ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

11.5.13

ငွေဆောင်ဒေသကို ဆီးဂိမ်းအမီ လျှပ်စစ်မီး ပံ့ပိုးပေးမည်ဟုဆို


၁၀.၅.၂၀၁၃၊ သောကြာနေ့ 

ရန်ကုန် (မဇ္ဈိမ)။ ။ ဆီးဂိမ်းများ၏ ရွက်လှေ ပြိုင်ပွဲများ ကျင်းပမည့် ဧရာဝတီတိုင်းရှိ ငွေဆောင်ဒေသကို ပြိုင်ပွဲများအမီ လျှပ်စစ်မီး လုံလောက်စွာ ပံ့ပိုးပေးမည် ဆိုသည့် သတင်းများ ထွက်ပေါ်နေကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

“ရွက်လှေအသင်း ပြိုင်ပွဲက ဒီဇင်ဘာလအတွင်းမှာ လုပ်မှာဆိုတော့ ဒီပွဲအမီ လျှပ်စစ်မီး လုပ်ပေးမယ် ကြားတယ်။ ငွေဆောင်က လျှပ်စစ်မီးသာ ရမယ်ဆိုရင် လက်ရှိအနေအထားထက် ပိုဖွံ့ဖြိုးလာမှာ
သေချာပါတယ်” ဟု ငွေဆောင်ဇုန် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ထွန်း က ပြောသည်။

ငွေဆောင်ဇုန်မှာ ပုသိမ်မြို့မှ အနောက်ဘက် မိုင် ၃၀ ခန့် အကွာတွင် တည်ရှိပြီး ဘင်္ဂလား ပင်လယ်အော်သို့ မျက်နှာမူလျက် ရှိသည်။ ကမ်းခြေ အရှည်မှာ မြောက်ဘက် ဇီးမော်မှ တောင်ဘက် မကျီးမော်အထိ ၁၀ မိုင်ခန့် ရှည်လျားသည်။

“ငွေဆောင်မှာက ရွက်လှေပြိုင်ပွဲအတွက် အားကစားဝန်ကြီးဌာနကနေ camp (ရွက်ဖျင်တဲ စခန်း) တွေ
ဆောက်ထားတာ ရှိတယ်။ ဆီးဂိမ်းပြီးရင်တော့ ဒီရွက်ဖျင်တဲတွေက ဟိုတယ်အဖြစ် ပြောင်းသွားနိုင်ပါတယ်” ဟု ၎င်းက မျှော်မှန်းသည်။

ငွေဆောင်ဒေသတွင် ဟိုတယ် ၂၁ လုံးရှိနေပြီး လက်ရှိ လုပ်ငန်း လည်ပတ်နေသော ဟိုတယ် ၁၇ လုံးတွင် အခန်းပေါင်း ၉၀၀ ခန့် ရှိနေသည်။ ထိုအပြင် တည်းခိုခန်းအနေဖြင့် ၄ လုံးရှိနေပြီး ဖြစ်သည်။

“ငွေဆောင်ဇုန်မှာဟိုတယ် ၂၁ လုံး ရှိပါတယ်။ ၅ လုံးကတော့ ပြုပြင်ဆဲ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ အခန်း ၆၀ ပါ ဟိုတယ် ၁ လုံး ထပ်ဖွင့်ထားပါတယ်။ ဒါကြောင့် လုပ်ငန်းလည်ပတ်နေတဲ့ ဟိုတယ် ၁၇ လုံးရှိပါတယ်” ဟု ilver View Hotel မှ တာဝန်ရှိသူ တဦးက ပြောသည်။

ငွေဆောင်ဇုန်သို့ ယခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှုမှာ ယခင်နှစ်ထက် ၅၀ ရာခိုင်နှုန်းခန့် ပိုခဲ့သည်။

“နှစ်စဉ် အဝင်များတဲ့ နိုင်ငံခြားသား ခရီးသည်က ဂျာမန်လူမျိုးတွေပါ။ ဒီနှစ်မှာ ထင်သာမြင်သာ ဝင်ရောက်မှုရှိ လာတဲ့ ခရီးသည်က အမေရိကန်နဲ့ ပြင်သစ်တွေ ဖြစ်ပါတယ်။ အခြား ဧည့်သည်တွေလည်း ပုံမှန်ထက် အဝင်ပိုပါတယ်” ဟု ဟိုတယ်တခုမှ မန်နေဂျာ ဦးဌေးအောင် က ပြောသည်။

ငွေဆောင်ဇုန်မှာ ကျယ်ဝန်းရှည်ရှားသည့် ကမ်းခြေတွင် ငွေရောင် သဲမှုန်များနှင့် အပြာရောင် ပင်လယ်ပြင်တို့
ကြောင့် ထင်ရှားကျော်ကြားမှု ရှိကြောင်း သိရသည်။ 

မဇ္ဈိမ

"မဟာဆန်" MAHASEN (သို့) ဆိုင်ကလုန်းဖြစ်လာနိုင်ဖွယ်ရှိသည့် မုန်တိုင်းငယ် ရွေ့လျားလျက်ရှိ


၁၁.၅.၂၀၁၃၊ စနေနေ့
 

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်း 92B သည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာကာ မုန်တိုင်းအမည် 01B ဟု အမည်ပေးထားပါသည်။ (၂ဝ၁၃ ခုနှစ်မုန်တိုင်းရာသီအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဦးဆုံး ဖြစ်ပေါ်သည့် မုန်တိုင်း ဖြစ်ပါသည်)

