ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

15.9.14

လူတိုင်း အလွယ်တကူ လုပ်နိုင်သော နာကျင်ကိုက်ခဲ ကာကွယ်နည်းလေးများ


သန်မာတိုင်း ကိုယ်လက်နာကျင် သက်သာရာရသည် မဟုတ်။ နေတတ်မှ ကိုယ်လက် နာကျင်သက်သာရာ ရသည်။ နာတာကျင်တာ သက်သာ ရာရစေမည့် လက်တွေ့ ကျပြီး ထိရောက်သော နည်းလေးများကို အကြံပြု တင်ပြ ပါမည်။ ထူးထူး ထွေထွေ ထိခိုက်မိခြင်း မရှိပါဘဲ အလိုလိုနေရင်း မကြာ မကြာ ကိုယ်လက်နာတတ်သူများ အတွက်များစွာ အသုံးတည့်မည် ဖြစ်သည်။

များများလေး ရယ်။

ရယ်မောခြင်းသည် ကိုယ်လက် ကိုက်ခဲနာကျင်မှု အတွက် တိုက်ရိုက် သောက်ဆေးတော့ မဟုတ်။ သို့သော်ဆေးနှင့် အလားတူ အကျိုးကား ရှိသည်။ စိတ်ဖိစီးမှုကို ကျစေသည်။ ကယ်လိုရီ လောင်ကျွမ်းအား ကောင်းစေသည်။ စိတ်ပျိုသဖြင့် ကိုယ်နုစေသည်။ ရယ်မောခြင်းကြောင့် စိတ်ပျော်ရာမှ တစ်ဆင့် ဦးနှောက်က အန်ဒိုဖင်းဓာတ် ထွက်သည်။ အန်ဒိုဖင်းသည် ကိုယ်လက်နာကျင် ကိုက်ခဲမှုကို သက်သာစေသော လူ့သဘာဝ ပစ္စည်းလည်း ဖြစ်သည်။

ဆေးလိပ်တော့ဖြတ်။

လူတိုင်း ကျောအောင့်ခါးနာ ဖြစ်တတ်ကြသည်။ သို့သော် ဆေးလိပ် သောက်သူများက ပိုဖြစ်တတ်သည်ဟု လေ့လာမှု စစ်တမ်းများက ထောက်ပြ နေသည်။ ဆေးလိပ်သောက်ခြင်းသည် အရိုးအဆစ်များ အကြားက အခုအခံ ချပ်ပြားလေးများကို ပျက်စီးစေသလို အရိုးအဆစ်များ ကြားက အဆီဓာတ်ကို လည်းခန်းခြောက်စေ သဖြင့် ဆေးလိပ် သောက်သူများသည် မသောက်သူများထက် ကိုယ်လက် နာကျင်ကိုက်ခဲမှု ပိုဖြစ်တတ်သည်။



စိတ်ဖိစီးမှုကို ခပ်လှမ်းလှမ်းမှာ ထား။

စိတ်ဖိစီးသည့်အခါ ခန္ဓာကိုယ်က ဘာလုပ်သနည်း၊ နှလုံး တဒုတ်ဒုတ်ခုန် လာသည်၊ အသက်ရှူ မြန်လာသည်။ ကြွက်သားတွေ တောင့်တင်း လာသည်။ တစ်ခုခုနဲ့ ထိခိုက်မိလို့ ခန္ဓာကိုယ်က တုံ့ပြန်ပုံနှင့် တစ်ထပ်တည်းဖြစ်သည်။ ဒါဆို စိတ်ဖိစီးမှုသည် လူကို တစ်ကယ် ဒဏ်ရာရစေခြင်းနှင့် ထပ်တူ ဖြစ်နေသည်။ သို့ဖြစ်ရာ စိတ်ဖိစီးမှုကို ခပ်လှမ်းလှမ်းမှာ ထားနိုင်ဖို့ လိုသည်။ စိတ်ဖိစီးသည့် အခါ သွေးထဲမှာ ကော်တီဇုန်းဟော်မုန်း တိုးလာသည်။ ကော်တီဇုန်းသည် နာကျင်မှုကို ပိုဆိုးဝါး စေသည်။ စိတ်ဖိစီးမှု တိုက်ဖျက်ရေး နည်းလမ်းများစွာ ရှိသည်။ တရားထိုင်ခြင်း၊ စာဖတ်ခြင်း၊ လမ်းလျှောက် ထွက်ခြင်း၊ တစ်ရေးအိပ်ခြင်း စသည် တို့သည် လူတိုင်း အလွယ်တကူ ကျင့်သုံးနိုင်သော စိတ်ဖိစီးမှု လျှော့ချရေး နည်းလမ်းကောင်းများ ဖြစ်သည်။ မည်သည့်နည်းကိုပဲ အသုံးပြုသည် ဖြစ်စေ အဓိကမှာ စိတ်ဖိစီးမှု လျော့ပါးအောင် ဆောင်ရွက်ရေး ဖြစ်သည်။

အိပ်ရေးဝအောင်တော့အိပ်။

အိပ်စက်ခြင်းသည် မှတ်ဉာဏ်ကို ပိုကောင်းစေသည်၊ လူကို ပိုသွက်လက်ထက် မြက်စေသည်၊ ကျစ်လျစ်သွယ်လျအောင် အားပေးနိုင်သည်ဟု သုတေသနများက အတည်ပြုထားပြီး ဖြစ်သည်။ အိပ်စက်ခြင်း ကနောက်ထပ် အကျိုးပြုသည့် တစ်ချက်မှာ နာကျင်မှုကို သက်သာစေခြင်း ဖြစ်သည်။ လေ့လာ သုတေသနတစ်ခုတွင် ပါဝင်သူ တစ်စု ကိုနောက်တစ်စု ထက် နှစ်နာရီ ပိုအိပ်ခိုင်းသည်။ ထိုနှစ်စုကို အပူပစ္စည်းတစ်ခုကို လက်နဲ့ ဆုပ်ကိုင်ခိုင်းရာ အိပ်ရေးပိုဝသော အစုမှလူများသည် ကျန်အစုမှ လူများထက် အချိန် (၂၅) ရာခိုင်နှုန်း ပိုကြာကြာ ဆုပ်ကိုင်နိုင်ကြကြောင်း တွေ့ခဲ့ရသည်။

ချစ်ရသူတစ်ယောက် ရှိပါစေ။

ချစ်ရသူတစ်ယောက် ရှိခြင်းသည် ခန္ဓာကိုယ် ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် စိတ်ဖိစီးမှုကို သက်သာစေသည်၊ ခန္ဓာကိုယ် ခုခံအားစနစ် ကို တက်စေသည်၊ လူသား၏ လိုအင်တစ်ခု ဖြစ်သော လိင်စိတ်ကို ထိန်းညှိပေးနိုင်သည်။ ထို့အပြင် ကိုယ်လက်နာကျင် ကိုက်ခဲမှုကိုလည်း သက်သာစေ သည်။ ၂၀၁၁ ခုနှစ်က ပြုလုပ်ထားသော လေ့လာမှု စစ်တမ်းတစ်ရပ်တွင် အမျိုးသမီး (၁၇) ဦး ပါဝင်ပြီး နှစ်လိုစွာ ချစ်ရသူရှိခြင်းနှင့် ကိုယ် လက်ကိုက်ခဲ နာကျင်မှု သက်သာခြင်းကြား ဆက်စပ်ချက်ကို လေ့လာထားသည်။ အမျိုးသမီးများကို နှစ်စု ခွဲသည်။ တစ်စုကို ကိုယ်လက်နာကျင် ကိုက်ခဲသည့် အချိန် များတွင် ချစ်သူ အမျိုးသား၏ ဓာတ်ပုံများ ပေးကြည့်သည်။ နောက်တစ်စုကို ပေးမကြည့်။ ထိုအခါ နာကျင်နှုန်းချင်းတူ လျှင်ပင် ချစ်သူ အမျိုးသား၏ ဓာတ်ပုံများ ကြည့်ခွင့်ရသော အမျိုးသမီးများသည် စိတ်ခွန်အားရရှိ ခြင်းကြောင့် နာကျင်မှု ဒဏ် ပိုခံနိုင်ရည် ရှိကြကြောင်း တွေ့ရသည်။ ဖြစ်စဉ်တွင် ဦးနှောက်၏ တုံ့ပြန်ပုံ ကိုပါ ထည့်သွင်း လေ့လာထားသည်။ ချစ်ရသူ၏ ဓာတ်ပုံများကို ကြည့်သည့် အခါ ဦးနှောက်အတွင်း လုံခြုံမှုကို ခံစားရသော နေရာ သည် တက်ကြွ လှုပ်ရှားလာသည်ကိုလည်း တွေ့ခဲ့ရသည်။ နောက်ထပ် တွေ့ရှိ ချက်ကား ချစ်သူနှင့် နှစ်ကြာကြာ ခိုင်မြဲစွာ လက်တွဲနိုင်လေ ချစ်သူ၏ ဓာတ်ပုံကို မြင်ရသည့် အခါလုံခြုံမှုကို ခံစားရသော နေရာသည် လှုပ်ရှား တက်ကြွမှု ပိုအားကောင်းလာကြောင်းလည်း သိရသည်။

Messenger News Journal

အကြောင်းပြချက်မရှိဘဲ နိုင်ငံမှထွက်ခွာသောအရာရှိများကို လိုက်ဘေးရီးယားအစိုးရက ရာထူးမှထုတ်ပယ် ရဲမင်းကြီးနှစ်ဦးနှင့်ဒုဝန်ကြီးရှစ်ဦးထုတ်ပယ်ခံရ


လိုက်ဘေးရီးယားနိုင်ငံမှအဆင့် မြင့် အရာရှိ ၁ဝ ဦးကိုအကြောင်း ပြချက်မပေးဘဲ ပြည်ပခရီးထွက် ခွာခြင်းကြောင့် လိုက်ဘေးရီးယား သမ္မတ အယ်လင်ဂျွန်ဆင်က ရာထူးမှထုတ်ပယ်လိုက်ကြောင်း ဘီဘီစီသတင်းဌာနတွင် ဖော်ပြ ထားသည်။ လိုက်ဘေးရီးယား၌ အီဘိုလာရောဂါပြင်းထန်စွာ တိုက် ခိုက်ခံနေရပြီး နိုင်ငံရေးတည်ငြိမ်မှု ကိုပင် ထိခိုက်လာနိုင်ကြောင်း လိုက်ဘေးရီးယား ကာကွယ်ရေး ဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ် အတွင်း ကြေညာခဲ့ပြီး အဆိုပါ အဆင့်မြင့်အရာရှိ ၁ဝ ဦး ပြည်ပ ခရီးထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
ခရီးထွက်ခွာသွားသည့်အရာရှိ များမှာ ရဲမင်းကြီးနှစ်ဦးနှင့် ဒုတိယ ဝန်ကြီးရှစ်ဦးတို့ဖြစ်သည်။ ၄င်းတို့ ၁ဝဦးကို လိုက်ဘေးရီးယားသို့ပြန် လာရန် သီတင်းတစ်ပတ်အချိန်ပေး ထားကြောင်းသိရသည်။ အာဖရိက အနောက်ပိုင်းနိုင်ငံများတွင် အီဘို လာရောဂါ ပြင်းထန်စွာကူးစက်ပြန့် ပွားနေပြီး သေဆုံးသူစုစုပေါင်း ၂၄ဝဝကျော်ခဲ့ပြီဖြစ်ကြောင်း သိရ သည်။

The Union Daily

ဗြိတိသျှ လူမှုကူညီရေး လုပ်သားကို ခေါင်းဖြတ်သည့် လုပ်ရပ်မှာ မိစ္ဆာလုပ်ရပ် စစ်စစ်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြောကြား


ဗြိတိသျှ လူမှုကူညီရေး ဝန်ထမ်းတစ်ဦး ဖြစ်သည့် ဒေးဗစ်ဟိန်းစ်ကို ခေါင်းဖြတ်သတ်ခဲ့သည့် အစ္စလာမ္မစ် အစွန်းရောက် လက်နက်ကိုင်အဖွဲ့ IS ၏ လုပ်ရပ်မှာ မိစ္ဆာလုပ်ရပ် စစ်စစ် ဖြစ်သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားလိုက်သည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။

