ ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိရာ တပ်မတော်သားများဖြစ်နေခဲ့သည်။

အဖမ်းခံရသည့် တပ်သား ရဲကိုဦးနှင့် တပ်သား သန်းထိုက်အောင်တို့ကို ရဲတပ်ဖွဲ့က ခလရ ၇၅ တပ်ရင်းသို့ ပြန်လွှဲခဲ့ရာ ချုပ်နှောင်ထားပြီး လွတ်မြောက်သွားသူ တပ်သား သန်းဝင်းအောင် တပ်ရင်းသို့ ပြန်အလာတွင်လည်း ဖမ်းဆီးပြီး အချုပ်ချထားခဲ့ကြောင်း သိရသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူရဲတပ်ဖွဲ့များ ပူးပေါင်းဖြေရှင်းသွားမှာဖြစ်ကြောင်း စစ်ခုံရုံး ဥက္ကဋ္ဌ ဒု ဗိုလ်မှူးကြီးနေဝင်းက သေဆုံးသူ ငယ်စဉ်မှ ဘွဲ့ရသည်အထိ ပညာသင်ကြားပေးခဲ့သူ မဟာဇေယျုံ ကျောင်းတိုက်  ဆရာတော်ဦးဉာဏိဃအား လျောက်ထားပြောကြားခဲ့သည်။

သေဆုံးသူ မောင်ဇော်မင်းဦးသည် မဟာဇေယျုံကျောင်းတိုက်ရှိ ဘုန်းတော်ကြီး စာသင်ကျောင်းတွင် ၇ နှစ်သားအရွယ်မှ စတင်ကာ ကျောင်းထိုင်ဆရာတော်မှ သားတပည့်အဖြစ် မွေးစားကာ  အထူးပြု ပထဝီဘာသာရပ်ဖြင့် ဘွဲ့ရသည်အထိ နေထိုင်ခဲ့ပြီး၊ ၎င်း ဘုန်းတော်ကြီး စာသင်ကျောင်းတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တယောက်လည်း ဖြစ်ကြောင်း၊ အခုလို သားတပည့်သေဆုံးရမှုနှင့် ပတ်သက်၍ တူညီသောတန်ဖိုးအဖြစ် နောက်နောင်ကို အခုလိုဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်စေရန် တာဝန်ရှိသူများ ပြုပြင်သင့်ကြောင်း ပြောကြားသည်။

“ သေသွားတာက သားတပည့်၊ သိပ်လိမ္မာတဲ့ ကလေး၊ ၂ တန်းနှစ်ကတည်းက ကျောင်းမှာ ခေါ်ထားတာ၊ နှမြောတော့ နှမြောတာပေါ့။ အဲဒါနဲ့ ထိုက်တန်တဲ့ လျှော်ကြေးပေးဖို့တော့ ဘုန်းဘုန်းတောင်းလိုက်တယ်။ အဲဒီ လျှော်ကြေးက အခြားမဟုတ်ဘူး။ နောက်နောင်ကို အခုလို ဖြစ်ရပ်မျိုးမဖြစ်အောင် တာဝန်ရှိသူတွေ လုပ်ဆောင်ပါလို့ စစ်တပ်ရော၊ ရဲရော လာတုန်းက ဘုန်းဘုန်းပြောလိုက်တယ်။ တရားခံ ဖော်ထုတ်တာတွေ မထုတ်တာတွေ ဘုန်းဘုန်းမပြောလိုဘူး။ နောင်ကို မဖြစ်အောင်ပဲ ကြိုးစားဆောင်ရွက်စေချင်တယ်” ဟု မဟာဇေယျုံ ကျောင်းတိုက် ဆရာတော် ဦးဉာဏိဃက ဧရာဝတီသို့ ပြောသည်။

ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း ယင်းအမှုနှင့်ပတ်သတ်၍ ရက်ပိုင်းအတွင်း အမြန်ဆုံး သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်သွားမှာဖြစ်ကြောင်း၊ လူသတ်မှုနှင့်ပတ်သတ်ပြီး တပ်မတော်သားများ သတ်ဖြတ်သည် မှန်ကန်ပါက တပ်တွင်းစစ်ခုံရုံးမှ စစ်ဆေးခံရပြီး အရပ်ဘက်တရားရုံးသို့ ပြန်လည်လွှဲပြောင်းကာ ထပ်မံစစ်ဆေးခံရမှာ ဖြစ်ကြောင်း၊ တပ်မတော်သားများကို တရားစီရင်ရာမှာ လုပ်ထုံးလုပ်နည်းအရ အမှုကို နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ရမှာ ဖြစ်ကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။

သေဆုံးသူထံမှ DNA ရှာဖွေထုတ်ယူပြီး အထိန်းသိမ်းခံသုံးဦးတို့၏ DNA နဲ့ တိုက်ယူစစ်ဆေးသွားမှာဖြစ်ကြောင်း ၎င်းအမှုနှင့်ပတ်သတ်ပြီး ပြောရေးဆိုခွှင့်ရှိသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်လေးက ပြောသည်။ “လက်သည်းကြားတွေ ဘာတွေထဲမှာ ကုတ်လိုက်မိတာမျိုးပဲဖြစ်ဖြစ် သေဆုံးသူထံက ကျူးလွန်သူတွေရဲ့ DNA ရှိကောင်းရှိနိုင်မယ်၊ ထွက်လာတာနဲ့ ထိန်းသိမ်းခံထားရတဲ့ လူတွေရဲ့ DNA ကို တိုက်ဆိုင်စစ်ဆေးသွားမှာ” ဟု ဆိုသည်။

သေဆုံးသူ ဇော်မင်းဦးအား ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၃ နာရီက ပြည်မြို့အေးငြိမ်းရာ သုသာန်မှာ မီးသင်္ဂြိုလ်ခဲ့ပြီး ထောင်ချီသောမြို့ခံလူထုမှ ဈာပနအား လိုက်လံပို့ဆောင်ပေးခဲ့ပြီး အလောင်းတွင်လည်း “အမှန်တရားကို ဖော်ထုတ်ပေးကြပါ” စာသားပါ ဆိုင်းဘုတ်ကို ချိတ်ဆွဲခဲ့သည်။ လိုက်လံပို့ဆောင်သူများကလည်း အဆိုပါစာသားပါသည့် စာတန်းများကို ကားများ၊ ဆိုင်ကယ်များနှင့် ဦးထုပ်များတွင် ကပ်၍  အသုဘ ပို့ခဲ့ကြသည်။

ဧရာဝတီ 

သံလျင်တံတားပေါ် ရှေ့ကားကိုဝင်တိုက်တဲ့ ရဲဆိုင်ကယ်


၂၆.၄.၂၀၁၃၊ သောကြာနေ့

 

ဒီမနက် ၁၁ နာရီကျော်ကျော်လောက်က သန်လျင် - ရန်ကုန် တံတားကြီးပေါ် သန်လျင်ကနေ ရန်ကုန်ဘက် သွားတဲ့ အခြမ်းမှာ ရဲဝန်ထမ်း ၂ ဦးရဲ့ ဆိုင်ကယ်က ခရီးသည်တင် ဟိုင်းလပ်စ်ကား တစီးကို နောက်ကနေ ဝင်တိုက်ခဲ့ပါတယ်။           

ယာဉ်တိုက်မှုကြောင့် တံတား ခဏပိတ်သွားတဲ့ အတွက် ကားတွေရပ်ပြီး စောင့်ဆိုင်းလိုက်ရပါတယ်။ ဆိုင်ကယ် နောက်မှာ ထိုင်စီးလာတဲ့ ရဲဝန်ထမ်း ဦးခေါင်း ထိခိုက်သွားတဲ့အတွက် အဲဒီရဲက တံတားပလက်ဖောင်းမှာ ငုတ်တုတ်ထိုင်ပြီး “မူးတယ် မူးတယ်”နဲ့ အော်နေတာ တွေ့ရပါတယ်။ ဆိုင်ကယ်မောင်းလာသူ ရဲကတော့ တိုက်ပြီးပြီးချင်း ထွက်ပြေးသွားပါတယ်။  

