ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

14.3.13

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနမှ အထူးကိုယ်စားလှယ် H.E. Mr. Wang Yingfan အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အထူးကိုယ်စားလှယ် H.E. Mr. Wang Yingfan အား လက်ခံတွေ့ဆုံသည်။ တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အထူးကိုယ်စားလှယ် H.E. Mr. Wang Yingfan နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံရုံး ယာယီတာဝန်ခံ Mr. Lu Zhi နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာ၌ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရာ တွင် ကူညီမှုများ ပေးအပ်နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ ရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် နယူးဇီလန်နိုင်ငံနှင့် ဩစတြေးလျ ဓနသဟာယနိုင်ငံတို့သို့ ချစ်ကြည်ရေးခရီးထွက်ခွာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာဂျွန်ကီးနှင့် ဩစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် မစ္စကွင်တင်း ဘရိုက်စ်တို့၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံနှင့် ဩစတြေးလျ ဓနသဟာယ နိုင်ငံတို့သို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာသွား သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်အား

ဒုတိယသမ္မတဦးဥာဏ်ထွန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက နေပြည်တော်လေဆိပ် တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဒေါက်တာမြအေး၊ ဒေါက်တာ မြင့်အောင်၊ ဒေါက်တာကံဇော်၊ ဒေါက်တာ ကိုကိုဦး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာ ဝင်းမြင့်၊ ဦးရဲထွဋ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။
 

ဆယ်စုနှစ်ကျော် ပရိသတ်တွေနဲ့ ကင်းကွာနေတဲ့ အဆိုတော်၊ မင်းသား၊စိုးသူရဲ့ အခမဲ့ ဖျော်ဖြေပွဲ

ပရိသတ်နဲ့ နှစ်အတော်ကြာကင်းကွာနေတဲ့ အဆိုတော်၊ မင်းသားစိုးသူက သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကို အခုလာမယ့် မတ်လ ၃၀ ရက်နေ့မှာ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းပေါ်ရှိ မိုင်ဒါကွင်း မှာ အခမဲ့ရှိုးပွဲ အဖြစ် ဖျော်ဖြေသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ Junction Square မှာ စာနယ်ဇင်း အသိပေး ပွဲပြုလုပ်ခဲ့ပါတယ်။

ယင်းပွဲလေးကို Forever Blossom နဲ့ Index Creative Village တို့က စီစဉ်တာ ဖြစ်ပါတယ်။ "အရင်က သီချင်းတွေ ဆိုခဲ့တယ်။ ပြီးတော့ ပရိသတ်တွေနဲ့ ဝေးကွာသွားပါတယ်။ အဲဒီအတွက် ကျွန်တော့်ကို ချစ်ခင်မြတ်နိုးပြီး အားပေးတဲ့ မိဘပြည်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီတစ်ကိုယ်တော်ပွဲလေးကို အကောင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ပြင်ဆင်ရခြင်းဖြစ်ပါတယ်" လို့ စိုးသူက ပြောပြခဲ့ပါတယ်။

အခမဲ့ပွဲဖြစ်တဲ့အတွက် ပရိသတ်တွေ အများကြီးလာဖို့များတဲ့အတွက်ကြောင့် အေးအေးဆေးဆေးနဲ့ ပွဲကို ကြည့်ချင်သူတွေနဲ့ ဂီတမောင်နှမများ အတွက်ပါ အားလုံးအဆင်အပြေဆုံးဖြစ်အောင် ပြင်ဆင် ထားတယ်လို့ လည်း သူက ပြောပါတယ်။

စီစဉ်သူ Forever Blossom မှ မန်နေဂျင်း ဒါရိုက်တာ ၀င်းသူရလှိုင်ကလည်း "ကျွန်တော်တို့ Forever group နဲ့ Index Creative Village ပူးပေါင်းပြီး ပြီးခဲ့တဲ့ Myanmar Countdown 2013 ကို ကျင်းပခဲ့တယ်။ အဲဒီပွဲမတိုင် ခင်မှာကျွန်တော်တို့ အများပြည်သူ နှစ်သက်ကြတဲ့ Jason Mratz ပွဲကို MTV Exit နဲ့ ပူးပေါင်းပြီး တင်ဆက်ခဲ့ပါတယ်။

နောင်ဆိုရင်လည်း ကျွန်တော် တို့ Forever နဲ့ Index Creative Village က ဒီလို အများပြည်သူ ပါဝင် ဆင်နွှဲနိုင် တဲ့ အခမဲ့ရှိုးတွေ လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒီကိုစိုးသူပွဲက တော့ ကျွန်တော်တို့ရဲ့ နောက်ခြေလှမ်း တစ်ခုအနေနဲ့ လုပ်ဖြစ်ရခြင်းဖြစ်တယ်" လို့ ပြောပြခဲ့ပါတယ်။

အခမဲ့ ပြုလုပ်ပေးမယ့် ဒီပွဲလေးကို အကြောင်းအမျိုးမျိုးကြောင့် သွား မကြည့်နိုင်တဲ့ ပြည်သူတွေ အတွက် MRTV-4 ကနေ တိုက်ရိုက်ထုတ်လွှင့် မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ မင်းသား စိုးသူက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံကို မိခင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ပြန်လာတာဖြစ်ပြီး မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ ကင်းကွာနေ တာက ၁၅ နှစ်နီးပါး ရှိပြီဖြစ်ပါတယ်။

သူ မြန်မာနိုင်ငံမှာရှိစဉ်က တေးစီးရီးပေါင်း ၁၁ ခွေ ထွက်ရှိထားပြီးဖြစ်ပြီး သီဆိုခဲ့သောသီချင်းပေါင်း ၄၀၀ ကျော်ရှိတဲ့အတွက် ယင်းသီချင်းများထဲက အကောင်းဆုံးဆိုတာတွေကို ရွေးပြီး ပရိသတ်ကို ဖျော်ဖြေ သွားမယ်လို့လည်း ပြောပြခဲ့ပါတယ်။ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီးတော့လည်း ကိုစိုးသူက "ကျွန်တော့်ခေါင်းထဲ မှာ အရာရာက မိဘပြည်သူ တွေအတွက် အကောင်းဆုံး လုပ်မယ်ဆိုတာပါပဲ။

အဲဒီအတွက်လည်း အကောင်းဆုံး ကြိုးစားထားပါတယ်။ ဖြစ်ချင်တာကတော့ အရင်က လက်တွဲ ခဲ့တဲ့ တီးဝိုင်းက လူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံးနဲ့တွဲပြီး သီဆိုဖျာ်ဖြေချင်တာပေါ့ဗျာ။ ဒါပေမဲ့ လုပ်ချင်တာတွေ သွားလုပ်လို့ မရဘူးလေ။ အဲဒီအထဲကမှ အကောင်းဆုံး၊ အဆင်ပြေဆုံး ဖြစ်အောင်ပဲ အစွမ်းကုန် ကြိုးစားထားတာပါ" လို့ ပြောပြခဲ့ ပါတယ်။

"Past and Present Soe Thu" လို့ ခေါင်းစဉ်တပ်ထားတဲ့ အဆိုတော်စိုးသူ ရဲ့ ဖျော်ဖြေပွဲမှာ Plus Three တီးဝိုင်းမှ ၀ိုင်းတော်သားများက ကူညီတီးခတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဂိုးသမား ဗဲလ်ဒက်စ်ကို အာဆင်နယ်က ကမ်းလှမ်းလာရန် ဘာကာမျှော်လင့်

ဘာစီလိုနာ အသင်းသည် ၎င်းတို့၏ ဂိုးသမား ဗစ်တာဗဲလ်ဒက်စ်ကို အာဆင်နယ် အသင်းက အတည်ပြု ကမ်းလှမ်းလာရန် မျှော်လင့်နေကြောင်း သိရှိရသည်။ အာဆင်နယ် အနေဖြင့် စပိန် လက်ရွေးစင် ဗဲလ်ဒက်စ်ကို ပေါင်စတာလင် (၈.၅) သန်းဖြင့် ကမ်းလှမ်းလာပါက ၎င်းကို ရောင်းထုတ်သွားရန် အသင့်ရှိနေသည်။ ဘာစီလိုနာ အသင်း၏ လူငယ်စီမံကိန်းမှ ထွက်ပေါ်လာပြီး နူးကမ့်တွင် ကစားသမားဘဝ တစ်လျှောက်လုံး ကစားခဲ့သည့် အသက် (၃၁) နှစ်အရွယ် ဂိုးသမားသည် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် အသင်းမှ ထွက်ခွာတော့မည်ဟု ပြောကြားထားသည်။ ထို့ကြောင့် ဘာစီလိုနာက ရာသီကုန်တွင် စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်ရှိမည့် အချိန်၌ ၎င်းကို ရောင်းထုတ်သွားရန် ဆန္ဒရှိနေသည်။

ထို့နောက်တွင် ဘာစီလိုနာက လီဗာပူးလ် အသင်းမှ စပိန်လက်ရွေးစင် ဂိုးသမား ပီပီရေနာကို ပြန်လည် ကမ်းလှမ်းသွားရန် ရည်ရွယ်ထားသည်။ ရေနာနှင့် ဗဲလ်ဒက်စ်တို့သည် ဘာစီလိုနာ၏ လာမာစီယာ လူငယ် အကယ်ဒမီတွင် အတူတကွ လေ့ကျင့်သင်ယူခဲ့သူများ ဖြစ်သည်။ အာဆင်နယ်သည် လက်ရှိ ပထမဦးစားပေး ဂိုးသမား ဝေါ့ဆစ်ခ်ျဆက်ဇနီ၏ အလားအလာကို မျှော်လင့်ထားသလောက် မဖြစ်မြောက်လာသည့်အတွက် အတွေ့အကြုံရင့် ဂိုးသမား တစ်ဦးဖြစ်သော ဗဲလ်ဒက်စ်ကို စိတ်ဝင်စားနေခြင်း ဖြစ်သည်။

Die Hard ဇာတ်ကားအသစ်တွင် ကားပေါင်း ၁၃၂စီး ပျက်စီးခဲ့

မကြာမီက အသစ်ထွက်ရှိထားသော ကမ္ဘာကျော်မင်းသား Bruce Willis ၏ A Good Day To Die Hard ဇာတ်ကားသစ်သည် မော်တော်ကား ချစ်သူများအတွက်တော့ စိတ်မချမ်းမြေ့ ဖွယ်ရာပင်ဖြစ်နေပါလိမ့်မည်။ ဒါရိုက်တာ John Moore ၏ပြောကြားချက်အရ ထိုကား၏ ဇာတ်ဝင်ခန်းများ ရိုက်ကူးရင်း ကားအစီးရေပေါင်း ၁၃၂ စီးသည် ပြန်သုံး၍မရတော့လောက်အောင် ပျက်စီးခဲ့သည်ဟု ဆိုသည်။ ထိုကားများထဲတွင် ကားအကောင်းစားများလည်း ပါဝင်ခဲ့သည်ဟု သိရသည်။

ထိုဇာတ်ကား၏ ကားအချင်းချင်းပြိုင်မောင်း၍ တိုက်ခိုက်သော အခန်းများတွင် ကားအစီးရေပေါင်းများစွာအား ဝင်တိုက်ခြင်း၊ ရပ်ထားသော ကားများပေါ်သို့ ကားဖြင့်ဖြတ်မောင်းသွားခြင်းတို့ ပါဝင်သည်။ တန်ဖိုးကြီး ပြိုင်ကားအမျိုးအစားဖြစ်သော Lamborghini ကားအစစ်ပေါ်သို့ ကားဖြင့်ဖြတ်မောင်းသည့် ဇာတ်ဝင်ခန်းမျိုးလည်းပါဝင်ပြီး ဒါရိုက်တာ John Moore က ထိုအခန်းများမှာ သူ့အတွက် စိတ်ထိခိုက်ဖွယ်ရာကောင်းသည်ဟု ပြောပြသည်။ ဇာတ်လမ်းရိုက်ကူးပြီးသွား၍ ထိုဇာတ်ကားတွင် ဖျက်စီးခဲ့သော ကားများ၏ တန်ဖိုးကို တွက်ချက်ကြည့်သောအခါ ဒေါ်လာ ၁၁သန်းခန့် ရှိသည်ဟု လည်းကောင်းကပြောကြားသည်။

သို့သော်လည်း ထို ဒေါ်လာ ၁၁သန်းတွင် Mercedes-Benz G-Class SUV ကားများ၏ တန်ဖိုးမပါဝင်သေးကြောင်းသိရသည်။ မာစီးဒီးကားကုမ္ဗဏီမှ ထိုကားများကို ဇာတ်ကားရိုက်ကူးရာတွင် အသုံးပြုရန် အလကားပေးခဲ့ခြင်းဖြစ်ပြီး ထို SUV ကားအားလုံးမှာလည်း ဇာတ်ဝင်ခန်းအရ ပျက်စီးခဲ့ရသည်။ ထိုဇာတ်ကားတွင် အသုံးပြုခဲ့သည့် မာစီးဒီး ကားများအကြောင်း video ကိုအောက်တွင် ကြည့်ရှုနိုင်ပါသည်။

ကလေးများအတွက် အိမ်မွေးတိရစ္ဆာန်ရုံ တည်ဆောက်နေသည့် ဘရတ်ပစ်တ်

ဟောလီးဝုဒ်မင်းသား ဘရတ်ပစ်တ်သည် ယခုအခါ နေအိမ်တွင် အိမ်မွေးတိရစ္ဆာန်ရုံ အငယ်စားလေး တည်ဆောက်နေကြောင်း သိရှိရသည်။ အန်ဂျလီနာဂျိုလီနှင့် ချစ်သူများ ဖြစ်နေပြီး သားသမီး (၆) ဦးရှိသော ပစ်တ်က ကလေးများအတွက် ရည်ရွယ်ကာ အဆိုပါ ဥယျာဉ်လေးကို ဖန်တီးထားခြင်း ဖြစ်သည်။ ယင်းဥယျာဉ်ကို ပြင်သစ်နိုင်ငံရှိ ၎င်းတို့၏ မိသားစုပိုင် စံအိမ်ကြီးတွင် ဖွဲ့စည်းတည်ဆောက်နေခြင်း ဖြစ်ပြီး ဆိတ်ငယ်လေးများ၊ မွေးရှည် ကုလားအုတ်လေးများ၊ ဘဲများ၊ ငန်းများနှင့် ကြက်ပေါက်လေးများ အပါအဝင် ချစ်စဖွယ် တိရစ္ဆာန်ငယ်လေးများကို မွေးမြူထားမည် ဖြစ်သည်။ ပစ်တ်သည် ကျားနှင့် ခြင်္သေ့ကဲ့သို့ တိရစ္ဆာန် အကြီးစားများကို မွေးမြူလိုသော်လည်း ကလေးများနှင့် ပိုမို ကိုက်ညီမည့် ရုံငယ်လေးကိုသာ တည်ထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဟု ဆိုသည်။

ပစ်တ်နှင့် နီးစပ်သူ တစ်ဦးက "ပစ်တ်ရဲ့ ကလေးတွေထဲမှာ မက်ဒေါ့စ်နဲ့ ပက်စ်က ဆာဖာရီ ဥယျာဉ်လို အခြေအနေမျိုးကို သိပ်သဘောကျတာလေ။ ပစ်တ်က ခြင်္သေ့တွေ၊ ကျားတွေနဲ့ မိကျောင်းတွေတောင် ဝယ်သင့်တယ် ဆိုတာမျိုး သူတို့က ပူဆာကြတယ်။ ပစ်တ်ကလည်း ဒါကို စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ကလေးတွေအတွက် အဆင်ပြေမယ့် တိရစ္ဆာန်ရုံ အသေးစားလေးပဲ ဆောက်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ ဒါက အမြွှာလေးနှစ်ယောက်ဖြစ်တဲ့ နော့စ်နဲ့ ဗီဗီယန်အတွက်လည်း အဆင်ပြေစေချင်လို့ပါ။ တိရစ္ဆာန်လေးတွေရဲ့ ဓလေ့သဘာဝကို ရင်းရင်းနှီးနှီး ထိတွေ့နေတယ်ဆိုတာ ကလေးတွေအတွက် ကောင်းကျိုး ဖြစ်စေမယ်လို့ ပစ်တ်ကလည်း ယုံကြည်နေတယ်လေ" ဟု ပြောကြားသွားသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော်

ယခုအချိန်မှာ မြန်မာပြည်ဟာ ဒီမိုကရေစီ စံနစ်သစ်ဆီသို့ ဦးတည်သွားနေပြီလို့ ဆိုပါတယ်။

ဒီမိုကရေစီ စံနစ်ကို ထူထောင်မယ် ဆိုလိုက်တာနဲ့ တရားဥပဒေ စိုးမိုးရေးဟာ အင်မတန် အရေးကြီးတာလဲ လူတိုင်း သိကြပါတယ်။ (အဲဒီလို အရေးကြီးလို့ကို လွှတ်တော် ထဲမှာ ဒေါ်စုက တရားဥပဒေ စိုးမိုးရေး တာဝန်ကို ယူထားတာပေါ့။) ဥပဒေ စိုးမိုးရေး ဆိုရာမှာလဲ ယခုလက်ရှိမှာ ဥပဒေပြင်ပ ရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ဥပဒေ ဘောင်ဝင်အောင် ဘယ်လို legalize လုပ်မလဲ၊ အနာဂတ် ပြည်ထောင်စု တပ်မတော်နဲ့ ဘယ်လို ပေါင်းစည်းကြမလဲ ဆိုတဲ့ ပြဿနာတွေဟာ အရေး တကာ့ အရေးအကြီးဆုံး ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေအတွက် အစိုးရရော အတိုက်အခံ ဖက်ကပါ ရေရေရာရာ စီမံချက် ရှိသေးပုံ မရဘူး၊ ရှိတယ်ဆိုရင်လဲ ပွင့်လင်းမြင်သာမှု မရှိသေးဘူး။ အဲဒီကိစ္စ္စတွေနဲ့ ပတ်သက်လို့ ပြည်သူတဦးရဲ့ အမြင်ကို တင်ပြချင်တဲ့အတွက် ဒီဆောင်းပါးကို ရေးရတာ ဖြစ်ပါ တယ်။

ပထမဆုံး အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဥပဒေဘောင်ထဲ ရောက်လာအောင် အစိုးရ အဆက်ဆက် အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို ကြည့်ကြရအောင်ပါ။


လက်နက်ချခိုင်းတဲ့နည်း

အစိုးရ အဆက်ဆက်က တိုင်းရင်းသား လက်နက်ကိုင်တွေ ဥပဒေ ဘောင်ဝင်အောင် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တာကတော့ လက်နက်ချခိုင်းတဲ့နည်း ဖြစ်ပါတယ်။ လက်နက်ချ အလင်းဝင်လိုက်တာနဲ့ ဥပဒေဘောင် ၀င်သွားပြီပေါ့။ ဒီနည်းနဲ့ မအောင်မြင်ခဲ့တာ အထူး ပြောစရာ မလိုပါဘူး၊ ဒါပေမယ့် ဘာလို့ မအောင်မြင်ခဲ့တာလဲ ဆိုတာ အလေးအနက် စဉ်းစားဖို့ လိုပါတယ်။

အစိုးရနဲ့ ဆွေးနွေးပြီး သဘောတူညီချက်ရလို့ လက်နက်ချခဲ့တာ ဖဆပလအစိုးရ လက်ထက် နိုင်အောင်ထွန်း ခေါင်းဆောင်တဲ့ မွန်လက်နက်ကိုင် အဖွဲ့က ပထမဆုံးလို့ ဆိုပါတယ်။ နိုင်အောင်ထွန်း အဖွဲ့ဟာ အဲဒီ အချိန်တုံးကဆိုရင် ယခုလက်ရှိ မွန်ပြည်သစ် ပါတီထက်တောင် လူအင်အား၊ လက်နက် အင်အား တောင့်တင်းပါသတဲ့။ ၀န်ကြီးချုပ် ဦးနုနဲ့ ဆွေးနွေးပြီး သဘော တူညီချက်ရတဲ့အတွက် လက်နက် ချခဲ့တာပါတဲ့။ လက်နက်လည်း ချပြီးရော သဘောတူထားတဲ့ အချက်တွေ ဘာမှ ဖြစ်မလာတဲ့ အပြင် ဦးနုနဲ့ သွားတွေ့ပြီး အခြေအတင် ပြောတဲ့အတွက် နိုင်အောင်ထွန်း ထောင်ထဲ ရောက်သွားပါသတဲ့။ အဲဒီ အဖြစ်ကို နမူနာ ယူပြီးတော့ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေမှာ “ ဘာပဲဖြစ်ဖြစ် လက်နက်တော့ မချနဲ့၊ ဗမာတွေ ကတိမတည်ဘူး ” ဆိုတဲ့ သဘောထား ခံယူချက် သံမှို စွဲသလို မြဲသွားတာပါတဲ့။ (နိုင်အောင်ထွန်း အဖွဲ့ရဲ့ ဖြစ်ထွေကို သူငယ်ချင်း တဦးက ပြောပြခဲ့တာပါ။ စာရေးသူ မမွေးခင်က ကိစ္စ ဖြစ်လို့ ပိုသိတဲ့သူတွေက ပြင်ဆင် ဖြည့်စွက် ပေးကြစေလိုပါတယ်။)

(နိုင်အောင်ထွန်း ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သော မွန်ပြည်သူ့တပ်ဦးသည် ၁၉၅၈ ခု၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် မော်လမြိုင်မြို့၊ မိုင်ဒါကွင်း၌ လက်နက်ကိုင် တိုက်ပွဲအသွင်မှ ပါလီမန်ဥပဒေဘောင်အတွင်း တိုက်ပွဲအသွင် ပြောင်းလဲခြင်း အခမ်းအနား ကျင်းပခဲ့ရာ ဦးနုအစိုးရထံ အကြွင်းမဲ့ လက်နက် အပ်နှံခဲ့ကြသည်။

ထို့နောက် ၁၉၆၀-ခု၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့ အထွေထွေရွေးကောက်ပွဲ၌ ကျိုက္ခမီမြို့နယ် မဲဆန္ဒနယ်မြေတွင် အနိုင်ရပြီး ပြည်သူ့လွှတ်တော်အမတ် ဖြစ်ခဲ့သည်။

ဦးနုအစိုးရအဖွဲ့တွင် မွန်ရေးရာဝန်ကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေး ဌာနများကိုပါ ပူးတွဲ တာဝန်ယူခဲ့သည်။

