ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

14.6.13

ဗြိတိန်နဲ့ ပြင်သစ်ကို သမ္မတ ဦးသိန်းစိန် သွားမယ်

သမ္မတ ဦးသိန်းစိန်ဟာ လာမယ့်လမှာ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေဆီကို အလည်အပတ်ခရီး သွားဖို့ ရှိပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆက်လက် လက်ခံ အသိအမှတ်ပြုလာစေရေး ဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းတပုဒ်က ဆိုပါတယ်။

အခု ဒုတိယမြောက် ဥရောပခရီးစဉ်ဟာ နိုင်ငံ ၄ နိုင်ငံထိ သွားမှာဖြစ်တယ်လို့ အမည် မဖော်လိုသူ အစိုးရ အရာရှိတဦးက ယနေ့ ပြောတာကို အေအက်ဖ်ပီ သတင်းတပုဒ် ကဖော်ပြ ထားပါတယ်။ “ကျနော်တို့ သမ္မတကြီးက ဇူလိုင်လလယ်ပိုင်းမှာ ၃ ၊ ၄ နိုင်ငံကို ခရီးထွက်ဖို့ရှိပါ တယ်။ ဗြိတိန်နဲ့ ပြင်သစ်ကို သွားဖို့က တော့ သေချာတယ်” လို့ အဆိုပါ အရာရှိက ပြောထား ပါတယ်။ ဒါပေမယ့် ခရီးစဉ် အသေးစိပ်ကိုတော့ အစိုးရက တရားဝင် ထုတ်ပြန်တာမျိုး မရှိသေး ပါဘူး။

၂၀၁၁ ခုနှစ်မှာ သမ္မတ တာဝန်ယူ စတင်ယူခဲ့တဲ့ ဦးသိန်းစိန်ဟာ လွန်ခဲ့တဲ့ မတ်လတုန်းက ဥရောပ နိုင်ငံ တချို့ ကို သွား ရောက်ခဲ့ပေမယ့် ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေ မပါဝင်ခဲ့ပါဘူး။
အခုလို သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ၀င်ဆန့်မှု ရှိလာခဲ့တာ ဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာခဲ့လို့ဖြစ်ပြီး သူ့အစိုးရတက်လာပြီး နောက် ပိုင်း မြန်မာနိုင်ငံရေးမှာ အားလုံး ပါဝင်ရေးဆိုတဲ့ လမ်းစဉ်ကိုချမှတ်ခဲ့ပါတယ်။

အဲဒီလမ်းစဉ်အရ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ဒီအပြင် NLD ပါတီကို ပြန်လည် မှတ် ပုံတင်ခွင့်ပေးပြီး ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတ စွာ ကျင်းပပေးတာ၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD ပါတီဝင်တွေဟာ လွှတ်တော် အမတ်တွေအဖြစ်နဲ့ ပါလီမန်မှာ ပါဝင်ခွင့်ရလာတာတွေအတွက် နိုင်ငံတကာက ပါ စစ်ဗိုလ်ချုပ်တဖြစ်လဲ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေးရဲ့အိုင်ကွန်တခုလို့ ခေါ်ဝေါ်သမုတ် လာခဲ့ပါတယ်။

ဥရောပ သမဂ္ဂအပါအ၀င် အမေရိကန်နဲ့ နိုင်ငံတကာကလည်း တချိန်က စစ်အုပ်ချုပ်ရေးကာလ တလျှောက် အဓမ္မ အလုပ်ခိုင်းစေမှုတွေ၊ လူ့အခွင့် အရေးချိုးဖောက်မှုတွေကြောင့် ပိတ်ဆို့ ဒဏ်ခတ်အရေုးယူထား တာတွေကို ဒီလို ပြုပြင်ပြောင်းလဲမှုတွေရဲ့ ရလာဒ်အဖြစ် ပလပ်ဖြေလျှော့မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှု အပါ အ၀င်ပြုပြင်ပြောင်းလဲ မှုဟာ အောက်ခြေထိ သက်ရောက်မှု မရှိသေးပေမယ့် အခုနောက် ဆုံး မှာ ဥရောပ သမဂ္ဂအနေနဲ့ လက်နက်ဆိုင်ရာ တင်ပို့ရောင်းဝယ်မှု ကန့်သတ်ချက် က လွဲပြီး ကျန်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားခဲ့ပါတယ်။

ဒီအပြင် မကြာသေးခင်ကပဲ ဥရောပ သမဂ္ဂက မြန်မာကို အထူးကုန်သွယ်မှုဆိုင်ရာ အခွင့် အရေးတွေ ပေးခဲ့ပါသေးတယ်။

ဧရာဝတီ Blog

ပဋိပက္ခများ အဆုံးသတ်နိုင်မည့် နည်းလမ်းများ သံဃာ့ညီလာခံ ယနေ့ထုတ်ပြန်မည်

မြို့ ကြီး အချို့တွင် ဖြစ်ပွားနေသော ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ အဆုံးသတ်နိုင် မည့် နည်းလမ်းများကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်အချို့နှင့် အခြား ထင်ရှားသည့် ဆရာတော်ကြီးများပါဝင်သည့် သံဃာ့ညီလာခံက ယနေ့(ဇွန်လ၁၄ရက်)ကြေညာ ချက်တစ်ရပ် ထုတ်ပြန်မည် ဖြစ်ကြောင်း ယင်းညီလာခံ တက်ရောက်လာသည့် ဆရာတော်များ က မိန့်ကြားသည်။

အဆိုပါ သံဃာ့ညီလာခံကိုဇွန်လ ၁၃ ရက်နေ့မှ ၁၄ နေ့အထိ မှော်ဘီမြို့နယ်အောက်ဝါး နက်ချောင်း  ကျေးရွာရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတွင် ကျင်း ပနေခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်မှ အစပြုသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခနှင့် မြို့ကြီးအချို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်ရေး ယင်းညီလာခံက အဖြေ ထုတ်ပေးသွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ပါမောက္ခဆရာတော် ဒေါက်တာ အရှင်ဓ္ဓမပီယက မိန့်ကြားသည်။