မုန်တိုင်းငယ် 01B သည် အိန္ဒိယနိုင်ငံ ပို့ဘလဲယားမြို့ တောင်ဘက် မိုင် ၄၃ဝ ခန့်၊ မြန်မာနိုင်ငံ ကော့သောင်းမြို့ အနောက်တောင်ဘက် မိုင် ၅ဝဝ ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ တောင်ဘက် မိုင် ၆ဝဝ ကျော်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၈ဝဝ ခန့် ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်မြောက်ဘက်သို့ တစ်နာရီ ၁၂ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။

မုန်တိုင်းငယ် 01B ONE(92B)
10 May 2013 1200Z
Location: 5.3 92.7
Winds: 35 knots
Central Pressure: 996 hPa

မုန်တိုင်းငယ် 01B သည် – မေလ(၁ဝ)ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီခန့်မှန်းချက်အရ လာမည့် ၄၈ နာရီ – မေလ(၁၂)ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီ အတွင်း အဆင့်(၁) ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ လာမည့် ၉၆ နာရီ – မေလ(၁၄)ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီတွင် အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိကာ အရှေ့မြောက်ဘက်(မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့) ဆက်လက်ဦးတည်ရွေ့လျားမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ မုန်တိုင်း 01B သည် အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းအား စစ်တွေနှင့် ကျောက်ဖြူမြို့များကြားမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ဘွယ်ရှိကြောင်း JTWC နှင့် TSR တို့မှ ကနဦး ခန့်မှန်းချက်တွင် ပုံများဖြင့် ဖေါ်ပြထားပါသည်။ မုန်တိုင်းအင်အားနှင့် လားရာလမ်းကြောင်း ပြောင်းလဲမှု အခြေအနေ ရှိနိုင်ဦးမည် ဖြစ်ပါသဖြင့် အဆိုပါ အပြည်ပြည်ဆိုင်ရာ မိုးလေဝသဌာနခန့်မှန်းချက် အသစ်များကို ဆက်လက်စောင့်ကြည့် တင်ပြပေးသွားပါမည်။

ကောလဟလ သတင်းများအား ရှောင်ရှားနိုင်ရန် မုန်တိုင်းအမည်ပေးစံနစ်တွင် ၂ဝ၁၂ ခုနှစ်အတွင်း အိန္ဒိ သမုဒ္ဒရာမြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများအား အောက်ပါအတိုင်း ပေးခဲ့ပြီးဖြစ်ပါသည်-

Tropical Storm MURJAN-24-25 OCT
Tropical Storm NILAM-29-31 OCT

ထို့ကြောင့် မုန်တိုင်းငယ် 01B ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိလာပါက အပြည်ပြည်ဆိုင်ရာအမည် MAHASEN ဟု ပေးမည်ဖြစ်ကြောင်း သိရပါသည်။ (သီရိလင်္ကာမှ ပေးသည့် အမည် ပေးရန် အလှည့်ကျပါသည်) 

ကမ္ဘာ့တတိယအကြီးဆုံး နေစွမ်းအင်စက်ရုံ မင်းဘူးမှာ တည်ဆောက်မည်



၁၁.၅.၂၀၁၃၊ စနေနေ့
 

ကမ္ဘာပေါ်မှာ တတိယမြောက် အကြီးမားဆုံးဖြစ်လာမယ့် နေရောင်ခြည်စွမ်းအင်သုံး စက်ရုံတစ်ရုံကို မကွေးတိုင်း မင်းဘူးမြို့မှာ တစ်နှစ်ခွဲအတွင်း အပြီးသတ်တည်ဆောက်ဖို့ မြန်မာအစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံအခြေစိုက် GEP- Green Earth Power ကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

ဒေါ်လာ ၂၇၅ သန်း ရင်းနှီးမြှုပ်နှံတည်ဆောက်မယ့် အဲဒီနေရောင်ခြည်စွမ်းအင်သုံးစက်ရုံဟာ လျှပ်စစ်မီဂါဝပ် ၂၁၀ ထုတ်လုပ်နိုင်မှာဖြစ်ပြီး၊ စက်ရုံတည်ဆောက်ရေးအတွက် ကုန်ကျစရိတ် ၇၀ ရာခိုင်နှုန်းကို ချေးငွေနဲ့လည်ပတ်မှာဖြစ်ကြောင်း၊ ကျန် ၃၀ ရာခိုင်နှုန်းကိုတော့ နှစ်ဘက်အညီအမျှ ခွဲဝေကျခံရမှာဖြစ်ကြောင်း သိရပါတယ်။

စက်ရုံက ထွက်လာတဲ့ စွမ်းအင်ရောင်းချရေး သဘောတူညီချက်ကို လာမယ့် ရက် ၉၀ အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ GEP ဥက္ကဌ Paul Bernard Yang က ထိုင်းနိုင်ငံထုတ် ဗန်ကောက်ပို့စ် သတင်းစာကို ပြောကြားပါတယ်။

ဒီအတောအတွင်း ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို သဘာဝဓာတ်ငွေ့ ဒေါ်လာသန်း ၄ဝဝဝ ဖိုးနီးပါး ရောင်းချခဲ့ရတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်တုန်းကတော့ ဒေါ်လာ သန်း ၃၅ဝဝ ဖိုး ရောင်းချခဲ့ရတယ်လို့ဆိုပါတယ်။

