16.10.13
မြန်မာ့ နန်းစဉ်ပတ္တမြားကြီးများ နှင့် ပတ္တမြား ငမောက်
မြန်မာပြည်ဟာ အဖိုးတန် သယံဇာတတွေ တွင်းထွက် ကျောက်မျက် ရတနာတွေနဲ
ပြီးတော့ မြန်မာ့ နန်းတွင်းကျောက်မျက် ရတနာတွေဆိုတာကလည်း ကြားရုံကြားဖူးခဲ့ပြီး မြင်တွေ့ခွင့် မရခဲ့ပေမယ့် လေးစားအားကျ ခဲ့ရတဲ့ သမိုင်းဝင် ရတနာတွေဖြစ်ခဲ့ပါတယ်။
ရတနာပုံရွှေတိုက်တော်စာရင်းအရ မြန်မာ့နန်းစဉ်ပတ္တမြားတွေကတော့
၁။ သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန်
ရတီကိုးဆယ်ကျော်ရှိတဲ့ ငမောက်ပတ္တမြားကြီး
၂။ ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့
လှော်ကားတင်ကလေးလို့ခေါ်တဲ့ ပတ္တမြား
၃။ သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့
ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီးလို့ခေါ်တဲ့ ပတ္တမြား
၎။ အလေးချိန် ဆယ်ရတီရှိ ဆင်မတောလို့်ခေါ်တဲ့ ပတ္တမြား
၅။ စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော်လို့ခေါ်တဲ့ ပတ္တမြား တို့ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ နောက်ဆုံးသိမ်းခဲ့တဲ့ အချိန်ကတည်းက နန်းစဉ်ပတ္တမြားကြီးတွေ ပျောက်ဆုံးခြင်းမလှ ပျောက်ခဲ့ပါတယ်။
စစ်ရှုံးချိန်မှာ မန္တလေးမြို့မှာရှိတဲ့ စစ်သိမ်းပစ္စည်းကော်မတီက ထုခွဲရောင်းချတဲ့အထဲမှာလည်း နန်းစဉ် ပတ္တမြားကျောက်တော်များမပါခဲ့ပါ။
သင်္ဘောနဲ့ အင်္ဂလန်ကို ပေးပို့ခဲ့တဲ့ ရတနာသေတ္တာ သုံးလုံးမှာလဲ ပတ္တမြားကျောက်တော်များ မပါခဲ့ပါ။
ရတနာများကို အကဲဖြတ်ရသော ပရော်ဖက်ဆာ မက်စကဲလင်းရဲ့အစီရင်ခံစာမှာလည်း စတာလင်ပေါင် ၃၀၀ ကျော်တန် ပတ္တမြား တစ်လုံးသာပါကြောင်း တွေ့ရပါတယ်။
အဲဒီပတ္တမြားတွေထဲက နာမည်ကျော် ပတ္တမြားငမောက်ရဲ့ ရာဇဝင်နဲ့ ပျောက်ခြင်းမလှ
ပျောက်နေခဲ့တဲ့ သတင်းကို စာအုပ်တအုပ်ထဲမှာ ဖတ်ခဲ့ရပါတယ်။
စိတ်ဝင်တစားနဲ့ လိုက်ပြီး လေ့လာခဲ့သလို ဆက်ပြီး သိခွင့်ရခဲ့တဲ့ ပတ္တမြားငမောက်ရဲ့ နောက်ဆက်တွဲ အဖြစ်အပျက်လေးတွေကလဲ ဆန်းကြယ်လှသလို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
ပတ္တမြားငမောက်ရဲ့ သမိုင်းကြောင်းက အငြင်းပွားစရာ တချို့ရှိနေခဲ့တာမို့ သမိုင်းအထောက်အထား ခိုင်လုံစွာနဲ့ ကိုးကားပြောဆိုခဲ့ကြသလို အမျိုးမျိုး ဆန်းစစ်ဝေဖန်ခဲ့ကြတဲ့ မှတ်တမ်းမှတ်ရာတွေလည်း ရှိခဲ့ပါတယ်။