အဆိုပါ ညီလာခံ ပထမနေ့တွင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် ဗုဒ္ဓနည်းကျ ပဋိပက္ခ ဖြေရှင်းရေး၊ ပဋိပက္ခများနှင့် တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ ဆရာတော်များ အနေနှင့် ဥပဒေနှင့် သမိုင်းပညာကို လေ့လာရေး၊ ပဋိပက္ခများ နှင့်ပတ်သက်၍ သတင်း ပြန်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ အဖွဲ့အစည်း အဆင့် ဆင့် စေ့စပ် ညှိနှိုင်းရေး စသည့်အချက် ခုနစ်ချက်ကိုဆွေးနွေးခဲ့ကြသည်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ် ပြောင်းတဲ့ အချိန်မှာ ငြိမ်းချမ်းတဲ့ ပြောင်း လဲမှုက ဂုဏ်ယူ စရာ ကောင်းသလို ဆိုးသွားနိုင်တဲ့ အခြေအနေတွေကလည်း ရှိနေတာမို့ အချိန်မီ တားဖို့ လိုတယ်”ဟု ဒေါက်တာ အရှင်ဓမ္မပီယက ဆက်လက် မိန့်ကြားသည်။ အဆိုပါ သံဃာ့ညီလာခံ မှ မေလ ၃၀ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဓ္ဓမဒူတ ဆရာတော် အရှင်ဆေကိန္ဒက မိန့်ကြားသည်။

ယင်းညီလာခံသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများအတွက် အဖြေရှာရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သံဃာ့ဝန်ဆောင် ဆရာတော်များ၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော် အချို့နှင့် အခြားထင်ရှားသည့် ဆရာတော်အပါး ၂၀၀ ကျော် ပါဝင် တက်ရောက်သည့် ပထမဆုံး ညီလာခံတစ်ရပ် ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် အတွင်း နယ်စပ် ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် ဘင်္ဂါလီ လူမျိုးများနှင့် ဒေသ ခံ ရခိုင်လူမျိုးတို့ အကြား အပြန်အလှန် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ပဲခူးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ရှမ်းပြည်နယ်ရှိ မြို့ကြီးအချို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများဆက် တိုက် ဖြစ်ပွားခဲ့သည်။

မေလ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသား အများစု သွားရောက် အလုပ်လုပ်ကိုင်သည့် မလေးရှားနိုင်ငံတွင် ဘာသာရေးအသွင်ဆောင် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် မြန်မာနိုင်ငံ သားခြောက်ဦးသေဆုံးခဲ့သည်။

The Voice Weekly

မျက်လုံးအတွင်းမှာ ကြိုးတစ်ချောင်းကဲ့သို့ ထင်ရသော ကပ်ပါးကောင်

အဘယ်ကြောင့် ဆိုသော ဒီရောဂါဟာ မျက်လုံးအတွင်း ကြိုးတစ်ချောင်း ဝင်နေသော ပုံသဏ္ဍန်နှင့် တူသောကြောင့် ဖြစ်ပါတယ်။

မကြာသေးခင်က အမျိုးသမီးတစ်ယောက်၏မျက်လုံးမှာ တွေ့ရှိခဲ့တာပါ။ အဲဒီအမျိုးသမီး၏ မျက်လုံးကို ထိခိုက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ ထို့နောက် သူမ၏ မျက်လုံးမှာ ကြိုးတစ်ချောင်း ဝင်နေ သကဲ့သို့ ထင်ရသော ကပ်ပါးကောင်ကို တွေ့ရှိခဲ့ပါတယ်။ ဒီရောဂါဟာ လူတစ်ယောက်ကနေ တစ်ယောက်ကူးစက် နိုင်သောရောဂါဖြစ်ပါတယ်။ ဒီရောဂါဟာ မျက်လုံး အတွင်းပြင်းထန်သော ကိုက်ခဲမှုကိုဖြစ်စေလို့ တတ်ကျွမ်းသူတွေက ဆိုပါတယ်။

ဒီရောဂါဟာ အာရှတိုက်မှာ စတင်ဖြစ်ပွားခဲ့တာပါ။ ရောဂါကူးစက်ခံရလျှင် မျက်လုံးကန်းသွား နိုင်ပါတယ်။ မျက်ကပ်မှန်ကို အချိန်အတော်ကြာ ဝတ်ဆင်သော သူများလည်း ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒီရောဂါကို ကာကွယ်ဖို့ ဆရာဝန်များ ကြိုးစားလျက် ရှိပါတယ်။

Ref - Anuksa
Kyaw Lin Naing (MM Social Sky)

RCSS/SSA နဲ့ UNODC မူးယစ်ဆေးပပျောက်ရေး ဆွေးနွေး

မြန်မာနိုင်ငံရဲ့ ဘိန်းအများဆုံး စိုက်ပျိုးထွက်ရှိတဲ့ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ် မှု လျော့နည်းသွားဖို့အတွက် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာ ( UNODC ) အဖွဲ့တို့ ဒီကနေ့ UNODC ရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံမှုကနေ ရှမ်းပြည်နယ်အတွင်း မူယစ်ဆေးဝါးလျော့ချနိုင်ဖို့နဲ့ ဒေသခံတွေအတွက် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး စီမံကိန်းတွေ၊ ထူထောင်ရေးလုပ်ငန်းတွေလုပ်ကိုင်နိုင် ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေ ကို အသိပေးပြောကြားခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပထမဆုံး အကောင် အထည်ဖော်နိုင်ဖို့ ဒီကနေ့ဆွေးနွေးခဲ့ကြတယ်လို့ UNODC အဖွဲ့ရဲ့ မြန်မာနိုင်ငံတာဝန်ခံ မစ္စတာ ဂျေဆန်အီလိုင်းက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။ "အခုလောလော ဆည် ကျွန်တော်တို့ ညှိနှိုင်းနေတာကတော့ ရှမ်းပြည်နယ်တောင်ပိုင်းကို အဓိက အာရုံစူးစိုက်ပြီး လုပ်ကိုင်သွားဖို့ ညှိနှိုင်းနေခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ညှိနှိုင်းနေတဲ့အထဲမှာ မိသားစု တစ်သိန်းလောက်ကို ဘယ်လိုလုပ်ဆောင်ပေးမလဲ ဆိုတာကို ရည်မှန်းချက်ထားပြီး လုပ်ဆောင် သွားဖို့ ရှိပါတယ်" လို့ စကားပြန်ကတဆင့် ပြောကြားခဲ့တာပါ။

ဘိန်းထွက်ရှိမှု အများဆုံးနိုင်ငံစာရင်းတွေထဲမှာ မြန်မာနိုင်ငံဟာ ဒုတိယနေရာမှာရှိနေပြီး ရှမ်းပြည်နယ်က ဘိန်းစိုက်ပျိုးမှုဟာ တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှုရဲ့ ၉ဝ ရာခိုင်နှုန်းကျော်မှာ ရှိနေတယ်လို့ သိရပါတယ်။

RFA Burmese

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပဆရာဝန်များ အခမဲ့ ခွဲစိတ်ပေးမည်