၁၉၆၂ – ခု ဗိုလ်နေဝင်း စစ်အာဏာသိမ်းစဉ်တွင် (၆) နှစ်ခန့် အကျဉ်းကျ ခံလိုက်ရသည်။

ထို့နောက် တော်လှန်ရေးကောင်စီ (ဗိုလ်နေဝင်း စစ်အစိုးရ) ၏ ၃၃ ဦးပါ နိုင်ငံတော် သမ္မတ အကြံပေး အဖွဲ့တွင် မွန်အမျိုးသား ခေါင်းဆောင် နိုင်ဖိုးချိုနှင့်အတူ ပါဝင်ခဲ့ကြသည်။

၁၉၇၀ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်၌ မော်လမြိုင် နေအိမ်တွင် နိုင်အောင်ထွန်း ကွယ်လွန် အနိစ္စရောက်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၇ နှစ် ဖြစ်သည်။)

(မှတ်ချက် = ဤကား အယ်ဒီတာအဖွဲ့၏ ဖြည့်စွက်ချက်သာ ဖြစ်သည်။)

နိုင်အောင်ထွန်းတို့ အကြောင်းကို စာရေးသူတို့ မမှီလိုက်လို့ အတိအကျ မပြောနိုင်ပေမယ်လို့ န၀တ/ နအဖလက်ထက် ဖြစ်ပျက်ခဲ့တာတွေကတော့ ကိုယ်တွေ့ မျက်မြင် ဖြစ်ပါတယ်။ န၀တလက်ထက်မှာ ဗိုလ်ခင်ညွန့်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လိုက်လံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲဖို့ သဘော တူညီချက်တွေ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ အခြေခံဥပဒေရယ်လို့ မရှိဘဲ ကာကွယ်ရေး ဦးစီးချုပ် ရဲ့ အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့ စစ်အုပ်ချုပ်ရေး ကာလမို့လို့လဲ အဲဒီလို လုပ်လို့ ရတာပါ။ အရင် အစိုးရတွေ လက်ထက်ကတော့ ဒီလိုလုပ်ရင် ဖြစ်နိုင်မှန်း မသိလို့ မဟုတ်လောက်ပါ၊ တည်ဆဲ ဖွဲ့စည်းပုံ ဥပဒေနဲ့ ငြိစွန်းနေလို့သာ လုပ်မရခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် န၀တ/ နအဖ လက်ထက် မှာတော့ နယ်စပ်ဒေသ အတော်များများမှာ အနှစ် (၂၀) နီးပါး ငြိမ်းချမ်းခဲ့တာ အမှန်ပါပဲ။ 

ဒါပေမယ့်  အဲဒီ ငြိမ်းချမ်းရေးဟာ အင်္ဂါမစုံဘဲ မွေးလာတဲ့ ကလေးနဲ့ တူနေပါတယ်၊ ကြီးမားတဲ့ ချို့ယွင်းချက် ရှိနေပါတယ်။ ဘယ်လို ချို့ယွင်းချက်လဲ။ ဗိုလ်ခင်ညွန့်က အရေးတယူ လာဆွေးနွေးတယ် ဆိုတာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာ တူညီတဲ့ အတွေးတခု ၀င်သွားစေခဲ့လို့ပဲ။ ဘယ်လို အတွေးလဲ ဆိုတော့ “ ကြည့်စမ်း၊ ဒေါ်စု ခေါင်းဆောင်တဲ့ NLD ကို တပြည်လုံးက လူများစု ထောက်ခံမဲ ပေးထားပါရက်နဲ့ ဒီလူတွေ NLD နဲ့ ဆွေးနွေးဖို့ စိတ်ကူးရှိပုံ မရဘူး။ ဒေါ်စုကို အကျယ်ချုပ် ထား၊ NLD အမတ်တွေကို ထောင်ထဲ ထည့်ထားပြီး ငါတို့နဲ့ အရေးတယူ လာဆွေးနွေးနေတယ်။ ဒါ ငါတို့ သေနတ် ကိုင်ထားလို့ပဲ။ ငါတို့မှာသာ လက်နက် မရှိတော့ရင် ငါတို့ကို ဂရုစိုက်ပါဦးမလား၊ ပေးထားတဲ့ ကတိတွေ တည်ပါဦး မလား ” ဆိုတဲ့ အတွေးပါ။

စဉ်းစားကြည့်ပါ။  လက်နက် မရှိတဲ့ ဒေါ်စုနဲ့ NLD ကို ဆွေးနွေးရမယ့် အစား အပြုတ်တိုက် ချေမှုန်းဖို့ ကြိုးစားခဲ့တာ နှစ် (၂၀) ကြာခဲ့တယ်။ ဒီမိုကရေစီအရေး  လှုပ်ရှားသူတွေ ရာပေါင်းများစွာ အသက် ပေးခဲ့ရ၊ ဘ၀ ပျက်ခဲ့ကြရတယ်။ တိုင်းရင်းသားတွေမှာ လက်နက် မရှိတော့ရင် NLD ရဲ့  ကံကြမ္မာမျိုး သူတို့ဖက် လှည့်မလာဘူးလို့ ဘယ်သူက အာမခံမှာလဲ။ ဒါဟာ  တိုင်းရင်းသားတွေ လက်နက် မချနိုင်ရခြင်းရဲ့ အဓိကအကြောင်းပဲ။ တနည်းအားဖြင့် ပြောရရင် လက်နက် မရှိတဲ့ NLD ကို ဖိနှိပ်ခဲ့တာဟာ တိုင်းရင်းသားတွေ လက်နက် မစွန့်ချင်အောင်၊ မစွန့်ရဲအောင် လုပ်လိုက်တာနဲ့ အတူတူ ပါပဲ။


နယ်ခြားစောင့်တပ် လုပ်ခိုင်းတဲ့နည်း

တဖက်က ကြည့်ပြန်တော့ အပစ်အခတ် ရပ်စဲပြီး ကိုယ့်နယ်မြေ ကိုယ်နေ၊ ကိုယ့်စီးပွား ကိုယ်လုပ် ဆိုတာက စစ်အစိုးရ လက်ထက်မှာသာ ဖြစ်နိုင်တာကိုး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလုပ်ပြီး အရပ်သားအစိုးရ အနေနဲ့ အုပ်ချုပ်တော့မယ် ဆိုရင်တော့ (၂၀၀၈) ဥပဒေဖြစ်ဖြစ်၊ အတိုက်အခံတွေ ပြောနေတဲ့ ဖက်ဒရယ်မူပဲ ဖြစ်ဖြစ် တိုင်းပြည် တခုတည်းမှာ ဥပဒေပြင်ပ လက်နက်ကိုင်တပ်တွေ သူတလူ၊ ငါတမင်း ရှိနေလို့ မဖြစ်ပြန်ဘူး။ အဲဒါကြောင့် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေကို နယ်ခြား စောင့်တပ် (BGF) အသွင် ပြောင်းဖို့ စည်းရုံးလာပါတယ်။ လက်နက် မချချင်ရင် မချနဲ့၊ နယ်ခြားစောင့်တပ် အနေနဲ့ တပ်မတော် အောက်မှာ နေပါ ဆိုတဲ့ သဘောပဲ။ တပ်မတော် လက်အောက် ရောက်တယ်ဆိုတာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ဥပဒေဘောင် ၀င်သွားပြီ၊ တရားဝင် ရပ်တည်လို့ ရပြီပေါ့။

ဒီနေရာမှာ ပြောချင်တာက တိုင်းရင်းသား လက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ် အနေနဲ့ လက်ခံတယ် ဆိုတာ အစိုးရစစ်တပ် အနေနဲ့ အတော် စွန့်စားရတဲ့ ကိစ္စ ဖြစ်တယ် ဆိုတာပါပဲ။ နယ်ခြားစောင့် တပ်ထဲက လူတွေဟာ တချိန်က ကိုယ်နဲ့ သူသေကိုယ်သေ တိုက်ခဲ့တဲ့သူတွေ ဖြစ်သလို နောင်လဲ အခြေအနေ အကြောင်းကြောင်းကြောင့် အချိန်မရွေး အရောင်ပြောင်းပြီး ကိုယ့်ကို ပြန် တိုက်နိုင်တဲ့သူတွေ ဖြစ်တယ် (ဒါ ကရင်ပြည်နယ်မှာ လက်တွေ့ပဲလေ)။ အစိုးရ တပ်မမှူး၊ တိုင်းမှူးတွေမှာ အရေးအကြောင်း ပေါ်လို့ နယ်ခြားစောင့်တပ်ကို ခိုင်းရမယ်ဆိုရင် “ ဒီလူတွေ ငါ့အမိန့်ကို နာခံပါ့မလား။ သူတို့ တိုင်းရင်းသား အချင်းချင်း ပင်းပြီး ငါ့ကို နောက်ကျော ဓါးနဲ့ ထိုးလေမလား ” လို့ တွေးမိကြမှာ ဖြစ်သလို နယ်ခြားစောင့် တပ်မှူးတွေ ကိုယ်တိုင်ကလဲ “ ဒီ တပ်မမှူး/ တိုင်းမှူး ခိုင်းတိုင်း ငါလုပ်လို့ ဖြစ်ပါ့မလား၊ သူ့အမိန့်ကို နာခံလိုက်လို့ ငါတို့ တိုင်းရင်းသားချင်း  ပြန်ပစ်ရတဲ့ အခြေအနေ ရောက်သွားရင် ငါ့ဇာတိ ရပ်ရွာမှာ၊ ငါ့ဆွေမျိုးတွေ ကြားမှာ သူများ တံတွေးခွက် ပက်လက်မျောရချည်ရဲ့ ” လို့ တွေးမိ ကြမှာ အမှန်ပါပဲ။ စစ်တပ် ဆိုတာက ရဲဘော်ရဲဘက်ချင်း အသက်ပေး ယုံကြည် စိတ်ချနိုင်မှသာ ထက်မြက် ပါတယ်။ အထက်လူနဲ့ အောက်လူ မယုံသင်္ကာဖြစ်ပြီး သံသယတွေ များနေရင်တော့ လူများပြီး ပွဲမစည်တဲ့ တပ်စုတ်တပ်ပဲ့သာ ဖြစ်နေမှာပဲ။

တိုင်းရင်းသားတွေဖက်က ကြည့်ပြန်တော့ ပြဿနာက “ နယ်ခြားစောင့်တပ် တပ်ရင်း တရင်းစီမှာ တပ်သား ဦးရေ ၃၂၆ ဦး ရှိမည်ဖြစ်ပြီး မြန်မာ့တပ်မတော်မှ စစ်သား ၃ဝ ဦး ပါဝင်မည်။ ထို့ပြင် တပ်ဖွဲ့ဝင် များ၏ လစာ ကို ဗဟိုအစိုးရက ထုတ်ပေးမည် ဖြစ်ပြီး အုပ်ချုပ်မှုအရလည်း မြန်မာ့တပ်မတော် လက်အောက်၌ပင် ထားရှိ မည်ဖြစ်သည် ” ဆိုတာကိုး။ တိုင်းရင်းသားတွေမှာ သူတို့ နှစ်ပေါင်းများစွာ တောင်းဆိုလာတဲ့ အခွင့်အရေးတွေ ဘယ်ဆီနေမှန်း မသိသေးခင် အစိုးရစစ်တပ် အုပ်ချုပ်မှု အောက်မှာ နေရမယ် ဆိုတော့ အစုလိုက် အပြုံလိုက် လက်နက် ချခိုင်းတာနဲ့ အတူတူ ဖြစ်နေတယ်။ တိုင်းရင်းသား အချင်းချင်းပေါ် သေနတ်ပြောင်း လှည့်ရမယ့် အခြေအနေ မျိုးများ ဖြစ်လာခဲ့ရင် လက်နက်ချတာထက်ကို ပိုဆိုးသွားပြီ။ နောက်ပြီး နယ်ခြားစောင့် တပ်ရင်းတိုင်းမှာ အစိုးရ စစ်သားတွေ လာထည့်ထားတဲ့အတွက် ကိုယ့်မှာရှိတဲ့ လက်နက်အင်အား၊ လူအင်အား၊ လေ့ကျင့်မှု၊ လှုပ်ရှားမှု စတဲ့ အတွင်းရေးတွေကို အစိုးရစစ်တပ်ကို အကုန် ဖွင့်ပြရတာနဲ့ အတူတူပဲ။ နောင် နိုင်ငံရေး ညှိနှိုင်းတာ အဆင် မပြေလို့ မလွှဲသာ မရှောင်သာ ပြန်တိုက်ရမယ် ဆိုရင်တောင် ကိုယ့်အကြောင်း အကုန်လုံး ရန်သူဖက်က သိပြီး ဖြစ်နေလို့ ဒုက္ခ တော်တော် ရောက်သွား နိုင်တယ်။ ဒါကြောင့် ကေအိုင်အေ၊ ဒီကေဘီအေ၊ မွန်ပြည်သစ်ပါတီ စတဲ့ အပစ်ရပ် အဖွဲ့တွေက နယ်ခြားစောင့်တပ် မလုပ်ပဲ ငြင်းဆန်ခဲ့ကြတာပဲ။

ဒါဆိုရင် ဘာဖြစ်လို့ အစိုးရက ဒီလို စီစဉ်ရသလဲ။ “ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးကို တဖက်လှည့်နည်းနဲ့ ဖြိုခွဲ ချေမှုန်းဖို့ ကြိုးစားတာပါ ” လို့ ဖြေချင်ကြပါလိမ့်မယ်။ ဒီအဖြေ မှားတယ်လို့ စာရေးသူ မပြောလိုဘူး၊ ဒါပေမယ့် ဒီအဖြေနဲ့ ရပ်သွားမယ် ဆိုရင်တော့ မြန်မာ့ တပ်မတော်ရဲ့ mindset ကို နားမလည်ရာ ရောက်ပါတယ်။

ဒီနေရာမှာ နည်းနည်း အကျယ်တ၀င့် ပြောဖို့ လိုလိမ့်မယ်။ နိုင်ငံတကာ တပ်မတော်တွေမှာ မရှိတဲ့ စည်းကမ်း တခု မြန်မာ့တပ်မတော်မှာ ရှိသတဲ့။ တစ်ပွင့်နဲ့ အထက် ပြန်တမ်းဝင် အရာရှိတွေဟာ တပ်တတပ် မှာ (၃) နှစ်ထက် ပိုမနေရ ဆိုတဲ့ စည်းကမ်းပဲ။ စည်းကမ်းအရ (၃) နှစ်ဆိုပေမယ့် လက်တွေ့မှာ တစ်နှစ်၊ နှစ်နှစ်နဲ့ ပြောင်းကြရတာက များတယ်။ စစ်သက် (၁၀)နှစ်လောက်ဆို မြန်မာပြည် နှံ့သွားပြီပေါ့။

ဒီစည်းကမ်းဟာ အကျိုးထက် အပြစ်က ပိုများပါတယ်။ တပ် ခဏခဏ ပြောင်းကြရတဲ့ အရာရှိတွေ ခမျာ ဘယ်နေရာမှာမှ နေသားကျအောင် မနေရတဲ့အတွက် နယ်မြေ ကျွမ်းကျင်မှုမရ၊ ကိုယ့်လက်အောက်က ရဲဘော်တွေအကြောင်း၊ နယ်မြေခံ လူထုနဲ့ ရန်သူအကြောင်းကို လေ့လာချိန် မရကြရှာဘူး။ အဲဒီလို နယ်မြေ ကျွမ်းကျင်မှု မရှိတဲ့၊ ကိုယ့်ရဲဘော်တွေ အကြောင်းရော ရန်သူအကြောင်းရော ကောင်းကောင်း နားမလည်တဲ့ အရာရှိ အမိန့်ကို နာခံရတဲ့ ရဲဘော်တွေဟာ မနာသင့်ဘဲနာ၊ မသေသင့်ဘဲသေ ဆိုတာမျိုး မကြာခဏ ကြုံကြရတယ်။

ဒီအကြောင်းကို ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းလာတဲ့ လက်ရှိ တပ်မတော် စစ်ခေါင်းဆောင်တွေ မသိဘဲ မနေပါဘူး။ ဒါဆိုရင် ဒီစည်းကမ်း ဘာလို့ တည်မြဲနေသလဲ။ သမိုင်းပေး သင်ခန်းစာကြောင့်လို့ ဆိုပါတယ်။ လွတ်လပ်ရေး ရခါစ ရောင်စုံသူပုန်တွေ ထကြွတဲ့ အချိန်တုံးက တပ်မတော်ထဲက တပ်ရင်း လိုက် တောခိုသွားတာ အတော်များများ ရှိခဲ့ပါတယ်။ အဲဒီလို တောခိုတဲ့ ကိစ္စတွေမှာလဲ များသောအားဖြင့် တကယ် တောခိုတာက တပ်ရင်းမှူး ဖြစ်ပြီး လက်အောက်ခံ ရဲဘော်တွေကတော့ ခေါင်းဆောင် အမိန့်နာခံရင်း သူပုန် ဖြစ်မှန်းမသိ ဖြစ်ကုန်ကြရတာပါတဲ့။ အဲဒီအဖြစ်ကို သင်ခန်းစာယူပြီးတော့ အရာရှိတွေ ကိုယ် တာဝန်ထမ်းဆောင်တဲ့ တပ်အတွင်းမှာ ပုဂ္ဂိုလ်ရေးအရ သြဇာအာဏာ ထူထောင်လို့ မရနိုင်အောင် ဒီစည်းကမ်းကို လုပ်ထားခဲ့တာလို့ ဆိုပါတယ်။

အဲဒီတော့ စဉ်းစားကြည့်ပါ။ ကိုယ့်တပ်ထဲက အရာရှိတွေကိုတောင် ခဏခဏ တပ်ပြောင်းခိုင်းတဲ့ စည်းကမ်းမျိုး ကျင့်သုံးတဲ့ တပ်မတော်ဟာ နယ်ခြား စောင့်တပ်တွေကို တိုက်ရိုက် အုပ်ချုပ်ခွင့်မရဘဲ ဘယ်လို လုပ်ပြီး ယုံကြည် စိတ်ချနိုင်မှာလဲ။ အဲဒီလို ယုံကြည် စိတ်ချနိုင်မှု မရှိတာကြောင့်ပဲ နယ်ခြား စောင့်တပ် အစီအစဉ် မအောင်မြင်ဘဲ ဖြစ်ခဲ့ရတာပါ။


(လွတ်လပ်ရေး ခေတ်ဦးမှာ တပ်ရင်းမှူး ခေါင်းဆောင်မှုနောက် လိုက်ရင်း စစ်သည်တွေ သူပုန်ဖြစ်မှန်းမသိ ဖြစ်ကုန်တာ အမှန် ဖြစ်ခဲ့ပေမယ့် ဒီဖြစ်ရပ်ကို ကြည့်ပြီး တပ်မတော် ခေါင်းဆောင်တွေ သင်ခန်းစာ ယူခဲ့ပုံကတော့ မှားယွင်းတယ်လို့ ယူဆပါတယ်။ တိုင်းပြည် တပြည်ရဲ့ စစ်တပ်ဆိုတာဟာ မိုးကျရွှေကိုယ် မဟုတ်ပါဘူး၊ ဒီတိုင်းပြည်ထဲက ပြည်သူ ပြည်သားတွေနဲ့ပဲ တည်ဆောက်ထားတာပါ။ ကြီးမားနက်ရှိုင်းတဲ့ နိုင်ငံရေး ပြဿနာတွေကြောင့် ပြည်သူလူထု အကြား ညှိမရအောင် ကွဲကြတဲ့ အခါ လူထဲကလူ၊ ပြည်သူထဲကပြည်သူသာ ဖြစ်တဲ့ စစ်တပ်ပါ လိုက်ကွဲရတာဟာ မဆန်းပါဘူး၊ စစ်ခေါင်းဆောင်တွေရဲ့ အပြစ်လဲ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ထပ် ဒီလို မကွဲရအောင် ဆိုပြီး စစ်တပ်နဲ့ မသင့်တော်တဲ့ စည်းကမ်း ဥပဒေမျိုးကို ထုတ်ပြန် ကျင့်သုံးတာကတော့ စစ်ခေါင်းဆောင်တွေရဲ့ အမှား လုံးလုံး ဖြစ်ပါတယ်။

ပုံစံ ယှဉ်ပြရရင် ဒီမိုကရေစီ ဘိုးအေကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံကိုပဲ ကြည့်ပါ။ (၁၉) ရာစုတုံးက ကျေးပိုင် ကျွန်ပိုင်စံနစ် ဆက်ထားသင့် မသင့်ကိစ္စနဲ့ ပတ်သက်လို့ ညှိမရအောင် သဘောထား ကွဲကြတဲ့အခါ တောင်ပိုင်း ပြည်နယ်တွေက အမေရိကန် ပြည်ထောင်စုက ခွဲထွက်ဖို့ ဆုံးဖြတ်ကြတဲ့အတွက် စစ်တပ်ပါ (၂) ခြမ်းကွဲပြီး ပြည်တွင်း စစ် အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ စစ်ကာလ (၄) နှစ်အတွင်းမှာ နှစ်ဖက်စစ်သား ခန့်မှန်းခြေ (၇) သိန်းခွဲလောက် ကျဆုံး ခဲ့ပါတယ် (တိုက်ပွဲမှာ ပွဲချင်းပြီး ကျဆုံးတာကိုက (၂) သိန်းကျော် ရှိတယ်၊ ကျန်တာက ဒဏ်ရာရလို့ တိုက်ပွဲ ပြီးမှ ကျဆုံးတာ၊ ဒဏ်ရာကနေ အဖျားအနာ ရောဂါဝင်ပြီး သေကြတာတွေ ဖြစ်ပါတယ်။ ဒါ အရပ်သားတွေ သေတာ မပါသေးဘူးနော်။ အဲဒီစစ်ပွဲမျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာပြည်က ပြည်တွင်းစစ် ဆိုတာ ကြက်တိုက်ပွဲ သာသာပဲ ရှိတယ်)။ အဲဒီလောက် ကြီးကျယ်တဲ့ စစ်ပွဲအပြီး နိုင်ငံကို ပြန် ထူထောင်ကြတဲ့အခါကျတော့ အဓိက ပြုပြင် ပြောင်းလဲမှုတွေ လုပ်ကြတာ နိုင်ငံရေး အပိုင်းမှာ ဖြစ်ပါတယ်၊ လူသိအများဆုံးကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်ချက် (၃) ခု ထည့်ခဲ့တာပါ။ စစ်တပ်ကွဲတဲ့ ကိစ္စမျိုး ထပ်မဖြစ်ရအောင် အရာရှိတွေကို ခဏခဏ တပ်ပြောင်း ခိုင်းတဲ့ စည်းကမ်းမျိုးတော့ မြန်မာပြည်မှာလို ဖြစ်မလာပါဘူး။ ဒါပေမယ့် နိုင်ငံ ညီညွတ်မှုကို နိုင်ငံရေးနည်းနဲ့ ထိန်းသိမ်း နိုင်တဲ့အတွက် ကမ္ဘာစစ် (၂)ခု တိုက်ပြီးတာတောင် အမေရိကန်စစ်တပ်ဟာ ညီညွတ်ဆဲပါပဲ။