ဒေးဗစ်ဟိန်းစ်ကို IS အဖွဲ့သားတစ်ဦးက ခေါင်းဖြတ်ကွပ်မျက်နေသည့် ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးသည့် နောက်တွင် ဒေးဗစ်ကင်မရွန်းက ယခုကဲ့သို့ ပြစ်တင်ရှုတ်ချလိုက်ခြင်း ဖြစ်သည်။

စနေနေ့ နှောင်းပိုင်းက ထွက်ပေါ်ခဲ့သော အဆိုပါ ဗီဒီယိုဖိုင်ထဲတွင် ဒေးဗစ်ဟိန်းစ်ကို ခေါင်းဖြတ်သတ်သူမှာ ယခင် အမေရိကန် သတင်းထောက်နှစ်ဦးကို ခေါင်းဖြတ်သတ်ပြခဲ့သည့် အဖွဲ့သားဟုပင် ယူဆရပြီး နောက်ထပ် ဗြိတိသျှ ဓားစာခံတစ်ဦးကို ခေါင်းဖြတ်သတ်ဦးမည်ဟုလည်း ယင်း IS အဖွဲ့သားက ခြိမ်းခြောက်ထားသည်။

အသက် ၄၄ နှစ်အရွယ်ရှိ လူမှုကူညီရေးဝန်ထမ်း ဒေးဗစ်ဟိန်းစ်သည် ဆီးရီးယားနိုင်ငံတွင် ၂၀၁၃ ခုနှစ် အတွင်းက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုပြီး ဒေးဗစ်ဟိန်းစ်ကို သတ်ဖြတ်သူများကို ရှာဖွေဖော်ထုတ်သွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ်က ကတိပေး ပြောကြားထားသည်။

“ဒါဟာ မိစ္ဆာလုပ်ရပ် စစ်စစ်တစ်ခုပါ။ ဒီတုန်လှုပ်စရာ အဖြစ်ဆိုးကြီးကို သတ္တိရှိရှိနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တဲ့ မစ္စတာဟိန်းစ်ရဲ့ မိသားစုနဲ့ထပ်တူ ကျွန်တော်လည်း ခံစားရပါတယ်” ဟု ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားခဲ့သည်။

“ဒီလူသတ်သမားတွေကို ရှာဖွေပြီး တရားသော နည်းအားဖြင့် စီရင်နိုင်ဖို့ ကျွန်တော်တို့မှာ ရှိသမျှ အစွမ်းတွေကို အသုံးချသွားမှာပါ” ဟုလည်း ၎င်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မစ္စတာဟိန်းစ်ကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုဖိုင်ကို အတည်ပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ထိုဗီဒီယိုဖိုင်ထဲတွင် မစ္စတာဟိန်းစ်ကို မျက်နှာဖုံးစွပ် လက်နက်ကိုင်တစ်ဦး၏ ဘေးတွင် ဒူးထောက်လျက်သား အနေအထားဖြင့် “ကျွန်တော့်နာမည် ဒေးဗစ်ကတ်သရုန်း ဟိန်းစ်ပါ။ ကျွန်တော် အခုလို သတ်ဖြတ်ခံရတာဟာ ဒေးဗစ်ကင်မရွန်းမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ကြေညာချင်ပါတယ်” ဟု ပြောကြားနေသည်ကို တွေ့ရသည်။

The Voice Weekly

“ကျနော်တို့ နိုင်ငံသားတွေကို ထပ်ပြီး အနိုင်ကျင့်ရင်တော့ လုပ်ဦးမှာပဲ”


ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှ  မြန်မာနိုင်ငံ မြဝတီမြို့ကတဆင့် တင်သွင်းလာတဲ့ မော်တော်ဆိုင် ကယ် အပါအဝင် တခြား ကုန်ပစ္စည်းတွေအပြည့်တင်ဆောင်လာတဲ့ ကုန်တင်ကားကြီး အစီး သုံးဆယ်ကို မြဝတီအခြေစိုက် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ဗိုလ်မှူးကြီး တိုက်ဂါးဦးဆောင်တဲ့ အဖွဲ့က ပြီးခဲ့တဲ့ စနေနေ့က  ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဗိုလ်မှူးကြီး တိုက်ဂါး ကတော့ တရားဝင်လက်မှတ်တွေ ကိုင်ဆောင်ပြီး၊ ထိုင်းနိုင်ငံဘက်အခြမ်းမှာ သွား ရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတွေက နည်းမျိုးစုံနဲ့ ငွေညှစ်မှုတွေကို နောက်မလုပ်စေလိုတဲ့ အပြင်၊ ဒီကိစ္စတွေကို လျစ်လျူရှုနေတဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သိအောင် သတိပေးလိုက်တာဖြစ် တယ်လို့ဆိုပါတယ်။

ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကုန်ကား အစီးသုံးဆယ်ကို မြဝတီမြို့ခံအာဏာပိုင်တွေလာရောက် ညှိနှိုင်းအပြီး အဲဒီနေ့မှာပဲ ပြန်လွှတ်ပေးလိုက်ပေမယ့်၊ ဒီအဖြစ်အပျက်ဟာ နှစ်နိုင်ငံ နယ်စပ်မြို့အာဏာပိုင်တွေအကြား ရိုက်ခတ်မှုတွေရှိခဲ့တာကြောင့် တွေ့ဆုံဖြေရှင်းရမယ့် အခြေအနေတွေဖြစ်လာခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံကို တရားဝင်လက်မှတ်တွေနဲ့ ကူးသန်း နေကြတဲ့ မြန်မာနိုင်ငံသားတွေ လုံခြုံရေးအတွက် နှစ်နိုင်ငံ နယ်စပ်မြို့ အာဏာပိုင်တွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးဖို့ ကမ်းလှမ်းထားတဲ့ ဗိုလ်မှူးကြီး တိုက်ဂါးကို ဧရာဝတီသတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။     ။ ထိုင်းက ကုန်ကား အစီးသုံးဆယ်ကို ခေတ္တထိန်းသိမ်းလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နောက် ဆုံး အခြေအနေကို သိပါရစေ။

ဖြေ။     ။  အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အခု ဒီမြဝတီ အရှေ့တိုင်းရုံးမှာ မြဝတီ အခြေစိုက် အစိုးရစစ်တပ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ လဝက၊ DKBA၊ KNU၊ BGF၊ KNU/KNLA-PC တပ်တွေအစည်းအဝေးထိုင်နေပါတယ်။

မေး။     ။ ထိုင်းဘက်ကလာတဲ့ ကုန်ကား အစီးသုံးဆယ်ကို ထိန်းသိမ်းဖို့ ဘယ်လိုကနေလုပ်ဖြစ် သွားတာလဲ။

ဖြေ။     ။ ကုန်ကားတွေကို အကုန်လုံးပြန်လွှတ်ပေးလိုက်ပါပြီ။ ကျနော့်အနေနဲ့ကတော့ တနိုင်ငံနဲ့ တနိုင်ငံ ဘာမှ မဖြစ်စေချင်ဘူး။ လုပ်လည်း မလုပ်ချင်ပါဘူး။ အခုဟာက ကျနော်တို့ နိုင်ငံ၊ ကျနော်တို့ ပြည်သူ လူထုကို မလေးစားလို့ ကျနော်တို့လည်း သူတို့ကို လေးစားစရာမလိုဘူး။ ကျနော်တို့ မြန်မာနိုင်ငံ သားတွေက တိရစ္ဆာန်မှ မဟုတ်ဘဲဟာ။ ကျနော်တို့လည်း လူပဲ။ သူတို့လည်းလူပဲ။ ကျနော်တို့နိုင်ငံသားတွေ သူတို့ဆီသွား ရင် မြန်မာတွေ အကျင့်မကောင်းဘူး သူတို့ပြောတယ်။ စကားပြောတာကအစ တော်တော်နှိမ်တာပဲ။ အဲဒါကို ကျနော်တို့အစိုးရက လူကြီးတွေက ထိုင်ပြီးကြည့်နေတာပဲ။ သူတို့ကြည့်နေသလို ကျနော်တို့ ကြည့်မနေနိုင် ဘူး။

ထိုင်းဘက်ကမ်းမှာ သွားအလုပ်လုပ်တဲ့လူတွေဆိုရင် တရက်ကို ဘတ်၂၀၀ လောက်ရတယ်။ အပြန် ရဲ ဖမ်း ရင် တပြားမှ ပြန်ပါမလာဘူး။ အဲဒါတွေကို မခံနိုင်လို့ မကျေနပ်လို့ ကျနော်ကိုယ်တိုင် ဦးစီးပြီးလုပ်တာ။
ဒါတွေက အစိုးရက ဦးစီးပြီးလုပ်ရမှာ သူတို့ မလုပ်လို့ ကျနော်တို့က လုပ်တာ။ ဦးသိန်းစိန် အစိုးရက ဘာမှမ လုပ်ဘူး။ ဒီနယ်စပ်မှာရှိနေတဲ့ ဗျူဟာမှူး၊ စစ်တပ်နဲ့ အစိုးရ ဌာနဆိုင်ရာတွေလည်း ဘာမှမလုပ်ဘူး။ ကျနော်တို့ နိုင်ငံသားတွေက ခံနေရတာပဲ။

မေး။     ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေနဲ့လည်း တယ်လီဖုန်းနဲ့ အဆက်အသွယ်ရတယ် လို့သိရတယ်၊ သူတို့ဘက်က ဘာပြောလဲ။

ဖြေ ။    ။မဲဆောက်မြို့နယ်က ဒုရဲမှူးကြီး က ကျနော့်ဆီကို ဖုန်းဆက်လာတယ်။ ကျနော်ပြောလိုက်ပါ တယ်။ ရဲမင်းကြီးကိုယ်တိုင် လာရှင်းပါ။ ထိုင်းနိုင်ငံသားတွေ ဒီဘက်မြန်မာဘက်ကမ်းကို ကူးလာရင် ဘယ်သူ မှ အနှောင့်အယှက်မပေးဘူး။ အေးအေး ဆေးဆေး သွားလာလို့ရတယ်။ ကျနော်တို့ နှောင့်ယှက်ရင် ကျနော် တို့ အစိုးရနာမည်ပျက်မယ်လေ။

ကျနော်တော့ ပြောထားတယ်။ ကျနော်တို့ မြန်မာ ပြည်သူလူထုတွေ အာမခံချက်ရှိရေးအတွက် သေချာလုပ် ပေးပါ။ ကျနော်တို့ နိုင်ငံသားတွေ မဲဆောက်ဘက်ကို ကူးပြီဆိုလို့ရှိရင် တရားဝင်ကူးတယ်။ လက်မှတ်တွေ လုပ်တယ်။ တံတားကျော်ပြီဆိုတာနဲ့ ထိုင်းရဲတွေ၊ မော်တော်ပီကယ်တွေက တားပြီး ပိုက်ဆံ (ဘတ်) ၁၀၀၊ ၂၀၀ အနိုင်ကျင့် တောင်းခံနေကြရတယ်။ တရားဝင် လက်မှတ်တွေနဲ့ သွားလာနေတဲ့ ကျနော်တို့ နိုင်ငံသား တွေကို နောက်ထပ် အနိုင်မကျင့်ဖို့ လေးစားမှုရှိဖို့ ကျနော်က တောင်းဆိုထားတယ်။

မေး။      ။ ဒါဆိုရင် ဒီကိစ္စမျိုးတွေ နောက်မဖြစ်အောင် ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ။

ဖြေ။     ။ ဒီကိစ္စ ထပ်မဖြစ်အောင် တာခ့်ခရိုင်မှူးနဲ့ မဲဆောက်မြို့နယ် ရဲမင်းကြီးတို့ ကိုယ်တိုင် မြဝတီ မှာ ကျနော်တို့နဲ့ လာပြီး ဆွေးနွေးဖို့ ဖိတ်ထားတယ်။ ၁၈ ရက်နေ့တွေ့ကြမယ်လို့တော့ သူတို့ဘက်က အကြောင်းပြန်ထားတယ်။ သူတို့လာရင်တော့ ကျနော်တို့ရယ်၊ မြန်မာအစိုးရဘက်က မြဝတီခရိုင် အုပ်ချုပ် ရေးမှူးရယ် သုံးပွင့်ဆိုင်ဆွေးနွေးကြမယ်။