နိုင်ငံတစ်ဝန်းမှ နှုတ်ခမ်းကွဲအာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကိုပြည်ပမှ ဆရာဝန် ၄၀နှင့်ပြည် တွင်း ဆရာဝန် ၁၀ ဦးတို့ ပူးပေါင်းကာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဇွန်လ ၁၇ ရက်နေ့၌ အခမဲ့ ခွဲစိတ်ပေး မည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်အတွက် ငွေကြေး ပံ့ပိုးပေး ထားသော မြန်မာဘရူဝါရီကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ခွဲစိတ် ကုသမည့် ကလေးများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့မှဖြစ်ပြီး ခွဲစိတ် ကုသပေးမည့် ကာလကို ဇွန်လ ၁၇ ရက်မှ ၂၁ ရက်နေ့ထိ သတ်မှတ် ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ "အရင်နှစ်တုန်း က အာရှဘက်ကဆရာဝန်တွေ များတယ်။ ဒီနှစ်မှာတော့ ဥရောပနဲ့ အမေရိကားက ဆရာဝန်တွေ များတယ်" ဟု မြန်မာဘရူဝါရီ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးလှထွန်းက The Voice သို့ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အာခေါင်ကွဲ ဝေဒနာရှင်များထက် နှုတ်ခမ်းကွဲ ဝေဒနာရှင် များက ပိုများကြောင်း၊ နှုတ်ခမ်းကွဲ ဝေဒနာရှင်များသည် မျိုးရိုး လိုက်ခြင်း၊ မိခင်လောင်းများ ကိုယ်ဝန်နု စဉ် ဆေးဝါးအပြင်းများသုံးစွဲခြင်းနှင့် အလုပ်ကြမ်း လုပ်ခြင်းတို့ကြောင့် ဖြစ်ပွားကြကြောင်း ခွဲစိတ်အထူးကု ဆရာဝန်ကြီး တစ်ဦးက ရှင်းပြသည်။

ပြည်တွင်းမှ ခွဲစိတ်ကုသမည့် ဆရာဝန် ၁၀ ဦးသည် ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးမှ ဆရာဝန်ကြီး များဖြစ်ကြောင်း၊ ယခုတတိယ အကြိမ်မြောက် ပြု လုပ်သော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ် ကုသပေးသည့် အစီအစဉ် ကို မြန်မာဘရူဝါရီ ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ F&N စားသောက် ကုန်ကုမ္ပဏီ တို့က ပံ့ပိုး ပေးထားကြောင်း သတင်း ထုတ်ပြန်ထားသည်။

The Voice Weekly

အစိုးရအိမ်ယာအတွက် သိမ်းယူခဲ့တဲ့မြေတွေကို ထားဝယ်တောင်သူတွေပြန်ရ

တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်မှာ အစိုးရအိမ်ယာတွေဆောက်ဖို့ သိမ်းဆည်းထား တဲ့ လယ်မြေတွေကို ဒေသခံတောင်သူတွေကို ပြန်လည်လုပ်ကိုင် စားသောက်ခွင့် ပြုလိုက်တယ် လို့ သိရပါတယ်။ ထားဝယ်ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က ခွင့်ပြုပေးလိုက်တဲ့အ တွက် ဒေသခံတောင်သူ ၃ဝ ကျော်ဟာ ထားဝယ်မြို့ အတွင်းမှာရှိတဲ့ ထိန်သစ် အနောက်ကွင်း နဲ့ ဆန်းချီကွင်းက လယ်မြေ ၅ ဧကမှာ ဒီကနေ့ မနက်ပိုင်းက စတင် ထွန်ယက်နေကြ ပြီဖြစ်ပါတယ်။

အခုလိုလယ်စိုက်ပျိုးခွင့်ပြန်ရပေမယ့် နိုင်ငံတော်ကစီမံကိန်း ပြန်လည်အကောင်အထည် ဖော်ဖြစ်ခဲ့ ရင်နေရာ ပြန်ဖယ်ပေးရမယ်ဆိုပြီး ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက တောင်သူတွေကို လက်မှတ်ထိုး ခိုင်းခဲ့တယ်လို့ တောင်သူဦးထွန်းထွန်းဝင်းက RFA ကိုပြောပါတယ်။ လွန်ခဲ့တဲ့ ၁၉၉ဝ ခုနှစ်က မြို့သစ်နဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ဆိုပြီး ထားဝယ်ခရိုင်အတွင်း က လယ်မြေဧက ၁ ထောင်ကျော်ကို အစိုးရက သိမ်းယူခဲ့ပြီး နေရာတချို့မှာ ပုဂ္ဂလိက ကုမ္ပဏီတွေက ဝင်ရောက် လုပ်ကိုင်လာကြတယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။

RFA Burmese

လားရှိုးအဓိကရုဏ်းမှာ ပါဝင်ပတ်သက်သူ ၂၉ ဦးကို ခြေချုပ်ပြစ်ဒဏ်ချမှတ်

ပြီးခဲ့တဲ့ မေလ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့က ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ၂၉ ဦးကို အများပြည်သူ အသုံးပြုရာလမ်းမမှာ စုဝေး သွားလာမှုနဲ့ လားရှိုးမြို့နယ်တရားရုံးက ၁၄ ရက်တစ်ခါ လက်မှတ်လာရောက်ထိုးရတဲ့ ခြေ ချုပ်ပြစ်ဒဏ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

အဲဒီ၂၉ ဦးကို မနေ့က အမှတ် (၁) ရဲစခန်းနဲ့ အမှတ် (၂) ရဲစခန်းတွေက ခြေချုပ်နဲ့ ခံဝန် အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီကနေ့ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးတဲ့အခါ မှာ ပြစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။ လားရှိုးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ အမျိုးသမီး တစ်ဦးကို အမျိုးသားတစ်ဦးက ဓါတ်ဆီလောင်း မီးရှို့ရာကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့က အဲဒီမီးရှို့တဲ့ သူကို လားရှိုးမြို့နယ်တရားရုံးက ပုဒ်မ ၃ဝ၇ အရ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၃၂၆ အရ ထောင် ဒဏ် ၇ နှစ်၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာပြစ်မှု ပုဒ်မ ၁၅ အရ ထောင်ဒဏ် ၅ နှစ်၊ ပုဒ်မ ၁၆ (င) အရ ထောင်ဒဏ် ၇ နှစ်၊ စုစုပေါင်း၂၆ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီပဋိပက္ခထဲမှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရသူ စုစုပေါင်း ၆ဝ ထဲက ကျန်တဲ့ ၃၁ ဦးကိုလည်း သက်ဆိုင်ရာက စစ်ဆေးမှုတွေ ထပ်မံပြုလုပ်နေတယ်လို့ မြို့နယ်တရားသူကြီး ဦးနေဝင်းက ပြောပါတယ်။

