13.5.13

အမေရိကန်နိုင်ငံ နယူးအော်လန်းမှ အမေများနေ့အခမ်းအနားတွင် ပစ်ခတ်မှုဖြစ်ပွား



၁၃.၅.၂၀၁၃၊ တနင်္လာနေ့



တနင်္ဂနွေနေ့က အမေများနေ့ အခမ်းအနားအတွက် စုရုံးနေသူ တချို့ကို ဦးတည်ကာ သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ၊ နယူးအော်လန်းတွင် ယမန်နေ့က ဖြစ်ပွားသော ပစ်ခတ်မှုအတွင်း လူ(၁၉)ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ အမေများနေ့တွင် ဖြစ်ပေါ်လာသော ရုတ်ရုတ်သည်းသည်း အခြေအနေနှင့် ပတ်သက်ပြီး နယူးအော်လန်း ရဲတပ်ဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုမျိုး မဟုတ်ဘဲ လမ်းပေါ်တွင် ဖြစ်ပွားသည့် ပစ်ခတ်မှု တစ်ခုဟုသာ ယူဆထားကြောင်း ဆိုသည်။ တနင်္ဂနွေနေ့က အမေများနေ့ အခမ်းအနားအတွက် စုရုံးနေသူ တချို့ကို ဦးတည်ကာ သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ FBIက ယခုကိစ္စသည် လမ်းပေါ်တွင် ဖြစ်ပွားသည့် အကြမ်းပတမ်း လုပ်ရပ်ဟု ပြောဆိုထားပြီး အခြေအနေကို ဆက်လက် စုံစမ်းနေကြောင်း ကြေညာထားသည်။

ဗီဒီယို မှတ်တမ်းအချို့တွင် သေနတ်ကျည်ဆန် ထိမှန်ခြင်း ခံရသူ အချို့တို့သည် ပလက်ဖောင်းပေါ်တွင် သွေးအလူးလူးဖြင့် လဲကျနေသည်ကို တွေ့မြင်နေရသည်။ ဒဏ်ရာရသူများအနက် (၃)ဦးမျှသည် အခြေအနေ ဆိုးကြောင်းလည်း သတင်းများက ဆိုသည်။ ကျန်ဒဏ်ရာရသူ အများစုမှာမူ ပွန်းပဲ့ရုံမျှသာ ဖြစ်ပြီး စိုးရိမ်စရာ မရှိဟု သိရသည်။ FBIက ဒဏ်ရာရသူ အများစုသည် အသက်ဘေးအတွက် စိုးရိမ်ရလောက် ပြင်းထန်မှု မရှိဟု ပြောကြားထားပြီး အသေအပျောက်လည်း မတွေ့ရဟု အတည်ပြုခဲ့သည်။

ဒဏ်ရာရသူများအနက် (၁၀)ဦးသည် အမျိုးသားများ ဖြစ်ကာ (၇)ဦးသည် အမျိုးသမီးများဟု ဆိုသည်။ ထို့အပြင် ယောက်ျားလေးငယ် (၁)ဦးနှင့် မိန်းကလေးငယ် (၁)ဦးတို့လည်း ပါဝင်ပြီး အသက်(၁၀)နှစ်စီသာ ရှိသေးကြောင်း သိရှိရသည်။ ရဲတပ်ဖွဲ့က အခင်းဖြစ်ရာ နေရာမှ လူ(၃)ဦး ထွက်ပြေးသွားသည်ကို သတင်းရထားကြောင်း ပြောဆိုခဲ့သည့်တိုင် လက်ရှိ အချိန်ထိ မည်သည့် မသင်္ကာသူကိုမျှ ဖမ်းဆီးခြင်း မပြုသေးပေ။ မြို့တော်ဝန် မစ်ခ်ျလန်ဒရူးက "ဒီလို လုပ်ရပ်မျိုးကို ခွင့်လွှတ်ဖို့ အဖြေမရှိဘူး။ တစ်ယောက်ယောက်က တစ်ခုခုကို သိရင် ထုတ်ပြောလာဖို့ တိုက်တွန်းပါတယ်။ ဒီလို အကြမ်းပတမ်း လုပ်ရပ်မျိုးကို တားဆီးဖို့ဆိုတာ အားလုံးမှာ ပူးပေါင်းရမယ့် တာဝန်ရှိပါတယ်"ဟု ပြောကြားသွားသည်။  

Planet News 

0 comments:

Post a Comment