RFA Burmese

ဈေးကွက်အတွင်းရှိ ဆေးဝါးအချို့ သတိပြု သုံးစွဲရန် ဝါရင့်ဆေးပညာရှင်များ အကြံပြု


၁၁.၅.၂၀၁၃၊ စနေနေ့

နိုင်ငံရပ်ခြား ဆေးကုမ္ပဏီတချို့မှ တင်သွင်းလာသည့် ဆေးဝါးများနှင့် ပါတ်သတ်ပြီး အစားအစာနှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ FDA ၏ ထောက်ခံချက် မပါရှိပါက သောက်သုံးရန် မသင့်ကြောင်း ဝါရင့် ဆေးပညာရှင် များထံမှ သိရှိရသည်။

အငြိမ်းစား တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြသိန်းဟန် က “လူတွေ သိသင့် တာက ဒီဆေးတွေက ဘာအာနိသင်ရှိလဲ၊ ဒီဆေးတွေက လူကိုဘယ်လို ဒုက္ခ ပေးနိုင်လဲ။ တုံ့ပြန်မှုက ဘာတွေရှိလဲ။ ဒီဆေးတွေ အချင်းချင်းက တုံ့ပြန်မှုတွေ ဘယ်လိုရှိသလဲ။ မသိဘဲနဲ့ အရမ်း ကောင်းတယ်ဆိုပြီး မသောက်သင့် ပါဘူး။ ဒီတော့ အစားအစာနဲ့ဆေးဝါးကွပ်ကဲရေး FDA ကထောက်ခံချက်ပါမှ စိတ်ချရတယ်” ဟု အကြံပေး ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး ၀န်ကြီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသလို အရည်အသွေး အာမခံ ချက် မရှိကြောင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံထုတ် ဆေးဝါး ၆ မျိုးကို ဧပြီ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ တွင် ဖော်ပြထားသည်။

ဆေးဝါးများသည် ထိုင်း၊ တရုတ် ဆေးကုမ္ပဏီများသာမက မြန်မာနိုင်ငံသို့ အခြားနိုင်ငံများမှလည်း ဆေးဝါးများ ဝင်ရောက်လာနေကြောင်း သိရသည်။

အချို့ဆေးဝါးများသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပြီး ဆေးကုမ္ပဏီများက ဆေးဝါးတင် သွင်းရာတွင် ပြည်သူလူထု အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆေး အာနိသင် အမှန်တကယ်ပါဝင်မှု ရှိ၊ မရှိ FDA ၏ စစ်ဆေးမှုကို ခံယူရမည်ဖြစ်ပြီး စစ်ဆေး မှုခံယူနေချိန်အတွင်း ပြင်ပတွင် မရောင်းချသင့်ကြောင်း ၎င်း က ဆက်လက် အကြံပြု ပြောဆို သည်။

ပြည်သူလူထု အန္တရာယ် ကင်းရှင်းရေးအတွက် နိုင်ငံခြား တိုင်ပြည်အချို့တွင် ဈေးကွက်အတွင်း ရောက်ရှိနေ သည့် ဆေးဝါးများအား စနစ်တကျ စစ်ဆေးလေ့ရှိကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံတွင် ဆေးဝါးတင်သွင်း
ခြင်းနှင့် ပါတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများရှိသော်လည်း လိုက်နာမှု အားနည်းနေပြီး စစ်ဆေးနိုင်သည့် အပိုင်း တွင်လည်း အားနည်းချက်များ ရှိသည်ဟု ဒေါက်တာမြသိန်းဟန် မှ နှိုင်းယှဉ်ထောက်ပြခဲ့သည်။

မဇ္စျိမ

ပန်းချီ ဝသုန် အမှတ်တရ ပြပွဲတွင် အခြားပန်းချီဆရာကြီးများ၏ လက်ရာများ ပါဝင်



၁၁.၅.၂၀၁၃၊ စနေနေ့
 
 

စာနယ်ဇင်း သရုပ်ဖော်ပန်းချီလောကတွင် ထင်ရှားကျော်ကြားခဲ့သော ပန်းချီဝသုန် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲ၌ ကျပ်သိန်း ၁၀၀ တန်ဖိုး သတ်မှတ်ထားသည့် ယခင်ခေတ် ပန်းချီဆရာကျော်များ၏ လက်ရာဟောင်း ကားများကိုလည်း ထည့်သွင်းပြသထားကြောင်း တွေ့ရှိရသည်။


ပြပွဲကို ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံးပြခန်း၌ မေလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပလျက် ရှိသည်။

“ထူးထူးခြားခြားအနေနဲ့ကတော့ ဖေဖေစုဆောင်းခဲ့တဲ့ ပန်းချီဆရာကြီး ရန်ကုန်ဘဆွေ၊ ဦးဘရင်ကလေး၊ ဦးကျော်နဲ့ ပန်းချီရွှေအောင်သိမ်း တို့ရဲ့ ရှေးလက်ရာတွေကိုပါ ကျပ် ၁၅ သိန်းကနေ ၁၀၀ အထိ သတ်မှတ်ပြီး ပြသ ရောင်းချပေးထားပါတယ်” ဟု ဆရာဝသုန်၏ သမီးဖြစ်သူ မအင်ကြင်းမွှေး က ပြောသည်။