RFA Burmese

တရားဥပဒေစိုးမိုးရေး မှသည် အေးချမ်းတည်ငြိမ်သော ပြည်သူ့ဘဝများ ဆီသို့



 ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မေလ ၃၁ ရက်အထိ လူသတ်မှု ၅၆ မှု၊ မုဒိမ်းမှု ၆၁မှု၊ ခိုးမှုမျိုးစုံ ၄၁၀ မှု ဖြစ်ပွားခဲ့ကြောင်း ၇.၆.၂၀၁၃ ရက်နေ့ ထုတ်ကြေးမုံ သတင်းစာတွင် ဖတ်ရှုလိုက်ရသဖြင့် ကျွန်တော့်အနေနှင့်များစွာ တုန်လှုပ်မိပါသည်။ မြန်မာနိုင်ငံ ကဲ့သို့ ဗုဒ္ဓဘာသာ ထွန်းကားသောနိုင်ငံ တစ်နိုင်ငံအတွက် ထိုပမာဏမှာ များလွန်းသည်ဟု ကျွန်တော်ယူဆပါသည်။

သတင်းစာတွင် ဆက်လက်ရေးသားထားရာ၌ လူသတ်မှုဖြစ်ပွားရခြင်းမှာ စိတ်ရောဂါ ဝေဒ နာ ဖြစ်နေခြင်း၊ အလိုလောဘကို ထိန်းသိမ်းနိုင်မှု မရှိခြင်း၊ မိန်းမကိစ္စကြောင့် ကျူးလွန်ခြင်း၊ တစ်ဦးနှင့်တစ်ဦး သည်းခံစိတ် မရှိခြင်း၊ ရန်ငြိုးရန်စများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် မဖြေရှင်းခြင်း တို့ကြောင့် ဖြစ်ပွားခဲ့ရကြောင်း ဖော်ပြထားပြီး မုဒိမ်းမှုများနှင့် ပတ်သက်၍လည်း အရက်သေစာ သောက်စားခြင်း၊ ကာမရာဂကို အသားပေးသော တရားမဝင် ဆင်ဆာ မဲ့ ပြည်ပရုပ်ရှင်များ ကြည့်ရှုခြင်းဖြင့် အလိုရမ္မက်ကို မထိန်းသိမ်းနိုင်ပဲ လူစိတ်ပျောက်ကာ ကျူးလွန်ခြင်း၊ မူးယစ်ထုံထိုင်းစေသည့် ဆေးဝါးများ အလွဲသုံးခြင်းတို့ကြောင့် ဖြစ်ပွား ရခြင်း ဖြစ်ကြောင်း စသည်ဖြင့် ရေးသားထားသည်ကို ဆက်လက် ဖတ်ရှုရပါသည်။ ဖော်ပြပါ သုံးသပ်ချက်များမှာ အဆိုပါ မှုခင်းများသည် လောဘ၊ ဒေါသ၊ ကာမရာဂစိတ် များကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ယေဘုယျ သုံးသပ်ထားခြင်း ဖြစ်ပါသည်။

ကျွန်တော့်အနေနှင့် ဤဆောင်းပါးတွင် ပြစ်မှုတစ်ခုကို ကျူးလွန်ရခြင်းမှာ လောဘ၊ ဒေါသ စသည့် စိတ်များကြောင့် ဖြစ်ရကြောင်းနှင့် ဤသို့ ဖြစ်ပေါ်လာသော အကုသိုလ်စိတ်များ လျော့ နည်းစေရန် မည်သို့ လုပ်ဆောင်သင့်ကြောင်း ဉာဏ်မီသရွေ့ အကြံပြုသုံးသပ်ဆွေးနွေး တင်ပြ သွားမည် ဖြစ်ပါသည်။ကျွန်တော်သည် ဓမ္မကထိကတစ်ဦး မဟုတ်သလို ဥပဒေပညာရှင်တစ်ဦး လည်း မဟုတ်ကြောင်း ဦးစွာ တင်ပြလိုပါသည်။

လူမှန်လျှင် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန မည်သူမျှ ကင်းနိုင်ကြသည် မဟုတ်ပါ။ သို့ရာတွင် အဆိုပါ လောဘ၊ ဒေါသစိတ်များ မဖြစ်ပေါ်စေရန် လည်းကောင်း၊ ဖြစ်ပေါ် လာသောလောဘ၊ ဒေါသစိတ်များ ပိုမိုကြီးထွားလာ ခြင်းအားဖြင့် မလိုလားအပ်သော၊ မဖြစ်သင့်သော ပြဿနာများ မဖြစ်ပေါ်လာစေရန်အတွက် ၎င်းစိတ်များကို ချိုးနှိမ်လျော့ ပါးစေခြင်းဖြင့် လည်းကောင်း ပြစ်မှုများ ဖြစ်ပွားခြင်းကို အထိုက်အလျောက်ကြိုတင် ကာကွယ်နိုင် မည် ဖြစ်ပါသည်။

လူတစ်ယောက်သည် သာမန် ရှိသင့်သည်ထက် ပိုမို၍ လောဘကြီးခြင်း၊ ဒေါသကြီးခြင်း တို့ သည် ‘ပညာမဲ့မှု’ တွင် အခြေခံသည်ဟု ကျွန်တော် ယုံကြည်လက်ခံပါသည်။ ပစ္စည်းဥစ္စာကို ရယူလိုသည့် အတွက် လူသတ်ခြင်း၊ မခံချင်စိတ်၊ လက်စားချေလို စိတ်ကြောင့် လူသတ်ခြင်း၊ အလိုမတူဘဲ ကာမကို အဓမ္မရယူခြင်း၊ သူတစ်ပါးပိုင် ပစ္စည်းကို ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ မရိုးဖြောင့် သောသဘောဖြင့် မတရား ရယူခြင်းတို့သည် သာမန် အသိဉာဏ် ပညာရှိသည့် လူတစ်ဦးအဖို့ ကျူးလွန်ရန် ခက်ခဲမည် ဖြစ်ပါသည်။ ‘ပညာမဲ့မှု’ ဟု ဆိုရာတွင် အတတ်ပညာ မဲ့မှုထက် ‘အသိပညာမဲ့မှု’ ကို ဆိုလိုခြင်း ဖြစ်ပါသည်။