ဒီနေရာမှာ “ ဒီလို စည်းကမ်းမျိုး အခြားတပ်မတော်တွေမှာ မရှိပေမယ့် ဒီလို ထိန်းချုပ်ထားတဲ့အတွက် (၁၉၈၈) အရေးအခင်း၊ (၂၀၀၇) သံဃာ့အရေးအခင်းမျိုး ကြုံခဲ့တာတောင် စစ်တပ်ဟာ ညီညွတ်မှု မပျက်ခဲ့ဘူး၊ ဒါကိုက ဒီစည်းကမ်းရဲ့ အကျိုးပဲ ” လို့ တပ်မတော် ခေါင်းဆောင်များက ချေပချင်ပါလိမ့်မယ်။ မှန်ပါတယ်၊ ဒါပေမယ့် စဉ်းစားကြည့်ပါဦး။ ကိုယ့်တပ်ထဲ ညီညွတ်နေရုံနဲ့ မပြီးပါဘူး။ တိုင်းပြည်သာ အေးချမ်း ညီညွတ်နေမယ်၊ နိုင်ငံရေး ပြဿနာ ကြီးကြီးမားမား မရှိဘူး ဆိုရင် အခု တိုင်းရင်းသား လက်နက်ကိုင်တွေဟာ လက်နက်မကိုင်ပဲ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် စားသောက်သူတွေ၊ ဒါမှမဟုတ် ၀ါသနာပါရင် ပြည်ထောင်စု တပ်မတော်ထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ စစ်သားကောင်းတွေ ဖြစ်နေမှာပဲ။ အဲဒီလို လူတွေက လက်နက်ကိုင်ပြီး တော်လှန်နေတယ်ဆိုတာကိုက တကယ်ရှိသင့်တဲ့၊ တကယ် ရှိရမယ့် ပြည်ထောင်စု တပ်မတော်ကြီး အစိတ်စိတ် အမွှာမွှာ ကွဲနေတဲ့ သဘော ပါပဲ။)

အဲဒါဆိုရင် ဘယ်လို လုပ်သင့်သလဲ။ တိုင်းရင်းသား အခွင့်အရေးတွေ အပြည့်အ၀ ရမှသာ တိုင်းရင်းသား အဖွဲ့တွေက လက်နက် စွန့်မှာ ဖြစ်တဲ့အတွက် အဲဒီ အခွင့်အရေးတွေ အပြည့်အ၀ ပေးနိုင်အောင် (၂၀၀၈) ဥပဒေကို ပြင်မှ ဖြစ်မယ်လို့ ယူဆသူ များပါတယ်။ ဒါပေမယ့် အခုထိ ဘယ်သူမှ မပြင်နိုင်ကြသေးဘူး။ အဲဒီတော့ ထိုင်စောင့်နေရမယ့် အတူတူ လက်ရှိ ဒီ ဥပဒေဘောင်ထဲမှာပဲ လုပ်လို့ ရတာကို လုပ်ကြရမှာပါ။ လုပ်လို့ ရတာတွေ ရှိပါတယ်။


လက်ရှိအချိန်မှာ လုပ်လို့ ရတဲ့ လုပ်ငန်းစဉ်များ

ပထမဆုံး လုပ်သင့်တာက တိုင်းရင်းသား တပ်ဖွဲ့တွေကို လက်ရှိ အနေအထားအတိုင်း နယ်ခြားစောင့် တပ်များအဖြစ် ကာကွယ်ရေးဦးစီးချုပ်က အသိအမှတ် ပြုပေးဖို့ ဖြစ်တယ်။ တိုင်းရင်းသားတွေဖက်က တံဆိပ်လောက်တော့ ပြောင်းပေးရမှာပေါ့။ လက်ရှိ တိုင်းရင်းသား တပ်ဖွဲ့တွေကို ဟောသလို ကမ်းလှမ်း သင့်ပါတယ်။

“ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ရှိမှသာ ဖထီးတို့ တပ်က တရားဝင်မှာ။ ဒါကြောင့် ဖထီး တို့ကို နယ်ခြားစောင့်တပ်အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်က အသိအမှတ်ပြုပေးမယ်။ တံဆိပ်တော့ ပြောင်းတပ်ပေးပါ။ ဒါပေမယ့် ကျွန်တော်တို့ဖက်က ဖထီးတို့ တပ်ထဲ လာရောက် စွက်ဖက်တာ မရှိစေရဘူး။ ဖထီးတို့ အရင်တုံးကလိုပဲ ကိုယ့်နေရာကိုယ်နေပြီး ပြည်သူကို စောင့်ရှောက်ပါ၊ စီးပွားရေး၊ ပညာရေး တိုးတက်အောင် လုပ်ပေးပါ။ နိုင်ငံတော်ကလဲ တတ်နိုင်သလောက် ပံ့ပိုးပေးမယ်။ တိုင်းရင်းသား အခွင့်အရေးကိစ္စ ကတော့ နိုင်ငံရေး ပြဿနာ ဖြစ်လို့ နိုင်ငံရေးသမားတွေ ဖြေရှင်းကြပါစေ။ နိုင်ငံရေးဖက်က ပြေလည်ရင် တပ်ကိစ္စက စီစဉ်ရတာ မခက်ပါဘူး။ နိုင်ငံရေး မပြေလည်လို့ ပြန်တိုက် ချင်တယ် ဆိုလဲ နယ်ခြားစောင့် တံဆိပ်ဖြုတ်ပြီး မူရင်း တံဆိပ် ပြန်တပ်တာ ငါးမိနစ် မကြာ ပါဘူး။”

တံဆိပ် ပြောင်းရုံနဲ့ ဘာထူးမှာလဲ မေးစရာ ရှိတယ်။ သိပ်ထူးတာပေါ့။ ကာကွယ်ရေး ဦးစီးချုပ်က နယ်ခြား စောင့်တပ်အဖြစ် အသိအမှတ် ပြုလိုက်တာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေရော (ဥပမာ KIA)၊ သူတို့နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေပါ (ဥပမာ  KIO) မတရားသင်း ပုဒ်မနဲ့ လွတ်ပြီး တရားဝင် အဖွဲ့အစည်းတွေ ဖြစ်သွားပြီ။ အဲဒီလို အခြေအနေ ရောက်တာနဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လုပ်ငန်းကို စလို့ရပြီ။ အဲဒီ လုပ်ငန်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဆိုပြီး (၃) ပိုင်း ပါသင့်ပါတယ်။


(၁) နိုင်ငံရေး။ ။ ပထမဆုံး လုပ်သင့်တာက ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေမှာ တပ်မတော်က ယူထား တဲ့ (၂၅) ရာခိုင်နှုန်း အမတ် နေရာထဲက အချို့အ၀က်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အတွက် ခွဲဝေပေးဖို့ ဖြစ်ပါတယ်။ ဘယ်နှစ်နေရာ ပေးမယ်ဆိုတာကတော့ အကြေအလည် ဆွေးနွေးပြီး တိုင်းရင်းသား နယ်ခြားစောင့် တပ်ဖွဲ့က အမည်စာရင်း တင်သွင်း၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရမှာပါ။ ဒီလို ခန့်အပ်လိုက်တဲ့ အတွက် ကိုယ့်ပြည်နယ်ကိစ္စ၊ ဒေသခံ ပြည်သူ့ကိစ္စတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပြောရေးဆိုခွင့်၊ မဲပေးခွင့် ရှိသွားသလို ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ဒူးတိုက် ဆွေးနွေးလို့ရ၊ အလုပ်အတူ လုပ်လို့ ရတဲ့ အခြေအနေကို ရောက်သွားမှာပါ။

နောက်ပြီး ပြည်သူ့ လွှတ်တော်ထဲမှာလဲ တပ်မတော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်း ရထားတဲ့ အထဲက တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ကို တစ်ဦးစီ၊ ဒါမှမဟုတ် နှစ်ဦးစီ ခန့်အပ်ပေးသင့်ပါတယ်။ သူတို့က လိုအပ်သလို ပြည်ထောင်စု အစိုးရနဲ့ ဆွေးနွေးနိုင်တယ်၊ အခြားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့လဲ ဆွေးနွေးနိုင်တယ်၊ မဲလဲ ပေးနိုင်တယ်။ အခုကချင်ဒေသ စစ်ပွဲကိစ္စမျိုးဆိုရင် ဒေါ်စု ကြားဝင်ပေးပါ လို့ အထူး ပြောစရာမလို၊ လွှတ်တော်ထဲ နေ့တိုင်း တွေ့နေရမှာကိုး။ (စာရေးသူ အထင် တကယ်လို့သာ ပြည်နယ် လွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေထဲမှာ KIA ကိုယ်စားလှယ်သာ နဂိုကတည်းက ပါခွင့် ရခဲ့မယ်ဆိုရင် ကချင်ဒေသမှာ ဒီလောက် အခြေအနေဆိုးခဲ့မှာ မဟုတ်ဘူး။)

တခု ရှိတာကတော့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တယ် ဆိုပေမယ့် သူတို့ အမြင်နဲ့သူတို့ လွတ်လွတ် လပ်လပ် ပြောဆိုဆွေးနွေး မဲပေးကြမှာ ဖြစ်တယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေ လိုတော့ ဦးစီးချုပ်အမိန့်အတိုင်း တသွေမတိမ်း လိုက်နာမှာ မဟုတ်ဘူး။ ဒါကိုတော့ ကာကွယ်ရေး ဦးစီးချုပ်က နားလည်ပေးနိုင်ရမှာပါ။

နောက်ပြီး တိုင်းရင်းသားတပ် ကိုယ်စားလှယ်တွေ ပြည်သူ့လွှတ်တော်ထဲ ရောက်သွားတာကို တပ်မတော် ဖက်က ဒေသခံ တပ်တွေက ကျေနပ်ပါ့မလားလို့ မေးစရာ ရှိတယ်။ ဒါကတော့ စဉ်းစား ကြည့်ပါ။ တကယ် ပြဿနာ ဖြစ်လာတဲ့ အချိန်မှာ ဒေသခံ တပ်တွေနဲ့ ပြီးလေ့မရှိပါဘူး။ ဟိုတပ်မ၊ ဒီတပ်မ စစ်ကူခေါ်ကြရတာပါပဲ။ အဲဒီတော့ အစကတည်းက ပြဿနာ မဖြစ်အောင် တားဆီးဖို့  ပြည်သူ့ လွှတ်တော်ထဲ သူတို့ ကိုယ်စားလှယ် ခေါ်ထားတာကို ကြည်ဖြူသင့်ပါတယ်။

နောက်ပြီး လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ အရပ်သားနိုင်ငံရေး အဖွဲ့အစည်းတွေ (ဥပမာ KIO, NMSP) ကိုလည်း နိုင်ငံရေးလုပ်ခွင့်၊ ရွေးကောက်ပွဲဝင်ခွင့် ပေးနိုင်ရမယ်။ (KIO က လာတဲ့ ဒေါက်တာ တူးဂျာကို အရင် အစိုးရက ရွေးကောက်ပွဲ ၀င်ခွင့် မပေးခဲ့တာဟာ ဥပဒေအရ မှန်ချင်မှန်မယ်၊ နိုင်ငံရေး ရှုထောင့်က ကြည့်ရင်တော့ အင်မတန် ကြီးမားတဲ့ အမှားလို့ စာရေးသူ မြင်ပါတယ်။) သူတို့ ဖက်ကလဲ ကိုယ့်တိုင်းရင်းသား အကျိုး အတွက် တကယ် လုပ်နေပါတယ်ဆိုရင် NLD၊ ပြည်ခိုင်ဖြိုး စတဲ့ ပါတီကြီးတွေနဲ့ ယှဉ်ပြီး ကိုယ့်ပြည်သူရဲ့ ဆန္ဒမဲ အဆုံးအဖြတ်ကို ခံယူရဲရပါမယ်။ ယူနီဖေါင်းဝတ် သေနတ်ကိုင်ထား လို့ ရွေးကောက်ပွဲ ၀င်လို့ မရတာတော့ ထားပေါ့။ အရပ်သား နိုင်ငံရေးအဖွဲ့အစည်း ဖြစ်ပါလျှက်နဲ့ ရွေးကောက်ပွဲ မ၀င်ရဲရင် သူတို့ပြောတဲ့ “ တိုင်းရင်းသား အကျိုးအတွက် လုပ်နေတာပါ ” ဆိုတဲ့ စကားဟာ သံသယ ရှိစရာ ဖြစ်သွားပြီ။


(၂) စီးပွားရေး။ ။ ၀န်ကြီး ဦးအောင်မင်းက KNU ဥက္ကဋ္ဌကို “အကောက် မကောက်ပါနဲ့၊ စီးပွားရေးလုပ်ပါ” လို့ ပြောသတဲ့။ ဒီစကားကို  စာရေးသူ အပြည့်အ၀ ထောက်ခံပါတယ်။ အစိုးရတပ်ကပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသား တပ်ကပဲ  ဖြစ်ဖြစ် ယူနီဖေါင်းဝတ်၊ သေနတ်ကိုင်ပြီး ပိုက်ဆံ တောင်းတဲ့သူကို ပြည်သူတွေ သိပ် အထင်သေးတယ်။  စစ်သားတယောက်ရဲ့ လက်ဟာ စစ်ဖြစ်ချိန်မှာ သေနတ်ကိုင်ရတာ မှန်ပေမယ့် ငြိမ်းချမ်းချိန်မှာ ပြည်သူကို ကူညီတဲ့လက်၊ ပေးကမ်းတဲ့ လက်သာ ဖြစ်သင့်တယ်၊ တောင်းတဲ့လက် မဖြစ်သင့်ဘူး။ နောက်ပြီး ဆက်ကြေး ကောက်တယ် ဆိုတာ ကိုယ့်နယ်မြေထဲ နေထိုင်သူတွေ၊ ဖြတ်သန်း သွားသူတွေ၊ စီးပွားရေး လုပ်သူတွေဆီက ကောက်တာ ဖြစ်လို့ နယ်မြေ ကျယ်လေလေ အချက်အခြာ ကုန်သွယ်ရေး လမ်းကြောင်းတွေကို အုပ်စီး ထားနိုင်လေလေ အကောက် များများ ရလေ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကို ခွင့်ပြုထားရင် အစိုးရတပ်နဲ့ တိုင်းရင်းသား တပ် အကြား၊ ဒါမှမဟုတ် တိုင်းရင်းသား တပ် အချင်းချင်း နယ်လု စစ်ပွဲတွေ ဖြစ်အောင် တွန်းပို့သလို ဖြစ်နေတယ်။ ဒါကြောင့် ၀ါးလုံးတားပြီး အကောက် ကောက်တဲ့ အလုပ်မျိုး၊ ကုမ္ပဏီဝင်ပြီး ဆက်ကြေး တောင်းတဲ့ အလုပ်မျိုးကို အစိုးရတပ်ရော၊ တိုင်းရင်းသား တပ်တွေပါ မလုပ် သင့်တော့ပါဘူး။ 

ဒါဆိုရင်  စီးပွားရေးရော လုပ်သင့်လို့လားလို့ မေးစရာ ရှိတယ်။ ဟုတ်ပါတယ်၊ စီးပွားရေး လုပ်တာလဲ စစ်သားအလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုင်ရာ  တပ်ဖွဲ့ဝင်တွေ သာမက သူတို့ မိသားစုတွေရဲ့ စားဝတ်နေရေးက ရှိသေးတာကိုး။  အစိုးရတပ် ကိုယ်တိုင်က ဦးပိုင်ကုမ္ပဏီ ထောင်ပြီး စီးပွားရှာနေတဲ့ အချိန်မှာ  တိုင်းရင်းသား တပ်တွေ စီးပွားရေး လုပ်တာကို တားမြစ်လို့ ဘယ်တရားမှာလဲ။ လုပ်ခွင့်ပေးရမှာပဲ။ 

ဒါပေမယ့်  စီးပွားရှာတယ် ဆိုတာလဲ အပြိုင်အဆိုင် လုပ်ရတာမျိုးဆိုတော့ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်၊ ဒါမှမဟုတ် တိုင်းရင်းသားတပ် အချင်းချင်း စီးပွားရေး စားကွက် လုတာ၊ ခွက်စောင်း ခုတ်တာတွေ ရှိလာနိုင် တာပဲ။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ကို ပြည်နယ် လွှတ်တော်၊ ပြည်သူ့ လွှတ်တော်တို့ထဲမှာ တိုင်းရင်းသားတပ်က ကိုယ်စားလှယ်တွေ ထည့်ထားသင့်တယ်လို့ ပြောခဲ့တာပါ။


(၃) စစ်ရေး။ ။ ငြိမ်းချမ်းရေး ယူလိုက်ပြီ ဆိုတာနဲ့ စပြီး ဆွေးနွေးကြမှာကတော့ နယ်မြေကိစ္စပါ။ စစ်သား ဆိုတာမျိုးကလဲ မြေတလက်မကို အသက်တချောင်း ဆိုသလို ရင်းပြီး တိုက်ယူထားရတဲ့ ကိုယ့်ပိုင်နက် နယ်မြေကို အလွန်တန်ဖိုးထားတာ ဖြစ်လို့ နယ်မြေကိစ္စ ဆိုတာ ဆတ်ဆတ်ထိ မခံ၊ အတိမ်းအစောင်း မခံတဲ့ ကိစ္စမျိုးပါ။ တဖက်က ကြည့်ပြန်တော့ နှစ်ဖက်တပ်တွေ သိပ်နီးကပ်နေရင် အထင်လွဲမှားပြီး ပစ်ခတ်တဲ့ ကိစ္စက မကြာခဏ ဖြစ်နေမှာမို့ သူလဲဆုတ်၊ ကိုယ်လဲဆုတ် အပေးအယူ လုပ်ကြရမှာပါ။ ဒါပေမယ့် နယ်မြေ ကိစ္စဟာ ငြိမ်းချမ်းရေး လုပ်ခါစလောက်သာ အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး ယူပြီးသား တပ်ချင်း နောင်အခါ ပြန်တိုက်ကြတယ်ဆိုတာ များသောအားဖြင့် နိုင်ငံရေး၊ စီးပွားရေး အကြောင်းတွေကြောင့် ဖြစ်ပါတယ်၊ နယ်မြေကိစ္စ သက်သက်ကြောင့်တော့ ဖြစ်ခဲပါတယ်။ နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေကို အဆင်ပြေအောင် လုပ်ထားနိုင်ရင် ငြိမ်းချမ်းရေး ပျက်ဖို့ ခဲယဉ်းပါတယ်။

တခု စဉ်းစားရမှာက လူသစ် စုဆောင်းတဲ့ ကိစ္စပါ။ လူငယ်တွေ ကိုယ့်သဘောနဲ့ ကိုယ် စစ်ထဲ ၀င်တာကို ဘာမှ ပြောစရာ မရှိပေမယ့် အတင်း အဓမ္မ ချောဆွဲပြီး စစ်မှုထမ်းခိုင်းတဲ့ ကိစ္စကိုတော့ နှစ်ဖက် လုံးက မလုပ်သင့်ပါဘူး။ ဒါက ကိုယ့်ပြည်သူကို စိတ်ဆင်းရဲအောင် လုပ်ရာ ရောက်တဲ့အပြင် တပ်အတွက်လည်း မကောင်းပါဘူး။ အမေရိကန် နိုင်ငံဆိုရင် စစ်မှုမထမ်းမနေရ ဥပဒေရှိပေမယ့် ဗီယက်နမ်စစ်ပွဲ ရှုံးတဲ့ အချိန်က စပြီး အဲဒီဥပဒေကို လက်တွေ့ မကျင့်သုံးတော့လို့ အခုလက်ရှိ အမေရိကန် စစ်တပ်ဟာ ကိုယ့်သဘောနဲ့ကိုယ် စစ်ထဲဝင်လာသူ volunteer တွေနဲ့သာ ဖွဲ့စည်းထားတဲ့တပ် ဖြစ်နေပါပြီ။ ဘာဖြစ်လို့ အဲဒီလို လုပ်ရသလဲ။ ဥပဒေနဲ့ အတင်း ချောဆွဲပြီး စစ်ထဲ ရောက်လာသူတွေဟာ အများအားဖြင့် စစ်မြေပြင်မှာ သုံးစားလို့ မရတာကို ဗီယက်နမ် စစ်ပွဲမှာ ကိုယ်တွေ့ သိလိုက်ရလို့ ဖြစ်ပါသတဲ့။ မြန်မာပြည် (တပ်မတော်/ တိုင်းရင်းသား) စစ်ခေါင်းဆောင်တွေကတော့ ဘယ်လို ယူဆမလဲ မပြောတတ်ပါ။



ဒါပေမယ့် တပ်မတော်က လက်ခံနိုင်ပါ့မလား

အထက်မှာ ပြောခဲ့တဲ့ လုပ်ငန်းစဉ်တွေကို လက်ရှိ တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ ရုတ်တရက်တော့ လက်ခံနိုင်ဖို့ မလွယ်ဘူး။ ဘာလို့လဲ ဆိုတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေနေချိန်မှာ ပြဿနာ မရှိလှပေမယ့် အခု KIA နဲ့ ဖြစ်ခဲ့သလို တိုင်းရင်းသား တစ်ဖွဲ့ဖွဲ့နဲ့ စစ်ရေးတင်းမာလာတဲ့ အချိန်မျိုးမှာ အဲဒီအဖွဲ့ ကိုယ်စားလှယ်တွေ ပြည်နယ် လွှတ်တော်ထဲ၊ ပြည်သူ့ လွှတ်တော်ထဲ ရှိနေရင် တပ်မတော်ဟာ စစ်ရေးအရရော၊ နိုင်ငံရေးအရပါ နှစ်ဖက်ညှပ် အတိုက်ခံရတဲ့ အခြေအနေ ရောက်သွားနိုင်လို့ပဲ။ စစ်မျက်နှာ (၂) ဖက်ဖွင့်ပြီး တိုက်ရတာကို ဘယ် စစ်ခေါင်းဆောင်မှ မကြိုက်ဘူး။