ပထမ အငြင်းပွားကြတာကတော့ ပတ္တမြားငမောက်ဟာ ညောင်ရမ်းမင်းဆက် ၅ဆက်မြောက်ဖြစ်တဲ့ ပြည်မင်း ( ၁၆၆၁-၇၂) လက်ထက်တုန်းက ချင်းတွင်းရွာသား ငမောက်က ဆက်သခဲ့တာမို့ ငမောက်ပတ္တမြားလို့ ထင်ရှားလာတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဆန်းစစ်ဝေဖန်သုံးသပ်ချက်တွေအရ ဒီပတ္တမြားဟာ ညောင်ရမ်းမင်းဆက်က မဖြစ်နိုင်ပါ ကုန်ဘောင်မင်းဆက်ဗဒုံမင်းလက်ထက်မှာ ဆက်သရရှိခဲ့တာလို့ အခိုင်အမာ ပြောဆိုအတည်ပြုကြပါတယ်။
ပတ္တမြားငမောက်ရဲ့ ပါးစပ်ရာဇဝင်ကိုတော့ ဒီလိုလေးတွေ့ရှိ မှတ်သားရပါတယ်။
အမည်မသိ မြန်မာ မင်းတပါးလက်ထက်က ကျောက်တလုံးရွာသား တစ်ယောက်က မိုင်းလုံသွားတဲ့ လမ်းမကြီးပေါ်မှာ ကြီးမားတဲ့ ပတ္တမြားကျောက်တုံးကြီးကို ကောက်တွေ့ခဲ့ပါတယ်။
အသိဥာဏ်ပညာ နည်းပါးတဲ့ ကျေးတောသားဖြစ်တာမို့ ကျောက်တုံးကြီးကို ခွဲလိုက်မိတာ သုံးပိုင်းတိတိ ကွဲသွားခဲ့ပါတယ်။
တစ်တုံးကိုတော့ ခိုးသူတွေက တွေ့သွားပါတယ်။
ဒုတိယ တစ်တုံးကတော့ ရတီရှစ်ဆယ်လောက်ရှိပါတယ် အဲဒီပတ္တမြားကိုတော့ ပလောင်အမျိုးသမီးတစ်ယောက်က ကောက်ရသွားပါတယ်။
တတိယ ပတ္တမြားကတော့ ကာလကတ္တားကို ရောက်သွားပါတယ်။
ပလောင်အမျိုးသမီး ရခဲ့တဲ့ ပတ္တမြားကတော့ အင်မတန် အရည်အသွေးကောင်းပါတယ်။
အရောင်အဝါ တောက်ပလွန်းတာမို့ ညအချိန်မှာတောင် ပတ္တမြားက ထွက်တဲ့ အလင်းရောင်နဲ့ ပလောင်အမျိုးသမီးဟာ ချည်ငင်ဗိုင်းငင် လုပ်နိုင်ပါတယ်။
ဒါပေမယ့် အဲဒီအမျိုးသမီးက နားမလည်ပဲ ပတ္တမြားကြီးကို ငပိ ဆီ စတဲ့ စားကုန်တွေနဲ့ လဲလိုက်တာ ချင်းတွင်းက ကုန်သည်တစ်ယောက်ဆီကို ရောက်သွားပြန်ပါတယ်။
အဲဒီကုန်သည်ဆီကနေတဆင့် ပတ္တမြားကြီးဟာ ငမောက်ကြီးထံကို ရောက်ပြန်ပါတယ်။
ငမောက်ကြီးကတော့ ပတ္တမြားကြီးကို ဗဒုံမင်းထံ ဆက်သလိုက်ပါတယ်။
ငမောက်ကြီးလဲ မြို့စားအဖြစ် ချီးမြောက်ခံရပါတယ်။
ငမောက်ကြီးဆက်တဲ့ ပတ္တမြားဖြစ်လို့ ငမောက်ပတ္တမြားလို့ အမည်ပေးခဲ့ပါတယ်။
ဗဒုံမင်းကလည်း ငမောက်ပတ္တမြားကြီးရဲ့ သတင်းကို နောက်ကြောင်းပြန် စုံစမ်းပါတယ်။ခြေရာ ထပ်ကောက်ပါတယ်။
ပလောင်အမျိုး သမီးနဲ့ သူမရဲ့ရွာအကြောင်းကို သိရတော့ တစ်ရွာလုံးကို မီးလောင်တိုက်သွင်းခဲ့ပါတယ်။