အဲလိုမှ မဟုတ်ရင် မြန်မာအစိုးရဘက်က လူကြီးတွေရယ် ထိုင်းဘက်ကလူကြီးတွေရယ် တွေ့ပြီး တီးတိုး တီးတိုး နဲ့ ပြောပြီး ပြီးသွားမှာဘဲ။ ဒီလိုမလုပ်လို့မရဘူး။ အခုခံနေရတာက ကျနော်တို့ ကရင်လူမျိုးတွေချည်း မဟုတ်ဘူး။ ဗမာအပါအဝင် အခြား တိုင်းရင်းသားပေါင်းစုံ ဒီကနေကူးသန်းနေကြတာ တော်တော်များများ လည်း ခံနေကြရတယ်။ ထိုင်းက လူကြီးတွေလာပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ပဲတွေ့ပြီး ပြန်မယ်ဆိုရင်လည်း ထုံးစံအတိုင်း ထမင်းစားရေသောက် ပြောပြီးပြန်ကြမှာပဲ၊  ဒီလူတွေခံနေရတဲ့ ကိစ္စကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာလည်းမဟုတ်ဘူး။ ခံနေရတာက သူတို့မှမဟုတ်ဘဲကိုး။ ဒါကြောင့် အခုလို သုံးပွင့်ဆိုင် ခေါ်ရှင်းမှ ရမှာ။
နယ်စပ်မှာ ကျနော်တို့ ပြည်သူလူထုက ခံနေရတာများပြီ။ တရားဝင် လက်မှတ်လုပ်ထားရက်နဲ့ ပိုက်ဆံ တောင်းတယ်။ မပေးရင် မူးယစ်ဆေးဝါးမှုနဲ့ ထောင်ထဲထည့်တာတွေလည်းရှိတယ်။ မဟုတ်ရင်လည်း လက်နက်ကိုင်ဆောင်မှုနဲ့ ထောင်ချလိုက်တာ တွေလည်း ရှိတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေနဲ့ ကျနော်တို့နိုင်ငံသား တွေခံနေရတာတွေများပြီ။ ဒါတွေကို သိရက်၊ မြင်ရက်နဲ့ ကျနော်တို့နိုင်ငံ လူကြီးတွေက ထိုင်းတွေကို ထိုင်ပြီး တော့ ရှိခိုးနေကြတာ။ သူတို့ ရှိခိုးသလို ကျနော်တို့က ရှိခိုးမနေနိုင်ဘူး။ ဒါကြောင့် အခုလိုလုပ်ပြလိုက်တာပဲ။

မေး။     ။ မြဝတီမြို့ဆိုတာ ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအပေါ်မှာ မှီခိုနေရတဲ့ မြို့ဖြစ် တော့ ဒီလိုလုပ်လိုက်တဲ့ အတွက် ကုန်သွယ်မှုကို ထိခိုက်မှာရော မစိုးရိမ်ဘူးလား။

ဖြေ။     ။ ကျနော်တို့ အခုလုပ်တယ်ဆိုတာ ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့တာ မဟုတ်ဘူး။ ထိုင်းဘက်မှာ ကျနော်တို့ နိုင်ငံသားတွေ မတရားခံနေရတာကို သူတို့ဘက်က လူကြီးတွေသိအောင် ပြင်ဆင် နိုင်အောင် အသိပေးတဲ့သဘောပဲ။ ကျနော်တို့ အနေနဲ့ အများအကျိုးပျက်စီးရာ၊ ပျက်စီးကြောင်းကို ရှေးရှု ပြီးလုပ်တာမဟုတ်ဘူး။

မေး ။    ။ ကုန်ကားတွေကို တားဆီးထိန်းသိမ်းလိုက်တဲ့နေ့က ဗိုလ်မှူး တို့ကို မြဝတီမြို့အခြေစိုက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင် လာရောက်ဆွေးနွေးကြတာတွေရှိတယ်လို့သိရတယ်။ သူတို့နဲ့ ဘာတွေ ဆွေးနွေးဖြစ်ကြလဲ။

ဖြေ။     ။ မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲဘက်ကဆိုရင် မြို့နယ်မှူး အပါအဝင် တော်တော်များများ လာဆွေးနွေးကြပါတယ်။ ကျနော်ကပြောတယ်။ ဒီပြဿနာကို ခင်ဗျားတို့ ဘယ်လိုလုပ်ကြမလဲဆိုတော့။ သူတို့ကပြောတာ ဒီပြဿနာကို တာဝန်ယူ ပြီးတော့ သူတို့ရှင်းပေးမယ်။ ကျနော်လည်း ပြောလိုက်တယ်။ ဟုတ်ပြီ ရှင်းပေးရင် ရှင်းပေး မရှင်းပေးရင် ကျနော်ကိုယ်တိုင် နောက်တခေါက်ပြန်ရှင်းမယ်လို့ ပြောလိုက် တယ်။

မေး။     ။ အခုကိစ္စကို ထိုင်းဘက်ကလည်း လာမဆွေးနွေးဘူး၊ အစိုးရဘက်ကလည်း လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်တာတွေ မရှိဘူးဆိုရင်ရော ဗိုလ်မှူးတို့ ဘယ်လိုလုပ်မလဲ။

ဖြေ။     ။ အဲဒီလိုလုပ်မလာဘူး။ ကျနော်တို့ နိုင်ငံသားတွေကို ထပ်ပြီး အနိုင်ကျင့်ရင်တော့ လုပ်ဦးမှာပဲ ဆိုရင်တော့ ကျနော်တို့က ဆက်ပြီးဖမ်းမှာပဲ။ ကျနော်တို့ ပြည်သူလူထုတွေကို မထိနဲ့ ထိရင် ကျနော်တို့လည်း မခံနိုင်ဘူး။ မကျေနပ်လို့ ကျနော့်ကို ဖမ်းရင်ဖမ်း၊ ကျနော်တို့ နိုင်ငံသားတွေကို မတရားတဲ့ နည်းနဲ့ ဖြေရှင်းနေ တာ ကိုတော့ လက်ပိုက်ကြည့်မနေနိုင်ဘူး။ ဒီအဖြစ်အပျက်တွေကလည်း အခုမှ ဖြစ်တာမဟုတ်ဘူး။ ကြာပြီ ကျနော်တို့ အစိုးရက လက်ပိုက်ကြည့်နေတာ။