ဒါပေမယ့် စဉ်းစားကြည့်ပါဦး။ စစ်အုပ်ချုပ်ရေး ကနေ (၂၀၀၈) ဥပဒေနဲ့ အရပ်သား အုပ်ချုပ်ရေးကို ပြောင်းလိုက်တာနဲ့ နိုင်ငံရေး စစ်မျက်နှာဟာ ပွင့်သွား ခဲ့ပါပြီ။ ပြည်နယ်အဆင့် ဖြစ်ဖြစ်၊ ဗဟိုအဆင့် ဖြစ်ဖြစ် လွှတ်တော်ဆိုတာ အယူဝါဒ ကွဲပြားဆန့်ကျင်တဲ့သူတွေ လွန်ဆွဲ အားပြိုင်နေတဲ့ နိုင်ငံရေး စစ်မြေပြင် ပါပဲ။ အစိုးရနဲ့ လွှတ်တော် သဘောထား ကွဲတာတွေ၊ လွှတ်တော်ထဲမှာ အာဏာရပါတီနဲ့ အတိုက်အခံ ပါတီ သဘောထား ကွဲတာတွေ၊ အာဏာရ ပါတီတခုထဲမှာကို (ဦးဆန်းဆင့်နဲ့ ဦးဌေးဦးတို့လို) သဘောထား ကွဲကြတာတွေ လူသိရှင်ကြား တွေ့ခဲ့ရပြီး ဖြစ်ပါတယ် (လူမသိတဲ့ အကွဲအပြဲတွေလဲ ဘယ်လောက်တောင် ဖြစ်ခဲ့လဲ မသိဘူး)။ တပ်မတော် အနေနဲ့ နိုင်ငံရေး စစ်မျက်နှာ မဖွင့်ချင်လို့ အစကတည်းက လွှတ်တော်ထဲ မပါဘဲ နိုင်ငံရေးသမားတွေနဲ့ လွှဲထားတယ် ဆိုရင်တော့ တမျိုးပေါ့။ အခုကျတော့ လွှတ်တော်ထဲ ကိုယ်စားလှယ် နေရာ (၂၅) ရာနှုန်း ယူထားတယ် ဆိုတဲ့အတွက် နိုင်ငံရေး စစ်မြေပြင်မှာ အသင့်နေရာ ယူထားတဲ့ သဘောပဲ။ စစ်မြေပြင်မှာ နေမှတော့ စစ်လဲ တိုက်နိုင်ရမှာပေါ့။ ဒါ လွှတ်တော်ထဲ ရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်ရမှာပဲ။

အခု KIA နဲ့ ဖြစ်ခဲ့တဲ့ ပြဿနာမျိုးဆိုပါတော့။ သွေးမြေမကျခင် ပြဿနာ ပြေလည်အောင်၊ တိုက်ပွဲတွေ ဖြစ်နေပြီ ဆိုရင်တောင် ငြိမ်းချမ်းရေးကို အမြန် ပြန်လည် တည်ဆောက်နိုင်အောင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားတပ်ဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အပြိုင် အခြား လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေကို စည်းရုံးဖို့ ကြိုးစားရမှာပေါ့။ ဒါမှလဲ စစ်မြေပြင်မှာ အသက်သွေးချွေးတွေ ပေးဆပ်ရမယ့်၊ ပေးဆပ်နေဆဲဖြစ်တဲ့ ကိုယ့် ရဲဘော်ရဲဘက် အရာရှိ စစ်သည်တွေ အပေါ် ကူညီ စောင့်ရှောက်ရာ ရောက်မှာပါ။

စည်းရုံးရတာတော့ ဟုတ်ပါပြီ၊ ဘာလို့ “အပြိုင်” စည်းရုံးရမှာလဲလို့ မေးစရာ ရှိပါတယ်။ လူ့သဘာဝကိုက တဖက်သတ်စကားဆို နားဝင်လေ့မရှိလို့ပါ။ အနီးဆုံး ဥပမာ ပေးရရင် စစ်အစိုးရ လက်ထက်တုံးက ပြည်တွင်း အတိုက်အခံတွေကို ပါးစပ် ပိတ်ထားပြီး အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင် သံကြားတွေထဲကနေ နှစ်ပေါင်း များစွာ ပြည်သူကို စည်းရုံးလိုက်တာ ဘာများ အောင်မြင်ခဲ့သလဲ။ လူတွေဟာ ဘီဘီစီ၊ ဗွီအိုအေလို ပြည်ပအသံလွှင့် ဌာနတွေက သတင်းတွေကိုမှ ယုံကြည်ပြီး အစိုးရက မှန်တာ တရားဝင် ပြောရင်တောင် မယုံကြည် ကြတော့တဲ့ အထိ ဖြစ်ကုန်တယ်။ အဲဒါ တဖက်သတ် စည်းရုံးရေး လုပ်ခဲ့လို့ ဖြစ်ခဲ့တဲ့ ဆိုးကျိုးတွေ။

အမှန်က ကိုယ့်စကားကို သူများ နားဝင်စေချင်ရင် ကိုယ်နဲ့ အယူဝါဒမတူ ဆန့်ကျင်သူတွေကိုလဲ ပြောခွင့် ပေးရပါတယ်။ အခု နာမယ်ကြီးနေတဲ့ ဒေါက်တာဆိတ်ဖွား ကိစ္စ ကြည့်ပေါ့။ သူရေးတာ ဖတ်တဲ့လူ မရှိဘူး ဆိုရင် လွှတ်တော်က ဘယ် ဂရုစိုက်နေပါ့မလဲ။ သူ့

လက်ပံတောင်း စီမံကိန်းဟာ လူထု ဆန့်ကျင်ရေး လုပ်ရပ် ဖြစ်တယ်။

လက်ပံတောင်း စီမံကိန်းဟာ လူထု ဆန့်ကျင်ရေး လုပ်ရပ် ဖြစ်တယ်။ မြေရှင် စစ်ပဒေသရာဇ်တွေက လယ်သမားတွေ အပေါ် ထားတဲ့ သဘောထားအတိုင်း ကြံ့ဖွတ် စစ်အာဏာရှင်တွေက ကျင့်သုံးပြတာ ဖြစ်တယ်။ ဒီ စီမံကိန်းဟာ စစ်ပဒေသရာဇ် မြေရှင်တွေက လယ်သမားတွေရဲ့ ဘဝ ရှင်သန်ရေးကို လုံးဝ မျက်ကွယ်ပြုပြီး မြေရှင်က မြေကျွန်ကို ဆက်ဆံသလို ဆက်ဆံကျင့်သုံးတာ ဖြစ်တယ်။ ၀မ်ပေါင်ကုမ္ပဏီ အနေနဲ့ အမြတ်ရရေး သက်သက်နဲ့ ဒီ စီမံကိန်းကို လုပ်တာ မှန်ပေမယ့် အဓိက က စီးပွါးရေး ပိတ်ဆို့မှုကို ရင်ဆိုင်ပြီး စစ်အာဏာရှင်တွေက သူတို့ အာဏာ တည်မြဲရေး တခုထည်း အတွက် နိုင်ငံရဲ့ အဖိုးတန် အမွေအနှစ်တွေ၊ သယံဇာတတွေကို ဈေးပေါပေါနဲ့ ရောင်းစားခဲ့တာ ဖြစ်တယ်။ လူထုအစိုးရ၊ လူထု သဘောထားအတိုင်း လုပ်ခဲ့တဲ့အလုပ် မဟုတ်လို့ လူထုက တာဝန်ယူစရာ မလိုဘူး။
လက်ပံတောင်း အရေးဟာ တောင်သူလယ်သမား အရေး ဖြစ်တယ်။ နေ၀င်းက အစပြုခဲ့တဲ့ စစ်ပဒေသရာဇ် အာဏာရှင်တွေက အစိုးရ အယောင်ဆောင်၊ နိုင်ငံတော် အယောင်ဆောင်ပြီး မြေရှင်အဖြစ် တောင်သူ လယ်သမားပိုင် လယ်ယာမြေတွေ၊ ပုဂ္ဂလိကပိုင် မြေတွေကို သူတို့ ထင်သလို၊ သူတို့ စိတ်တိုင်းကျ သိမ်းပိုက် ခွဲဝေရောင်းစား၊ အပိုင်စီးခဲ့တာတွေဟာ မြေယာစုံစမ်းရေး ကော်မီရှင်က လူသိရှင်ကြား တင်တဲ့ သတင်း အချက်အလက်တွေမှာ တွေ့နိုင်တယ်။ စစ်တပ် တခုထည်းက သိမ်းတဲ့ မြေဟာ ဧက ၂ သိန်းခွဲကျော် ရှိတယ်။ လယ်ယာမြေပေါ် အခြေခံပြီး အသက်မွေးရတဲ့ တောင်သူ လယ်သမားနိုင်ငံ ဗမာပြည်သူတွေဟာ ဒီ စစ်အာဏာကြောင့် မွဲတေ စုတ်ပြတ် ဆင်းရဲနေတာကို အခုလို မရေမရာ ပွင့်လင်းနေတဲ့ အချိန်မှာတောင် ဒီလောက် ဖြစ်နေရင် တကယ့် ပွင့်လင်းတဲ့ ကာလမှာ ပိုမို တွေ့ရှိရဦးမှာပါ။ တိုင်းပြည် ဆင်းရဲတယ် ဆိုတာ လယ်သမားတွေ ဆင်းရဲလို့ပါ၊ လယ်သမားတွေ ဆင်းရဲရတာက၊ လယ်ယာမြေ မပိုင်တာ၊ စိုက်ကြိုက်သီးနှံ မစိုက်ရတာ၊ လွတ်လွတ်လပ်လပ် မရောင်းရတာတွေကြောင့်ပဲ။ လယ်သမားတွေ မြေယာ မပိုင်ဆိုင်လို့ပဲ။ မလွတ်လပ်လို့ပဲ။ လက်ပံတောင်း အရေးဟာ အဖိနှိပ်ခံ မြန်မာပြည်တ၀ှမ်းက လယ်သမားထုကြီးနဲ့ ဖိနှိပ်သူ ကြံ့ဖွတ် စစ်ပဒေသရာဇ် မြေရှင် ဗိုလ်ချုပ်တွေနဲ့ သူ့လက်ပါစေ နောက်တော်ပါတွေရဲ့ ပဋိပက္ခ ဖြစ်တယ်။ မြန်မာပြည်မှာ ၆၂ ခုကစ ဖြစ်တည်လာတဲ့ ပဋိပက္ခပါ။ အဓိက ပဋိပက္ခလည်း ဖြစ်တယ်။
ဒီတိုက်ပွဲမှာ ပြည်သူ့ဘက်က ရပ်မလား၊ စစ်ပဒေသရာဇ် အာဏာရှင်တွေဘက် ရပ်လားဆိုတာကို ကျွန်တော်တို့ တိုင်းပြည်က နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တွေ၊ ပညာတတ်တွေ လူလတ်တန်းစားတွေ အရပ်သား ဓနရှင်တွေက ဆုံးဖြတ်ရပါတော့မယ်။ တောင်သူ လယ်သမားတွေက “ လယ်လုပ်သူ လယ်ပိုင်ရေး” ရဲ့ သရုပ် ဖြစ်တဲ့ “လက်ပံတောင်းတောင် စီမံကိန်းရပ်ရေး” အတွက် တိုက်ပွဲ ၀င်ကြမှာပဲ။ မြန်မာပြည် အနှံ့မှာလည်း လယ်သမားတွေဟာ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ တိုက်ပွဲ ၀င်နေကြတာပဲ။ နောက်ဆုံး ဖြစ်ရပ်ကတော့ မအူပင် ဖြစ်ရပ်ပေါ့၊ လက်ပံတောင်း စီမံကိန်း ဆန့်ကျင်ရေးတိုက်ပွဲဟာ ပြည်သူဘက်နဲ့ ဖေါက်ပြန်သူဘက် လမ်းခွဲလည်း ဖြစ်တယ်။
လက်ပံတောင်း စီမံကိန်းဟာ မြန်မာပြည်သူတွေ အပေါ် ကိုယ့်အမျိုးသား စစ်အာဏာရှင်က ဘယ်မျှအထိ မထီလေးစား လျှို့ဝှက် ကောက်ကျစ်စွာနဲ့ အမြတ်ထုတ် သွေးစုတ်နေသလဲ ဆိုတာ ပေါ်လွင်ယုံသာမက နိုင်ငံတကာ အလည်မှာပါ တရုတ် သြဇာညောင်းပုံ ထင်ရှားသွားတယ်။ မြန်မာ စစ်အာဏာရှင်တွေဟာ တရုတ် အိတ်ထောင်ထဲမှာ ရှိနေတာကိုလည်း ပိုမို သိမြင်သွားကြတယ်။ နိုင်ငံသိက္ခာ လူမျိုးသိက္ခာ ထိခိုက်ခဲ့ရုံ သာမက မီးလောင်ဗုံးကိစ္စက သံဃာနဲ့ ပြည်သူတွေ အပေါ် ရက်စက်စွာ ဖိနှိပ် အုပ်စိုးနေတာလည်း ပေါ်လွင်ခဲ့လေတော့ ကိုလိုနီ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေး၊ ဒီမိုကရေစီး တိုက်ပွဲတွေမှာ ဦးလည်မသုန် ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူတွေဟာ ဒီ “လက်ပံတောင်း စီမံကိန်း” လောက် နဲ့ နောက်ဆုတ်ရရင်တော့ ပြည်သူတွေက ရာဇ၀င်ရိုင်း ခံမှာ မဟုတ်တာ သေချာပါတယ်။
သဘာဝ ပတ်ဝန်းကျင်တို့၊ ယဉ်ကျေးမှုတို့ ၊ လူမှုဘ၀ တို့ထက် နိုင်ငံသိက္ခာ၊ လူမျိုးသိက္ခာ၊ လူထုသိက္ခာတွေက သမိုင်းမှာ ပြောစမှတ် တွင်ရစ်စရာ ရှိနေတော့မယ်။ လက်ပံတောင်း စီမံကိန်းကို ဆက်လက် လုပ်ဆောင် လက်ပံတောင်း မြေတူးသံဟာ လူထုရဲ့ နာကျည်းသံ ဖြစ်နေတော့မယ်။ ဒီစီမံကိန်းဟာ အမျိုးသား အမာရွတ်ကြီး အဖြစ် တင်ကျန်နေလိမ့်မယ်။ လုပ်ဆောင်သူတွေ၊ ထောက်ခံ အားပေးသူတွေဟာ သူတို့ဘာသာ အကြောင်း ပြချက်တွေ ရှိနေပေမယ့် ပြည်သူတွေရဲ့ နာကျင်တဲ့ ခံစားချက်၊ မကျေနပ်နပ်ချက်တွေက သူတို့ကို မျိုးဆက်နဲ့ချီ အရိပ်လို တစ္ဆေခြောက် ခံနေရမှာပါ။
၂၁ ရာစု ကမ္ဘာပတ် လက်ဝါးကြီးအုပ် အရင်ရှင်ခေတ်မှာ မြေယာကို ထိန်းချုပ်၊ မြေကျွန် လူတန်းစားတွေ ဖန်တီး သွေးစုတ်တဲ့ ပဒေသရာဇ် စံနစ်ဟာ အင်မတန် ခေတ်နောက်ကျပြီး စက်ဆုတ် ရွံရှာစရာ ကောင်းပါတယ်။ တိုးတက်မှုကိုလည်း များစွာ အဟန့်အတား ဖြစ်စေပါတယ်။ မြန်မာပြည်က လယ်သမားတွေ လယ်ကို စက်နဲ့ မထွန်နိုင်ပဲ ကျွဲနွားတွေနဲ့ ထွန်နေတာဟာ ရာစုနှစ်ဝက် လုံးလုံး စစ်အာဏာရှင် မြေရှင် ပဒေသရာဇ်တွေရဲ့ ဖိနှိပ်မှုကြောင့်ပဲ။ ဒီနေ့ လယ်သမားတွေ နိုင်ငံအနှံ့ အုံကြွ ဆန္ဒပြ တောင်းဆိုနေတာရဲ့ အနှစ်သာရလည်း “လက်ပံတောင်း” အရေးမှာ ဆက်စပ် ထင်ဟပ်နေတယ်။ ဒီတော့ လယ်သမားအရေး ၊ အမျိုးသားရေး အတွက် “ လက်ပံတောင်း ကာကွယ်ရေး တိုက်ပွဲ” ကို တနိုင်ငံလုံးရှိ လယ်သမားများက၊ တိုးတက်သော လူထု လူတန်းစားများက တခဲနက် ပါဝင် ဆင်နွဲ သင့်ပါတယ်။
ဆရာစံစိတ်ဓါတ် မြှင့်တင်ကြ။
လယ်လုပ်သူလယ်ပိုင်ရမည်။
လက်ပံတောင်းစီမံကိန်း ချက်ချင်းရပ်။

ရီးဒင်းနည်းပြ ရာထူးကို စိတ်ဝင်စားနေသော ပိုယက်

ဘရိုက်တန် အသင်းကို တာဝန်ယူနေသော နည်းပြ ဂတ်စ်ပိုယက်မှာ ရီးဒင်း နည်းပြနေရာကို စိတ်ဝင်စားလျက် ရှိနေသည်။ ဘရိုက်တန် အသင်းမှာ ချန်ပီယံရှစ်တွင် တန်းတက်ခွင့် Play-off နေရာအတွက် ကြိုးစားနေသော အသင်းဖြစ်ပြီး ရီးဒင်းမှာ နည်းပြ မက်ဒါမော့ကို ထုတ်ပယ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် ဆက်လက် တင်ကျန်ရေးအတွက် နည်းပြသစ်ကို အပူတပြင်း ရှာဖွေလျက် ရှိသည်။
 ဥရုဂွေးသား ပိုယက်မှာ ရီးဒင်းသို့ ရောက်ရှိရန် အတော်နီးစပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း တိကျရေရာသော ဆွေးနွေးမှုများ အကြောင်း မသိရသေးပေ။ ရီးဒင်းနည်းပြ နေရာအတွက် ထင်ကြေးပေးခံထားရသော အခြားနည်းပြများမှာ ဆွင်ဒန်တောင်း အသင်းမှ ထွက်ခဲ့သည့် ဒီကာနီယို၊ ဆောက်သင်တန်မှ အထုတ် ခံခဲ့ရသော နည်းပြ အက်ဒကင်၊ ချဲလ်ဆီးနည်းပြဟောင်း ဒီမက်တီယို စသူတို့ ဖြစ်သည်။ ရီးဒင်း အသင်းမှာ ယခုလာမည့် စနေနေ့တွင် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အိုးလ်ထရက်ဖို့ဒ်၌ မန်ယူနှင့် ဆုံတွေ့ရမည် ဖြစ်သည်။

မြင့်နိုင်အား ခေါ်ယူခဲ့သည့် ရခိုင်ယူနိုက်တက်

ရခိုင်ယူနိုက်တက်အသင်းသည် ရာသီအစပိုင်းတွင် အသင်းရလဒ်များဆိုးရွားနေမှု ကို ပြင်ဆင်သည့် အနေဖြင့် မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရင့် ဟံသာဝတီယူနိုက်တက်အသင်း ကွင်းလယ်လူ မြင့်နိုင်အောင် ခေါ်ယူလိုက်ကြောင်း သိရသည်။
ရခိုင်ယူနိုက်တက် အသင်းသည် 2014 AFC Challenge Cup ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲများကြောင့် လိဂ်ပြိုင်ပွဲအား ခေတ္တ ရပ်နားစဉ် အချိန်တွင် အသင်းအား ပြန်လည်ပြင်ဆင်လျက်ရှိပြီး ထို့အပြင် နိုင်ငံခြားကစားသမားများအား ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ ရခိုင်ယူနိုက်တက်အသင်း တာဝန်ရှိသူတစ်ဦးက // မြင့်နိုင်က ဟံသာဝတီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်သွားပါပြီ။ ဒါကြောင့် မြင့်နိုင်လို အတွေ့အကြုံရှိကစားသမားကို ခေါ်ခဲ့တာပါ။ မြင့်နိုင်အပြင် အခြားအတွေ့အကြုံရှိ ပြည်တွင်းကစားသမားတွေ ခေါ်ယူဖို့ စုံစမ်းနေပါတယ်// ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ရခိုင်ယူနိုက်တက်အသင်းသည် မကွေးအသင်းတိုက်စစ်မှူးဟောင်း အဘိုလာဂျီအား ခေါ်ယူရန် ခြေစွမ်း စမ်းသပ်လျက်ရှိကြောင်း သိရသည်။ မကွေးကစားသမားဟောင်း အဘိုလာဂျီအား ရခိုင်ယူနိုက် တက်အသင်းအပြင် ဟံသာဝတီ ယူနိုက်တက်အသင်းမှလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ဘဝင်မကျ ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေး ပြောကြား

“ခြုံငုံသုံးသပ်ပြောရရင် ဒီအစီရင်ခံစာမှာ ဘာပြောထားလဲ ဆိုတော့ ဘေးထွက်ဆိုးကျိုးတွေ နည်းနိုင်သမျှ နည်းအောင် ပြုပြင်ပြီးတဲ့အခါမှာ ဒီစီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်တယ်ဆိုပြီး အကြံပေးထားတာလည်း တွေ့တယ်။ နောက် စီးပွားရေးနဲ့ပတ်သက်ပြီး မြန်မာ့စီးပွားရေးဦးပိုင်လိမီတက
်က ၅၁ ရာခိုင်နှုန်း၊ ၀မ်ပေါင်က ၄၉ ရာခိုင်နှုန်း၊ နိုင်ငံတော်ကရရှိမယ့် အခွန်အခတွေက ၁၆ ရာခိုင်နှုန်းဆိုပြီး ဖော်ပြထားတာ သွားတွေ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံတော်စီမံကိန်းဆိုပေမယ့် နိုင်ငံတော်ရဲ့အကျိုးခံစားခွင့် အလွန်နည်းနေတာ သွားတွေ့တယ်။ အဲတော့ ဘာပဲဖြစ်ဖြစ် ရွသားတွေ သိမ်းဆည်းခံထားရတဲ့ မြေတွေနဲ့ပတ်သက်ပြီး ကာလပေါက်ဈေးအတိုင်းရှင်းပေးဖို့ ဆိုပြီး အကြံပြုတင်ပြ ထားတာ တွေ့တယ်။ အဲတော့ စစ်စစ်မှန်မှန် အကောင်အထည်ဖော်ဆောင်ရွက်ပေးမယ်ဆိုရင်တော့ ဒီအစီရင်ခံစာရဲ့ အကျိုးသက်ရောက်မှုက အလွန်ကောင်းတယ်လို့ မြင်ပါတယ်။ နိုင်ငံတကာရဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအပေါ်မှာလည်း ကျနော်တို့နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ဖို့အတွက် လေးစားမှု ရှိရမယ်ဆိုတဲ့ အချက်ကိုလည်း လက်ခံပါတယ်။”