အတန်းပညာမရှိလျှင် အသိပညာမရှိနိုင်ဟု မဆိုနိုင်သော်လည်း အတန်းပညာသည် အသိပညာ အတွက် များစွာ အထောက်အကူပြုသည်ဟုဆိုလျှင် ငြင်းဖွယ်ရာ မရှိပါ။ အတန်းပညာ မြင့်မား မှုသည် အသက်မွေးဝမ်းကျောင်းမှုအတွက် ပိုမိုအဓိကကျသကဲ့သို့ သင်ကြားရသည့် ဘာသာရပ် သည်လည်း အမှားအမှန်ကို ဆုံးဖြတ်နိုင်စွမ်းရှိမှု၊ အပြန်အလှန် နားလည်မှု၊ သည်းခံ နိုင်စွမ်းရှိမှု၊ ကိုယ်ချင်းစာတရား ရှိမှုတို့ကို လေ့ကျင့် သင်ကြားပေးပါသည်။

ကျွန်တော်တို့ ငယ်စဉ်က ပထဝီ၊ သမိုင်း၊ သိပ္ပံ နှင့် သင်္ချာ ပညာရပ်များကို သင်ကြားကြရသဖြင့် အတွေးအခေါ်၊ အတွက်အချက်နှင့် ဗဟုသုတတို့ ရရှိခဲ့သလို ပြည်သူ့နီတိနှင့်အခြေခံ ဗုဒ္ဓ ဘာသာ ယဉ်ကျေးမှု စသည်တို့ကို သင်ကြား ခဲ့ကြရသဖြင့်လည်း သူတစ်ပါး၏ ပစ္စည်းကို မတရားရယူလိုခြင်း၊ လိမ်လည်ပြောဆိုခြင်း၊ အရက်သေစာသောက်စားမူးယစ်ခြင်း၊ သူတစ်ပါး အသက်သတ်ခြင်းနှင့် သူတစ်ပါးသားမယားကိုပြစ်မှားခြင်းစသည့် မကောင်းမှုတို့ကို ဝေး စွာရှောင် ကြဉ်သည့် အလေ့အထကို ကိုယ်ကျင့်တရားအဖြစ် စောင့်ထိန်းခဲ့ကြသည့်အပြင် မိဘဆရာသမားတို့အပေါ် ရိုသေလေးစားခြင်း၊ သူတစ်ပါးအပေါ် စာနာစိတ်နှင့် ကိုယ်ချင်းစာ တရား ထားရှိခြင်းတို့ကိုလည်း ယဉ်ကျေးမှု တစ်ခုသဖွယ် လိုက်နာခဲ့ကြပါသည်။

"ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မေလ ၃၁ ရက်အထိ လူသတ်မှု ၅၆ မှု၊ မုဒိမ်းမှု ၆၁မှု၊ ခိုးမှုမျိုးစုံ ၄၁၀ မှု ဖြစ်ပွားခဲ့ကြောင်း ၇.၆.၂၀၁၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင်..."

ကျွန်တော်သည် ငယ်စဉ်မှစ၍ ယနေ့အထိ မိမိထက် အသက်ကြီးသူများ ရှေ့တွင် ခေါင်းငုံ့၍ သွားခဲ့သလို၊ အသက်ကြီးသူများ၏ အထက် မြင့်သောနေရာတွင်လည်း မထိုင်ခဲ့ပါ။ ဘတ်စ်ကား စီးရာတွင်လည်း ကိုယ်ဝန်ဆောင် များ၊ ကလေးအမေများနှင့် အသက်ကြီးသူများကို နေရာ ဖယ်ပေးခဲ့သည် တို့မှာ ငယ်စဉ်က သင်ကြားခဲ့ရသော ယဉ်ကျေးလိမ္မာ သင်ခန်းစာများကြောင့် ပင်ဖြစ်ပါသည်။ သို့သော်ကျွန်တော် ယနေ့ဘတ်စ်ကားများ စီးသွားရာတွင် လူငယ်များက နေရာ ဖယ်ပေးဖို့ ဝေးစွ၊ ကားပေါ်တွင် ထိုင်ခုံနေရာ လွတ်သွား၍ထိုင်ဖို့ ဟန်ပြင်လိုက်လျှင်ပင် နေရာလု ထိုင်ခြင်းကို ကြိမ်ဖန်များစွာ ကြုံတွေ့ရပါသည်။ ဘတ်စ်ကားပေါ် တက်ရာတွင်လည်း လူငယ် လူရွယ်များက အလုအယက် အရင်တက်ကြပြီးမှ အသက်ကြီးသူက နောက်မှတက်ရပါသည်။ ဤသို့သော စိတ်အခြေအနေမျိုးနှင့် ကျွန်တော်တို့၏ လူ့အသိုင်းအဝိုင်းကို ယဉ်ကျေး သိမ်မွေ့သော၊ ကိုယ်ချင်းစာတရား ထားရှိသော၊ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားသော ၊ ပြစ်မှု လျော့ပါးသော မြန်မာ့ လူ့ဘောင်အဖြစ် မည်သို့ တည်ဆောက်ကြပါမည်နည်း။

ကျွန်တော်တို့ ငယ်စဉ်က မူလတန်းမှစ၍ အလယ်တန်းအဆင့် ပြီးဆုံးသည်အထိ အခြေခံ ဗုဒ္ဓ ဘာသာ သင်ခန်းစာများကို သင်ကြားခဲ့ကြရပါသည်။ အခြေခံသင်ခန်းစာ ဆိုသည့်အတိုင်း ဗုဒ္ဓတရားတော်၏ အခြေခံ အကျဆုံးသော၊ လူတိုင်း လိုက်နာကျင့်သုံးနိုင်သည့် လူမှုရေးတရား များ ဖြစ်ပါသည်။ သူတစ်ပါးပစ္စည်းကို ခိုးယူခြင်း မပြုရန်၊ သူတစ်ပါးကို လိမ်လည်လှည့်ဖြားခြင်း မပြုရန်၊ မူးယစ်ထုံထိုင်း၊ အသိတရားလစ်ဟင်းစေသော အရက်သေစာ သောက်စားခြင်းမပြုရန် ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ရန်နှင့် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ် ရန် စသော အချက်များသည် လူသားမှန်လျှင် မည်သည့်ဘာသာ၊ မည်သည့် လူမျိုးမဆို လိုက်နာကျင့်ကြံ နိုင်သော၊ လိုက်နာကျင့်ကြံအပ်သော ကိုယ်ကျင့်သိက္ခာဆိုင်ရာ အလေ့အကျင့် များပင် ဖြစ်ပါသည်။ မည်သည့် ဘာသာတရားမဆို ကောင်းသော အဆုံးအမများကိုသာ လူသားတို့ကို လိုက်နာ ကျင့်ကြံစေကြသည် ဖြစ်ပါသည်။ မကောင်းသော ဆိုဆုံးမမှု၊ တစ်နည်း အားဖြင့် လူ့ဘောင်လောက၊ လူသားတို့၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် ပြုလုပ်မှု မျိုးကိုမူ မည်သည့် ဘာသာတရားကမျှ သွန်သင်ညွှန်ကြား ပြသခဲ့မည် မဟုတ်ပါ။