ဧရာဝတီ Blog

တရုတ်နိုင်ငံစီးပွားရေးလုပ်ငန်းများပြုပြင်ပြောင်းလဲမှု


တရုတ်နိုင်ငံတွင် ကျင်ကျင်ဟု ခေါ်သည့် ကမ္ဘာ့အကြီးဆုံးဟိုတယ် အုပ်စုရှိရာ တရုတ်နိုင်ငံတစ်ဝန်း တွင် ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ် များ၊ ချွေတာရေးမိုတယ်လ်များနှင့် ခရီးသွားလုပ်ငန်းတစ်ခုတို့ကို ပိုင် ဆိုင်သည်။ ၄င်းသည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်ပြီး ရှန်ဟိုင်း အစိုးရ၏ ထိန်းချုပ်မှုအောက်၌ ဖြစ် သည်။ကုမ္ပဏီအောက်ရှိ အကောင်း ဆုံးဟိုတယ်များသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာအတွင်း ကမ္ဘာ့ ခေါင်းဆောင်ပေါင်းရာချီ၍ လက်ခံ ခဲ့ရသည်။ ၄င်းတို့ထဲတွင် အမေရိ ကန်နှင့် တရုတ်တို့၎င်းတို့၏သမိုင်း ဝင်ပြန်လည်ပေါင်းစည်းမှု ပြုလုပ် သည့် ၁၉၇၂ ခုနှစ်၌ြ<ွကရောက် ခဲ့သော အမေရိကန်သမ္မတရစ်ချတ် နစ်ဆင်လည်းပါသည်။ သို့သော် မကြာသေးမီ နှစ်များအတွင်းက ထိပ်တန်းခေါင်းဆောင်များသည် ၄င်းဟိုတယ်တွင် မတည်းတော့ဘဲ ဟိုတယ် အသစ်များကိုသွားရောက် တည်းလာကြသည်။
တရုတ်နိုင်ငံ ကုမ္ပဏီများအကြောင်း စဉ်းစား ကြည့်သည့်အခါ ၄င်းတို့ထဲတွင် ဘဏ်ကြီးများ၊ ရေနံကုမ္ပဏီကြီး များသာပါဝင်သည်ဟု ယူဆကြ သည်။ သို့သော်လည်း လက်တွေ့ တွင် ၁၅၅,ဝဝဝခန့်ရှိသည့်လုပ်ငန်း အများစုကိုဗဟိုအစိုးရနှင့် ဒေသန္တရ အစိုးရများကပိုင်ဆိုင်ကြသည်။ ထို လုပ်ငန်းများသည် နိုင်ငံ၏ စီးပွား ရေးဦးစားပေးအစီအစဉ်များ၊ နိုင်ငံ ရေးဦးစားပေးအစီအစဉ်များနှင့် သက်ဆိုင်ခြင်းမရှိပေ။ ၄င်းတို့သည် နှစ်ပေါင်းများစွာ အရှုံးပြနေပြီး ပုဂ္ဂလိကကဏ္ဍများမှ ပြိုင်ဖက်များ နှင့်ယှဉ်ပြိုင်ရသည့်အခါ၌လည်းရှုံး နိမ့်ကြရသည်။ ထိုအခြေအနေကို ပြောင်းလဲပစ်ရန် တရုတ်အစိုးရက ကြိုးစားနေသည်။ ဤကြိုးစားမှု သည် တရုတ်နိုင်ငံ၏ နိုင်ငံတော် အရင်းရှင်စနစ်ကို (၁ဝ)စုနှစ်ပေါင်း များစွာ ကြိုးပမ်းမှု၌ အကြီးမားဆုံး ကြိုးပမ်းမှု ဖြစ်ဖွယ်ရာဖြစ်သည်။ ကျင်ကျင်နှင့်အလားတူဒါဇင်ပေါင်း များစွာသော ကုမ္ပဏီများကိုဘဝ ပြောင်းရန် ကြိုးစားနေသည်။
တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ် ငန်းများနှင့် ပတ်သက်ပြီးအဓိက ပြဿနာနှစ်ခုရှိသည်။ပထမတစ်ခု မှာတရုတ်အစိုးရ၏ မဟာဗျူဟာ မြောက် ကဏ္ဍများဖြစ်သော လေ ကြောင်းသွားလာရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေးတို့ကဲ့သို့သော မဟာ ဗျူဟာမြောက်ကဏ္ဍများအပေါ်တွင် ချမှတ်သောအစိုးရ၏ ညွှန်ကြား ချက်မျိုးနှင့် ကိုက်ညီခြင်းမရှိပေ။ ထိုလုပ်ငန်းများသည် ကွန်မြူနစ် ပါတီကအလွန်တရာ ရှုပ်ထွေးသော စီးပွားရေးအဆောက် အအုံကို ထိန်း ချူပ်ရန်အတွက် လွှမ်းမိုးရန်လိုအပ် သည်ဟု ယုံကြည်သော လုပ်ငန်း များဖြစ်သည်။ သို့သော်လည်းနိုင်ငံ ပိုင်စီးပွားရေးလုပ်ငန်းထက်ဝက်ခန့် ကသာအသာ စီးရနေကြသည်။ ကုမ္ပဏီပေါင်း ၈ဝဝဝဝခန့်သည် သာမန်စီးပွားရေးလုပ်ငန်းများဖြစ် ကြသည်။ ဟိုတယ်များ၊ အိမ်ရာ မြေယာလုပ်ငန်းများ၊ စားသောက် ဆိုင်များ၊ စတိုးဆိုင်ကြီးများကို လည်ပတ်နေကြသည်။ ပုဂ္ဂလိက လုပ်ငန်းများထက် ထိုလုပ်ငန်းများ ကြီးကျယ်လာခြင်းမှာလည်း ရှင်း သည်။၎င်းတို့သည်နိုင်ငံတော်ဘဏ် များမှ အတိုးနှုန်းသက်သက်သာ သာနှင့်ရယူနိုင်ကြသည်။ ဒေသန္တရ အစိုးရများက မြေယာများကိုဦးစား ပေး၍ ရောင်းချကြပြီး စည်းမျဉ်း၊ စည်းကမ်းမှ လွတ်ငြိမ်းချမ်းသာ ခွင့် လည်းရကြသည်။
ဒုတိယအချက်အနေဖြင့် ထိုသို့ သော အားသာချက်များရှိသော် လည်း နိုင်ငံပိုင်လုပ်ငန်းများသည် အကျိုးအမြတ်မရှိကြပေ။ ၁၉၉ဝ ပြည့်လွန်နှစ်များကအရှုံးပြပြီးနောက် တရုတ်နိုင်ငံသည် ယခုအခါ၌ နိုင်ငံ ပိုင်စီးပွားရေးလုပ်ငန်းများကိုပထမ အဆင့်ပြုပြင်ပြောင်းလဲရန် ပြုလုပ် လျက်ရှိသည်။ အခြေအနေအဆိုး ဆုံးလုပ်ငန်းများကိုထုတ်ဖော်ခြင်း၊ လုပ်သားများကုဋေချီ၍ ထုတ်ပယ် ခြင်း၊ပုဂ္ဂလိကနီးပါး ဆောင်ရွက်နေ သော ကုမ္ပဏီကြီးများကို စတော့ ရှယ်ယာဈေးကွက်တွင် စာရင်းဝင် ရောက်ခြင်းများပြုလုပ်ခဲ့သည်။ ထို့ ကြောင့် အကျိုးအမြတ်များလည်း ရရှိခဲ့သည်။
ပိုင်ဆိုင်မှုများအပေါ်၌ရရှိသော တရုတ်နိုင်ငံပိုင်လုပ်ငန်းများ၏အကျိုး အမြတ်သည် ၁၉၉၈ခုနှစ်တွင် လုံးဝမရှိဘဲနေသည့်အဆင့်မှတစ်နှစ် ခန့်အကြာတွင် (၇)ရာခိုင်နှုန်းသို့ တက်ခဲ့သော်လည်းပုဂ္ဂလိကကဏ္ဍ၏ အခြေအနေကိုမမီသေးပေ။ လွန်ခဲ့ သည့် ငါးနှစ်အတွင်းနိုင်ငံပိုင်လုပ် ငန်းများ၏ အကျိုးအမြတ်လျော့ပါး လာခဲ့သည်။ ပုဂ္ဂလိကလုပ်ငန်းများ ကအင်အား ကောင်းလာကြသည်။ ယခုအခါ နိုင်ငံပိုင်လုပ်ငန်းများရရှိ သောအကျိုးအမြတ်သည် ပုဂ္ဂလိက လုပ်ငန်းများ၏ ထက်ဝက်ခန့်သာ ရရှိသေးသည်။ စွမ်းရည်နိမ့် နိုင်ငံ ပိုင်လုပ်ငန်းများသည် နိုင်ငံကိုဆွဲ နှစ်နေရာရောက်သည်။ ထိုကြောင့် နိုင်ငံပိုင်လုပ်ငန်းများအခြေအနေမှန် ပြန်ရောက်ရေးသည် တရုတ်နိုင်ငံ အနေဖြင့် လာမည့် (၁ဝ)စုနှစ်များ တွင် အရေးအကြီးဆုံးသော ပြုပြင် ပြောင်းလဲမှု ဖြစ်ဖွယ်ရာရှိသည်ဟု ပညာရှင်များကသုံးသပ်ကြသည်။
သို့သော်လည်းမကြာသေးမီထိ လေ့လာသူအချို့ကသာ တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံပိုင်လုပ်ငန်းများကို အမှန် တကယ်ပြုပြင်ပြောင်းလဲနိုင် သည့် စွမ်းရည်နှင့်ဆန္ဒရှိသည်ဟု ယုံကြည်ကြသည်။ ဗဟိုအစိုးရ အောက်တွင်ရှိသည့် ပက်ထရိုချိုင်း နားကဲ့သို့သောအကြီးဆုံး ရေနံထုတ် လုပ်ငန်းများသည် ၄င်းတို့အခွင့်ထူး ထိခိုက် မည့်ပြုပြင်ပြောင်းလဲမှုများ ကိုတွန်းလှန်နိုင်စွမ်းရှိသည်ဟု ယုံ ကြည်ကြသည်။ ဒေသန္တရ အဆင့် များ၌ ဒေသခံအရာရှိများသည် အစိုးရပိုင်လုပ်ငန်းများနှင့် သြဇာ အရသော်လည်းကောင်း၊ ငွေကြေး အရသော်လည်းကောင်း ဆက်နွယ် မှုများရှိနေကြသည်။ တရုတ်နိုင်ငံ အနေဖြင့် အတိုးနှုန်းများကို လွတ် လပ်ခွင့်ပြုခြင်း၊ စွမ်းအင်ဈေးနှုန်း များကို ဖြေလျော့ပေးခြင်းတို့ဖြင့် နိုင်ငံပိုင်လုပ်ငန်းများကိုထိထိရောက် ရောက်လည်ပတ်ရန်သွယ်ဝိုက်သော နည်းဖြင့် ဖိအားပေးလျက်ရှိသည်။သို့သော်လည်း ၁၉၉ဝ ပြည့်လွန် နှစ်များကကဲ့သို့ တိုက်ရိုက်ထိပါး ဆောင်ရွက်မှုများ ဖြစ်နိုင်သည့် အလားအလာနည်းသည်။
ယခင်နှစ် နိုဝင်ဘာလတွင် ကွန်မြူနစ်ပါတီက ပြုပြင်ပြောင်း လဲမှုများပြုလုပ်ရာ၌နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းများကိုဦးတည်ဆောင် ရွက်မည်ဟုဆိုကြသော်လည်း မည့် သည့် အတိုင်းအတာထိ တရုတ် သမ္မတက ဆောင်ရွက်နိုင်မည်ကို သံသယရှိနေဆဲဖြစ်သည်။ နိုင်ငံပိုင် ဥစ္စာများကြီးကြပ်ရေးနှင့် အုပ်ချုပ် ရေးကော်မရှင်ဟူသည့် တရုတ် နိုင်ငံ၏ အကြီးမားဆုံး နိုင်ငံတော် ပိုင်လုပ်ငန်းများကို ကြီးကြပ်သည့် လုပ်ငန်းအနေဖြင့် ယခုနှစ်တွင် လက်တွေ့လုပ်ဆောင်ရာ၌နှေးကွေး လျက်ပင်ရှိနေသေးသည်။ သို့သော် လည်းလွန်ခဲ့သည့် လများကပေါ် ပေါက်ခဲ့သည့် ကြေညာချက်များ ကိုကြည့်လျှင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ပြန်လည်ဆောင် ရွက်နေကြောင်းတွေ့ရသည်။လုပ်ငန်း တစ်ခုနှင့် တစ်ခုဆောင်ရွက်ပုံခြင်း မတူကြပေ။အာရှ၏အကြီးဆုံးလုပ် ငန်းတစ်ခုဖြစ်သောဆိုင်နိုပတ်သည် ၄င်း၏ပိုင်ဆိုင်မှုမှ (၁၆) ဘီလီယံ ဝေစုကို ပုဂ္ဂလိကရင်းနှီးလုပ်ကိုင် သူများသို့ ထုတ်ရောင်းခဲ့သည်။ တရုတ်နိုင်ငံ၏ အခြားအကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်သော စီအိုင်တီ အိုင်အုပ်စုကလည်း ဟောင်ကောင် စတော့အိတ်ချိန်းတွင် ၄င်း၏ ဒေါ်လာ (၃၈) ဘီလီယံဖိုးရောင်းချ ခဲ့သည်။ တရုတ်နိုင်ငံပိုင်လုပ်ငန်း များ ကြီးကြပ်ရေးနှင့် အုပ်ချူပ် ရေးကော်မရှင်က ကုမ္ပဏီ(၆)ခု၌ ပြုပြင်ပြောင်းလဲရေးလုပ်မည်ဟု ကြေညာခဲ့သည်။ ထိုလုပ်ငန်းများ သည် ပုဂ္ဂလိကအစုရှယ်ယာကို ပို မိုပိုင်ဆိုင်ခွင့်ပြုကာ ဒါရိုက်တာများ ကိုပို၍ လွတ်လပ်ခွင့်ပေးမည်ဖြစ် သည်။ သတင်းများတွင်ဖော်ပြမှု နည်းသော်လည်း ဒေသန္တရအစိုးရ များကလည်း၎င်းတို့၏ ကုမ္ပဏီ များသည် တရုတ်နိုင်ငံ၏ အကျိုး ဖြစ်ပေါ်စေသည့်လုပ်ငန်းများဖြစ် ပေါ်စေရန်ကြိုးစားလျက်ရှိသည်။
ဒေသန္တရလုပ်ငန်းများသည် ဗဟို အစိုးရလက်အောက်ရှိ လုပ်ငန်းများ ထက်ပို၍ အခြေအနေဆိုးရွားနေ သေးသဖြင့် တိုးတက်မှုရှိရန်ဆောင် ရွက်စရာများစွာရှိနေသေးသည်။ ၄င်းတို့သည် မဟာဗျူဟာမြောက် နယ်ပယ်များ၌ ရှိနေခြင်းမဟုတ် သဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ အတွက် မြှုပ်နှံရန်အခွင့်အလမ်းပို များသည်။ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်မည့် အလားအလာရှိ သည်။ ကွမ်ကျိုးပြည်နယ်၌ကျင်းပ ခဲ့သောအစည်းအဝေးတစ်ခုတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း(၅ဝ) တို့ ၌ အစုရှယ်ယာများထည့်ဝင်ကြ ရန်ဖိတ်ခေါ်ခဲ့သည်။ ရှန်ဟိုင်းသည် ရှေ့ဆုံး၌ရှိနေပြီး ဇွန်လက အော် ဒယ်အုပ်စု လုပ်ငန်းခွဲတစ်ခု၏ (၁၂) ရာခိုင်နှုန်းကိုပုဂ္ဂလိက ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းတစ်ခုအား ရောင်းချ ခဲ့သည်။ ဤနည်းအားဖြင့် ပို၍ ကောင်းမွန်သော စီမံခန့်ခွဲမှုများပေါ် ပေါက်လာပြီးအမှုဆောင်အရာရှိများ အတွက် ရှယ်ယာဖြင့်မက်လုံးပေး သည့်စနစ်ကိုလည်း စတင်အသုံးပြု လျက်ရှိသည်။
တရုတ်နိုင်ငံနှင့် ပတ်သက်၍ အများကရှုမြင်ရာ၌ ကိုယ်ကျိုး စီးပွားများ အမြစ်တွယ်လျက်ရှိနေ သည်ဟုရှုမြင်ထားကြသည်။ နိုင်ငံ ပိုင်စီးပွားရေးလုပ်ငန်းများ ကိုယ် တိုင်က ပြုပြင်ပြောင်းလဲမှုကိုလက် ခံရန်ခဲယဉ်းသည်။ ၄င်းတို့သည် လည်းပြုပြင်ပြောင်းလဲရမည့်အလား အလာရှိနေသည်။ နိုင်ငံပိုင်လုပ်ငန်း ကြီးတစ်ခုဖြစ်သော ပက်ထရိုချိုင်း နားမှ အရာရှိတစ်ရာကျော်သည် ယခုအခါ၌ အကျင့်ပျက်မှုနှင့်ပတ် သက်၍ စုံစမ်းစစ်ဆေးခြင်းခံနေရ သည်။ ထိုအပြင် နိုင်ငံပိုင်လုပ်ငန်း ကြီးများ၏ အကြီးအကဲကြီးများ နှင့်ပတ်သက်၍ လစာထိန်းချုပ်မှု ပြုရန်တောင်းဆိုမှုများကိုလည်း ပြု လုပ်ခဲ့သဖြင့် အရာရှိများအားလုံး အတွက် သတိပေးလိုက်သလိုဖြစ် နေသည်။
ပုဂ္ဂလိကပိုင်ပြုလုပ်ရာ၌ ပို၍ ရဲရဲတင်းတင်းပြုလုပ်လျှင်ပိုကောင်း မည်ဖြစ်သော်လည်းနိုင်ငံရေးလက် တွေ့အခြေအနေက အစိုးရအနေဖြင့် ဘဏ်များ၊ ရထားများစသည်တို့ ကိုဆက်လက်၍ ထိန်းချုပ်လိုပုံရ သည်။ သို့သော်လည်း လုပ်စရာ လုပ်ငန်းများစွာ ရှိနေဆဲဖြစ်သည်။ အစိုးရ၏ ပိုင်ဆိုင်မှုလုံးဝမရှိဟုဆို သည့်ဓာတ်ဆီဆိုင်များ၊ ဟိုတယ် များရှိအစုရှယ်ယာကို ထုတ်ရောင်း ကာ စတင်သင့်သည်ဟု အကြံပြု ကြသည်။