“ဘ၀င်မကျတာတခုကတော့ နဂိုက ရွာသားတွေ ဒေသခံ ကျေးလက်နေပြည်သူတွေက သဘောတူညီမှုရှိခဲ့ပြီးမှ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဝင်လာပြီး ဒီလိုပုံစံမျိုးဖြစ်လာတယ် လို့ ကောက်ချက် ဆွဲထားတာကိုတော့ ကျနော် သဘောမတူပါဘူး။ ဘာလို့လဲဆိုတော့ မသိနားမလည် တဲ့ ကျေးလက်နေပြည်သူတွေ ကို လူလည်ကျတဲ့ အဖွဲ့အစည်းတွေအတွက် အရပ်ဘက်လူ့ အဖွဲ့အစည်းတွေက ၀င်ပြီး ထောက်ပြတောင်းဆိုလို့ ဒီအခြေအနေတရပ် ဖြစ်ပေါ်လာတယ်လို့ ကျနော်မြင်တယ်။ ဒါကျနော့်ရဲ့ ယေဘုယျ သုံးသပ်ချက်အမြင်ပါ။”
www.MyanmarExpress.net

ခွင့်ပြုချက်မတောင်းပဲ ဆန္ဒမပြကြရန် ဒေါ်စုပြောပြီး နာရီပိုင်းအကြာတွင် ဒေါ်နော်အုံးလှတို့အဖွဲ့ ခွင့်ပြုချက်မတောင်းပဲ ဆန္ဒပြ

ခွင့်ပြုချက်မတောင်းပဲ ဆန္ဒမပြကြရန် ဒေါ်စုပြောပြီး နာရီပိုင်းအကြာတွင် ဒေါ်နော်အုံးလှတို့အဖွဲ့ ခွင့်ပြုချက်မတောင်းပဲ ဆန္ဒပြ ခဲ့ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြမှုများနှင့် ပတ်သက်၍ အကျိုးအကြောင်းမဲ့ဆန္ဒမပြရန် နှင့် ခွင့်ပြုချက်တောင်းပြီးမှ သာပြရန် ပြောကြားခဲ့သည်။

ှ"ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာ မှာခွင့်တောင်းသင့်ပါတယ် ခွင့်ပြုချက်မရှိဘဲဆန္ဒပြမယ်ဆိုရင် ဥပဒေအရအရေးယူသင့်ပါတယ် အုပ်ချုပ်ရေးအဖွဲ့အစည်းကလည်း အကျိုးအကြောင်းညီရင် ခွင့်ပြုမိန့်ပေးရပါမယ် ကျွန်မကိုလည်းဆန္ဒပြလို့ရပါတယ် ကျွန်မအိမ်ရှေ့မှာ ဆန္ဒပြမယ်ဆိုရင် ကျွန်မနေထိုင်ရာမြို့နယ်အဖွဲ့အစည်းမှာ ခွင့်ပြုမိန့်ယူရပါမယ် အဓိကကတော့ ကျွနိမတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုပါပဲ တရားဥပဒေစိုးမိုးမှုမရှိရင် ကျွန်မတို့နိုင်ငံဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး"ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

ဒါ့အပြင် ခွင့်ပြုချက်မတောင်းပဲ ပြပါက အရေးယူခိုင်းထားကြောင်းလည်း ဒေါ်စုမှ ပြောကြားခဲ့သည်။ ဒေါ်စု မိန့်ခွန်းပြောပြီးပြီးချင်းပင် ဒေါ်နော်အုံးလ နှင့် အဖွဲ့ဝင် ငါးဦးသည် ဗွီနိုင်းများကို ထုတ်ကာ ခွင့်ပြုချက်မတောင်းပဲ ဆန္ဒပြကာ ဒေါ်စု စကားကို တန်ဖိုးမဲ့စေခဲ့သည်။

ဂျော်ဒန်ရှိ ဆန္ဒပြမြန်မာ လုပ်သားအချို့ လျှော်ကြေးပေး၍ အိမ်ပြန်ရမည်

ဂျော်ဒန် CMJ အထည်ချုပ် စက်ရုံမှ မြန်မာသို့ပြန်မည့် လုပ်သက် ၃ နှစ် မပြည့်သေးသည့် ဆန္ဒပြ လုပ်သားတို့ နေထိုင်ခွင့် စရိတ်အဖြစ် တစ်လ လျှင် ၇၂ ကန်ဒေါ်လာ ပေးလျှော်ကြရမည်ဟု ဆန္ဒပြလုပ်သားတို့ ထံမှသိရသည်။ "နေထိုင်ခွင့် စရိတ်လို့ပြောတယ်။ ကျမကတော့ ၉ လ စာလောက် လျှော်ရမယ်။ မလျှော်နိုင် ပြန်ဆင်းပဲ။" ဟု တစ်လလျှင် ကန်ဒေါ်လာ ၁၅၅ ဖြင့် ထိုစက်ရုံ၌ နှစ် နှစ်ကျော် လုပ်ကိုင်ခဲ့သူ မကြာမီ မြန်မာနိုင်ငံသို့ ပြန်လာမည့်ဆန္ဒပြ အလုပ်သမား တစ်ဦးကပြောသည်။

စက်ရုံနှင့်လုပ်ငန်း သဘောတူညီချက်အရ အလုပ်သမားများမှာ ၃နှစ်အနည်းဆုံး လုပ်ကိုင်ရမည်ဖြစ်ပြီး၊ သတ်မှတ်ကာလ အတွင်း လုပ်သားထံမှ တစ်လလျှင် ဖူလုံရေးစရိတ်နှင့် စုငွေစက်ရုံမှ ဖြတ်တောက်ကြောင်း၊ သတ်မှတ်ကာလမပြည့် ဘဲပြန်ပါက ထိုငွေများထဲမှ လေယာဉ်စရိတ်နှင့် နေထိုင်စရိတ် ပြန်လည်နုတ်ယူပြီး ကျန်ငွေသာရရှိ မည်ဖြစ်ကာ မကျန်က လုပ်သားမှ ထပ်စိုက်ပေးလျှော် ရမည်ဟုသိရသည်။ မြန်မာလုပ်သား ၁၃၀၀ကျော်သည် အခြေခံလုပ်ခလစာ တစ်လလျှင် ဒေါ်လာ ၁၅၅ မှ ၂၀၀ အထိ တိုးမြုင့်ရန်၊ လူမျိုးရေး မခွဲခြားဘဲ တန်းတူညီမျှဆက်ဆံရန် ၊မြန်မာတို့၏အစားအသောက်ကို မြန်မာတို့နှင့် ကိုက်ညီမှုရှိအောင် ကျမ်းမာရေးနှင့် ညီညွတ်စွာ ချက်ပြုတ်ကျွေးရန် စသည့်အချက်တို့ကို ဖေဖော်ဝါရ်ီမ၀င်ဘဲ ၁၄ ရက်ကတည်းပင် လုပ်ငန်းခွင်မ၀င်ဘဲ တောင်းဆိုခြဲ့ခင်း ဖြစ်သည်။

ထိုတောင်းဆိုချက်များထဲမှ လခတိုးမြင့်ပေးရန် ကိစ္စကိုဆောင်ရွက်ပေးသော်လည်း တောင်းဆိုသည့်အတိုင်း မရခဲ့၍ အချို့မှာ ဆက်လက် ဆန္ဒပြနေ ဆဲဖြစ်ပြီး၊ တချို့မှာနေရပ် မြန်မာပြည်သို့ လျှော်ကြေးပေး၍ယခုအပတ်မှ စတင်ပြန်ကြပြီဖြစ်ပြီး လုပ်သက် သုံးနှစ်၊ လေးနှစ်ကျော် ရှိလုပ်သား ၃၀၀ ခန့်မှာတော့ အလုပ်ပြန်ဆင်းနေ ကြောင်း သိရသည်။ စက်ရုံမှ လစာတိုးမြင့် လိုက်ကြောင်းကို ယခုလ ၈ ရက်က စက်ရုံ အလုပ်သမား အဆောင်များတွင် ကြေငြာစာကပ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လုပ်သက် တစ်နှစ်ရှိသူမှာ လခတစ်လ ၁၆၄ ကန်ဒေါ်လာ၊လုပ်သက်နှစ်နှစ်မှာ ၁၇၁ ဒေါ်လာ၊ လုပ်သက် သုံးနှစ်မှာ ၁၇၉ ကန်ဒေါ်လာ၊ လုပ်သက် လေးနှစ် ၁၈၆ ဒေါ်လာ၊ လုပ်သက် ငါးနှစ်လျှင် ၁၉၄ ဒေါ်လာအဖြစ် တိုးမြင့်ပေးမည်ဟု ဖော်ပြထားသည်။

"နှစ်အလိုက် တိုးသွားတာ တရားဝင်စာချုပ်နဲ့ တော့မဟုတ်ဘူး၊ နှစ်ကြီးသမားတွေပဲ အလုပ်ပြန်ဆင်းတာ များတယ်။" ဟု ဆန္ဒလုပ်သား တစ်ဦးက ပြောသည်။ ဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမားများ အရေးဖြေရှင်းရန် အလုပ်သမား ၀န်ကြီးဌာနမှ ညွှန်မှုးအဆင့်ရှိ တာဝန်ရှိသူ နှစ်ဦးမှာမကြာမီ လာရောက်မည်ဆို၍ ဆန္ဒပြလုပ်သားတို့ မှာတွေဆုံဆွေးနွေးခွင့် ရရန်လည်း စောင့်မျော် နေကြသည်။ ထိုဆန္ဒပြလုပ်သား များထဲမှာ ၆ဦး မှာယခုအပတ် တနင်္လာနေ့တွင် စတင်ပြန်လာပြီဖြစ်ပြီး လုပ်သား ၈၀၀ ခန့်မှာ ဆက်လက် ဆန္ဒပြနေပြီး မကြာမီပြန်လာရန် ပြင်ဆင်နေကြကြောင်း သိရသည်။

ကျောက်နီမော်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင် မွတ်စလင် ကျောင်းသားများကို သီးခြားဖြေခိုင်း

ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာရှိ အစ္စလာမ် ဘာသာဝင် တက္ကသိုလ် ၀င်တန်းဖြေဆို သည့် ကျောင်းသား များအား မတ်လ ၁၃ရက်နေ့တွင် သီးခြားဖြေဆိုစေခဲ့ကြောင်း သိရသည်။ “ ဒီနေ့စတဲ့ တက္ကသိုလ် ၀င်တန်း စာမေးပွဲမှာ အစ္စလာမ် ဘာသာဝင် ကလေးတွေ ကို မူလတန်း လွန်ကျောင်းမှာ နေရာခွဲပေး ဖြေတယ်။ ဗုဒ္ဓဘာသာဝင် ကလေးတွေကတော့ အထက်တန်းကျောင်း မှာပဲ ဖြေကြတယ်။ လဆန်းတုန်း ကတော့ စာမေးပွဲ ဖြေဆိုကြမယ့် အစ္စလာမ် ဘာသာဝင်ကျောင်းသားများ ကို ဆေးရုံမှာ စီစဉ်ပေး မယ်လို့ ပြောတယ်။

မတ်လ ၁၂ရက်နေ့ မှာတော့ ကျောက်နီမော်က မူလ တန်း လွန်ကျောင်းမှာ ပေးဖြေမယ်လို့ မြို့နယ်က အကြောင်းကြား ခဲ့တယ်” ဟု ကျောက်နီမော် ဒေသခံ တစ်ဦး ကပြောပါသည်။ ကျောက်နီမော်ကျေးရွာတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် အစ္စလာမ် ဘာသာဝင် ကျောင်းသား ၅၀ ဦးရှိကြောင်း၊ ဒုတိယအကြိမ် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ကျောက်နီမော်ကျေးရွာရှိ အစ္စလာမ်ဘာသာဝင်ကျောင်းသားများ ပညာရေး ထိခိုက်ခဲ့ရကြောင်း ၄င်းဒေသခံက ပြောပါသည်။

ရခိုင်ပြည်နယ်အတွင်း အစ္စလာမ် ဘာသာဝင်များကို ပစ်မှတ်ထားတိုက်ခိုက်မှု ဒုတိယလှိုင်း ဖြစ်ပေါ်ခဲ့ ချိန်တွင် အစွန်းရောက် အကြမ်းဖက်သမား ရာပေါင်းများစွာ က ၃၀.၁၀.၂၀၁၂နေ့ တွင် ကျောက်နီမော်ကျေးရွာအား တိုက်ခိုက် ဖျက်ဆီးရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

“ ဒုတိယအကြိမ် အကြမ်းဖတ်မှုဖြစ်ပြီးတော့ ကလေးတွေ ရော၊ ဆရာ တွေရော စိတ်အေးလက်အေး စာမသင် နိုင်ကြတော့ဘူး။ ဘယ်အချိန် အကြမ်းဖက်ခံရမလဲဆိုပြီး စိုးရိမ်နေကြရတယ်။ မွတ်စလင် ကျောင်းသား အများစု ကတော့ စာမေးပွဲဖြေဆိုနိုင်ဖို့ ထက် အတွေ့အကြုံရအောင် ပဲ ၀င်ဖြေ ကြတယ်။ တချို့ ကျောင်းသား တွေက တော့ Study Guide နဲ့ သင်ကြပါတယ်။ ကျောင်းသား အများစု ကတော့ စိတ်အားငယ် နေကြတယ်” ဟု ၄င်းဒေသခံက ပြောပါသည်။

ရမ်းဗြဲမြို့နယ် ကျော်နီမော်ကျေးရွာတွင် အစ္စလာမ်ဘာသာဝင်ကမန် လူမျိုး အများစုနေထိုင်သော ရပ်ကွက် ၇ခုနှင့် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော ရပ်ကွက် ၄ခု တည်ရှိသည်။ အေဒီ ၇၀၀ နှင့် ၁၅၀၀အကြားတွင် အနောက်တိုင်းမှ အာရဗ်ကုန်သည်၊ ပါရှန်းကုန်သည်နှင့် ရောမ ကုန်သည် တို့သည် ကူးသန်းရောင်းဝယ်ရေးအတွက်ရွက်သင်္ဘောများမြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသ များ သို့ရောက်ရှိခဲ့ကြောင်း ရမ်းဗြဲကျွန်းအနီးတွင် ပျက်စီးခဲ့သော အာရဗ်သင်္ဘော ရှိ မွတ်စလင် တို့ သည် ရမ်းဗြဲကျွန်းတွင် အခြေချနေထိုင်ခဲ့ကြောင်း ၁၉၉၇ ခုနှစ် ၊ မတ်လတွင် ကာကွယ်ရေးဝန်ကြီး ဌာန ၊ပြန်လည်နေရာ ချထားရေး ညွှန်ကြားရေးမှူးရုံးက ထုတ်ဝေသော “ သာသနာရောင်ဝါ ထွန်းစေဖို့ ” စာအုပ်တွင် ဖော်ပြထားသည်။

မွတ်စလင် မဟုတ်သည့် ဗြိတိန်ကျောင်းသားများ အစ္စလာမ်သာသနာ အကြောင်းစူးစမ်းလေ့လာ

သူငယ်ချင်း မိတ်ဆွေများအား အစ္စလာမ်သာသနာ၏ တရားစစ် တရားမှန်များကို ရှာဖွေလေ့လာရန် တိုက်တွန်းလျက် အစ္စလာမ် သာသနာနှင့်ပက်သက်၍နားလည်သိရှိစေရန်၊ သာသနာအပေါ် အထင်အမြင် လွဲမှားနေမှုများကို ပပျောက်စေရန် နယူးကာဆယ် တက္ကသိုလ်မှ မွတ်စလင်ကျောင်းသူ၊ ကျောင်းသားများက “အစ္စလာမ်လေ့လာရေးသီတင်းပတ်”( “Discover Islam Week) အမည်ရသည့် လှုပ်ရှားမှုတစ်ခု ကို ပြုလုပ်ခဲ့ကြသည်။

“လူတွေမှာ အစ္စလာမ်နဲ့ ပတ်သက်ပြီး မကောင်းတဲ့အမြင်တွေရှိနေတယ်လို့ ကျမထင်ပါတယ်။ ဒီကနေ့တော့ ကျမဟာ လုံးဝ ပြောင်းလဲသွားပြီး ကျမရဲ့ အဲဒီမကောင်းတဲ့အမြင်တွေကိုလဲ ရှင်းလင်းပစ်လိုက်ပါပြီ။” ဟု အဆိုပါသီတင်းပတ်တွင် ပါဝင်လေ့လာခဲ့သူ စမာသာ မက်ဂရီဂေါ်(Samantha McGregor) က မတ်လ ၁၁ရက် တနင်္လလာနေ့တွင် Sky Tyne and Wear သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၄င်းမှာ အစ္စလာမ်ဘာသာ ၀င်တစ်ဦး မဟုတ်ချေ။

ကျောင်းသူ၊ ကျောင်းသားများအကြား အစ္စလာမ်သာသနာအကြောင်း ပိုမိုသိရှိနားလည်စေရန် ထိုတက္ကသိုလ် ရှိ အစ္စလာမ့် အသိုင်းအ၀ိုင်းမှ ထိုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်မှန်သည့် အစ္စလာမ်သာသနာကို ရှာဖွေလေ့လာခြင်းဖြင့် အဟန့်အတားများကို ချေဖျက်ရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ထိုလှုပ်ရှားမှုကို ဦးဆောင်ကျင်းပသူများက ဆိုသည်။

“အခုခေတ် မီဒီယာတွေမှာ မွတ်စလင်တွေနဲ့ ပက်သက်ပြီး မကြာခဏတွေ့မြင်နေရတဲ့ သမရိုးကျပုံစံတွေကို ပပျောက်သွားစေဖို့ပါ။ ဘာကြောင့်လဲဆိုတော့ ဒီဟာ (ပုံစံ)တွေဟာ ဗြောင်လိမ်ထားတာဖြစ်ပြီး၊ လူ့အဖွဲ့အစည်းကိုလည်း အန္တရာယ် ဖြစ်စေပါတယ်။” ဟု အဆိုပါလှုပ်ရှားမှုကို ဦးဆောင် ကျင်းပသူတစ်ဦးဖြစ်သူ အဟ်မဒ် ဂတ်နရှ်(Ahmed Gatnash) က ပြောကြားခဲ့သည်။

အဆိုပါသီတင်းပတ်အတွင်း မွတ်စလင်မဟုတ်သည့် ကျောင်းသူများအား ခေါင်းစည်းပုဝါကို စမ်းသပ်ဝင်ဆင်ရန် “ဟီဂျဘ်စိန်ခေါ်မှု”( The Hijab Challenge) ဟူသည့် အစီအစဉ်တစ်ခု ကိုလည်း ပြုလုပ်ခဲ့သည်။ ထိုအစီအစဉ်မှာ ဗြိတိန်တွင် မွတ်စလင် အမျိုးသမီး တစ်ဦးဖြစ်ရသကဲ့သို့ အတွေ့အကြုံကို ရရှိစေသည့် နည်းလမ်းလည်းဖြစ်သည်။

“လူတွေက ကျမကို စိုက်ကြည့်ကြပါတယ်။ ‘သူရူးများရူးနေသလား၊ တကယ်တော့ သူ မွတ်စလင် မဟုတ်ပါဘူး’ ဆိုပြီး သူတို့ တွေးနေကြမလားဆိုတာ ကျမ မသိပါဘူး။ ‘ငါကို ကြည့်တာရပ်လိုက်။ ငါ ဘာအမှားမှမလုပ်ဘူး’ လို့ ပြောရတာကို ကျမ နှစ်သက်ပါတယ်။ ဟီဂျဘ် ၀တ်ထားတဲ့အခါ ရှင်ရဲ့ဆံပင်ကို ရှင့်ခင်ပွန်းကလွဲလို့ ဘယ်သူမှ မမြင်နိုင်ပါဘူး။ အဲဒီ အိုင်ဒီယာကို ကျမ ကြိုက်ပါတယ်။ ဒါ(ဟီဂျဘ် ၀တ်ဆင်မှု)ဟာ သိပ်ကောင်းတယ်ဆိုတာ ကျမသိခဲ့ပါတယ်။” ဟု တစ်နေ့တာလုံး ဟီဂျဘ်ဝင်ဆင်ခဲ့သူ ဂရီဂေါ် က ဆိုသည်။

ထိုကဲ့သို့ ခေါင်းစည်းပုဝါများဝတ်ဆင်ခြင်းက ဟီဂျဘ်နှင့် ပက်သက်သည့် သူမတို့၏ အမြင်များ ကို ပြောင်းလဲစေခဲ့သည်ဟု မွတ်စလင်မဟုတ်သည့် ကျောင်းသူများက ဆိုသည်။ အခွင့်အရေး ဟိဂျဘ်ဝတ်ဆင်ခြင်းမှာ မွတ်စလင် အမျိုးသမီးများအား ‘ဖိနှိပ်ချုပ်ချယ်သည့် သင်္ကေတစ်ခုဖြစ်သည်’ဟူသည့် နားလည်မှုလွဲမှားနေခြင်းကို ပပျောက်စေခဲ့သည်ဟု ထိုလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်သူများက ဆိုသည်။

“ဟိဂျဘ်ဝတ်ဆင်ခြင်းဟာ တကယ့်ကို ချုပ်ချယ်မှုကင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အသိုင်းအ၀ိုင်းက ဒါမှမဟုတ် ဖက်ရှင်အရ ၀တ်သင့်တယ်ဆိုပြီး ကျမတို့ကို အတင်းအကျပ် ဖိအားပေးထားလို့ ၀တ်နေတာမဟုတ်ပါဘူး။ ကျမတို့ နှစ်နှစ်ခြိုက်ခြိုက်နဲ့ ၀တ်ဆင်နေတယ်ဆိုတာကို ပြသဖို့ ဒီလှုပ်ရှားမှုကို ဆောင်ရွက်တာပါ။” ဟု Northumbria တက္ကသိုလ် အစ္စလာမ် အဖွဲ့အစည်းမှ ခေါင်းဆောင်တဦးဖြစ်သူ ရိုကီယာ ဘေဂွန်(Rokeya Begum) က ပြောကြားခဲ့သည်။