ဆိုခဲ့ပါ ဘာသာတရား၏ အဆုံးအမများကို ကြိမ်ဖန်များစွာ ဆိုဆုံးမ၊သင်ကြားခံရခြင်း၊ မိမိ ကိုယ်တိုင်ကလည်း လိုက်နာ ကျင့်ကြံခြင်းဖြင့် လူသားချင်း ကိုယ်ချင်းစာနာသော၊ လူသား ချင်း နိုင်ထက်စီးနင်း မပြုလုပ်သော၊ လူသားချင်း ကြီးနိုင်ငယ်ညှဉ်း၊ လက်နက်အားကိုး မပြုသော၊ တစ်နည်းအားဖြင့် လောဘ၊ ဒေါသ သိပ်မကြီးသော လူကောင်းလူမွန်များ ဖြစ်လာ ကြမည် ဖြစ်ပြီး ကျွန်တော်တို့ မျှော်မှန်းသည့် ယဉ်ကျေးသိမ်မွေ့သော၊ ကိုယ်ချင်းစာတရား ထားရှိသော၊ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားသော၊ ပြစ်မှု လျော့ပါးသော မြန်မာ့ လူ့ဘောင်အဖြစ် ရောက်ရှိလာမည် ဖြစ်ပါသည်။

သို့သော် ကျွန်တော်တို့၏ ပညာရေးစနစ်တွင် ယခုအခါ ပြည်သူ့နီတိနှင့် အခြေခံ ဗုဒ္ဓဘာသာ သင်ခန်းစာများ သင်ကြားပို့ချမှု အထူးပင် အားနည်းလျက် ရှိကြောင်းနှင့် အချို့ကျောင်းများ တွင် လုံးဝပင် သင်ကြားမှုမရှိကြောင်း ကြားသိရပါသည်။ ထို့ကြောင့် မြန်မာ့ တက္ကသိုလ်များကို ကမ္ဘာ့ တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်၍ နိုင်ငံတကာ အဆင့်မီအောင် ဆောင်ရွက်နေ ကြသော ပညာရှင်ကြီးများနှင့် ‘အမျိုးသားပညာရေး ဥပဒေကြမ်း’ ကို ဦးဆောင်ရေးဆွဲမည့် ‘ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်ရေးကော်မတီ’ တို့ကို ‘မြန်မာ့ ပညာရေးစနစ် အခြေခံ အုတ်မြစ် ခိုင်မာရေးနှင့် ပညာတတ် လူလိမ္မာများ ထွက်ပေါ်ရေးကိုလည်း လျစ်လျူရှုမထား ကြပါရန်’ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်။

အခြေခံပညာ ကျောင်းများတွင် ဗုဒ္ဓဘာသာတရားကို အခြေခံသော မြန်မာ့ ယဉ်ကျေးမှု အစဉ် အလာများ ပြန်လည် သင်ကြားပေးခြင်း အားဖြင့် ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူ ကို သနားပြီး မိဘ၊ ဆရာ သမား၏ ဆိုဆုံးမမှုကို ခံယူကာ၊ မကောင်းမှုဒုစရိုက် ၁၀ ပါးကို ရှောင် ရှား၍ ကောင်းမှုသုစရိုက် ၁၀ ပါး ကို လိုက်နာကျင့်ကြံနိုင်သော၊ နိုင်ငံ့သားကောင်းများပေါ်ထွက် လာမည် ဖြစ်ပါသည်။

အထက်တွင် အကြံပြု ရေးသား တင်ပြခဲ့သည်တို့ကို ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပညာရေးကို စိတ်ပါဝင်စားသူများ အပိုင်းမှ ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ တစ်ဖက်တွင် တရားဥပဒေ စိုးမိုးရေးအပိုင်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများက ဖြည့်ဆည်း ဆောင်ရွက်ပေးမှသာလျှင် တရား ဥပဒေ စိုးမိုးသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာပါမည်။ တရားဥပဒေ စိုးမိုးရေးကဏ္ဍဟု ဆိုရာတွင် မှုခင်းများ မဖြစ်ပွားရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကြိုတင်ကာကွယ်ရေး၊ မှုခင်းဖြစ်ပွား ပါက ပြစ်မှု ကျူးလွန်သူကို အမြန်ဆုံး ရှာဖွေစုံစမ်း ဖော်ထုတ်၍ တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရေးနှင့် သက်ဆိုင်ရာ တရားရုံးများကလည်း ကျူးလွန်သော ပြစ်မှုကို ဥပဒေနှင့်အညီ ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်ရေး စသည်တို့ ဖြစ်ပါသည်။

ယနေ့ ပြည်သူများ ခံစားကြုံတွေ့ နေကြရသည်များမှာ အနိုင်အထက် ပြုခံရသည်ဖြစ်စေ၊ ဥပဒေမဲ့ ကျူးလွန်ခြင်း ခံရသည်ဖြစ်စေ၊ သွားရောက် တိုင်ကြားပါက ထိုသို့ တိုင်ကြားသူကိုပင် တရားခံ တစ်ဦးသဖွယ် ပြုမူဆက်ဆံခံရခြင်း၊ မိမိတိုင်ကြားသောအမှုကို အားကြိုးမာန်တက် စုံစမ်းဖော်ထုတ်ရေး အတွက် လမ်းစရိတ်မှအစ ပံ့ပိုးကူညီပေးရခြင်း စသည်တို့ကို ကြားသိနေ ရသော်လည်း အမှုမှန် ပေါ်ပေါက်ခြင်း၊ တရားခံကို ဖမ်းမိခြင်းစသော သတင်းမျိုးကား ကြားရခဲ ပါသည်။ မြောက်ဥက္ကလာပရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် အုပ်စုလိုက်ကျူး လွန်သော လူသတ်မှု၊ ကားဖြင့်ဒရွတ်တိုက် ဆွဲခံရပြီး သေဆုံးခဲ့ရသော ရုပ်ရှင်ဒါရိုက်တာ တစ်ဦး၏အမှု အပါအဝင် ပြည်မြို့ နဝဒေးတံတားအောက်မှ လူသတ်မှု စသည်တို့မှာ ပြည်သူ အများ စိတ်ဝင်စားသော အမှုများ ဖြစ်ကြသော်လည်း ကြန့်ကြာနေဆဲပင် ဖြစ်ပါသည်။ ထူးခြား ချက် တစ်ခုမှာ ပြစ်မှု ကျူးလွန်ခံရသူသည် သြဇာ၊ အာဏာရှိသူ တစ်ဦးဦးဖြစ်လျှင် ဖြစ်စေ၊ ထိုသို့ အာဏာရှိသူ တစ်ဦးဦးနှင့် ပတ်သက်လျှင်ဖြစ်စေ ကျူးလွန်သူကို နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း ဖမ်းဆီးရမိ တတ်သည်မှာလည်း စွမ်းဆောင်ရည် တစ်ခုပင် ဖြစ်ပါသည်။