Econmists.com

စစ်သွေးကြွအဖွဲ့ ဆက်နွှယ်မှု သံသယရှိ ၇ ဦးကို အင်ဒိုနီးရှားရဲ ဖမ်းဆီး


အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့က အစ္စလာမ့်မစ်ပြည်ထောင်စုတပ်ဖွဲ့ (အိုင်အက်စ်) သွေးကြွအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ သံသယရှိ အမျိုးသား ၇ ယောက်ကို ဖမ်းမိတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

INDONESIAN-POLICEနိုင်ငံအနောက်ပိုင်း ဆူလာဝေစီ ပြည်နယ် ထဲမှာ ဖမ်းမိတဲ့အကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ရှင်းပြပါတယ်။

သံသယဖြစ်ဖွယ် ကားတစီးဟာ ရဲစစ်ဆေးရေးဂိတ်နဲ့ ခပ်လှမ်းလှမ်းအရောက်မှာ ရုတ်တရတ် ရပ်ပြီး နောက်ပြန်လှည့်သွားလို့ ရဲက နောက်ကနေ လိုက်ပြီး ဖမ်းဆီးခဲ့တာလို့ ရဲအဖွဲ့ ပြောခွင့်ရသူက ရှင်းပြပါတယ်။

ပါရီဂီ မောင်တောင်မြို့ကနေ အကြမ်းဖက်သမားတွေ ခိုအောင်းရာ ဒေသအဖြစ် သတ်မှတ်ထားတဲ့ တောတောင်ထူထပ်တဲ့ ပိုဆိုမြို့ဆီကို သွားတဲ့ လမ်းမှာ သူတို့ကို ဖမ်းတယ်လို့ သတင်းတွေက ဆိုပါတယ်။

အိုင်အက်စ် စစ်သွေးကြွအဖွဲ့က သုံးတဲ့ အမှတ်အသားတွေ၊ စာရွက်စာတမ်းတွေကိုလည်း ဖမ်းမိတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဖမ်းထားသူ ၇ ယောက်စလုံးကို အနောက်ဂျားဗားမှာ ရှိတဲ့ ရဲအထူးတပ်ဖွဲ့ဌာနချုပ်တွေဆီကို ပို့ထားပြီး မေးမြန်းနေတယ်လို့ ရဲအဖွဲ့ကပြောပါတယ်။

ဒေသသတင်းတွေအရ အင်ဒိုနီးရှား နိုင်ငံသား ၆၀ ဟာ အီရတ်နဲ့ ဆီရီးယားမြေပေါ်မှာ အိုင်အက်စ် အဖွဲ့နဲ့  ပူးပေါင်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အင်ဒိုနီးရှား အစိုးရဟာ အိုင်အက်စ်အဖွဲ့ကို ထောက်ခံတာ ပိတ်ပင်ထားပြီး အရှေ့အလယ်ပိုင်းဒေသကို သွားပြီး အိုင်အက်စ်အဖွဲ့နဲ့ မပူးပေါင်းကြဖို့ ပြည်သူတွေကို သတိပေးထားပါတယ်။

DVB

ပျောက်ဆုံး ခါကာဘိုရာဇီရေခဲတောင်တက်သမားနှစ်ဦးအား ရှာဖွေနိုင်ရန် အာဆီယံတောင်တက်အဖွဲ့များကိုလည်း ကမ်းလှမ်းထား


ပျောက် ဆုံးနေသောခါကာဘိုရာဇီရေခဲတောင် တက်သမားနှစ်ဦးအား ရှာဖွေနိုင်ရန် အာဆီယံနိုင်ငံများမှ တောင်တက် အဖွဲ့များကိုလည်း ကမ်းလှမ်းထား ကြောင်း ထူးဖောင်ဒေးရှင်းမှတာဝန် ရှိသူကိုဖြိုးကိုကိုသက်က ပြောသည်။
အဆိုပါတောင်တက်သမားဖြစ် သည့် ကိုအောင်မြင့်မြတ်နှင့်ကိုဝေယံ မင်းသူတို့နှစ်ဦး တောင်ပေါ်တွင် ပျောက်ဆုံးနေသည်မှာရက်သတ္တနှစ် ပတ်အထိ ကြာမြင့်နေပြီဖြစ်ကြောင်း၊ ယင်းတို့နှစ်ဦးကိုရှာဖွေကယ်ဆယ် နိုင်ရန် တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံတို့ မှပူးပေါင်းကူညီပေးလျက်ရှိနေသော် လည်း လိုအပ်ချက်အပေါ်မူတည်ပြီး အာဆီယံတောင်တက်အဖွဲ့များမှ ကူညီပေးရန် ကမ်းလှမ်းထားခြင်းဖြစ် ကြောင်း သိရသည်။
''အခုရောက်နေတဲ့အဖွဲ့က အခြေအနေမကောင်းလို့ ရန်ကုန် တောင်ပြန်ဖို့များနေတယ်။ ထူးဘက် က သူတို့ကိုကမ်းလှမ်းတာမဟုတ်ခဲ့ ဘူး။ ထူးဖောင်ဒေးရှင်းကကိုယ့်အစီ အစဉ်နဲ့ကိုယ်ပဲ ရှာခဲ့တာ။ အဲဒါကြောင့် ရှာဖွေရေးလုပ်ငန်းတွေအတွက် အာ ဆီယံနိုင်ငံတွေထဲက တောင်တက် အဖွဲ့ဆယ်ဖွဲ့လောက်ကမ်းလှမ်းထား တယ်။ နီပေါ၊ မလေးရှားတို့လိုမျိုး ပေါ့။ နိုင်ငံအားလုံးတော့မသိသေး ဘူး။ ဆယ်ဖွဲ့လောက်တော့ရှိတယ်''ဟုကိုဖြိုးကိုကိုသက်က ထပ်မံပြော သည်။
ခါကာဘိုရာဇီတောင်တက် သမားနှစ်ဦးကိုရှာဖွေ ရန်တရုတ်နိုင်ငံ မှ ကောင်းကင်ပြာကယ်ဆယ်ရေး အဖွဲ့နှင့်ဂျပန်နိုင်ငံမှတောင်တက်အဖွဲ့ တစ်ဖွဲ့တို့ ရောက်ရှိနေပြီး၊ ကယ်ဆယ် ရေးလုပ်ငန်းများတွင်ပူးပေါင်းဆောင် ရွက်နေကာ၊ ထူးဖောင်ဒေးရှင်းမှ လည်း ပန်နန်းဒင်မြို့နယ် တစ်ဝိုက် ဒေသခံများနှင့် ညှိနှိုင်းရှာဖွေရေးများ ဆောင်ရွက်ခြင်းနှင့် ဧဝရက်တောင် တက်ရန်လေ့ကျင့်သင်ကြားပေးထား သောအဖွဲ့များနှင့်အတူ ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
''တရုတ်တောင်တက်အသင်း က တစ်ဆယ့်ငါးရက်လောက်ကြာ အောင်ထိ ရေခဲတောင်ပေါ်ကိုခြေ လျင်တက်ဖို့သူတို့မှာ အတွေ့အကြုံ မရှိဘူး။ မဖြစ်နိုင်ဘူးတဲ့။ ဒါကြောင့် ရဟတ်ယာဉ်သုံးပြီးတောင်ပေါ်တက် မယ်ပြီးရင် ကြိုးနဲ့ဆင်းရှာမယ်သ ဘောပါ။ သူတို့ကသိပ်အခြေအနေ မကောင်းဘူး။ ရန်ကုန်ပြန်ဖို့တောင် များနေပြီ။ ဂျပန်အဖွဲ့ကလဲကူတော့ ကူညီတယ်။ ဒါပေမဲ့သူတို့ကခါကာ ဘိုရာဇီတောင်ကိုသီးသန့်လာတက် တာဆိုတော့ ကယ်ဆယ်ရေးအတွက် သီးသန့်ပူးပေါင်းတာတော့ မဟုတ် ဘူး။ ဒီကလဲသူတို့ကိုကမ်းလှမ်းခဲ့ တာမဟုတ်ဘူး။ ထူးနဲ့တောင်တက် အသင်းတွေ၊ အာဏာပိုင်တွေပူး ပေါင်းပြီးအစကတည်းက ရှာဖွေနေ တာပါ'' ဟုယင်းကထပ်မံပြောသည်။
တရုတ်နိုင်ငံတောင်တက်အဖွဲ့ တွင် အဖွဲ့ဝင်ကိုးဦးပါဝင်ပြီး ပန် နန်းဒင်မြို့တွင် ကြိုတင်ရောက်ရှိ နေသော ထူးဖောင်ဒေးရှင်း၊ သဘာဝ ခေါ်သံဖောင်ဒေးရှင်းနှင့် ဂျပန်တောင် တက်အဖွဲ့တို့နှင့် ပူးပေါင်းကာရှာ ဖွေရေးလုပ်ငန်းများကိုဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
''ဒီမလာခင်ဒီ တောင်အကြောင်း လေ့လာခဲ့တယ်။ နည်းပညာတွေလို တယ်။ တောင်တက်ကျွမ်းတဲ့သူတွေ လဲ ခေါ်လာတယ်။ ဒီကိုလာတဲ့လူ အင်အားနဲ့ မလုံလောက်ရင် နောက် တစ်ဖွဲ့ထပ်ခေါ်ပြီး ရှာသွားမှာပါ'' ဟုစက်တင်ဘာလ ၁၃ရက်နေ့က တရုတ် ကယ်ဆယ်ရေးအဖွဲ့ ခေါင်း ဆောင်က ပြောကြားခဲ့သည်။
လက်ရှိတွင်အဆိုပါတောင်တက် သမားနှစ်ဦးကို တရုတ်နိုင်ငံကယ် ဆယ်ရေးအဖွဲ့၊ ဂျပန်တောင်တက် အသင်း၊ ထူးဖောင်ဒေးရှင်း၊ တက္ကသိုလ် နှင့်ခြေလျင်တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်း၊ ဒေ သခံတောင်တက်သမားများ၊ အာဏာ ပိုင်များအပါအဝင် မြန်မာနိုင်ငံခြေ လျင်နှင့်တောင်တက်အသင်းအဖွဲ့ ချုပ်ဥက္ကဋ္ဌနှင့်ဒုဥက္ကဋ္ဌတို့ပါသွားရောက် လျက်ရှိကြောင်း သိရသည်။
အမြင့်ပေ၁၉၂၉၆ပေရှိ၊ အရှေ့ တောင်အာရှတွင်အမြင့်ဆုံးဖြစ်သော ခါကာဘိုရာဇီရေခဲတောင်သို့တက် ရောက်နေသည့်မြန်မာနိုင်ငံသားတောင် တက်သမားနှစ်ဦးဖြစ်သည်ကိုအောင် မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့သည် သြဂုတ်၃၁ရက်ညနေတွင် တောင်ထိပ် သို့ရောက်ရှိပြီး၊ မြန်မာနိုင်ငံအလံ ကို အောင်မြင်စွာစိုက်ထူနိုင်ခဲ့ကာ၊ Base camp တွင်ကျန်ရှိနေခဲ့သော တောင်တက်သမားများနှင့်ဆက် သွယ်ပြီး နိုင်ငံတော်သီချင်းကို ပျော် ရွှင်စွာသီဆိုခဲ့ပြီးနောက်ပိုင်း တောင် ထိပ်မှ အဆင်းတွင်ဆက်သွယ်မှုပြတ် တောက်ခဲ့ကြောင်းသိရသည်။