အစ္စလာမ်က ဟီဂျဘ်ကို မလုပ်မနေရအဖြစ် သတ်မှတ်ထားပြီး၊ တစ်စုံတစ်ခုနှင့် နှီးနွယ်မှုကို ပြသည့် ဘာသာရေး သင်္ကေတ ပုံစံမျိုးမဟုတ်ချေ။ “ကျမတို့ဟာ သာမန်လူတွေပါ။ တခြားလူတွေက ကျမတို့ရဲ့ ၀တ်ဆင်မှုကိုကြည့်ပြီး မဝေဖန်သင့်ပါဘူး။” ဘေဂွန် က ဆိုသည်။ ထိုလှုပ်ရှားမှု သီတင်းပတ်အတွင်း မွတ်စလင်များမှ မိန့်ခွန်းတိုများ၊ အမေးအဖြေ ကဏ္ဍများ၊ အကျွေးအမွေးအစီအစဉ်များ ကိုလည်း ပြုလုပ် ခဲ့ကြသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကို ကမ္ဘာ့ ဟီဂျပ်နေ့အဖြစ် သတ်မှတ်ခဲ့ရာ ထိုနေ့တွင် ဘာသာရေးအရ သည်းခံနိုင်မှုနှင့် နားလည်နိုင်မှုကို အာပေးရန် မွတ်စလင်မဟုတ်သူအမျိုးသမီးများက ဟီဂျဘ်ကို တစ်နေ့တာ ၀င်ဆင်ခဲ့ကြသည်။

မွတ်စလင်မဟုတ်သူ အမျိုးသမီးများကို ဟီဂျဘ်ဝင်ဆင်ရန်နှင့် ထိုအတွေ့အကြုံကို သိရှိခံစားစေရန် အဆိုပါ ဟီဂျဘ် လှုပ်ရှားမှုကို နယူယောက်မြို့မှ အမျိုးသမီး နဇ်မာခန်း(Nazma Khan)က စတင်ပြုလုပ်ခဲ့သည်။

ဗြိတိန်တွင် အစ္စလာမ်ဘာသာဝင်ဦးရေ ၂ ဒဿမ ၅ သန်းခန့်ရှိပြီး၊ ၂၀၁၁ ခုနှစ်တွင်ကောက်ယူခဲ့သော စစ်တမ်းများအရ အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၃ ရာခိုင်နှုန်းမှ ၄ ဒဿမ ၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကာ အစ္စလာမ်သာသနာမှာ အလျင်မြန်ဆုံး တိုးတက်နေသာ အယူဝါဒ တစ်ခု ဖြစ်လာခဲ့သည်။

ပထမဆုံး လက်တင်အမေရိက ပုပ်ရဟန်းမင်းကြီး တင်မြှောက်ခံရ

ရိုမန်ကက်သလစ်ဘာသာဝင်တွေအတွက် ပုပ်ရဟန်းမင်းကြီးသစ်အဖြစ် Pope Francis ကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ရွေးချယ်လိုက်ပြီးတဲ့နောက်၊ ဗာတီကန်ရင်ပြင်မှာ လူအုပ်ကြီးဟာ ပုပ်ရဟန်းမင်းသစ်ကို ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

ကာဒီနယ်ဘုန်းတော်ကြီး ၁၁၅ ဦးကနေ ရွေးချယ်ပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးသစ်ဟာ ဗာတီကန်ရင်ပြင်မှာ စောင့်ဆိုင်းနေတဲ့ လူထုပရိသတ်ကို ခန်းမဆောင်ကနေထွက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။

ကက်သလစ်ဘာသာဝင်တွေအကြား ညီရင်းအကို စိတ်ထားကြဖို့နဲ့၊ သူရော တာဝန်က အနားယူသွားတဲ့ ပုပ် Benedict ကိုပါ ဆုမွန်ကောင်း တောင်းပေးကြဖို့ မေတ္တာရပ်ခံပါ တယ်။

ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ၁၁၅ ဦးပါတဲ့ အဖွဲ့ဟာ တခါးပိတ် စုဝေး မဲပေးကြပြီး၊ ဒုတိယမြောက်နေ့မှာ အာဂျင်တီးနားက ကာဒီနယ်ဘုန်းတော်ကြီး ဟော်ဟဲ မာရီယို ဘဂိုလီယို (Jorge Mario Bergoglio) ကို ပုပ်ရဟန်းမင်းကြီးသစ်အဖြစ် မနေ့က ရွေးချယ် လိုက်ကြတာ ဖြစ်ပါတယ်။

သူဟာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရတဲ့ ပထမဆုံး လက်တင်အမေရိကတိုက်က ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကာဒီနယ် ဘုန်းတော်ကြီးတွေဟာ ကမ္ဘာရဲ့အခြားတဘက်မှာရှိတဲ့ သူ့ကို ရွေးချယ်ခဲ့ကြတာလို့ ပုပ် Francis က ပြောသွားပါတယ်။

ပုပ်ရဟန်းမင်းသစ်ကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပါတယ်။ အခုလို လက်တင်အမေရိကတိုက်က ပုဂ္ဂိုလ်ကို ရွေးချယ်လိုက်တာကြည့်ရင် အမေရိကားတိုက်ရဲ့ စွမ်းပကားနဲ့ အားအင် ခိုင်မာမှုကို ပြလိုက်တာလို့ ပြောသွားပါတယ်။

ရိုမန်ကက်သလစ် ကျောင်းတော်ရဲ့ ၂၂၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့သူ က ကာဒီနယ်ဘုန်းတော်ကြီး ဟောဟဲ မာရီယို ဘဂိုလီရို (Jorge Mario Bergoglio) ကို အာဂျင်တီးနားနိုင်ငံမှာ သွားရောက်အခြေချတဲ့ အီတလီလူမျိုး မိဘတွေကနေ ၁၉၃၆ ခုနှစ်က Buenos Aires မြို့တော်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ရိုမန် ကက်သလစ် ကျောင်းတော်အတွက် ပထမဆုံး လက်တင် အမေရိကတိုက်သား ပုပ်ရဟန်းမင်းကြီးက သူ့ကို ပုပ်ရဟန်းမင်းကြီး ပထမမြောက် Francis အဖြစ် ခေါ်ဝေါ် ဖို့ ရွေးချယ်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ဟာ ချီလီနိုင်ငံ Santiago မြို့တော်မှာ Liberal Art ဘာသာရပ်ကို ဆည်းပူးခဲ့ပြီး ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ Buenos Aires Catholic တက္ကသိုလ်ကနေ ဒဿနိကဗေဒ ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။

၁၉၆၉ ခုနှစ်မှာ ဂျက်ဇူဝက် (Jesuits) လို့ အများသိကြတဲ့ Society of Jesus အသင်းတော်မှာ ဘုန်းကြီးဘဝကို ခံယူခဲ့ပါတယ်။ Buenos Aires ရဲ့ Archbishop ဘုန်းတော်ကြီး တာဝန်ကို ၁၉၉၈ ခုနှစ်က စတင်ယူခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ကာဒီနယ် ဘုန်းတော်ကြီး ဖြစ်လာခဲ့တာပါ။

ကာဒီနယ် ဘုန်းတော်ကြီးဘဝမှာ ရိုးရိုးစင်းစင်းနဲ့ နှိမ်ချပြောဆိုနေထိုင်သူ၊ ရှေးရိုးစွဲဝါဒကို လက်ကိုင်ထားသူ၊ လူမှုအသိုင်းအဝိုင်းထဲမှာ တရားမျှတမှုအတွက် ဆောင်ရွက်သူအဖြစ် ရိုမန် ကက်သလစ်ကျောင်းတော်ရဲ့ ၂၂၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး Francis ကို သိထားကြပါတယ်။

ကမ္ဘာတဝှမ်း ရိုမန်ကက်သလစ် ဘာသာဝင်ပေါင်း ၁ ဒဿမ ၂ ဘီလျံထဲမှာ ကက်သလစ် ဘာသာဝင် အများဆုံးက လက်တင်အမေရိက နိုင်ငံတွေ ဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ကက်သလစ် ဘာသာဝင်တွေ အများဆုံး ဖြစ်ပါတယ်။

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ငွေရတု နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနား

၂၅ နှစ်မြောက် ငွေရတု အထိမ်းအမှတ် ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ မတ်လ ၁၃ ရက်နေ့ နံနက် ၁၀းဝဝ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ ရဟန်းသံဃာတော်များ၊နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့၏ မိသားစုဝင်များ၊ဧည်သည်တော်များ၊နှင့် သတင်းမီဒီယာများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားမှူး အဖြစ် ကိုစည်သူမောင်၊ကိုနန္ဒာစစ်အောင် တို့ကဆောင်ရွက်ပြီး အခမ်းအနားကို မြန်မာနိုင်ငံလူ့အခွင့်အရေး သီချင်းဖြင့် စတင်ဖွင့်လှစ်ကာ ကျောင်းသားတို့၏ တိုက်ပွဲဝင် ကျောင်းသားသမ္မဂ ခွပ်ဒေါင်းအလံကို အလေးပြုခြင်း၊ဒီမိုကရေစီတိုက်ပွဲအဆင့်ဆင့်တွင် ကျဆုံးခဲ့သော ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့အား ဂုဏ်ပြုသော အားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်း၊အခမ်းအနား ကျင်းပရေးကော်မတီ၏ သဘောတား ကြေငြာချက်ကို ကိုအောင်ထွန်းမှ ဖတ်ကြားခြင်း၊ကိုဖုန်းမော် ကိုစိုးနိုင်တို့၏ မိသားစုဝင်များမှ အမှတ်တရ စကားပြောကြားခြင်း၊ ကိုမင်းကိုနိုင်၊ ဟံသာဝတီဦးဝင်းတင်၊(ဗ.က.သ)များအဖွဲ့ချုပ်မှ တစ်ဦး၊(တ.က.သ)များ အဖွဲ့မှတစ်ဦး အသီးသီး ပြောကြားခဲ့သည်။ “ဒီကနေ့ ဒီမိုကရေစီသမားတွေ၊လူ့အခွင့်အရေး အသံတွေ ကျယ်ကျယ်လောင်လောင် ပြောနေနိုင်တယ်ဆိုတာ အခု ကျွန်တော့် နောက်မှာ မသေသေးပဲ ဓါတ်ပုံထဲကနေ စိုက်ကြည့်နေတဲ့ ရန်ကုန်စက်မူ တက္ကသိုလ် ကျောင်းသားနှစ်ယောက်ရဲ့ သွေးမြေကျ မှတ်တမ်းက သက်သေပြနေပါတယ်” ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း မှ မင်းကိုနိုင်က ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမ္မဂ အဖွဲ့ချုပ်မှ ကိုညှိထွန်းက“တက်ရောက်လာကြတဲ့ သံဃာတော်များ၊ကိုဖုန်းမော် ၊ကိုစိုးနိုင်၏ ဆွေမျိုးများ၊ကျွန်တော်တို့ရဲ့ ရဲဘော်ဟောင်းများ၊မိတ်ဆွေများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဟာ ကြိုးစားပြီးတော့ ဒီပွဲကို ကျင်းပရတာပါ။အခုလို ဗွီဒီယိုဖိုင်တွေ၊တက်ရောက်လာကြသူတွေကို မြင်ရတော့ ကျင်းပရကျိုးနပ်ပါတယ်။ဒါ့အပြင် ကိုစိုးနိုင်ရဲ့ မိသားစုတွေ မျက်ရည်ကျပြီး ပြောတဲ့ စကားသံတွေ ကြားရတော့ ကျွန်တော်တို့ ကြက်သီး ဖြန်းဖြန်းထမိပါတယ်။ ကျွန်တော်တို့ရဲ့ ကြေငြာချက်တွေထဲမှာ ပါသလို အာဃတတွေနဲ့ ဒီပွဲကို လုပ်တာ မဟုတ်ပါဘူး။၈၈အရေးတော်ပုံရဲ့ ပထမဆုံး ကျဆုံးသွားတဲ့ ရဲဘော်နှစ်ယောက်ကို ဂုဏ်ပြုခြင်းဖြစ် ပါတယ်။အခု တိုင်းပြည်မှာ ဖြစ်နေတာတွေဟာ တကယ်ကောင်းသွားပြီလား ၊ကောင်းယောင်ဆောင်နေ တာလား၊ ညီညွှတ်မူ အရေးကြီးကြောင်း ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်”ဟု ထည့်သွင်းပြောကြား ခဲ့သည်။

“စက်မှုတက္ကသိုလ်က ဆရာကိုပစ်တော့မယ်ဆဲဆဲမှာ ကိုဖုန်းမော်ကအဲဒီ ဆရာကိုတွန်းပြီးသူ အပစ်ခံလိုက်တာ။ ရင်ဝမှာတစ်ချက်၊ ဆီးစပ်မှာတစ်ချက်၊ ပေါင်မှာ တစ်ချက် အပစ်ခံလိုက်ရတာပါ။ တကယ်တော့ အစိုးရ ရေဒီယို ကနေ ကြေညာခဲ့သလို ရန်ပွဲမှာ ဓါးနဲ့ အသတ်ခံလိုက်ရတာ မဟုတ်ပါဘူး။ နာရေးအသုဘကိုတောင် ကြေညာခွင့်၊ ဆိုင်းပုတ်တင်ခွင့်၊ မဏ္ဍာပ်ထိုးခွင့်မရခဲ့ပါဘူး။ ဒီနေ့အထိ ဆရာလေးရဲ့အကိုက မသေပါဘူး”ဟု ကိုဖုန်းမော်၏ညီမ သီလရှင်ဆရာလေး ဒေါ်အဂ္ဂထေရီ ကထည့်သွင်းကြေားခဲ့သည်။

ဗ.က.သ အဖွဲ့ချုပ်ရဲ့ တိုင်းရင်းသားကျောင်းသားရေးရာ တာဝန်ခံ ကိုနန္ဒစစ်အောင်ကလည်း “အသွင်ကူးပြောင်းရေး ကာလမှာ တရားမျှတမူ ရှိဖို့လိုအပ်တယ်။ကျူးလွန်ခံရတဲ့ သူတွေအတွက် အနည်းဆုံးတော့ ဖြစ်ရပ်မှန် သမိုင်း မှတ်တမ်းတွေက လိုအပ်ပြီလို့ ကျွန်တော်ပြောချင်တယ်။ကိုစိုးနိုင် ကိုဖုန်းမော်ကစပြီး တတိုင်းပြည်လုံးမှာရှိတဲ့ နောက် မျိုးဆက် အနာဂတ် လူငယ်တွေကို သမိုင်း မှတ်တမ်း အမှန်တွေ လက်ဆင့်ကမ်းဖို့ လိုအပ်ပါတယ်။ တတ်နိုင်သမျှ ကျွန်တော်တို့ ကိုယ်တိုင်လည်း လုပ်သွားမယ်၊ဆော်သြသွားမယ်။ လုပ်နိုင်တဲ့ သူတွေလည်း တတ်နိုင်သမျှ လုပ်ပေးဖို့ တောင်းဆိုမယ်” ဟုM-Mdia သို့ပြောကြားခဲ့သည်။

“၂၅နှစ်လုံးလုံး ခံစားချက်တွေ ရင်ထဲမှာ အောင်းနေခဲ့တာပါ။ခုလို တိမ်မြှပ်နေတာကို အခက်အခဲ အမျိုး မျိုကြားကဒီပွဲပြုလုပ်ပေးတာကို ကျေးဇူးအရမ်းတင်ပါတယ်။တိုင်းပြည်ကို ကောင်းစားစေချင်တဲ့စေတနာနဲ့ ကိုစိုးနိုင်တို့အလုပ်လုပ်တယ်၊ခုလို လူသာသေပေမယ့် နာမည်မသေတဲ့အတွက် ဂုဏ်ယူတယ်။မိသားစုမှာ သူ့ကိုအားအကိုးဆုံး ဖြစ်တယ်။သူ့ကို ဆုံးရူံးလိုက်ရတဲ့ အတွက် မိသားစု အတွက် မျှော်လင့်ချက်တွေ ကုန်ဆုံးခဲ့တယ်။မိသားစု အတွက် အားကိုးရာ မဲ့သွားပေမယ့် တိုင်းပြည်အတွက် အကျိုးရှိတဲ့ သူဖြစ်လာတဲ့ အတွက် သူကို ဆုံးရှုံးတာကို ၀မ်းမနည်းပါဘူး”ဟု ကိုစိုးနိုင်၏အမဖြစ်သူ မမြင့်မြင့်ရီမှ M-Media သို့ပြောကြားခဲ့သည်။

ကိုဖုန်းမော်၏ဆရာမ ဖြစ်သူRC2 ကြက်ခြေနီ အသင်းဥက္ကဌ ဒေါ်တင်တင်ယဉ်က “ဆရာမတို့ ကြက်ခြေနီ အသင်းရဲ့ အားထားရတဲ့ ကြက်ခြေနီ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ်၊လူမူရေးမှာလည်း စံပြ၊သင်တန်းတွေမှာလည်း စံပြ၊အသေးအမွှားလေးတွေက အစ ဒေါင့်စုံက အားကိုးရ တဲ့ တော်တဲ့ ကျောင်းသား တစ်ယောက်ပါ။ သူရဲ့ကောင်းမြတ်တဲ့ အရည်အချင်းတွေကို အားလုံးက သိပေမယ့် ထုတ်ဖော် ပြောပြခွင့် မရခဲ့ဘူး။အခုလို ပြောပြခွင့် ရတာကိုပဲ အရမ်းကို ၀မ်းသာမိပါတယ်။တန်ဖိုး မဖြတ်နိုင်တဲ့ ကျောင်းသားတစ်ယောက်မို့ အရမ်းကို နှမြောတယ်”ဟု M- Media သို့ပြောကြားခဲ့သည်။

ဂျော်ဒန်ရှိ ဆန္ဒပြမြန်မာ လုပ်သားအချို့ လျှော်ကြေးပေး၍ အိမ်ပြန်ရမည်

ဂျော်ဒန် CMJ အထည်ချုပ် စက်ရုံမှ မြန်မာသို့ပြန်မည့် လုပ်သက် ၃ နှစ် မပြည့်သေးသည့် ဆန္ဒပြ လုပ်သားတို့ နေထိုင်ခွင့် စရိတ်အဖြစ် တစ်လ လျှင် ၇၂ ကန်ဒေါ်လာ ပေးလျှော်ကြရမည်ဟု ဆန္ဒပြလုပ်သားတို့ ထံမှသိရသည်။ "နေထိုင်ခွင့် စရိတ်လို့ပြောတယ်။ ကျမကတော့ ၉ လ စာလောက် လျှော်ရမယ်။ မလျှော်နိုင် ပြန်ဆင်းပဲ။" ဟု တစ်လလျှင် ကန်ဒေါ်လာ ၁၅၅ ဖြင့် ထိုစက်ရုံ၌ နှစ် နှစ်ကျော် လုပ်ကိုင်ခဲ့သူ မကြာမီ မြန်မာနိုင်ငံသို့ ပြန်လာမည့်ဆန္ဒပြ အလုပ်သမား တစ်ဦးကပြောသည်။

စက်ရုံနှင့်လုပ်ငန်း သဘောတူညီချက်အရ အလုပ်သမားများမှာ ၃နှစ်အနည်းဆုံး လုပ်ကိုင်ရမည်ဖြစ်ပြီး၊ သတ်မှတ်ကာလ အတွင်း လုပ်သားထံမှ တစ်လလျှင် ဖူလုံရေးစရိတ်နှင့် စုငွေစက်ရုံမှ ဖြတ်တောက်ကြောင်း၊ သတ်မှတ်ကာလမပြည့် ဘဲပြန်ပါက ထိုငွေများထဲမှ လေယာဉ်စရိတ်နှင့် နေထိုင်စရိတ် ပြန်လည်နုတ်ယူပြီး ကျန်ငွေသာရရှိ မည်ဖြစ်ကာ မကျန်က လုပ်သားမှ ထပ်စိုက်ပေးလျှော် ရမည်ဟုသိရသည်။ မြန်မာလုပ်သား ၁၃၀၀ကျော်သည် အခြေခံလုပ်ခလစာ တစ်လလျှင် ဒေါ်လာ ၁၅၅ မှ ၂၀၀ အထိ တိုးမြုင့်ရန်၊ လူမျိုးရေး မခွဲခြားဘဲ တန်းတူညီမျှဆက်ဆံရန် ၊မြန်မာတို့၏အစားအသောက်ကို မြန်မာတို့နှင့် ကိုက်ညီမှုရှိအောင် ကျမ်းမာရေးနှင့် ညီညွတ်စွာ ချက်ပြုတ်ကျွေးရန် စသည့်အချက်တို့ကို ဖေဖော်ဝါရ်ီမ၀င်ဘဲ ၁၄ ရက်ကတည်းပင် လုပ်ငန်းခွင်မ၀င်ဘဲ တောင်းဆိုခြဲ့ခင်း ဖြစ်သည်။

ထိုတောင်းဆိုချက်များထဲမှ လခတိုးမြင့်ပေးရန် ကိစ္စကိုဆောင်ရွက်ပေးသော်လည်း တောင်းဆိုသည့်အတိုင်း မရခဲ့၍ အချို့မှာ ဆက်လက် ဆန္ဒပြနေ ဆဲဖြစ်ပြီး၊ တချို့မှာနေရပ် မြန်မာပြည် သို့ လျှော်ကြေးပေး ၍ယခုအပတ်မှ စတင်ပြန်ကြပြီဖြစ်ပြီး လုပ်သက် သုံးနှစ်၊ လေးနှစ်ကျော် ရှိလုပ်သား ၃၀၀ ခန့်မှာတော့ အလုပ်ပြန်ဆင်းနေ ကြောင်း သိရသည်။ စက်ရုံမှ လစာတိုးမြင့် လိုက်ကြောင်းကို ယခုလ ၈ ရက်က စက်ရုံ အလုပ်သမား အဆောင်များတွင် ကြေငြာစာကပ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လုပ်သက် တစ်နှစ်ရှိသူမှာ လခတစ်လ ၁၆၄ ကန်ဒေါ်လာ၊လုပ်သက်နှစ်နှစ်မှာ ၁၇၁ ဒေါ်လာ၊ လုပ်သက် သုံးနှစ်မှာ ၁၇၉ ကန်ဒေါ်လာ၊ လုပ်သက် လေးနှစ် ၁၈၆ ဒေါ်လာ၊ လုပ်သက် ငါးနှစ်လျှင် ၁၉၄ ဒေါ်လာအဖြစ် တိုးမြင့်ပေး မည်ဟု ဖော်ပြထားသည်။