ဤသို့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး မရမိသောဖြစ်စဉ် များလာခြင်းသည် နောက်ထပ်ပြစ်မှု ကျူးလွန်လိုသူတို့အတွက် အားတက်ဖွယ်ရာပင်ဖြစ်ပါသည်၊၊ စည်းကမ်းမဲ့စွာ ပရမ်း ပတာ  မောင်းနှင်မှုများကြောင့် လူသေဆုံးသော ယာဉ်တိုက်မှုများတွင် ထွက်ပြေးသော ယာဉ်မောင်းကို ဖမ်းဆီးရမိသော သတင်းမျိုးကား သတင်းလောကတွင် ရှားပါးသတင်းအဖြစ် ရပ်တည်ဆဲ ပင်ဖြစ်ပါသည်။ ရဲတပ်ဖွဲ့သည် တရားခံကို ဖမ်းဆီးရမိပါကလည်း တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရန် အတွက် အမှုကို ခိုင်မာအောင် တည်ဆောက်ရပါသည်။ လိုအပ်သော သက်သေ အထောက်အထားများကို ရှာဖွေရခြင်း၊ ဥပဒေ အကြံဉာဏ် တောင်းခံရခြင်းများ သည်လည်း အမှုတစ်ခုကို တရားစွဲဆို တင်ပို့နိုင်ရန်အတွက် ကြန့်ကြာရသည့် အကြောင်း ရင်းများတွင် အပါအဝင် ဖြစ်ပါသည်။

တရားဥပဒေ စိုးမိုးရေးအတွက် အဓိကကျသော အဖွဲ့အစည်းတစ်ခုဟုဆိုရမည့် တရားရုံးများနှင့် တရားသူကြီးများကို ပြည်သူများက အယုံအကြည် ကင်းမဲ့နေသည်မှာ ကြာပြီ ဖြစ်ပါသည်။ တရားစီရင်ရေး ကဏ္ဍနှင့် ပတ်သက်၍ သတင်းမီဒီယာများတွင် လည်းကောင်း၊ လွှတ်တော် အစည်းအဝေးများတွင် လည်းကောင်း အတော်များများရေးသားပြောဆို ဆွေးနွေးခဲ့ကြပြီးဖြစ် ၍ ကျွန်တော့်အနေနှင့် ထပ်မံဆွေးနွေး တင်ပြခြင်း မပြုလိုတော့ပါ။

ကျွန်တော်တစ်ခု အကြံပြုလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ‘ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ’ သည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တရားရုံး တစ်ရုံး နှစ်ရုံး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တရားရုံး တစ်ရုံးနှစ်စ်ရုံးကို သွားရောက်၍ အပေါ်ယံ စစ်ဆေးရုံမျှဖြင့် တရားဥပဒေ စိုးမိုးသော နိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာမည် မဟုတ်ဘဲ ထိရောက်သော စစ်ဆေးမှုများ ပြု လုပ်ခြင်း၊ ပြုပြင်ရန် လိုအပ်သည့် အချက်များကို အလေးအနက် တိုက်တွန်း၍ ပြုပြင်စေခြင်း၊ တိုင်ကြားမှုများအရ ပေါ်လွင် ထင်ရှားသော အဂတိ လိုက်စားမှုများကို စစ်ဆေး အရေးယူစေခြင်း စသည့် အချက်များကို ဆက်လက် ဆောင်ရွက် ပေးစေလိုပါသည်။

အချုပ်ဆိုရသော် တရားဥပဒေ စိုးမိုးရေးဟူသော ခေါင်းစဉ် အောက်တွင် အကျုံးဝင်သမျှသော လုပ်ဆောင်ရန် ရှိသည်များ အားလုံးကို လုပ်ဆောင်သင့်သော(တာဝန်ရှိ)အဖွဲ့အစည်းအားလုံး က စုစည်း ညီညွတ်စွာဖြင့် ပူးပေါင်းပါဝင် လုပ်ဆောင်ကြမှသာလျှင် တရားဥပဒေ စိုးမိုး၍ တည်ငြိမ် အေးချမ်းသော နိုင်ငံတော်သစ်တွင် ပြည်သူများ၏ဘဝ မကြောင့်မကြ၊ အပူအပင် ကင်းစွာဖြင့် လုံခြုံစိတ်ချရမည် ဖြစ်ပါသည်။

The Voice

ကလေးရှိ မူလတန်းကျောင်းသားအချို့ ထောက်ပံ့ငွေနှင့် ဗလာစာအုပ်မရ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အတွင်းရှိ အခြေခံပညာမူလတန်း ကျောင်းအချို့တွင် အစိုးရက ထောက်ပံ့ပေးသော ဗလာစာအုပ် ခြောက်အုပ်နှင့် ငွေတစ်ထောင်ကျပ်စီကို မရရှိ ကြကြောင်း ယင်းဒေသခံ ကျောင်းသားမိဘများ၏ အဆိုအရ သိရသည်။ "ကျောင်းဝင်ကြေး မပေးရဘူး။ ဗလာစာအုပ်နဲ့ ငွေတစ်ထောင်တော့ မရသေးဘူး" ဟု ကလေးမြို့ အောင်မြေမာန် ရပ်ကွက်မှ စတုတ္ထတန်းကျောင်းသား မိဘတစ်ဦးက ဆိုသည်။