‪‎Democracytoday‬

မဆလခေတ်တွင် သိမ်းဆည်းခံခဲ့ရသောချောင်းဦးမြို့နယ် ပေါက်အင်းစိုက်ကွင်း မြေများပြန်လည်ရရှိရေး တောင်သူလယ်သမား ၂ဝဝ ကျော် ဆန္ဒပြတောင်းဆို


မြန်မာ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က သိမ်းဆည်းခြင်းခံခဲ့ရသော စစ်ကိုင်း တိုင်းဒေသကြီး ချောင်းဦးမြို့နယ်ရှိ ပေါက်အင်းစိုက်ကွင်းမှ မြေဧက ၃၅၅ဝ ကို ပြန်လည်ရရှိရေး တောင် သူလယ်သမား ၂ဝဝကျော်က စက် တင်ဘာ ၁၄ရက် နံနက်ပိုင်းတွင် ချောင်းဦးမြို့ပေါ်သို့ ချီတက်ဆန္ဒထုတ် ဖော်ခဲ့ကြောင်းသိရသည်။
''၁၉၇၅ခုနှစ် ဆိုရှယ်လစ်ခေတ် က ကျွန်တော်တို့လုပ်ကိုင်ခဲ့တဲ့ ကွင်း ပေါင်း ၁၁ကွင်းကို လယ်ယာစိုက်ပျိုး ရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းခဲ့တာပါ၊ ဘာလျော်ကြေးမှ မ ရခဲ့ပါဘူး၊ ၁၉၉၃ခုနှစ်မှာ တောကျောင်း တံတား(ဆင်ဖြူတံတား) ဆောက်ဖို့ လမ်းအူကြောင်း လာတိုင်းတော့ မီး ရထားဝန်ကြီး ဦးဝင်းစိန်က တောင်သူ တွေပြန်တောင်းလို့ ဧက ၁ဝဝဝ ကျော် ပြန်ပေးခိုင်းခဲ့ပါတယ်၊ အဲဒါကို တောင်သူတွေပြန်မပေးဘဲ မဝတ ဥက္ကဋ္ဌက ဦးပိုင်ပေါက်မြေကို နီးစပ် ရာရောင်းချပစ်လိုက်ပါတယ်၊ အဲဒီ မြေရဲ့ပိုင်ဆိုင်ကြောင်း ဖြတ်ပိုင်း စာ ရွက်တွေ ကျွန်တော်တို့ဆီမှာရှိပါ တယ်။ နောက်ပြီးဒီနှစ်ပိုင်းမှာ ချောင်း ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးစောလှထွန်းက ဧက ၅ဝဝမှာ တစ်ဧကကို ကျပ်နှစ်သိန်း နှုန်းနဲ့ ရွှေပေါက်အင်း ကုမ္ပဏီကို အငှားချထားတယ်။ တောင်သူတွေကို လာပြောပါတယ်။ အဲဒါမခံချင်လို့ ဆန္ဒပြတာဖြစ်ပါတယ်၊ဘိုးဘွားပိုင်မြေ မို့လည်းပြန်လိုချင်လို့ပါ၊ သူတို့ ပြောသလို ဒီမြေတွေက ပလပ်မြေ တွေမဟုတ်ပါဘူး'' ဟု တောင်သူ ဦးစန်းလွင်ကပြောသည်။
အဆိုပါစိုက်ကွင်းသည် ကုလား ပဲ၊ ဂျုံ၊နှမ်း၊ ပဲတီစိမ်းစသည့် တစ် နှစ်လျှင် နှစ်သီး စိုက်ပျိုးနိုင်သော မြစ်ရေဝင် မြေများဖြစ်ပြီး သိမ်းဆည်း ခံရပြီးနောက် ၁၉၈၂-၁၉၈၃ ခုနှစ်က နှစ်နှစ်စ်ခန့် တောင်သူများပြန်လည် လုပ်ကိုင်ခွင်ရခဲ့သော်လည်း နောက် ပိုင်းနှစ်များတွင် ဆက်လက်လုပ်ကိုင် သောတောင်သူများ ဖမ်းဆီးထောင် ချခြင်းခံခဲ့ရကြောင်း ထောင်ကျခံခဲ့ ရသူ တောင်သူတစ်ဦးက ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ခြင်း သည် တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ချောင်းဦးမြို့ နယ်ငါးလုံးတင်အုပ်စု ၊တောကျောင်း အုပ်စု၊ ရွှေလှေအုပ်စု၊ မကျည်းခွ၊ ကမ်းနိမ့်နှင့် မြောင်မြို့နယ်မကျည်း ဘုတ်ကျေးရွာမှ တောင်သူများက မ တရားသိမ်းဆည်းထားသော လယ် ယာမြေများပြန်လည်ရရှိရေး၊ အငှား ချထားသော လယ်ယာမြေများပြန် လည်ပေးအပ်ရေး၊ အာဏာပိုင်နှင့်ပူးပေါင်းလုပ်ဆောင်နေသော ခရိုနီ ကုမ္ပဏီများအလိုမရှိ၊ ပြည်သူ့ဘက် ကမရပ်တည်သော လွှတ်တော်ကိုယ် စားလှယ်များအလိုမရှိ၊ တောင်သူ များပိုင်သော အမှတ်(၄)ပေါက်အင်း စိုက်ကွင်းမြေများပြန်ရရှိရေး စသော ကြွေးကြော်သံများ ဟစ်ကြွေးကာ ချောင်းဦးမြို့ အရဲကျောင်းမှ ပခုက္ကူ လမ်းခွဲ ပေါက်အင်းစိုက်ကွင်းရုံး အထိ ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

‪‎Democracytoday‬

ဖိလစ်ပိုင်မြောက်ပိုင်းသို့ တိုင်ဖွန်းကယ်မီဂီ ၀င်ရောက်တိုက်ခတ်


ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းသို့ စက်တင်ဘာ ၁၄ ရက်က အင်အားပြင်း တိုင်ဖွန်းကယ်မီဂီ ၀င်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှု များ ဖြစ်ပွားခဲ့ရာ မြေပြိုမှုများ ဖြစ်ပွား နိုင်သည့် အခြေအနေများ ရှိနေကြောင်း သိရသည်။
တစ်နာရီ လေတိုက်နှုန်း ကီလိုမီတာ ၁၆၀ ရှိသော အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် နိုင်ငံအရှေ့မြောက် ဘက်ကမ်းရိုးတန်းရှိ ဒီဗီလာကန်မြို့သို့ နေ၀င်ခါနီးအချိန်တွင် စတင်ဝင်ရောက်ခဲ့ပြီး လူဇန်ကျွန်းမှ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားသွားကြောင်း ဖိလစ်ပိုင် အမျိုးသားသဘာဝဘေး အန္တရာယ် လျော့ချရေးနှင့် စီမံ ခန့်ခွဲရေးကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

“တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းသွားတဲ့ မင်ဒိုရိုကျွန်းမှာလည်း ရေကြီးမှုတွေဖြစ်ပွားခဲ့ပါတယ်” ဟု အဆိုပါ ကောင်စီမှ ပြောခွင့်ရအမျိုးသမီး မီနာမာရာဆီဂန် က ပြောကြားသည်။

မုန်တိုင်းသည် နိုင်ငံမြောက်ပိုင်းပြည်နယ်များသို့ တိုက်ရိုက် သက်ရောက်ခဲ့ခြင်းဖြစ်သော်လည်း မုန်တိုင်းအရှိန်ကြောင့် နိုင်ငံအ၀ှမ်းတွင် မိုးရွာသွန်းမှု များ ဖြစ် ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်း စတင်ချဉ်းကပ်ခဲ့သည့် စက်တင်ဘာ ၁၃ ရက်ကလည်း နိုင်ငံအလယ်ပိုင်းတွင် လူ ၁၀၀ ကျော်တင်ဆောင်လာသည့် ခရီးသည်တင် ကုတို့သင်္ဘော တစ်စီး တိမ်းမှောက်ခဲ့ရာ သုံးဦးသေဆုံး ပြီး သုံးဦး ပျောက်ဆုံးနေကြောင်း သိရသည်။

Ref:AFP

Viber ကုမ္ပဏီမှ Version 5.0 အသစ်တွင် ဗီဒိုယိုခေါ်ဆိုမှု ပြုလုပ်နိုင်


ကမ္ဘာ့နိုင်ငံအ သီးသီးတွင် အသုံးပြုလျက်ရှိသော မိုဘိုင်း ဆက်သွယ်ရေး Viber အား ပိုမိုကောင်းမွန် စွာ အသုံးပြုနိုင်ရန်အတွက် Viber ကုမ္ပဏီ မှ Version 5.0 အသစ်အား ထုတ်လုပ်လိုက် ပြီဖြစ်သောကြောင့် Viber ဖြင့် Video Call ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း စက်တင် ဘာ ၁၁ ရက်က Viber ကုမ္ပဏီမှ သတင်း ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။
Viber ကုမ္ပဏီမှ အသစ်ထုတ် လုပ်လိုက်သော Version 5.0 သည် Android နှင့် ios တို့အတွက် ထုတ်လုပ် ထားခြင်းဖြစ်ပြီးWindos, Windows 8 နှင့် OS X တို့အတွက်ကိုလည်း Desktop Application ဗားရှင်းအသစ်များကို ထုတ် လုပ်ထားကြောင်း သိရသည်။
''အခုကုမ္ပဏီမှ အသစ်ထုတ်လုပ် သော Version 5.0 ကို ထုတ်လုပ်လိုက်ပါ ပြီ။ ဒါကြောင့် ဗီဒီယိုခေါ်ဆိုမှု (Video Calling))ကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုလို့ရပါ ပြီ။ ဒါကြောင့် အခုဆိုရင် Viber ကနေ ဗီ ဒီယိုခေါ်ဆိုမှု လုပ်မယ်ဆိုရင် မိတ်ဆွေရဲ့ ဖုန်းမှာသာမက PC နဲ့ Mac ပေါ်မှာပါ တစ် ပြိုင်တည်းအသုံးပြုနိုင်မှာဖြစ်လို့ မိတ်ဆွေ တို့အနေနဲ့လဲ ကျေနပ်ပျော်ရွှင်မယ်လို့ မျှော် လင့်ပါတယ်'' ဟု Viber ၏ CEO Talmon Marco က ပြောသည်။
ယခု အသစ်ထုတ်လုပ်လိုက်သော Version 5.0 တွင် ဗီဒီယိုခေါ်ဆိုမှုအပြင် မိမိသူငယ်ချင်းများ၏ Viber နံပါတ်ကို ရိုက်ထည့်လိုက်တာပဲဖြစ်ဖြစ်၊ QR code နှင့် Scan ဖတ်တာပဲဖြစ်ဖြစ်၊ လုပ်ဆောင် ပြီးပါက မိမိ၏ Contacts များအား အလွယ် တကူ စီမံခန့်ခွဲနိုင်သော နည်းစနစ်လည်း ပါဝင်ကြောင်း ၄င်းကဆိုသည်။
Viber တွင် အသုံးပြုနိုင်သော အရာများမှာ စာပို့ခြင်း၊ ရုပ်သံခေါ်ဆိုခြင်း၊ text message များ၊ ရုပ်ပြောင် စတစ်ကာ များ၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များ၊ ပုံကြမ်းများ၊ HD အရည်အသွေး ဖုန်းခေါ်ဆိုနိုင်ခြင်းတို့ ဖြစ်ပြီး ယခုထုတ်လုပ်လုပ်သော Version 5.0 ကြောင့်Video Calling နှင့် Push To Talk တို့ကိုလည်း အသုံးပြုနိုင်ခဲ့သလို Viber Out အနေနှင့်လည်း နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်ခြင်းများ ကိုလည်း ပြုလုပ် နိုင်သည်။
ယခုအချိန်တွင်မူ နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ Register (စာရင်းသွင်း)ထား သူ သန်း ၆၈ဝရှိပြီး နေ့စဉ်ပုံမှန် အသုံးပြု သူသန်း ၄ဝဝ ကျော်ရှိသလို မြန်မာနိုင်ငံ တွင် Viber အသုံးပြုသူ ငါးသန်းကျော်ရှိနေ ပြီဖြစ်ကြောင်း Viber ကုမ္ပဏီမှ စက်တင် ဘာ ၁၁ ရက်က (Version 5.0 ) ဗားရှင်းအ သစ်ထုတ်လုပ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