“အမှတ်တရများနှင့် ရှင်သန်ခြင်း” ဟု အမည်ပေးထားသော ယင်းပြပွဲတွင် ပန်းချီဝသုန် ရေးဆွဲပြီး ပန်းချီကား များ၊ ရေးလက်စရေဆေး၊ ဆီဆေး ကားများ၊ စာနယ်ဇင်း မျက်နှာဖုံးသရုပ်ဖော်ပုံများ၊ အတွင်း သရုပ်ဖော်ပုံ များ၊ ပါတိတ် ပန်းချီ လက်ရာများ၊ လင်္ကာဒီပချစ်သူ ဝတ္ထုအပါအဝင် အခြားဝတ္ထုများ၏ မျက်နှာဖုံး သရုပ်ဖော်ပုံများနှင့် ဆရာနေ၀င်းမြင့်၏ ရေကန်သာကြာတိုင်းအေး အခန်းဆက်ဝတ္ထုပါ သရုပ်ဖော်ပုံများအား သက်ဆိုင်ရာ ကဏ္ဍအသီးသီး ခွဲခြားကာ ပြသထားသည်။

“ဖေဖေ ကွယ်လွန်ပြီး ၁ နှစ်ပြည့်တုန်းကတော့ 'လူပုံပါးပါး၊ စိတ်ဓာတ်မာမာ' ဆိုတဲ့ စာအုပ် ထုတ်ဖြစ်တယ်။ အမှတ်တရ လွယ်အိတ်တွေ လုပ်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း နှစ်တွေကတော့ အလှူပဲ လုပ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်တွေကတည်းက ၅ နှစ်ပြည့် ရောက်ရင်တော့ ဖေဖေလည်း ဆန္ဒရှိခဲ့တဲ့ ပြပွဲကို လုပ်ဖို့စိတ်ကူးထားတဲ့အတွက် ဒီကြားထဲ နှစ်တွေမှာ ဖေဖေ ရေးခဲ့တဲ့ ကားဟောင်းတွေကို ဘောင်သွင်း တာ၊ ရေးလက်စ ကားတွေ ပြန်စုတာ၊ စာနယ်ဇင်း သရုပ်ဖော်ပုံတွေ ပြန်စုတာတွေကို လုပ်ပြီး ဒီနှစ် ၅ နှစ်ပြည့်မှာ တစုတစည်းတည်း ပြန်ပြသတာပါ” ဟု မအင်ကြင်းမွှေး က ရှင်းပြသည်။

ပြပွဲတွင် ပန်းချီကားပေါင်း ၈၀ ပြသခဲ့ပြီး ဝသုန်၏ ပန်းချီကားများကိုမူ ရောင်းချခြင်းမပြုပေ။

“ဆရာဝသုန်ဆိုတာက ကျနော်တို့ သရုပ်ဖော် ပန်းချီလောကထဲကို ဝင်ကာစက မြင်ဆရာ အနေနဲ့ အတုယူရ သူပါ။ ကျနော်တို့ သရုပ်ဖော် ပန်းချီဆရာတစ်ယောက်ဆိုတာ ဘောင်ခတ်ချက်တွေ ရှိပါတယ်။ သရုပ်ဖော် ပန်းချီဆရာကောင်း ဖြစ်ဖို့ ဆိုတာက စာလည်းဖတ်ရမယ်။ စာရေးဆရာ ဆိုလိုတဲ့ အာဘော်ကိုလည်း ထိမိဖို့ လိုတယ်။ နောက်ပြီး အထား အသို၊ ရေးချက်၊ စာလုံးအား စတာတွေ အဖက်ဖက်က ပြည့်စုံဖို့ လိုပါတယ်။ အခုလို ဆရာ့အမှတ်တရပြပွဲကိုကြည့်ပြီး ဆရာက သူထမ်းဆောင်ရမယ့် အနုပညာတာဝန်တွေကို အပြည့်စုံဆုံး အကောင်းဆုံး လုပ်ပြသွားပါလားလို့ တွေးမိပါတယ်” ဟု စာနယ်ဇင်း သရုပ်ဖော်ပန်းချီဆရာ နီပိုဦးက မဇ္ဈိမကို ပြောပြသည်။

ဆရာဝသုန်သည် သရုပ်ဖော်ပန်းချီများ သာမက ဝတ္ထုတိုများလည်း ရေးသားခဲ့သူ ဖြစ်သည်။

အမျိုးသားပြတိုက်တွင် ထိန်းသိမ်း စုဆောင်းထားသော မြန်မာ ပန်းချီကျော်တို့၏ လက်ရာ ပန်းချီကားများ ထဲတွင် ပန်းချီဝသုန်၏ ပန်းချီကားလည်း ပါဝင်သည်။ 

မဇ္စျိမ

မြန်မာ့လက်ရွေးစင် ရွက်လှေအဖွဲ့ နယ်သာလန်နှင့် အီတလီနိုင်ငံသို့ ထွက်ခွာ



၁၁.၅.၂၀၁၃၊ စနေနေ့

နိုင်ငံတကာ ရွက်လှေပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ရွက်လှေအဖွဲ့သည် နယ်သာလန်နှင့် အီတလီနိုင်ငံများသို့ မေလ ၉ ရက်နေ့က စတင်ထွက်ခွာသွားခဲ့သည်။