"နှစ်အလိုက် တိုးသွားတာ တရားဝင်စာချုပ်နဲ့ တော့မဟုတ်ဘူး၊ နှစ်ကြီးသမားတွေပဲ အလုပ်ပြန်ဆင်းတာ များတယ်။" ဟု ဆန္ဒလုပ်သား တစ်ဦးက ပြောသည်။ ဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမားများ အရေးဖြေရှင်းရန် အလုပ်သမား ၀န်ကြီးဌာနမှ ညွှန်မှုးအဆင့်ရှိ တာဝန်ရှိသူ နှစ်ဦးမှာမကြာမီ လာရောက်မည်ဆို၍ ဆန္ဒပြလုပ်သားတို့ မှာတွေဆုံဆွေးနွေးခွင့် ရရန်လည်း စောင့်မျော် နေကြသည်။ ထိုဆန္ဒပြလုပ်သား များထဲမှာ ၆ဦး မှာယခုအပတ် တနင်္လာနေ့တွင် စတင်ပြန်လာပြီဖြစ်ပြီး လုပ်သား ၈၀၀ ခန့်မှာ ဆက်လက် ဆန္ဒပြနေပြီး မကြာမီပြန်လာရန် ပြင်ဆင်နေကြကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းများအား လစာ တိုးမြှင့်ပေးမည်ဟု နိုင်ငံတော်သမ္မတပြောကြား

ယခုနှစ် ဧပြီလမှ စတင်သုံးစွဲမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်မှစတင်ကာ နိုင်ငံ့ဝန်ထမ်း များအား လစာတိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်းမတ်လ ၁၂ ရက်က ပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ ''ပြည်ထောင်စု အစိုးရ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများနဲ့ တပ်မတော် ၀န်ထမ်းများရဲ့ လစာ၊ စရိတ် ခံစားခွင့်တွေကို ခေတ်နဲ့လျော်ညီမှု ရှိစေရန် တိုးမြှင့်ပေးနိုင်ရေးနှင့် လက်ရှိခံစားခွင့် ပြုထားသော အပိုထောက်ပံ့ကြေးနှင့်

ဝေးလံခေါင်သီ ဒေသရှိ ၀န်ထမ်းများအတွက် ဒေသစရိတ် တို့ကိုလည်း ဆက်လက်ခံစား ခွင့်ပြုနိုင်ရေးအတွက် ထည့်သွင်းလျာ ထားပါတယ်'' ဟု နိုင်ငံတော် သမ္မတက ပြောသည်။ ထိုသို့ လစာငွေများ တိုးမြှင့်ပေးရာတွင် ၀န်ထမ်းအသုံးစရိတ်အား ယခင်နှစ်များ အသုံးစရိတ်များထက် ကျပ်ငွေ ၈၃၅ ဘီလီယံ ပိုမိုကျခံသုံးစွဲ သွားမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင် တော့မည်ဖြစ်ကြောင်း ပထမ အကြိမ် ဆဋ္ဌမပုံ မှန်ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ ပေးပို့သော နိုင်ငံတော် သမ္မတ၏ နှစ်သစ်ကူး သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ဟိုင်းဝေးလမ်းပေါ်မှာ ရေလမ်းဖောက်လုပ်ထားမှု

Ringvaart လို့အမည်ရတဲ့ တူးမြောင်းဖြစ်ပြီး နယ်သာလှန်နိုင်ငံ အနောက်မြောက်ပိုင်း North Holland မှာ တည်ရှိတာ ဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်က စတင်တည်ဆောက်တဲ့ ရေတူးမြောင်းဖြစ်ပြီး ၁၉၄၅ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဟိုင်းဝေးလမ်းဖောက်လုပ်မှုကိုတော့ ၁၉၆၁ ခုနှစ်မှ ပြုလုပ်ခဲ့တာဖြစ်ပြီး ရေ တူးမြောင်း အောက်မှာ သုံးလမ်း ဖောက် လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

Ringvaart (Aqueduct Ringvaart Haarlemmermeer) အမည်ရ တူးမြောင်းဟာ အမှန်တော့ ၃၈ မိုင်ရှည်ပြီး မြို့ တစ်မြို့ ကနေ တစ်မြို့ ဆက်သွယ် ထားခြင်း ဖြစ်ပါတယ်။ ပျှမ်းမျှ အနက် ၈ ပေရှိပြီး လှေငယ်များ သွားလာနိုင်ပါတယ်။ ၇၀ စတုရန်းမိုင် ဧရိယာ ရှိတဲ့အတွက်လည်း ပို့ဆောင် ဆက်သွယ်ရေးအတွက် အသုံပြုနိုင်ခြင်း ဖြစ်ပါတယ်။ အပန်းဖြေလှေများ လည်း သွားလာခြင်းပြုလုပ်ပါတယ်။ Ringvaart ဟာ ၁၉၄၀ ဝန်းကျင်ကတည်းက တည်ရှိခဲ့တာ ဖြစ်တဲ့အတွက် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာဒေသများထဲမှာ လည်း တစ်ခုအပါ အဝင် ဖြစ်တယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် မြေယာများအတွက် လျော်ကြေးငွေပေးမည်

လက်ပံတောင်းတောင် စီမံကိန်းအတွက် သိမ်းဆည်းခံ ထားရသော လယ်ယာမြေများ အတွက် လျော်ကြေးငွေ များကို ယခုခေတ်ကာလ ပေါက်ဈေးဖြင့် ဒေသခံများအား ရက်ပိုင်း အတွင်း ပေးအပ်သွားမည်ဟု မုံရွာမြို့ တွင် ရောက်ရှိနေသော ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေး ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ "လျှောက်လွှာ တင်ပြီးလို့ အချက်အလက်မှန်ရင် တစ်ပတ်အတွင်း လျော်ကြေးတွေ ပေးရမယ်လို့ သက်ဆိုင်ရာ တွေကိုကျွန်မ မှာထားတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုစီမံ ကိန်းကို ရပ်ဆိုင်းလိုက်ပါက နိုင်ငံနှင့် ဒေသခံများ အတွက် အကျိုးမရှိ နိုင်သည့်အပြင် နိုင်ငံတကာမှ မိမိ တို့ နိုင်ငံအပေါ် စီးပွားရေးအရ ယုံကြည်၍ မရသော နိုင်ငံအဖြစ် ထင်မြင်သွားနိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။ "ဒါလုပ်လို့ လက်ပံတောင်း တောင် ပျောက်မလားလို့ မေးကြတယ်။ ပွင့်ပွင့်လင်း လင်းပြောရရင် ပျောက်သွားမှာပဲ။ ဒါကိုလည်း ကျွန်မ အနေနဲ့ နားလည်တယ်။ အားလုံးလိုချင်တဲ့ အတိုင်း တော့ မဖြစ်နိုင်ပါဘူး"ဟု ကော်မရှင်ဥက္ကဋ္ဌ ကဆိုသည်။ ယခုလ ၁၅ ရက်မှ ၁၇ ရက်အထိ အကြံပြုချက်များကို အကောင်အထည်ဖော်မည့် ကော်မတီမှ အဖွဲ့ဝင်များ က လက်ပံတောင်း တောင်ဒေသသို့ ကွင်းဆင်းလေ့ လာမည်ဖြစ်သည်။

လိမ္မော်သီး၏ ကောင်းကျိုးများ

လိမ္မော်သီးရဲ့ ချိုချဉ် အရသာကြောင့် လူတွေ နှစ်ခြိုက်စွာ စားသုံးကြသလို အသားအရေ ထိန်းခြင်းနှင့် ပတ်သက်လာလျှင်လည်း လိမ္မော်သီးဟာ ၁၀ဝ ရာခိုင်နှုန်း အာနိသင် အပြည့်အဝ ပေးနိုင်တဲ့ အသီး တစ်မျိုးပါပဲ။ အရသာရှိလှတဲ့ ထိုစီးထရက် အသီး အမျိုးအစားမှာ အရေးအကြောင်း တွေကို တွန်းလှန်ပေးနိုင်တဲ့ အကောင်းဆုံးသော ပစ္စည်းများ ပါဝင်နေပါတယ်။ ဒါကတော့ ဗီတာမင်စီပဲ ဖြစ်တယ်။ လိမ္မော်သီးမှ ထုတ်ယူရရှိတဲ့ အဆီဟာ အသားအရေကို သန့်ရှင်း စင်ကြယ်စေပြီး မျှခြေထိန်း ညှိရာမှာလည်း ကူညီပေးတယ်။

မပြင်းထန်သော ရောဂါပိုးဝင်ခြင်းနှင့် တိုက်ထုတ်ပေးတယ်။ အရောင်ကုထုံး မှာဆိုရင် လိမ္မော်ရောင်ဟာ နွေးထွေးစေတဲ့ အရောင်အဖြစ် သတ်မှတ် ခံထားရတယ်။ ထိုအရောင်ဟာ အားအင်တွေကို ပြည့်ဝစေပြီး ကျန်းမာခြင်း ယူထားသော အသားအရေ ထိန်းပစ္စည်းများဟာ ထည့်သွင်းရွေးချယ် သင့်သော ပစ္စည်းများထဲတွင် ပါဝင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

အိပ်ရင်း လမ်းထလျှောက်သူများနှင့် ကျန်းမာရေးအန္တရာယ်

လေ့လာချက် အသစ်တစ်ခုအရ အရွယ်ရောက် သူတွေ မှာ အိပ်ပျော်ရင်း လမ်းထလျှောက် တဲ့ ပြဿနာ ရှိပါက လူငယ်များအကြား ဘဝ အရည်အသွေးကို ထိခိုက်စေ သလို၊ ရုန်းရင်းဆန်ခတ် အကြမ်းဖက် အပြုအမူဆိုး တွေလည်း ဖြစ်ပေါ်လာစေနိုင်ကြောင်း အကြံပြုမှတ် ချက်ပေး လိုက်ပါတယ်။ ထိုအကြောင်းကို လေ့လာသုတေသနပြု၍ ဦးဆောင်ခဲ့ သူ စာရေးဆရာ Yves Dauvillier (MD,Phd) ၏ ပြောကြား ချက်အရ ထိန်းချုပ်နိုင်သော အုပ်စုနှင့် အိပ်ပျော် ရင်း လမ်းထလျှောက်တဲ့ လူနာများအား

နှိုင်းယှဉ်ကြည့်ခဲ့ရာ ထိုလူနာများ၏ ဘဝအရည်အသွေး ပြောင်းလဲနေတာကို တွေ့ခဲ့ရပါတယ်။ ညမှာ ကောင်း စွာ အိပ်ခဲ့ရတာ မဟုတ်တဲ့ အတွက် နေခင်းပိုင်းမှာ ပြန်အိပ်တာ၊ ငိုက်မြည်းတာ ပိုများလာခြင်း၊ မော ပန်းနုံးချိနေခြင်း၊ ညအိပ်မပျော်ခြင်း၊ စိတ်ဓာတ်ကျ လာခြင်း၊ စိုးရိမ်စိတ်များ လာ ခြင်းစတဲ့ ဝေဒနာတွေ လည်းပို၍ ခံစားရကြောင်း တွေ့ခဲ့ရ ပါတယ်။

ညအိပ်ပျော်ရင်း လမ်းထလျှော တဲ့ လူတွေမှာ တကယ့်ကို ပြင်းထန် ဆိုးဝါးတဲ့ အခြေအနေ တစ်ခုဖြစ် လာ သလို ညစဉ်ဆက်တိုက် လမ်းထ လျှောက်လာတဲ့အခါ မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်လို့ လျစ်လျူရှုမ ထားသင့်ပါလို့လည်း ပြောပြ လိုက်ပါတယ်။ လေ့လာချက် ရလဒ်များအရ ညတိုင်း လမ်းထလျှောက်တဲ့ လူနာ များ၏ ၂၂.၈ ရာခိုင်နှုန်းနှင့် အပတ် စဉ် (တစ်ပတ် ၁ ကြိမ်) ညအိပ်ရင်း လမ်းထလျှောက်တဲ့ လူနာများ၏ ၄၃.၅ ရာခိုင်နှုန်းမှာ ထိုသို့ ပြဿနာ များရှိခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ ရပါတယ်။ အကြမ်းဖက် အပြုအမူ များနှင့် အိပ်ပျော်ရင်း လမ်းထ လျှောက်သူတွေအား လေ့လာခဲ့ရာ လူနာ ၁၀ဝ လျှင် ၅၄ ဦးမှာ ဘာမှမဖြစ်သော်လည်း ၁၇ ရာခိုင်နှုန်း မှာမူ အနည်းဆုံး ၁ ကြိမ်ခန့် ထိခိုက် မှု အန္တရာယ်များ တွေ့ခဲ့ပြီးဖြစ်ကြောင်း တွေ့ခဲ့ရတဲ့ အပြင်၊ ၄င်းနှင့်အတူ တွဲ၍ အိပ်တဲ့လူကိုပါ ထိခိုက်အနာတရ ဖြစ်စေခဲ့ကြောင်း တွေ့ခဲ့ရပါတယ်။

ထိုထိခိုက် အနာတရ ဒဏ်ရာတွေကတော့ သွေးခြည်ခြင်း၊ နှာ ခေါင်းသွေးထွက်ခြင်းနှင့် အရိုးများ ကျိုးခြင်းတို့ ဖြစ်ပါတယ်။ လူတစ်ဦးမှာ ၃ထပ်တိုက် ပြတင်းပေါက်မှ ခုန်ချ သဖြင့် အရိုးများ ကျိုးခဲ့တဲ့အပြင် ဦးခေါင်းပြင်း ထန်ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်လို့ အစီရင်ခံစာများက ဖော်ပြလိုက်ပါတယ်။ ညအိပ်ပျော်စဉ် လမ်းထလျှောက်ခြင်းကို ပြသနာကို မဖော်ထုတ်နိုင်ပါက နေ့ခင်းပိုင်း ဖြစ် ပေါ်လာမည့် အကျိုးဆက်များနှင့် စိတ်အနှောင့်အယှက်များ ဖြစ်စေခြင်း တို့က ဘဝအရည်အသွေး လျော့ကျ စေနိုင်ပါတယ်။ ဒါကြောင့် အရွယ်ရောက်သူတွေရဲ့ စိုးရိမ်ရမယ့် အခြေအနေများကို ဟိုင်းလိုက်တင်ရန်နှင့် ဝေဖန်ဆန်းစစ်ဖို့ လိုနေပြီဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အိမ်ကွင်းဂိုးပြတ်နိုင်ပွဲကြောင့် ၇နှစ်ဆက် ကွာတားတက်နိုင်ခဲ့တဲ့ ဘာစီလိုနာ

ပထမအကျော့မှာ ခံစစ်ဇုန်ထဲကနေ တိုက်စစ်တွေ ဖြာထွက်တဲ့ ကစားကွက်နဲ့ အစွမ်းပြခဲ့တဲ့ အေစီမီလန်ဟာ ဒီပွဲမှာတော့ စောစောစီးစီး ဂိုးပေးခဲ့ရလို့ ဖိအားဝင်ခဲ့ရပြီး ဂိုးပြတ်အရှုံးကြောင့် ရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ ပွဲအစ ၅မိနစ်မှာပဲ ဇာဗီ၊ ဘက်စကွက်ဇ်တို့ရဲ့ တစ်ချက်ထိ အပေးအယူတွေကနေ မက်ဆီက နောက်ခံလူ ၃ဦး ပိတ်ဆို့ထားတဲ့ကြားက လျှက်တစ်ပြက် ကန်သွင်းယူနိုင်ခဲ့လို့ ဘာကာတို့ အဖွင့်ဂိုးစရခဲ့ပါတယ်။ အဲ့ဒီ့နောက် ၇မိနစ်အကြာမှာလည်း ဇာဗီရဲ့အဝေးကန်ချက်ကို အဘီယာတီ ပုတ်ထုတ်ခဲ့ပြီး ဘားထိပြန်ထွက်လာတာကို မက်ဆီ ပြေးဝင်ခေါင်းတိုက်ခဲ့ပေမယ့် လွဲချော်ခဲ့လို့ ဒုတိယဂိုးမရခဲ့တာပါ။

ဒါ့အပြင် အေစီမီလန် နောက်ခံလူတွေ ပတ်ဒရိုကို ဧရိယာထဲမှာ နှစ်ကြိမ်တိုင် ဥပဒေပ ကစားခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပင်နယ်တီ မပေးခဲ့ပါဘူး။ ပွဲချိန် ၃၇မိနစ်အရောက်မှာတော့ မာရှေယာနို ရဲ့အမှားကနေ ပျက်သွားတဲ့ဘောလုံးကို အမ်ဘာရီနိုင်းရသွားပြီး ဂိုးသမားနဲ့တစ်ယောက်ချင်း အတွေ့မှာတော့ သူ့ရဲ့ကန်ချက်က တိုင်ထိထွက်ခဲ့လို့ အေစီမီလန်တို့ ချေပဂိုးရဖို့ နစ်နာခဲ့ရပါတယ်။ ဒါပေမဲ့ နောက် ၂မိနစ်အကြာမှာတော့ အင်နီယက်စတာနဲ့ အပေးအယူလုပ်ပြီး မက်ဆီ ဧရိယာထိပ်က ကန်သွင်းရာမှာ ဘာကာတို့ ဒုတိယဂိုးရခဲ့ပါတယ်။

အေစီမီလန်ဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် ၉ပွဲစလုံး ဂိုးပေးခဲ့ရတဲ့ စံချိန်ဆိုးတစ်ခု ရရှိခဲ့ပြီး ဘာကာကတော့ မက်ဆီ၊ ဒေးဗစ်ဗီလာတို့ ပွဲထွက်ကစားတဲ့ ချန်ပီယံလိဂ် ၁၅ပွဲမှာ ၃၉ဂိုးထိ သွင်းယူနိုင်ခဲ့လို့ တစ်ပွဲပျမ်းမျှ ၂.၆ဂိုးထိရှိခဲ့ပြီး ဒီတိုက်စစ်မှူး နှစ်ယောက်ဟာ အခုပွဲမှာလည်း ၃ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၉မိနစ်အကြာမှာ ဇာဗီ အကွက်မြင်မြင် ဖန်တီးပေးတာကနေ ဒေးဗစ်ဗီလာက အဝေးထောင့်ကို ကန်သွင်းပြီး ဘာကာအတွက် နောက်တစ်ဆင့် တက်နိုင်မယ့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။ အဲ့ဒီနောက်မှာ အေစီဟာ ရော်ဘင်ဟို၊ ကာကစ်၊ မွန်တာရီတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် နာကျင်အချိန်ပိုအရောက်မှာ အယ်လ်ဘာရဲ့ပွဲသိမ်းဂိုး သွင်းခြင်းကို ခံခဲ့ရပြီး ရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

မလိုချင်တဲ့ကိုယ်ဝန်နဲ့ အသက်အန္တရာယ်

မြန်မာနိုင်ငံမှာ မိခင်နဲ့ကလေး သေဆုံးမှု့ကျဆင်းရေးဟာ အဓိက ဦးစားပေးရမယ့် လုပ်ငန်းဖြစ်နေချိန်မှာ၊ မိခင်သေဆုံးမှု့ရဲ့အဓိက အကြောင်းရင်းတခုကတော့ မလိုချင်တဲ့ ကိုယ်ဝန်ဖျက်ချတာကြောင့်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုကြပါတယ်။ အခုလို ကိုယ်ဝန်ဖျက်ချမှုကနေ မိခင်တွေ သေဆုံးရတဲ့ အနေအထား မြန်မာနိုင်ငံမှာ ဘယ်လိုရှိနေပြီး၊ ဘယ်လို အခက်အခဲနဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ရ တာပါသလဲ၊ အခုလို မလိုအပ်ဘဲ သေဆုံးမှု့ မဖြစ်ရအောင် ဘယ်လို ကာကွယ်မှု့မျိုးတွေ လုပ်ဆောင်နိုင်ရင် လက်တွေ့ကျပြီး အကောင်းဆုံး ဖြစ်နိုင်ပါသလဲ။ ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင် နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

Own Tune ဆိုရတာ ယုံကြည်မှု ပိုရှိကြောင်း ခင်ဘုဏ်းပြော

ဂီတလောကမှာ အချိန်ကာလ တစ်ခုတိုင် သီချင်းများ သီဆိုရင်း ဂီတနဲ့ ဘဝ တစ်သားတည်း ခရီး သွားနေခဲ့သူ အဆိုတော် ခင်ဘုဏ်းကို တင်ဇာမော်ရဲ့ Duet Tour 2013 ရှိုးပွဲမှာ တင်ဇာမော် နဲ့အတူ သီချင်းများ အားပါးတရ သီဆိုခဲ့တာ ကိုတွေ့ရပါတယ်။ ပရိသတ်နဲ့ အလှမ်းဝေး သလိုဖြစ်နေတဲ့ ခင်ဘုဏ်းကို အနုပညာ လှုပ်ရှားမှု အနေနဲ့ ဆက်လုပ်မယ့် အစီ အစဉ်များကို မေးကြည့်တော့ “ရှိုးတွေကတော့ ဆိုဖြစ်တယ်။ နယ်ရှိုးတွေရော အစုံပေါ့။ အဓိက ကတော့ အချိန်လေး နည်းနည်း ယူနေတာပါ။ ကိုယ့်ဘာသာ ကိုယ်လည်း မအားသေးလို့ပါ။ အခွေလုပ်တယ် ဆိုတာက အချိန်ရော၊ လူရော၊ စိတ်ရော အကုန်လုံးအားမှ လုပ်လို့ရ တာလေ။

အခု အိမ်မှာ အဘွား ကျန်းမာရေး ကလည်းရှိ နေတော့လေ။ အိမ်မှာက မိသားစုလည်း နည်းတော့ တစ်ယောက် တည်းပဲ လုပ်နေရတယ်။ သီချင်းကတော့ ဆက်ဆို သွားမှာပါ။ ခင်ဘုဏ်း အခုလုပ်နေတဲ့ အခွေမှာ သီချင်း ပုံဈံတ်ာတော် တော့ကွဲမယ်။ သီချင်း အမြန်ပုံ စံတွေ နည်းနည်း ပြောင်းလိုက်တယ်။ တဖြည်းဖြည်း တော့ ပုံစံကွဲ လာတာပေါ့။ ခေတ်ရေစီး ကြောင်းအရ ရော၊ အသက်အရွယ် အရရော အယူအဆတွေ ကွဲလာ တယ်”လို့ ပြောပါတယ်။ အခုအချိန်မှာ လူငယ်တွေ အနေနဲ့ ကိုယ်တိုင်ရေး Own Tune တွေလုပ် လာတဲ့ အပေါ် ကော်ပီသီချင်းဆိုရတာနဲ့ ဥတညွှကညန သီချင်းဆိုရတဲ့အပေါ်ကိုလည်း ခင်ဘုဏ်းက ”အဓိကကတော့ Own Tune ဆိုလည်း Own Tune အလျောက် တာဝန်ရှိတာပဲ။

