တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းတွင် စပါးကြမ်းခင်းဈေး သတ်မှတ်ရေးကို ထည့်သွင်းထားခြင်းမှာ ဈေးကွက် စီးပွားရေးစနစ်နှင့် ကိုက်ညီခြင်း မရှိ၍ ထည့်သွင်းခြင်း မပြုရန် အကြံပြု ထားကြောင်း Myanmar Development Research Institute (MDRI) စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဌာန ဆက်ဆံရေးမှူး ဦးတင်မောင်သန်းက ပြောကြားသည်။
ဈေးကွက် စီးပွားရေးစနစ် ဖော်ဆောင်နေချိန်၌ အစိုးရက ဖြစ်စေ၊ ကော်မတီ တစ်ခုက ဖြစ်စေ ဈေးနှုန်း သတ်မှတ်ခြင်း မဖြစ်သင့်ဘဲ အထူးသဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် မဖြစ်သင့်ဟု ယူဆ၍ လွှတ်တော်နှင့် အစိုးရကို အကြံပြုခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
လယ်ယာစီးပွားရေး ကဏ္ဍ၏ စပါး ထုတ်လုပ် ရောင်းချမှု ကွင်းဆက်ကို ကြည့်လျှင် စတင် ထုတ်လုပ်သူများ ဖြစ်သည့် တောင်သူလယ်သမားဘက်မှ မစတင်ဘဲ နောက်ဆုံး ထုတ်လုပ်ပြီး သီးနှံပေါ်ချိန်မှ ဈေးနှုန်း သတ်မှတ်ခြင်း သည် လယ်သမားများထက် ကုန်သည်များကို ပိုမို အကျိုးရှိစေမည်ဟု ယူဆခြင်းကြောင့် သဘောမတူခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
“အကြွေး ပတ်လည်ဝိုင်းနေတဲ့ လယ်သမားအတွက် စိုက်ဘဏ်ကို လည်း ပြုပြင် ပြောင်းလဲရန် အကြံပြုထားတယ်” ဟု ၎င်းက ဆိုသည်။
MDRI က ပညာရှင်များ အကြံပြုနေသည်မှာ ထိုင်းနိုင်ငံကဲ့သို့ ဖြစ်မည် စိုး၍ ဖြစ်ပြီး သီအိုရီအရ စဉ်းစားခြင်း ဖြစ်ကြောင်း ထိုင်းတွင် နိုင်ငံရေး အကျိုးအမြတ်အတွက် စပါးကို ပေါက်ဈေးထက် ပိုပေးဝယ်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် အရန်ဆန် ရှုထောင့်မှ ဈေးကွက် ပေါက်ဈေးအတိုင်း ဝယ်ခြင်း ဖြစ်၍ ဈေးကွက်သဘော ပါကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ တွဲဖက် အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။
လက်ရှိ ကမ္ဘာ့ဆန် ဈေးကွက်တွင် ထိုင်းနှင့် ဗီယက်နမ်မှ ဆန်များ ထုတ်ရောင်းမှုကြောင့် ဈေးများ ပြုတ်ကျနေကြောင်း၊ စပါးဈေးကို အာမခံဈေး သတ်မှတ်ပြီး အောက်တိုဘာလခန့်၌ မဝယ်လျှင် စပါးဈေး ထိုးကျနိုင်ကြောင်း ၎င်းက ဆိုသည်။
“စပါး ဈေးမရရင် လယ်သမားတွေ စိုက်ပြီး အကျိုးမရှိမှာ စိုးလို့ပါ” ဟု ၎င်းက ဆိုသည်။
စိုက်ပျိုးစရိတ် ချေးငွေကို ရာသီသီးနှံအလိုက် ချေးပေးနေခြင်းသည် လယ်သမားအတွက် ထွက်ပေါက် မဟုတ်ကြောင်း၊ စိုက်ချိန်တွင် ငွေချေး ရင်းနှီး စိုက်ပျိုးသော်လည်း ယခုနောက်ပိုင်း ရာသီဥတု ဖောက်ပြန်မှုကြောင့် သီးနှံ ထွက်ချိန်တွင် မသေချာ မရေရာမှုများ ဖြစ်လာလျှင် ငွေပြန်မဖြစ်ဘဲ လယ်သမားများ ကြွေးတင်သည်သာ အဖတ်တင် ကျန်ရစ်ကြောင်း လပွတ္တာမြို့ တောင်သူ လယ်သမား သမဂ္ဂ အတွင်းရေးမှူး ဦးတင်ထွန်း က ပြောကြားသည်။
အကြွေး လည်ပင်းနစ်နေသည့် လယ်သမားများ နာလန် ပြန်ထူရန်အတွက် ဆိုလျှင် ကုမ္ပဏီကြီးများကို ငွေထုတ်ချေးသကဲ့သို့ လယ်သမားကို အတိုးနှုန်း နည်းနည်းဖြင့် ငါးနှစ် ဖြစ်စေ၊ ခြောက်နှစ် ဖြစ်စေ ငွေထုတ်ချေးစေလိုကြောင်း ဦးတင်ထွန်းက အကြံပြု ပြောဆိုသည်။
The Voice Weekly
0 comments:
Post a Comment