အားကစားသမားများအဖြစ် ဒေါက်တာစုမြတ်စိုး၊ နန်းခမ်းစေး၊ အောင်မြင်သူ၊ နိုင်လတ်ထွန်းတို့ လိုက်ပါသွားကြသည့် လက်ရွေးစင် ရွက်လှေအဖွဲ့သည် နယ်သာလန်နိုင်ငံ၌ မေ ၂၁ ရက်မှ ၂၅ ရက်ထိ ကျင်းပမည့် Delta Lloyd Regatia 2013 ရွက်လှေပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် ဇွန်လ ၈ ရက်မှ ၁၅ ရက်ထိ အီတလီနိုင်ငံ၌ ကျင်းပမည့် 470 Class Open European Championship ရွက်လှေပြိုင်ပွဲသို့ ဆက်လက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ဒီဇင်ဘာလတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) မတိုင်မီ အတွေ့အကြုံကောင်းများ ရရှိစေရန် ယခုကဲ့သို့ နိုင်ငံတကာ ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ရွက်လှေအဖွဲ့မှာ ဇွန် ၁၇ ရက်တွင် ဥရောပမှ ရန်ကုန်မြိုသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

ဆီးဂိမ်း၌ ရွက်လှေပြိုင်ပွဲများကို ငွေဆောင်ကမ်းခြေတွင် ကျင်းပမည် ဖြစ်သည်။ 

မဇ္စျိမ

10.5.13

ပါကစ္စတန် ဝန်ကြီးချူပ်ဟောင်း သား ပြန်ပေးဆွဲခံရ


မေ ၁၀ ရက်

 

ပါကစ္စတန် နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာ ၀န်ကြီးချုပ်ဟောင်း ယူဆွတ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) ရဲ့ သားကို သေနတ်သမားတွေက ပြန်ပေးဆွဲသွားပါတယ်။  

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်းရဲ့သား ဖြစ်သူ  အလီ ဟေဒါ ဂီလာနီ (Ali Haider Gilani) ဟာ မူလ်တန် (Multan) မြို့ထဲမှာ ကျင်းပမယ့် လူထုစုဝေးပွဲကိုအသွား လမ်းမှာသေနတ်သမားတွေက ၀င်ရောက် တိုက်ခိုက်ပြီး  ပြန်ပေးဆွဲ ခဲ့တာဖြစ်ပါ တယ်။  တိုက်ခိုက်မှုအတွင်း မစ္စတာ ဂီလာနီရဲ့ လူတဦး သေဆုံးခဲ့ရပါတယ်။ အခုလို ပြန်ပေးဆွဲခဲ့ တာအတွက် တာလီဘန် တွေ ဘက်ကတော့ သူတို့ လုပ်ဆောင်တာလို့ မကြေငြာသေးပါဘူး။  

တချိန်ထဲမှာပဲ စနေနေ့ ရွေးကောက်ပွဲ ကျင်းပချိန်မှာ အသေခံဗုံးခွဲသမား အများအပြားနဲ့  တိုက်ခိုက်မှုတွေ လုပ်ဆောင် မယ်လို့ တာလီဘန်တွေက ပြောကြားခဲ့ပါတယ်။ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ပါကစ္စတန်နိုင်ငံ သမိုင်းမှာ ပထမဦးဆုံး အရပ်သား အစိုးရတရပ် သက်တမ်းပြည့် အုပ်ချုပ်နိုင်ခဲ့ပြီး နောက်အစိုးရတရပ်ကို လွှဲပြောင်းပေးနိုင်ဖို့ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။           

အခုလွှတ်တော် ရွေးကောက်ပွဲတွေမှာ အရင်ဝန်ကြီးချုပ်ဟောင်း  နာဝပ်ဇ် ရှာရစ်ဖ် (Nawaz Sharif) ပဲ အနိုင်ပြန်ရဖို့  ရှိနေပါတယ်။  သူဟာ အာဏာပြဿနာအပြင် စီးပွါးရေး စိန်ခေါ်မှုတွေနဲ့ တာလီဘန်သူပုန်တွေ အရေးကို ဖြေရှင်းဖို့ ကျိုးစားနေတဲ့ ညွန့်ပေါင်း အစိုးရအဖွဲ့ရဲ့ မအောင်မြင်မှုတွေကို ထောက်ပြနိုင်မယ့်သူလို့ အများကမြင်ပါတယ်။           

တာလီဘန်တွေဟာ ဒီမိုကရေစီလမ်းလျှောက်လှမ်းနေတာကို ဆန့်ကျင်တဲ့ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို ပြစ်မှတ်ထား တိုက်ခိုက်နေတဲ့ အပြင်  ဒီသီတင်းပါတ်ထဲမှာပဲ  ဂျမီရတ် အူလီမာ အီး အစ္စလန် ပါတီ ကို ဗုံးခွဲတိုက်ခိုက်မှု တွေ လုပ်ခဲ့ တာပါ။  ရွေးကောက်ပွဲ မဲဆွယ်နေချိန်အတွင်း တာလီဘန်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ 

VOA  

အာရှ (၆) နိုင်ငံ မူးယစ်တိုက်ဖျက်ရေးညီလာခံ နေပြည်တော်မှာကျင်းပ


၁၀.၅.၂၀၁၃၊ သောကြာနေ့

 

မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း တောင်တန်း တချို့အနီးက ဘိန်းစိုက်ခင်းများကို တွေ့ရစဉ်။ (UNODC)  


မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေကြား နယ်စပ်လုံခြုံရေးကို ပိုမိုတင်းကြပ်ဖို့ မြန်မာနိုင်ငံ အပါအဝင် အာရှ ၆ နိုင်ငံက သဘောတူ ခဲ့ကြပါတယ်၊ အာရှဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက် ထိန်းချုပ်ရေးအတွက် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အာရှ ၆ နိုင်ငံ ဝန်ကြီး အဆင့် စည်းဝေးပွဲအပြီးထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလို ဖေါ်ပြထား တာဖြစ်ပါတယ်။    

ဘိန်းအစားထိုးစိုက်ပျိုးရေးအစီအစဉ်တွေကို ပိုပြီး တိုးမြှင့် ဆောင်ရွက်ပေးဖို့၊ မူးယစ်ဆေးဝါး ကာကွယ်ရေးနဲ့ပါတ်သက်တဲ့ အတွေ့အကြုံတွေကို နိုင်ငံတွေကြား မျှဝေကြဖို့၊ မူးယစ်ဆေးစွဲနေသူတွေကို ကုသမှုနဲ့ အများပြည်သူ သိရှိအောင် ပညာပေးမှုတွေကို ပိုပြီးလုပ်ပေးဖို့ကိုလဲ သဘောတူခဲ့ကြပါတယ်၊ အာရှဒေသအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တခုဖြစ်နေတဲ့ တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို ပူးပေါင်း တိုက်ဖျက်ကြဖို့အတွက်ကို မြန်မာ၊ ထိုင်း၊ Vietnam၊ Laos၊ Cambodia နဲ့တရုတ်နိုင်ငံက ကတိပြု သဘောတူခဲ့ကြပါတယ်။   

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စည်းဝေးပွဲကို ၆ နိုင်ငံက ဝန်ကြီးတွေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ တာဝန်ရှိသူတွေအပြင် ကုလသမဂ္ဂမူးယစ်ဆေးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန တာဝန်ရှိသူတွေလဲ တက်ရောက်ခဲ့ကြ ပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုနဲ့ ဘိန်းထုတ်လုပ်မှု ကမ္ဘာမှာ အများဆုံး နိုင်ငံတခုအဖြစ်ရှိနေဆဲဖြစ်ပါတယ်၊
ဒါ့အပြင် အရှေ့တောင်အာရှမှာ စိတ်ကြွဆေးထွက်ရှိမှုကလဲ အများဆုံးနိုင်ငံတခုဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါး ဆိုင်ရာ နောက်ဆုံးအစီရင်ခံစာတခုထဲမှာ ဖော်ပြထားပါတယ်။     

အရင်စစ်အစိုးရလက်ထက်က 1999 ခုနှစ်ကနေ 2009 ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးစီမံကိန်းဟာ အောင်မြင်မှုမရှိခဲ့တဲ့အပြင် 2014 မတိုင်ခင် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရမယ်ဆိုတဲ့ စီမံကိန်းကိုလဲ 2019 အထိ အစိုးရက နောက်ထပ် ၅ နှစ်ထပ်တိုးခဲ့ပါတယ်။      

1999 ခုနှစ်ထဲက မြန်မာနိုင်ငံမှာ ဘိန်းပပျောက်ရေးကို ဆောင်ရွက်နေပေမဲ့ ဘိန်းစိုက်ပျိုးနေတဲ့ နေရာတွေဟာ ဝေးလံခေါင်ဖျားတဲ့ နေရာတွေဖြစ်နေတယ်၊ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးတဲ့ စီမံကိန်းတွေအောင်မြင်ရေးအတွက် အခက်အခဲတွေရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

VOA 

9.5.13

မြေယာမှုခင်းဖြေရှင်းပေးမည်ဆိုပြီးရက်ရွှေ့မှု မြေသိမ်းခံရသူဒေသခံများ မကျေမနပ်ဖြစ်

၉.၅.၂၀၁၃၊ ကြာသပတေးနေ့


နမ်းဟူးကျေးရွာအုပ်စုပလီလင်းရွာတွင်ဖြစ်ပွားသော မြေယာမှုခင်းကိုဖြေရှင်းပေးမည်ဆိုပြီးမြေယာ ပိုင်ရှင်နှင့် မြေယာလွဲခံရသူတို့တက်ရောက်သော်လည်း မြေယာကော်မတီမစုံ၍ မေလ ၁၄ ရက်တွင်ထပ်မံ ရွှေ့သွားကြောင်း မြေသိမ်းခံရသူဒေသခံများကပြောသည်။

မြေယာမှုခင်းဖြေရှင်းရာတွင် မြေယာကော်မတီ (၅) ယောက်ဖွဲ့ထားကြောင်း၊ ယခုတွင် မြေယာပိုင်ရှင်နှင့် ၎င်းမြေယာလွဲအပ်ခံရသူ နန်မြလှိုင်ဦးခင်ပွန်း ကိုသားငယ်တို့ လူစုံတက်ရာက်သော်လည်း မြေယာကော်မတီအဖွဲ့က လူမစုံ၍ ရက်ထပ်မံရွှေ့ပေးရန် မြေစာရင်းလက်ထောက်ဦးစီးမှုး ဇော်လင်းနိုင်က တောင်းဆိုကြောင်း သိရသည်။