ကော်ပီဆိုလည်း ကော်ပီ အလျောက် တာဝန်ရှိတာပဲ။ ခင်ဘုဏ်းတို့က နှစ်မျိုးစလုံးဆိုတဲ့သူတွေ ဆိုတော့လေ။ ပြီးခဲ့တဲ့အခွေဆို Own Tune တွေပဲတစ်ခွေလုံးလုပ်တယ်။ ဆိုတဲ့သူ တစ်ယောက် အနေနဲ့ သူ့နေရာနဲ့သူ တာဝန်ကြီးတာချည်းပဲ။ လျှော့တွက်လို့တော့ မရပါဘူး။ ဥပမာ- ‘မိုးပြေး’ လိုသီချင်းမျိုးဆိုရင် ခင်ဘုဏ်း ဂစ်တာတီးတတ်ကတည်းက ဆိုခဲ့တဲ့သီချင်း။ ကြီးကျယ်ခမ်းနားတဲ့ Arrangement တွေနဲ့တော့ မဟုတ်ဘူး။ ထိထိမိမိနဲ့ ရိုးရိုးသာသား မက်ဆေ့ခ်ျ လေးပေးဖို့ပါပဲ။ ခင်ဘုဏ်းအတွက်ကတော Own Tuneတွေ ဆိုရတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတယ်”လို့ ပြောပါတယ်။

ပြိုင်ပွဲမှာ ဆုရတဲ့သူတိုင်း အောင်မြင်တယ်လို့ ပြောလို့ မရပါဘူးဆိုတဲ့ စည်သူလွင်

ခုနောက်ပိုင်း အဆို ပြိုင်ပွဲ တော်တော် များများမှာ အတွေ့များ လာတာက သီချင်း သီဆိုမှု အပြင် ဖက်ရှင်နဲ့ ပါဖောမန့်ပိုင်း ပဲဖြစ်ပါတယ်။ အဲဒီလို ပါဖောမန့် ဦးစားပေး လာမှုအပေါ် လက်ရှိ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲက ဒိုင်တစ်ဦးဖြစ်သူ စည်သူလွင်နဲ့ တွေ့ဆုံခိုက် မေးတော့ “ပြိုင်ပွဲတွေလည်း အများကြီး ရှိတော့ ဒိုင်လုပ်တဲ့ အနုပညာ သမားတွေ လည်း အများကြီး ရှိပါတယ်။ ပြိုင်ပွဲ တစ်ခုနဲ့ တစ်ခုကတော့ သဘာဝချင်းတော့ မတူဘူးပေါ့။ တချို့က အဆိုချည်းပဲ သီးသန့် ပြိုင်တဲ့ပွဲမျိုး ရှိသလို တချို့ ကျတော့လည်း

ပရိသတ်ကို ဖျော်ဖြေမှု အနေနဲ့လည်း သက်ရောက်မယ် အဆို အနေနဲ့ လည်း ယှဉ်ပြိုင်တဲ့ ပွဲမျိုးတွေ ရှိတယ်။

ဥပမာ အိပ်မက် ဆုံရာ လိုပေါ့။ အဲဒီလိုမျိုး ကျတော့ ပရိသတ်ကို အင်တာတိန်းမန့် လုပ်တဲ့ သဘောလည်း ပါတယ်။ အဆိုပြိုင်ပွဲ သဘောလည်း ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က နှစ်ဖက်ကို မျှကြည့်ပေး ရတယ်။ သို့သော် အဆိုပြိုင်ပွဲ ဖြစ်တဲ့ အတွက် အဓိက အဆိုကိုပဲ ဦးစားပေးတယ်။ ပါဖောမန့် ဆိုတဲ့ နေရာမှာ အတင်း လုပ်ယူထားတာ မျိုးကို မကြိုက်ဘူး။ အဲဒီ အတွက် လည်း အမှတ် ထည့်ပေးမှာ မဟုတ်ဘူး။ တချို့ကျတော့ ထဲထဲဝင်ဝင် မသိဘဲ ဝေဖန်ကြတာ မျိုးတွေလည်း ရှိတာပေါ့။ တကယ် လက်တွေ့လုပ် နေတဲ့ သူတွေ အများကြီး ရှိပါတယ်။ အဲဒီ လူတွေက ပိုသိပါတယ်။

ကျွန်တော်တို့က အမှတ်ပေး စည်းမျဉ်းမှာ ပါဖောမန့်ကို ထည့်ထားတာ မှန်ပေမယ့် သီချင်း ဆိုတာ မကောင်းဘဲနဲ့ ပါဖောမန့် တစ်ခုပဲ ကောင်းနေလို့ လုံးဝ အမှတ်ပေးမှာ မဟုတ်ပါဘူး။ သီဆိုခြင်း အတတ်ပညာကိုပဲ အဓိကထားပြီး ဦးစားပေးပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်တဲ့ နေရာမှာ ပါဖောမန့်ကို လုံးဝ အဓိကထားပြီး ဆုံးဖြတ်တာ မဟုတ်ဘူး ဆိုတာ အားလုံးကို သိစေချင်ပါတယ်” လို့ စည်သူလွင်က အမှတ်ပေး ပုံစံတွေ နဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

ဆက်လက်ပြီး စည်သူလွင်က သူကိုယ်တိုင် ဒိုင်လုပ်နေရတဲ့ အိပ်မက်ဆုံရာ သီချင်း ဆိုပြိုင်ပွဲနဲ့ ပတ်သက်ပြီး လည်း “သူ့ရဲ့ သဘောတရားက ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်း တစ်ခုတည်း ကို ရွေးချယ် ယှဉ်ပြိုင်ရတာ မဟုတ်ဘူး။ မြူးဇစ် ပုံသဏ္ဌာန် မျိုးစုံ ကို ယှဉ်ပြိုင် ရတယ်။ အဆိုပြိုင်ပွဲ ဆိုတာမျိုးထက် သူတို့ ရဲ့ အရည်အချင်း ဘယ်လောက် ရှိလဲ ဆိုတာကို စမ်းသပ်တဲ့ပွဲ လို့ပဲမြင်ပါတယ်။ မြူးဇစ် စတိုင် တစ်ခု အပြောင်း အလဲမှာ သူတို့က ဘယ်လောက်ထိ လိုက်ပါစီး မျောနိုင်သလဲ ဆိုတဲ့ စွမ်းရည် အပေါ်မှာ ရွေးတာပါ” လို့ ဆက်ပြောပါတယ်။

အဆိုပြိုင်ပွဲတွေ များလာပေမယ့်လည်း ဂီတလောက မှာတော့ တကယ့်ကို ထင်ရှားလာကြတဲ့ သူတွေ ကတော့ လက်ချိုးရေ လို့ရနေပါတယ်။ အဲဒီ အပေါ်မှာ စည်သူလွင် က “အဆို ပြိုင်ပွဲမှာ ဆုရတဲ့ သူတိုင်း အောင်မြင် တယ်လို့ ပြောလို့မရပါဘူး။ ဥပမာ ကျွန်တော်တို့ ဆီမှာ Season တစ်ခု တစ်ခုမှာ လူ ၁ဝယောက် ရှိတယ် ဆိုပါစို့။ ၁ဝယောက် ထဲကနေ အကောင်းဆုံး တစ်ယောက်ကို ရွေးပေး လိုက်တာ။ အားလုံးထဲမှာ အကောင်းဆုံး လို့တော့ ပြောလို့မရဘူး။ အဲဒါ တစ်ခုရှိသလို ပြိုင်ပွဲမှာ သူတို့ ယှဉ်ပြိုင် လိုက်ရတဲ့ သီချင်း အပုဒ်ရေက ၁၅ပုဒ် ၊ အပုဒ် ၂ဝ ဝန်းကျင်ပဲ ရှိပါတယ်။ ပြီးတော့ သူများ ဖန်တီးပြီးသား သီချင်းတွေကို ဂိုက်လိုင်း ရှိပြီးသားနဲ့ ယှဉ်ပြိုင် ရတာဖြစ် တယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ ဖန်တီးမှု ဆိုတာကို ခုချိန်မှာ မမြင်တွေ့ရသေးဘူး။ ကိုယ်တိုင် ဖန်တီးတဲ့ အခါ ဘယ်လောက်ထိ သူတို့ အရည် အချင်းရှိလဲ။ အဲဒီအပေါ်မှာ မူတည်တယ်။ ပညာဝမ်းစာ ဘယ်လောက် ပြည့်ဝသလဲ အပေါ်မှာ မူတည်တယ်။ ပြီးတော့ အောင်မြင်တဲ့ အနုပညာသမား တစ်ယောက် ဖြစ်လာ ဖို့ ကံတွေ စန်းတွေက လည်း ရှိသေးတယ်။ ပြီးတော့ ပံ့ပိုးမှုတွေနဲ့လည်းဆိုင် တယ်” လို့ စည်သူလွင်က ပြောပြခဲ့ပါတယ်။

စည်သူလွင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကိုတော့ ၂ဝ၁၂ နိုဝင်ဘာလထဲမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် နေရာ အခက်အခဲကြောင့် ၂ဝ၁၃ ခုနှစ်ထဲမှာမှ ပြုလုပ်ဖြစ်တော့ မယ်လို့ သိရပါတယ်။

လေဒီဂါဂါသည် Telephone ကို ဘရစ်တနီအတွက် ရေးခဲ့

ဘရစ်တနီးစပီးယား ဆိုဖို့ဆိုပြီး လေဒီဂါဂါတစ်ယောက် Telephone အမည်ရ သီချင်းကို ရေးစပ်ပေးခဲ့ပါတယ်။ ဒီမိုဗားရှင်းလည်း အသံသွင်းပြီး တကယ်ခွေထုတ်တဲ့အခါကျ ပါမလာပါဘူး။ ဘရစ်တနီးစပီးယားအနေနဲ့ ယင်းသီအချင်းဟာ အယ်လ်ဘမ်တွင် ထည့် မသုံးခဲ့ခြင်းအပေါ် လေဒီဂါဂါအနေနဲ့ ဘာ Comment မှမပေးပဲ သူနဲ့ ဘီယွန်ဆေးနဲ့ ပေါင်းလို့ ဆိုလိုက်ပါတယ်။ The Fame Monster အယ်ဘမ်ခေါင်းစဉ်အောက်ကနေ ၂၀၁၀ ခုနှစ် က ဖြန့်ချိခဲ့ပြီး ဂရမ်မီဆုစာရင်းဝင်ရလောက်အောင်ကို တစ်ဟုန် ထိုး အောင်မြင်ခဲ့ပါတယ်။ အဲ့လိုအောင်မြင်တုန်းက လေဒီဂါဂါပဲ ဆိုတယ်လို့ သိထားခဲ့ကြတာပါ။

၂၀၁၀ ခုနှစ် မေလမှာပဲ ဘရစ်တနီးယား ဆိုတဲ့ ဒီမိုဗားရှင်း Youtube မှာ ပြန့်သွားမှပဲ အမှန်ကို သိသွားပါတယ်။ "ဒီသီချင်းကို သူမအတွက် ရေးဖြစ်ခဲ့တာပါ။ သူ့အယ်လ်ဘမ်မှာ မသုံးဘူး ဆိုတော့ ဘီယွန်းနဲ့ ဆိုဖြစ်ခဲ့ပါတယ်" လို့ အင်တာဗျူး တစ်ခုမှာ လေဒီဂါဂါ တစ်ယောက် ဖြေကြားခဲ့ပါတယ်။

စိတ်ဓာတ်ကောင်းကောင်းနဲ့ အောင်မြင်အောင် လုပ်ဖို့လိုတယ် မေသန်းနု

ဈေးကွက်အရ နယ်တွေမှာ အားနည်းလာတဲ့ အပေါ်မှာ လည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုတာကြောင့် ”အခု အချိန်က ပြောင်းလဲမှု ကာလဆိုတော့ အခြေအ နေသိပ် မကောင်းဘူး။ နောင်နှစ်တွေ ဆိုရင်တော့ ပို ကောင်းလာနိုင်တယ်။ အခုမှ အားစယူနေတော့ အား လုံးက အစကနေ ပြန်လုပ်နေရတဲ့ သဘောဖြစ် နေ တယ်။ တချို့စူပါ တွေကတော့ ရိုက်နေကြရတာ နား တောင် မနားရဘူး။ ဈေးကွက်အရ အလယ်အလတ်နဲ့ အောက်က ဈေးကွက် သမားတွေ ကျတော့ နည်းနည်း အားနည်းသွားတာပေါ့။

လူကြမ်းတော်တော် များများဆိုလည်း ဖိုက်တင်ကား ရိုက်ကြတာလေ။ ဖိုက် တင်ကား ထုတ်လုပ်တဲ့ သူတွေက နယ်ကို အားပြုပြီး ရောင်း ရတာလေ။ နယ်အဝယ်တွေ တက်မလာရင် သူတို့လည်း ထုတ်လုပ်ရေး ပိုင်းနစ်နာတော့ ရိုက်တဲ့ ဇာတ်ပို့၊ ဇာတ်ရံတွေလည်း နစ်နာတာပေါ့။ ဒီလောက မှာရှိတဲ့သူတော်တော်များများလည်း သိပြီးသားဆို တော့ လုပ်ဖို့ပဲလိုပါတယ်။တော်တော့ကိုရုန်း ကန်ပြီး အခြေအနေ တစ်ခုအပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ကြရတာလေ။

အခြေအနေမကောင်းတဲ့အချိန်မှာ မဆင့်တို့ ကြိုး စားခဲ့တာလည်း အောင်မြင်ခဲ့တာပဲလေ။ အဲဒါကြောင့် အခြေအနေကောင်းတဲ့ အချိန်မှာအားလုံးက စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် စိတ်ဓာတ်ကောင်းကောင်းနဲ့ တကယ်လုပ်ဖို့လိုတာပါ” လို့ မေသန်းနုကပြောပြပါတယ်။ ”စီးပွားရေးအနေနဲ့ နှစ်ခုလုပ်ဖို့စဉ်းစား ထားတယ်။အဓိက က အနုပညာနဲ့ ဆက်နွှယ်တာမျိုးကိုပဲ လုပ်ဖြစ်မှာပါ။ နောက်လလောက်စလုပ်ဖြစ်ဖို့တော့ စဉ်းစားထားတယ်”လို့ပြောတဲ့မေသန်းနုက လတ်တလောမှာတော့’တန်ခူးရင် ခွင်’ဆိုတဲ့ သင်္ကြန်ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ ”အရင်လွန်ခဲ့တဲ့၂၇နှစ်ကိုပြန်သတိရတယ်။ ‘သင်္ကြန်မိုး’ ရိုက်ခဲ့တုန်းကနှစ်တွေ ကကြာပြီဆိုတော့ခံစားမှု၊ တည်ငြိမ်မှု တွေ ကွာခြားသွားတာပေါ့။ မဆင့်သင်္ကြန်ဇာတ်ကား မရိုက်ဖြစ်တာ နှစ်တော်တော်ကြာပြီ။ သင်္ကြန်ကားဆို စိတ်ဝင်စားတယ်”လို့ ပြောပြခဲ့ပါတယ်။

ကိုယ်ဝန် အဆိပ်တက်တဲ့ ရောဂါ

မိခင်နဲ့ ကလေးများ သေဆုံးမှုကျဆင်းရေးဟာ မြန်မာနိုင်ငံမှာ အဓိကဦးစားပေး လုပ်ကိုင်ဆောင်ရွက်ရမယ့် ကျန်းမာရေးလုပ်ငန်း ဖြစ်နေချိန်မှာ၊ ကိုယ်ဝန်ဆောင် မိခင်များ သေဆုံးမှုရဲ့အဓိက အကြောင်းရင်း တခုကတော့ ကိုယ်ဝန် အဆိပ်တက်တာကြောင့်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေး ပြောဆိုနေကြပါတယ်။

ကိုယ်ဝန် အဆိပ်တက်တာကြောင့် မိခင်များ အသက်ဆုံးရှုံးရတဲ့ အခြေအနေ မြန်မာနိုင်ငံမှာ ဘယ်လို ရှိနေပါသလဲ။ ဒီရောဂါဖြစ်နေတာကို နောက်ကျပြီးမှ သိရှိပြီး အသက်ဆုံးရှုံးတာမျိုး မဖြစ်ရအောင် ကိုယ်ဝန်ဆောင်နေချိန်ကာလမှာ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့နဲ့ ရောဂါလက္ခဏာတွေ၊ ရောဂါဖြစ်ပွားနိုင်တယ့် အန္တရာယ်ရှိတယ့် ကိုယ်ဝန်ဆောင်မိခင် အမျိုးအစားတွေအကြောင်းတွေကို သိရှိနားလည်ဖို့ အရေးကြီးပါတယ်။

ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ မြန်မာနိုင်ငံ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင် နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ကိုယ်ဝန်ဆောင်မိခင် ထိခိုက်ဒဏ်ရာရရှိခြင်း

မိခင်နဲ့ကလေး သေဆုံးမှုတွေ ပပျောက်ကျဆင်းရေးဟာ မြန်မာနိုင်ငံမှာ အဓိကဦးစားပေး လုပ်ကိုင်ရမယ့် ကျန်းမာရေးဆိုင်ရာလုပ်ငန်း ဖြစ်နေချိန်မှာ၊ မိခင်များ သေဆုံးရခြင်း အဓိက အကြောင်းရင်း တစ်ခုကတော့ ကိုယ်ဝန်ဆောင်မိခင်များ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေတာကြောင့်လို့ ကျန်းမာရေး ပညာရှင်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။
အခုလို ကိုယ်ဝန်ဆောင်မိခင်များ ထိခိုက်ဒဏ်ရာရရှိမှုတွေကြောင့် အသက်ဆုံးရှုံးမှု အခြေ အနေတွေ မြန်မာနိုင်ငံ မှာ ဘယ်လိုရှိနေပါသလဲ။ အခုလို အသက်ဆုံးရှုံးမှုတွေ မဖြစ်ရလေအောင် (ကျန်းမာရေးအရ) အသက်အန္တရာယ်ရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ သားဆက်ခြား မွေးဖွားဖို့နဲ့ ကိုယ်ဝန်ရှိလာခဲ့ရင်လည်း ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးပြီး၊ ဆေးရုံ မှာမွေးဖွားဖို့ အလွန်အရေးကြီးပါတယ်။
ဒီအကြောင်းအရာဆိုင်ရာ အသေးစိတ်သိရှိနိုင်ဖို့ မြန်မာနိုင်ငံ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင် ကို ဆက်သွယ်မေးမြန်းပြီး ကိုဝင်းမင်းက ဒီတပတ်ကျန်းမာရေးကဏ္ဍမှာ တင်ပြထားပါတယ်။

AFC Cup တွင် အုပ်စုအဆင့်မှ နောက်တစ်ဆင့်တက်ရောက်လိုဟု ကီလန်တန်နည်းပြ ဘိုဂျန် ဆို

မလေးရှား စူပါလိဂ်ကလပ် ကီလန်တန်အသင်းသည် 2013 AFC Cup တွင် အုပ်စုအဆင့်မှ နောက်တစ်ဆင့် သို့ တက်ရောက်ရန် မျှော်မှန်းထားကြောင်း ဧရာဝတီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ဖွင့်ဟသွားခဲ့ သည်။
ကီလန်တန်အသင်းသည် 2013 AFC Cup အုပ်စု(G) အုပ်စုအဖွင့်ပွဲစဉ်တွင် အိမ်ကွင်း၌ မော်လ်ဒိုက်ကလပ် မဇီရာအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သည့် အသင်းဖြစ်သည်။ ကီလန်တန်အသင်းနည်းပြ ဘိုဂျန်က “ မဇီရာနဲ့ပွဲမှာ အပိုင်အခွင့်အရေး ၁၅ လုံး လောက်ရခဲ့ပါတယ်။ မဇီရာအသင်းက အခွင့်အရေး နှစ်ခါပဲ ရခဲ့တာပါ။ ၁၅ လုံးလောက် အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဂိုးတိုင်ထိတာတွေ၊ ဘေးချော် ထွက်တာတွေ ပဲ ဖြစ်ခဲ့ပါတယ်။ အသင်းက မနှစ်က အသင်းနဲ့ မတူပါဘူး။ ဒီနှစ်မှာ နည်းပြရော၊ ကစားသမား ခြောက်ယောက်လောက် အပြောင်းအလဲ လုပ်ထားတာပါ။ ကျွန်တော်တို့လိုပဲ ဧရာဝတီအသင်း ကလည်း နည်းပြနဲ့ နိုင်ငံခြားကစားသမားတွေ အပြောင်းအလဲလုပ်ထားတယ်လို့ သိရပါတယ်။ မနက်ဖြန်ကစားမယ့် ဧရာဝတီနဲ့ပွဲက ခက်ခဲပြီး ပွဲကောင်းတစ်ပွဲဖြစ်မှာပါ”ဟု ပြောကြားခဲ့သည်။
ကီလန်တန်အသင်းသည် 2013 AFC Cup အုပ်စု(G) အုပ်စုဒုတိယပွဲစဉ်အဖြစ် ဧရာဝတီယူနိုက်တက် အသင်းနှင့် မတ် ၁၃ ရက်တွင် သုဝဏ္ဏကွင်း၌ ကစားရမည်ဖြစ်သည်။ ဆက်လက်၍ ဘိုဂျန်က “ အုပ်စုထဲမှာ ဗီယက်နမ်ကလပ် ဒါနန်အသင်းက အတောင့်တင်းဆုံးအသင်းလို့ ထင်ပါတယ်။ ကီလန်တန်အသင်းနဲ့ ဒါနန်အသင်းတို့ပဲ နောက်တစ်ဆင့် တက်ရောက်နိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။ ကီလန်တန် အသင်းတွင် နိုင်ဂျီရီးယားကစားသမား နှစ်ဦး၊ ခရိုအေရှားတစ်ဦး၊ ဂျပန် ကစားသမားတစ်ဦးတို့ ပါဝင်သည်။