အဲဒီရွာကလဲ အလောင်းစင်ဆိုပြီး နာမည်တွင် ကျန်ရစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ခိုးသူတို့ရသွားတဲ့ ပတ္တမြားကိုလည်း ပြန်ရခဲ့ပါတယ်။ အဲဒီပတ္တမြားကိုတော့ သူခိုးလက်ရ ပြန်ရတာမို့ စောရသူခိုးလို့ အမည်ပေးပါတယ်။
စောရသူခိုးကတော့ ငမောက်လောက် အရွယ်အစား ရှိတယ်လို့ ပြောကြပါတယ်။ အလေးချိန်ကိုတော့ တိတိကျကျ မတွေ့ရပါဘူး။
ကလကတ္တား ရောက်သွားတဲ့ ပတ္တမြားကိုလည်း နည်းမျိုးစုံနဲ့ စုံစမ်းထောက်လှမ်းခဲ့ပါတယ်။
တတိယ ပတ္တမြားကို ခက်ခက်ခဲခဲ ပြန်လည်ရှာဖွေပြီး ပြန်ရတာမို့လဲ ကုလားပြန်လို့ ဘွဲ့နာမည် တပ်ခဲ့ပါတယ်။
နာမည်ကျော် ဒီငမောက် ပတ္တမြားကိုတော့ ဗဒုံမင်း လက်ထက်ကစလို့ နန်းစဉ်ရတနာ အဖြစ် ဆက်လက်ထိန်းသိမ်း လာခဲ့တာ သီပေါမင်း ပါတော်မူချိန်အထိ မပျောက်မပျက်ခဲ့ပါဘူး။
သီပေါမင်း ပါတော်မူပြီးတဲ့ နောက်မှာတော့ ပတ္တမြား ငမောက်ဟာ သီပေါမင်းလက်ထဲပဲ ပါသွားသယောင်ယောင် အင်္ဂလိပ်တွေကပဲ ယူသွားသယောင်ယောင်နဲ့ သူ့ရဲ့ သတင်းပါပျောက်ဆုံးသွားခဲ့ပါတယ်။
ပတ္တမြား ငမောက်နဲ့ အဖိုးတန်ရတနာတွေ အကြောင်း သိခဲ့သူတွေက လိုက်လံ စုံစမ်းရှာဖွေခဲ့ပါတယ်။
သီပေါမင်းပါတော်မူပြီး စစ်သိမ်းပစ္စည်းတွေ ထုခွဲရောင်းချတဲ့ စာရင်းထဲမှာလည်း ရှာလို့မတွေ့ခဲ့ပါဘူး။
အင်္ဂလိပ်တွေ ပေးလာတဲ့ စာရင်းအရ အင်္ဂလန်ကို တင်ပို့လိုက်တဲ့ ရတနာ ပစ္စည်းတွေ စာရင်းထဲမှာလည်း ငမောက်က ပျောက်နေပြန်ပါတယ်။
နန်းစဉ်ရတနာတွေရဲ့ အကြောင်းကို သိနေတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန်ကြီးကိုယ်တိုင် မြန်မာ့နန်းတွင်းကို ရောက်ခဲ့ဖူးသူ နှံစပ်ခဲ့ဖူး
သူတွေ ဖြစ်တဲ့ ဆာအက်ရှလီဒီဒင်၊ ကာနယ်ယူးလ် စတဲ့ ပုဂ္ဂိုလ်တွေကို ခေါ် ယူပြီး တော့ ရတနာတွေရဲ့ သတင်းကို စုံစမ်းဆွေးနွေးခဲ့ပါသေးတယ်။
ဒါပေမယ့် သတင်း တိတိကျကျ မရခဲ့ပါဘူး။
သီပေါမင်း နဲ့ ကာနယ်စလေဒင် တို့ကြား ပျောက်နေတယ်လို့ ပဲ မှတ်ယူခဲ့ကြပါတယ်။
http://mysterysnow.blogspot.com/2009/04/blog-post_21.html
Posted by mysteries tour
ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Credit tp ကွန်ဆူးမား
0 comments:
Post a Comment