မြေယာမှုခင်း ဖြေရှင်းပေးသူ မြေယာကော်မတီအဖွဲ့တွင် ရယကအုပ်ချုပ်ရေးမှုး၊ စာရေးမ၊ တောင်သူ လယ်သမားကိုယ်စားလှယ်၊ မြေစာရင်းနှင့် ရပ်မိရပ်ဖကိုယ်စားလှယ်တို့ဖြစ်ကြောင်း၊ ယခုတွင် စစ်ဆေးသူ အုပ်ချုပ်ရေးမှုးနှင့် မြေစာရင်းနှစ်ယောက်သာရှိကြောင်း၊ အနည်းဆုံးသုံးယောက်ရှိမှ အဆင်ပြေကြောင်း၊ စစ်ဆေးမည့်သူ ၅၀ ရာခိုင်နှုန်းမပြည့်မှီကြောင်း၊ တောင်သူလယ်သမား ကိုယ်စားလှယ်နှင့် ရပ်မိရပ်ဖကိုယ်စားလှယ်က ဒီမြေဒီရေအကြောင်းကို သိတာ သူတို့နှစ်ယောက်ထဲက တစ်ယောက်ပါရမည်ဖြစ်ကြောင်း၊ မေလ ၁၄ ရက်နေ့တွင် ရုံးမှစာထုတ်ပြီး ပြန်လည်စစ်ဆေးပေးမည်ဟု တောင်ကြီးမြို့ မြေစာရင်းလက်ထောက်ဦးစီးမှုး ကိုဇော်လင်းနိုင်က ပြောသည်။

“အကြိမ်ကြိမ်ခေါ်ပြီး မဖြေရှင်းပေးတာများပြီ၊ ယခုတစ်ခေါက် သည်းခံလိုက်မည်၊ မေလ ၁၄ ရက်နေ့မှ ဖြေရှင်းမှုမရှိလျှင် သက်ဆိုင်ရာဌာနနှင့် ၀န်ကြီးထံထပ်မံတင်ပြပြီး ဖြေရှင်းမှုမရပါက သမ္မတရုံးထိ ဆက်လက်တင်သွားမည်” ဟု မြေသိမ်းခံရသူ ဒေါ်အုန်းရွှေ၏သား ဦမျိုးအောင်က ပြောသည်။

“ထပ်ခါထပ်ခါချိန်းပြီး ဖြေရှင်းမှုမရှိသည့်အတွက် မကျေနပ်ဘူး၊ အလျှော့လည်းမပေးနိုင်ဘူး၊ ပိုင်ဆိုင်ထားသမျှ အကုန်ပြန်ရအောင်လုပ်မှာဘဲ” ဟု မြေသိမ်းခံရသူ ဦးဟိန်းက ပြောသည်။

“မိဘအမွှေကို ပြန်မရလျှင်စိတ်နာသည်၊ မရ ရသောနည်းလမ်းရှာပြီး ဆက်လက်လုပ်ဆောင်သွားမည်၊ ဖြေရှင်းပေးမည်ဟု ပြောသောအခေါက်ပေါင်းလည်း မနည်းတော့ဘူး ဒီတစ်ခါလည်း ထပ်ချိန်းပြန်ပြီး အခုမိုးရာသီ စိုက်ပျိုးရမည့်အချိန်ကို ကြန့်ကြာအောင်လုပ်နေတာ” ဟု မြေသိမ်းခံရသူ ဒေါ်နန်ဒေါ၏သား ဦးသိန်းက ပြောသည်။

TaungGyi Time

8.5.13

မြန်မာနိုင်ငံသည် အာရှတိုက်တွင် သဘာဝဓာတ်ငွေ့ အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒသမအများဆုံး တင်ပို့သော နိုင်ငံဖြစ်

၈.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

လက်ရှိ ပြည်ပသို့ ဓာတ်ငွေ့တင်ပို့ ရောင်းချနေသည့် အခြေအနေအရ မြန်မာနိုင်ငံသည် အာရှတိုက်တွင် သဘာဝဓာတ်ငွေ့ အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒသမအများဆုံး တင်ပို့သော နိုင်ငံဖြစ်ကြောင်း သိရှိရသည်။


ယင်းကဲ့သို့ သဘာဝဓာတ်ငွေ့သိုက်များမှာ သဘာဝဓာတ်ငွေ့များကို တင်ပို့ရောင်းချရာတွင် ရတနာ သဘာဝဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့များကို နေ့စဉ်တစ်နေ့လျှင် ကုဗပေသန်း ၆၄၀ ထိုင်းနိုင်ငံသို့ နှစ် ၃၀ စာချုပ်နှင့် တင်ပို့နေပြီး ယင်းသဘာဝဓာတ်ငွေ့သိုက်မှ ပြည်တွင်းသုံးစွဲရန် ဖြန့်ဝေပေးမှု ပမာဏ တစ်နေ့လျှင် ကုဗပေ သန်း ၁၈၀ ရှိကြောင်း၊ ၁၉၉၈ ခုနှစ်မှ ဦးဆောင်၍ စတင်ရောင်းချခဲ့ကြောင်း သိရသည်။