‎TheFlowerNews‬

အိပ်စက်ခြင်းနဲ့ အလှတရား ဆက်နွယ်နေတယ်ဆိုတာ သိသာစေတဲ့အချက်များ


လူတစ်ယောက်အတွက် အိပ်စက်တဲ့အချိန်ဟာ ဘယ်လောက်အရေးကြီးတယ်လို့ ထင်ပါသလဲ။ ကိုယ့်အသားအရေ၊ ဆံပင် စတာတွေရဲ့ လှပမှု၊ ကျန်းမာမှု စတာတွေဟာ အိပ်စက်ခြင်းနဲ့ အများကြီး ပတ်သက်ဆက်နွယ်လို့ နေပါတယ်။ အိပ်စက်တဲ့အချိန်မှာ ကိုယ့်အသားအရေ နဲ့ ဆံနွယ်တွေအတွက် သတိထားသင့်တဲ့ အချက်လေးတွေကို သတိထားပြီး အိပ်စက်မယ်ဆိုရင် ပြောင်းလဲလာစေနိုင်တဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီအကြောင်းလေး ပြောပြပေးချင်ပါတယ်။

၁။ ပိုးသား၊ ဖဲသားလို ခေါင်းအုံးစွပ်မျိုးတွေရှာပြီး အိပ်ပါ။

ဖိုင်ဘာသားလို ခေါင်းအုံးမျိုးတွေက သင့်အသားအရေကို ဒုက္ခပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ဒီလိုခေါင်းအုံးမျိုးတွေ အုံးတဲ့အခါ သင်နိုးလာတဲ့အခါ ပါးရေတွန့်တာမျိုး၊ အရေးအကြောင်းဖြစ်ပေါ်တာမျိုးတွေ ခံစားရပါလိမ့်မယ်။ ရေရှည်အတွက်လည်း မကောင်းတာကြောင့် ပိုးသား၊ ဖဲသားလို့ ခေါင်းအုံးမျိုးတွေသာ ရွေးချယ်ပါ။

၂။ဘေးတစ်စောင်းအိပ်တာထက် ပက်လက်အိပ်ပါ။

ဘေးတစ်စောင်းအိပ်ခြင်းကလည်း သင့်မျက်နှာအသားအရေအတွက် အရေးအကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။ တစ်ဘက်တည်းကို စောင်းအိပ်တာ ပိုဆိုးပါတယ်။ ဒီတော့ ဖြစ်နိုင်ရင် ပက်လက်အိပ်ပါ။

၃။မအိပ်ခင် moisturizer လိမ်းအိပ်နိုင်ရင် ကောင်းပါတယ်။

မျက်နှာအသားအရေအတွက်၊ မျက်လုံးအတွက် စသဖြင့် ညဘက်လိမ်းအိပ်သင့်တဲ့ moisturizer လိမ်းအိပ်မယ်ဆိုရင်လည်း ဒါကောင်းတာပါပဲ။ ဒီလိုလိမ်းအိပ်ထားလိုက်ရင် မနက်ရောက်တဲ့အခါ သင်မျက်နှာလေး ကြည့်ကောင်းနေပါလိမ့်မယ်။

၎။ခေါင်းအုံးစွပ်ကို တစ်ပတ်နှစ်ကြိမ် လဲပေးပါ။

မျက်နှာအသားအရေအတွက် သတိထားလုပ်ပေးရမယ့် အရာကတော့ ကိုယ့်ခေါင်းအုံးစွပ်ကို တစ်ပတ်နှစ်ကြိမ်လဲပေးဖို့ပါပဲ။ မမြင်ရတဲ့ ဘက်တီးရီးယားပိုးတွေဟာ ခေါင်းအုံးစွပ်ကနေ သင့်မျက်နှာအသားအရေကို ဒုက္ခပေးနိုင်တာကြောင့် ခေါင်းအုံးကို ညတိုင်း ဟိုဘက်ဒီဘက် လှည့်အိပ်ပေးဖို့လည်း လိုအပ်ပါတယ်။

၅။မအိပ်ခင် ငန်တဲ့အစားအစာတွေစားခြင်း၊ အရက်သောက်ခြင်းဟာ အသားအရေအတွက် မကောင်းပါ။

ငန်တဲ့အစားအသောက်နဲ့ အရက်သောက်ပြီး အိပ်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့ ရှိသမျှအရည်တွေကို ယူလိုက်ရတဲ့အတွက် မျက်လုံးတစ်ဝိုက်က အရည်တွေကို စုပ်ယူသွားတာကြောင့် သင့်မျက်လုံးအစ်ဖောင်းတာတွေ ဖြစ်လာတာပါ။

၆။အိပ်စက်တဲ့အခါ မျက်နှာနဲ့ ဆံပင် မထိတွေ့တာ အကောင်းဆုံးပါပဲ။

အိပ်တော့မယ်ဆို ဆံပင်ကို စည်းထားတာ အကောင်းဆုံးပါပဲ။ အတင်းကြီး စုစည်းထားတာမျိုး မဟုတ်ပဲ ဖြေလျော့ပြီး စည်းအိပ်ပါ။ ဒါဆိုရင် ဆံပင်နဲ့မျက်နှာတစ်ချိန်လုံး မထိတော့တာမို့ မျက်နှာအသားအရေအတွက် ဘက်တီးရီးယားဝင်ခြင်းက ကာကွယ်ရာရောက်ပါတယ်။

၇။အိပ်တော့မယ်ဆို လိမ်းထားသမျှ မိတ်ကပ်တွေ ဖျက်ပြီးမှ အိပ်ပါ။

အပြင်က ပြန်လာပြီး အိပ်ယာမြင်တာနဲ့ တန်းအိပ်ပစ်လိုက်တာမျိုးတွေ ဘယ်တော့မှ မလုပ်မိပါစေနဲ့။ မျက်နှာပေါ်မှာ တစ်နေ့လုံးရှိနေတဲ့ မိတ်ကပ်တွေ၊ အညစ်အကြေးတွေကို ဖျက်၊ မျက်နှာသစ်ပြီးမှ အိပ်ယာဝင်တာ မျက်နှာအသားအရေအတွက် အကောင်းဆုံးပါပဲ။

Ref:cosmopolitan

ရွှံ့မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သော လယ်ဧကနှစ်ဆယ်အတွက်တစ်ဧကလျှင် စပါးတင်းခြောက်ဆယ်ပေးမည်ဟုဆို


ရွှံ့မီးတောင်ပေါက်ကွဲမှုကြောင့် စီးကျလာသော ချော်ရည်များ

 ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာအနီးလွန် ခဲ့သည့်  ဆယ့်ငါးရက်ကျော်က  ရွှံ့မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သော လယ်ဧကနှစ်ဆယ်အတွက် တစ်ဧကလျှင် စပါးတင်းခြောက်ဆယ်ပေးမည်ဟု အာဏာပိုင်များက ကျေးရွာသားများအားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

  ရွှံ့မီးတောင်ပေါက်ကွဲခဲ့ သောနေရာသို့ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တာ ၀န်ရှိသူများက စက်တင်ဘာ ၁၄ ရက်တွင် ရောက်ရှိခဲ့ပြီး ရှောက် ချောင်းကျေးရွာစာသင်ကျောင်း တွင် ရွာသားများနှင့်တွေ့ဆုံစဉ် ခ ရိုင်အုပ်ချုပ်ရေးမှူးက ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း  သတင်းရရှိ သည်။


‘‘ဒီနေ့ မနက် ၁၀နာရီ လောက်မှာ ခရိုင်အုပ်ချုပ်ရေးမှူး က ရောက်လာပြီး ရွှံ့မီးတောင် ပေါက်စဉ်ကတိုက်ရိုက်ဖုံးလွှမ်းခဲ့တဲ့နေရာတွေကို တစ်ဧကစပါး တင်းခြောက်ဆယ်ပေးဖို့ သူ့ကိုအ ထက်က ညွှန်ကြားထားတယ်လို့ ရွာသားတွေကိုအကြောင်းကြားခဲ့ တယ်’’ဟုရှောက်ချောင်းကျေးရွာ သားဦးကျော်မင်းကပြောသည်။

ချော်ရည်တဖြည်းဖြည်းစီး ဆင်းလာမှုကြောင့် ပျက်စီးဆဲနှင့် ပျက်စီးလာနေသောလယ်ယာမြေများကို မြေသြဇာကြဲပေးမည်ဟုလည်းကျေးရွာသားများကို ပြောကြားခဲ့သည်ဟုဆိုသည်။ ချော်ရည်ဝင်သွားသော လယ်မြေများကို မြေသြဇာကြဲပက်လျှင် ပြန် ကောင်းလာနိုင်မည်လားမေးမြန်း ရာတွင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အတူလိုက်ပါလာသူစိုက်ပျိုးရေး မှ တာဝန်ရှိသူတစ်ဦးကအတွေ့အ ကြုံမရှိသေးသောကြောင့်အတိအ ကျမသိသေးကြောင်း  ပြန်လည် ဖြေကြားခဲ့သည်။

‘‘မြေကို ဓာတ်ခွဲဖို့လိုတယ်။ သူတို့ဘက်ကလည်းတတ်နိုင်သ လောက် ကြိုးစားပေးမယ်လို့ပြော သွားတယ်။ ရွာကလူကြီးတွေက တော့ ဒီလိုရွှံ့ရည်ဝင်သွားရင်စိုက် ပျိုးရတာမလွယ်ကူတော့ဘူးလို့ ပြောတယ်’’ဟု  ဦီးကျော်မင်းက ပြောသည်။

 မီးတောင်ပေါက်ကွဲစဉ်က ကျောက်ဖြူမြို့နယ်၊  ရှောက် ချောင်းရွာရှိ  လယ်ယာမြေဧကနှစ် ဆယ်ကျော်ကို တိုက်ရိုက်ဖုံးလွှမ်း ခဲ့သည်။   မိုးရွာသွန်းမှုကြောင့် တောင်ပေါ်မှ  ချော်ရည်က  တ ဖြည်းဖြည်းနှင့်စီးကျလာကာစည် မော်ရွာ၊  ကြတ္တိန်ရွာကြားတွင် လယ်ယာမြေများလည်း အနည်း နှင့်အများပျက်စီးခဲ့ကာ ပျက်စီး ဆုံးရှုံးခဲ့သည့် လယ်ဧကပေါင်းနှစ် ရာကျော်ရှိမည်ဟု ဒေသခံတို့က ခန့်မှန်းကြသည်။

 ရွှံ့မီးတောင်ပေါက်ကွဲစဉ် တွင် အချို့လယ်ယာမြေများမှာ ပျိုးပင်များ ပေါက်ရောက်နေပြီး ဒေသခံတို့၏ ခန့်မှန်းချက်အရ စ ပါးတင်းပေါင်းသုံးထောင်ခန့်ပျက် စီးခဲ့သည်ဟုခန့်မှန်းထားသည်။

ရွှံ့မီးတောင်ပေါက်ကွဲပြီးငါး ရက်အကြာတွင် ရခိုင်ပြည်နယ် သစ်တောနှင့်သတ္တုပြည်နယ်ဝန် ကြီးဦးကျော်ခင်၊ ကျောက်ဖြူအ ထူးစီးပွားရေးဇုန်တင်ဒါရွေးချယ် ရေးနှင့် စိစစ်ရေးကော်မတီမှ ဦး ဘရွှေနှင့်မြို့နယ်မှ တာဝန်ရှိသူ များလာရောက်ကြည့်ရှုခဲ့ပြီး ပျက်စီးမှုအရေအတွက်  စာရင်းများ ကောက်ယူသွားခဲ့သည်ဟု  သ တင်းရရှိသည်။