ယင်းငွေတစ်ထောင်ကို ပေးအပ်ခြင်း မရှိဘဲ လက်ခံရရှိသည့် အကြောင်းလက်မှတ် ရေးထိုးခဲ့ ရကြောင်း၊ အဆိုပါ ငွေတစ်ထောင် ကျပ်ကို မိမိတို့ကို ပေးမည့်အစား ကျောင်းရန်ပုံငွေ အဖြစ် အသုံးပြုမည် ဆိုပါကလည်း သဘောတူလက်ခံကြောင်း ၄င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ခရိုင် ပညာရေးမှူးရုံးသို့ မေးမြန်းရာ ကျောင်းသား တစ်ဦး ငွေတစ်ထောင်ကျပ် ပေးရမည့်ငွေမှာ ဘဏ်လွှဲငွေ မရောက်ရှိသေးသဖြင့် မပေးရသေးခြင်း ဖြစ်ပြီး ဗလာစာအုပ် မှာလည်း ကလေးမြို့နယ် အတွက် ရရှိမည့် ဗလာစာအုပ် ဒါဇင် (၁၇၀၀၀) အနက် ဒါဇင် (၆၀၀၀)သာ ရရှိသေးသဖြင့် ရုံးသို့လာရောက် ထုတ်ယူသည့် ကျောင်းများကိုသာ ဦးစားပေးနေ သည့်အတွက် အချို့ကျောင်းများတွင် မရရှိသေးခြင်း ဖြစ်ကြောင်း၊ ထပ်မံ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် မြို့နယ်အတွင်း ကျောင်းများသို့ ဆက်လက်ချထား ပေးမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ဦးထွန်းရီက ရှင်းပြသည်။

ပြီးခဲ့သည့်နှစ် ၂၀၁၁-၂၀၁၂ ပညာ သင်နှစ်တွင် စတင်ခဲ့သော မသင်မနေရ မူလတန်းပညာရေး စနစ်အဖြစ် ကျောင်းအပ်နှံရာတွင် ပြဋ္ဌာန်းစာအုပ် များနှင့် ဗလာစာအုပ် ခြောက်အုပ်စီ အခမဲ့ထောက်ပံ့ ပေးခဲ့ပြီး ယခုပညာသင်နှစ်မှ စတင်ကာ ကျောင်းသားတစ်ဦးလျှင် ငွေတစ်ထောင် ကျပ် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

The Voice Weekly

မိတ္တူပွားဆိုင်းဘုတ်နှင့် ဘဏ္ဍာနှစ်လွန် ဆိုင်းဘုတ် ၅၀၀ ခန့်ကို ဖျက်သိမ်းမည်

မိတ္တူပွားစိုက်ထူသည့် ကြော်ငြာဆိုင်းဘုတ်နှင့် ယခင်ဘဏ္ဍာနှစ်ကျန် ရှိသည့် ကြော်ငြာဆိုင်း ဘုတ် အပါအဝင် ကြော်ငြာ ဆိုင်းဘုတ် ၆၀၀ ကျော်ကို ယခုနှစ်တွင် အပြီးဖျက်သိမ်း မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ (Y.C.D.C) ၊ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

မိတ္တူပွားစိုက်ထူခဲ့သည့် ကြော်ငြာ ဆိုင်းဘုတ် ၁၅၀၀ နီးပါးကို ယခုနှစ်တွင်း ဖြုတ်သိမ်းခဲ့ပြီး ကျန်ရှိသော ခွင့်ပြုမဲ့ စိုက်ထူထားသည့် မိတ္တူပွားဆိုင်းဘုတ် များနှင့် ယခင်ဘဏ္ဍာရေးနှစ်တွင် စိုက်ထူခဲ့ သည့် သက်တမ်းကုန် ကြော်ငြာဆိုင်းဘုတ်များ အပါအဝင် ကြော်ငြာဆိုင်းဘုတ် ၆၀၀ ကျော်အနက် ၁၀၀ကျော်ကိုသာ ဖြုတ်သိမ်းပြီး ဖြုတ်သိမ်းရန် ကျန်ရှိသော ကြော်ငြာ ဆိုင်းဘုတ် များကို မိုးကာလတွင်လည်း ပုံမှန်ဖြုတ်သိမ်းသွားမည် ဖြစ်ကြောင်း ၄င်းထံမှ သိရှိရသည်။

စီးပွားရေး ကြော်ငြာလောကကို လူနည်းစု ချုပ်ကိုင်မှု မရှိစေရန်၊ ဆိုင်းဘုတ် လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပြုနေသော အခြေခံလူတန်းစားများ အဆင်ပြေစေရန် ရည်ရွယ်ကာ ဆိုင်းဘုတ်များ ပြန်လည် နေရာချထားခြင်းနှင့် ဖျက်သိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း Y.C.D.C စီမံရေးရာဌာနမှူး ဦးလင်းထွန်းမြင့်က ဇွန်လ ၄ ရက်နေ့ထုတ် ကော်မတီပိုင်သတင်းစာ တွင် ပြောကြားခဲ့သည်။ ကြော်ငြာဆိုင်းဘုတ်များ ဖြုတ်သိမ်းခြင်းကြောင့် ကြော်ငြာအပ်နှံသူ လုပ်ငန်းရှင်များနှင့် ကြော်ငြာလက်ခံ ဆောင်ရွက် ပေးသည့် ကုမ္ပဏီများတွင် ထိခိုက်နစ်နာမှု များ ရှိကြောင်း၊ ဆိုင်းဘုတ်များ ဖြုတ်သိမ်းခြင်းထက် ဆိုင်းဘုတ်များအတွက် အခွန်နှုန်း တိုးမြှင့်ကောက်ခံခြင်းနှင့် စည်းကမ်း ဖောက်ဖျက်သူကိုသာ အရေးယူစေလိုကြောင်း ရန်ကုန် မြို့တော်နှင့် အခြားမြို့များတွင် ကြော်ငြာလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွက် ကြော်ငြာဆိုင်းဘုတ် များကို အလျားပေ ၁၅၊ အနံပေ ၄၅ အရွယ်အစား၊ အလျား ၁၉ပေ၊ အနံပေ ၂၀ နှင့် အလျား ၁၃ ပေ x အနံ ၃၃ ပေ တို့ကိုသာ ခွင့်ပြုမည်ဖြစ်ပြီး ဆိုင်းဘုတ်စိုက်ထူခွင့်ကို Y.C.D.C ၏ စည်းကမ်းချက်များနှင့် အညီစိုက်ထူ ရမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် တွင် ကြော်ငြာလုပ်ငန်း လုပ်ကိုင်သူ စီးပွားရေး လုပ်ငန်းရှင်များကို ဆိုင်းဘုတ်ပေါင်း ၆၁၂ ခု ချထားပေးခဲ့ကြောင်း၊ ၂၀၁၃- ၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် ကြော်ငြာဆိုင်းဘုတ် စိုက်ထူရန် ၂၀၉ ဦးလျှောက်ထားခဲ့ပြီး ကြော်ငြာ ဆိုင်းဘုတ် ၄၁၅ ခုနှင့် ယာယီဆိုင်းဘုတ် ၁၅၀ အပါ အဝင် ကြော်ငြာဆိုင်းဘုတ် ၅၅၀ ကို ချထားပေးပြီးဖြစ်ကြောင်း ယင်း ကော်မတီ၏ ထုတ်ပြန် ချက်အရ သိရှိရသည်။

The Voice