အလားတူ ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုလည်း ထိုင်းနိုင်ငံသို့ သွယ်တန်းရောင်းချနေပြီး တစ်နေ့လျှင် ကုဗပေ သန်းပေါင်း ၄၃၀ ရှိကြောင်း၊ ယင်းမြေကို ပက်ထရိုနပ် ကုမ္ပဏီမှ ဦးဆောင်ထုတ်လုပ်ပြီး သဘာဝဓာတ်ငွေ့များ ရောင်းချနေကြောင်း၊ ၂၀၀၀ ပြည့်နှစ်မှ စတင်ရောင်းချခဲ့ကြောင်း သိရှိရသည်။


ထို့အတူ ဓာတ်ငွေ့တူးဖော်ရာမှ ရရှိသော (ရေနံဆီ) တစ်နေ့လျှင် စည်ပေါင်း ၉၇၀၀ အား ကမ်းလွန်ပလက်ဖောင်းမှ သင်္ဘောဖြင့် ကဲ့ယူရရှိပြီး ယခင်က နိုင်ငံခြားသို့ တင်ပို့ရောင်းချသော်လည်း ယခုအခါ သန်လျင်ရေနံချက် စက်ရုံတွင် ပြန်လည်ချက်လုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။


သို့ရာတွင် ယင်းကဲ့သို့ သဘာဝဓာတ်ငွေ့များကို ရောင်းချရာ၌ ဓာတ်ငွေ့သိုက်တွင်ရှိသော ဓာတ်ငွေ့ပမာဏ အရည်အသွေး၊ အကဲဖြတ်မှုများအား နှစ်ရှည်ပြုလုပ်ရသောကြောင့်ဓာတ်ငွေ့သိုက်အား တွေ့လျှင်တွေ့ချင်း သုံးစွဲမှု မပြုနိုင်ကြောင်း၊ အနည်းဆုံး ကိုးနှစ်၊ ၁၀ နှစ်ကြာမှသာ ရောင်းချနိုင်ကြောင်း သိရှိရသည်။


"တကယ်တော့ သဘာဝဓာတ်ငွေ့က ရေနံလို မဟုတ်ဘူး။ ရေနံဆီက spot price နဲ့ ရောင်းလို့ရတယ်။ ဓာတ်ငွေ့ကိုကျတော့ အရည် (LNG) လုပ်ရင်လုပ်၊ မလုပ်ရင် ပိုက်လိုင်းသွယ်ပြီးမှ ရောင်းချလို့ရတယ်။ ပမာဏ ဘယ်လောက်ရှိမယ်ဆိုတာ ဘယ်နှနှစ်လောက် ထုတ်ယူသုံးစွဲမယ်ဆိုတာ အချက်အလက်တွေပေါ် မူတည်ပြီး အကဲဖြတ် တွက်ချက်ပြီးမှ ရောင်းနိုင်ပါတယ်။ ဒီလို အကဲဖြတ်တာကို Third porty က လုပ်တာပါ။ အဲဒီက certification တွေရမှ ပမာဏ ဘယ်လောက်ကြီးတယ်။ နှစ်ပေါင်းဘယ်လောက် ထုတ်ယူနိုင်မယ် ဆိုတာကို တွက်ပြီး (take off pay) မယူမနေရ စာချုပ်နဲ့ ရောင်းကြတာပါ။ ဒီလိုစာချုပ်အရ နှစ်သုံးဆယ် ရောင်းမယ်လို့ အာမခံရင် နှစ်သုံးဆယ် ရောင်းရပါတယ်။ ရောင်းတဲ့သူဘက်ကရော ၀ယ်တဲ့သူဘက်ကပါ ပျက်ကွက်လို့ မရပါဘူး" ဟု smart Group of comparies ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ အလား အလာ ခေါင်းစဉ်ဖြင့် ဆွေးနွေး ခဲ့သော ဟောပြောပွဲတွင် ပြောကြားခဲ့သည်။


အလားတူ မုတ္တမကမ်းလွန် M9 တွင်ရှိသော ဇောတိကစီမံကိန်းအား ထိုင်းနိုင်ငံအား ရောင်းရန် စီစဉ်ထားသော်လည်း ယင်းကဲ့သို့ တွက်ချက်ရာတွင် အချိန်ပေးရသော ဓာတ်ငွေ့၏ သဘောသဘာဝအရ ၁၉၉၈ ခုနှစ်တွင် စတင်တွေ့ရှိသည့်အတွက် ၁၅ နှစ် ကြာမြင့်ပြီဖြစ်သော်လည်း ရောင်းသည့်အဆင့် မရောက်သေးကြောင်း သိရှိရသည်။


ထို့အတူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီးရှိ ရွှေသဘာဝ လုပ်ကွက်အား ၂၀၀၃ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး တူးဖော်ခဲ့သော်လည်း ၂၀၀၃-၂၀၁၃ ခုနှစ်အထိ ဆယ်နှစ် ကြာမြင့်နေပြီ ဖြစ်သော်လည်း တရုတ်ပြည်ကို တင်ပို့ရောင်းချရန် ပြင်ဆင်ဆဲ အဆင့်သာ ရှိသေးကြောင်း ဦးကျော်ကျော်လှိုင်က ပြောသည်။


ယင်းကဲ့သို့ အနေအထားများ ရှိနေသော်လည်း မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အာရှတိုက်တွင် ဓာတ်ငွေ့အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံတစ်နိုင်ငံဖြစ်နေပြီး ကမ္ဘာပေါ်တွင် ဒသမ အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်ကြောင်း သိရှိရသည်။


ELeven Media Group