ယာဉ်တိုက်မှုဖြစ်ပြီး ခဏအကြာမှာ သန်လျင်မြို့နယ် ရဲစခန်းက တာဝန်ရှိသူ  ဆိုင်ကယ်နဲ့ ရောက်လာလို့ မေးမြန်းချိန်မှာ ဒဏ်ရာရသွားတဲ့  ရဲဝန်ထမ်းက “ကျနော်တိုက်တာ မဟုတ်ဘူး။ မောင်းလာတဲ့ ကျနော့်ဗိုလ်ကြီး ဝင်တိုက်တာ” လို့ သွေးထွက်နေတဲ့ သူ့ခေါင်းက ဒဏ်ရာကို လက်နဲ့ဖိထားရင်း ပြောနေတာ တွေ့ရပါတယ်။           

အတိုက်ခံရတဲ့ ဟိုင်းလပ်စ်ကားပေါ်မှာ ပါလာသူတွေကတော့ ထိခိုက်ဒဏ်ရာရတာ မတွေ့ရပါဘူး။          

တံတားပေါ်မှာ အရပ်သားဆိုင်ကယ်တွေ စီးနင်းခွင့်မရှိဘဲ တံတားတာဝန်ကျ ရဲတွေသာ ဆိုင်ကယ်စီးနင်းခွင့် ရှိတာပါ။
ဒါပေမယ့် အရပ်သားဆိုင်ကယ်တချို့လည်း နားလည်မှုနဲ့ မကြာခဏ ဆိုင်ကယ်နဲ့ တံတားဖြတ်ကြတာ တွေ့ရလေ့ရှိ ပါတယ်။

ဘေးက ရပ်ကြည့်နေသူ ကားဒရိုင်ဘာတွေကတော့ အခုလိုဖြစ်ရတာ နောက်က ဝင်တိုက်သူ မှားတာလို့ ပြောနေပါတယ်။     

အမှတ် ၂၁၇ ခရီးသည်တင် ကားကြီးတစီးရဲ့ ဒရိုင်ဘာက ...        
 “နောက်ကနေ ဝင်တိုက်တဲ့သူပဲ မှားတာ။  ဒီတံတားပေါ်မှာ ဘယ်ကားမှ ကျော်တက်ခွင့်မရှိဘူး။ ရှေ့က မောင်းနေတဲ့ ကားကို ဝင်တိုက်တယ်ဆိုတာကတော့ တော်တော် ဆိုးတာပဲ” လို့ မှတ်ချက်ပြုပါတယ်။           

ဒီတံတားကြီးပေါ်မှာ ကားကြီးတွေပျက်ရင် နောက်ကားတွေအတွက် တော်တော် ဒုက္ခရောက်ကြလေ့ရှိပါတယ်။
ဒါကြောင့်မို့လည်း အမှတ် ၂ တံတားတစင်း တည်ဆောက်ပြီး ကွန်တိန်နာ ကားကြီးတွေ၊ သစ်လုံးတင်ကားကြီးတွေ ဖြတ်သန်းကြပါတယ်။

 ဒီနေ့မှာတော့ ကားပျက်တာ မဟုတ်ဘဲ ယာဉ်တိုက်မှု ဖြစ်နေလို့ တံတားပေါ်ရောက်နေတဲ့ ခရီးသည်တင် ယာဉ်တွေ၊ တက္ကစီတွေနဲ့ ကိုယ်ပိုင်ကားတွေ နာရီဝက်လောက် နေပူထဲ အလှန်းခံလိုက်ရပါတယ်။ တာဝန်ရှိတဲ့ ရဲတွေရောက်လာပြီး ဟိုင်းလပ်စ်ကားကို ဘေးရွှေ့ပြီးတဲ့ အချိန်ကျမှ နောက်ကကားတွေ ဆက်ထွက်ခွင့် ရကြပါတယ်။

Irrawaddy Blog