ကျောက်ဖြူမြို့နယ်၊ ရှောက် ချောင်းအနီး စည်မော်၊ ကြတ္တိန် သုံးရွာကြားတွင် သြဂုတ် ၃၁ရက်က ပေါက်သောမီးတောင်မှာ လွန်ခဲ့ သော ၄၃နှစ်ကလည်း  တစ်ကြိမ် ပေါက်ကွဲဖူးသည်ဟုဒေသခံများ ကဆိုသည်။

 သြဂုတ် ၃၁ရက် ညနေ ၅နာရီခွဲတွင် ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာအနီး အ ရှေ့တောင်ဘက်တွင် ရွှံ့မီးတောင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အရှိန်ပြင်းခဲ့သဖြင့်အထက်သို့ပေထောင်ချီမြင့်တက်ခဲ့ပြီးအနီးနားရှိ စားကျက်မြေများ၊ လယ်ယာများချော်ရည်ဖုံးလွှမ်းခဲ့သည်။ ရွှံ့မီးတောင်မှ ထွက်ရှိလာသော ချော်ရည်များသည်အနီးရှိရှောက်ချောင်း၊ စည်မော်၊ ကြတ္တိန်ကျေးရွာအနီးသို့ စီးဆင်းလာသည်ဟု ဒေသခံများကပြောသည်။

7 Day Daily

ယာဉ်မတော်တဆ မှုကြောင့် သေဆုံးသွားခဲ့သည့် ပေါလ်ဝေါ့ကာ မွေးနေ့ အောက်မေ့ဖွယ်အဖြစ် သမီးဖြစ်သူက မွေးနေ့ဆုတောင်းပြုလုပ်


ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရသူ နာမည်ကျော် ရုပ်ရှင်မင်းသား ပေါလ်ဝေါ့ကာ (Paul Walker) ၏ မွေးနေ့ဖြစ်သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် သမီးဖြစ်သူ မက်ဒိုဝေါ့ကာက မွေးနေ့ဆုတောင်း ပြုလုပ်ခဲ့သည်။ သရုပ်ဆောင် ပေါလ်ဝေါ့ကာမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ယာဉ်မတော်တဆမှု တစ်ခုကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ရာ ယခုဆိုလျှင် တစ်နှစ်နီးပါး ရှိပြီဖြစ်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ သောကြာနေ့မှာ “Fast and Furious”  ဇာတ်ကား၏ သရုပ်ဆောင် ပေါလ်ဝေါ့ကာ၏ ၄၁ နှစ်မြောက် မွေးနေ့ဖြစ်ရာသမီးဖြစ်သူ မက်ဒိုဝေါ့ကာ က Instagram လူမှုကွန်ယက်စာမျက်နှာတွင် ဖခင်ဖြစ်သူ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ရေးသားခဲ့ရာ ပရိသတ်များအဖို့ ဝမ်းနည်းစရာ တစ်ခုပင်ဖြစ်သည်။

Instagram စာမျက်နှာတွင် “ပျော်ရွှင်သော မွေးနေ့ပါ။ အဖေ့ကို သမီး ချစ်ပါတယ်” ဟု မက်ဒိုဝေါ့ကာက ရေးသားထားပြီး၊ ဖခင်နှင့်အတူ လမ်းလျှောက်တတ် ခါစ ကလေးအရွယ်က ရိုက်ကူထားခဲ့သည့် ဓာတ်ပုံကိုတင်ခဲ့ခြင်း ဖြစ်သည်။

ဖခင်ဖြစ်သူ ပေါလ်ဝေါ့ကာ နှင့် သမီးဖြစ်သူ ကလေးအရွယ် မက်ဒိုဝေါ့ကာ တို့ တစ်ဦးကို တစ်ဦး ချစ်မြတ်နိုးစွာ ကြည့်နေကြသော ချစ်စဖွယ် ဓာတ်ပုံတစ် ပုံဖြစ်ပြီး၊ ဓာတ်ပုံထဲတွင် မက်ဒိုဝေါ့ကာမှာ ပန်းပွင့်ပုံများ ပါရှိသော အပြာရောင်အင်္ကျီဖျော့ဖျော့ကို ဝတ်ဆင်ထားသည်။

မက်ဒိုဝေါ့ကာသည် ဟာဝိုင်အီရှိ နေအိမ်တွင် မိခင်ဖြစ်သူ ရေဘက္ကာဆိုတားရို့စ် (Rebecca Soteros) နှင့် ယခင်က အတူနေထိုင်ခဲ့ရာမှ၊ ဖခင်ဖြစ် သူ ပေါလ်ဝေါ့ကာ မကွယ်လွန်ခင် ရက်သတ္တပတ်များတွင် ဖခင်ဖြစ်သူ နေထိုင်ရာ လော့စ်အင်ဂျလိစ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

မက်ဒို နှင့် သူ့အကြား နီးစပ်ကောင်းမွန်သော မိသားစု ဆက်ဆံရေး ရှိခြင်းအပေါ် ပျော်ရွှင်ကြောင်း ပေါလ်ဝေါ့ကာက သူ မကွယ်လွန်မီ ၁၄ ရက်အလို၌ လူမှုကွန်ယက်စာမျက်နှာ တွစ်တာတွင် ရေးသားခဲ့သည်။ “အသက် ၂၅ နှစ် အရွယ်မှာ သူ့ကိုရခဲ့တာကို ကျွန်တော် ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ ဘာကြောင့် လည်းဆိုတော့ အသက် ၄၀ အရွယ် ကျွန်တော်နဲ့ အသက် ၁၅ နှစ်အရွယ် သမီးအကြား ဆက်ဆံရေးက ပြေပြစ်ကောင်းမွန်လှပါတယ်။ အဲဒါဟာ အလုပ်ဖြစ်ပါ တယ်။ အကောင်းဆုံး ဆက်ဆံရေးမျိုးပါ” ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။

ပေါလ်ဝေါ့ကာ၏ ပေါင်စတာလင် ၁၅ သန်းတန် အိမ်နှင့် ခြံဝင်းအား အမွေရရှိခဲ့သည့် အသက် ၁၅ နှစ် အရွယ် မက်ဒိုဝေါ့ကာကို ယခုအခါ ပေါလ်၏ မိခင်ဖြစ် သူက အုပ်ထိန်းလျက် ရှိသည်။

“Fast and Furious” ဇာတ်ကားတွင် ပေါလ်ဝေါ့ကာ၏ တွဲဘက်သရုပ်ဆောင်များ ဖြစ်ကြသည့် ဂျော်ဒါးနားဘရူးစတား နှင့် လူဒါခရစ္စ တို့ကလည်း ပေါလ်ဝေါ့ ကာ မွေးနေ့အထိမ်းအမှတ်အဖြစ် အောက်မေ့ဖွယ်များ ရေးသားခဲ့ကြသည်။

WhoSay လူမှုမီဒီယာ စာမျက်နှာတွင် မင်းသမီး ဂျော်ဒါးနားသည် ပေါလ်ဝေါ့ကာ အောက်မေ့ဖွယ်အဖြစ် “ပျော်ရွှင်သော မွေးနေ့ပါ။ #ROWW ဟာ ငါတို့ရဲ့ ရင်ထဲမှာ အမြဲရှိနေမှာပါ” ဟု ၂၀၁၀ ခုနှစ်တွင် ပေါလ်ဝေါ့ကာ တည်ထောင်ခဲ့သည့် Reach Out WorldWide (ROWW) အဖွဲ့ကို ရည်ညွှန်း၍ ရေးသားကာ၊ ညနေဆည်းဆာ ဓာတ်ပုံတစ်ပုံနှင့်အတူ တွဲ၍ တင်ခဲ့သည်။ ROWW အဖွဲ့မှာ သဘာဝဘေးအန္တရာယ်များအပြီး အသက်ရှင်သန်ကျန်ရစ်သူများအား အကူအညီပေးရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

ပေါလ် လိုက်ပါခဲ့ပြီး ပေါလ်၏ မိတ်ဆွေ ရော့ဂျာရိုဒက်စ် (Roger Rodas) မောင်းနှင်ခဲ့သော Porsche ကားမှာ အရှိန်မထိန်းနိုင်ဘဲဖြစ်ကာ အနီးရှိ တိုင်တစ်ခုကို တိုက်မိပြီး မီးလောင်ကျွမ်းသွားခဲ့ရာ ကားထဲတွင် လိုက်ပါလာခဲ့သူ နှစ်ဦးစလုံး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

Ref: Mirror၊

IS အဖွဲ့အား ဆန့်ကျင်ချေမှုန်းရေးတွင် ပါဝင်ရန် ယူအေအီးသို့ သြစတြေးလျတပ်ဖွဲ့ဝင် ၆၀၀ ခန့် စေလွှတ်မည်


အစ္စလာမ်မစ်နိုင်ငံတော်IS အဖွဲ့ စစ်သွေးကြွများအား ဆန့်ကျင်တိုက်ခိုက်ရန် ပြင်ဆင်နေကြသည့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ မဟာ မိတ် ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းရန်အတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံသို့ သြစတြေးလျ တပ်ဖွဲ့ဝင် ၆၀၀ ခန့် စေ လွှတ်တပ်ဖြန့်လိမ့်မည် ဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘက်ထ် က  က ဆိုခဲ့သည်ဟု စက်တင်ဘာ ၁၄ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အီရတ် နှင့် ဆီးရီးယားတို့တွင် ပါဝင် တိုက်ခိုက်နေကြသည့် သြစတြေးလျနိုင်ငံသား စစ်သွေးကြွများ သြစတြေးလျ သို့ ပြန် လာကြမည်ဆိုပါက နိုင်ငံ၏ လုံခြုံရေး ထိခိုက်လာမည့်အရေးကို စိုးရိမ်မှုများ ကြီးထွားမြင့်တက်လာလျက်ရှိသဖြင့် အကြမ်းဖက် ဝါဒ အန္တရာယ်ကို အလယ်အလတ် အဆင့်မှနေ၍ မြင့်သောအဆင့်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သြစတြေးလျ အစိုးရ က ကြေညာခဲ့အပြီး နှစ်ရက်အကြာတွင် တိုနီအက်ဘက်ထ်က ယခုကဲ့သို့ ပြောလိုက်ခြင်းလည်း ဖြစ်သည်။

သောင်းကျန်းလျက်ရှိသော အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့အား ဆန့်ကျင်တိုက်ခိုက်မည့် နိုင်ငံတကာ မဟာမိတ် ညွန့်ပေါင်း အဖွဲ့တွင် သြစတြေးလျလည်း ပူးပေါင်းပါဝင်ရန် အမေရိကန်က သြစတြေးလျအား တရားဝင် မေတ္တာရပ်ခံခဲ့ပြီးနောက် သြ စတြေးလျ လေကြောင်း ဆိုင် ရာအမှုထမ်း ၄၀၀ ခန့် နှင့် စစ်ဘက်အမှုထမ်း၂၀၀ ခန့် တပ်ဖြန့်ချထားမည့် အစီအစဉ် ကို ကြေညာ ခဲ့ခြင်း ဖြစ်သည်။ သြစတြေးလျ အနေဖြင့် တိုက်ပွဲ ဝင်တပ်ဖွဲ့များ စေလွှတ်တပ်ဖြန့်ရုံသာမဟုတ်ဘဲ လူသားချင်း စာနာထောက်ထားမှုကင်းမဲ့ခြင်း အကျပ်အတည်း ပို၍ မကြီးမား လာအောင် ကာကွယ်ရန် ရည်ရွယ်သည့် နိုင်ငံတကာ အားထုတ် မှုများတွင်လည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

“သြစတြေးလျတပ်ဖွဲ့တွေ အနေနဲ့ အီရတ်နိုင်ငံအတွင်း စစ်ဆင်တိုက်ခိုက်ရေးတွေမှာ မပါဝင်ခင် မှာ နောက်ထပ်ဆုံးဖြတ်ချက်တွေ ချမှတ်ရဦးမယ်ဆိုတာကတော့ ထင်ရှားပါတယ်” ဟု သြစတြေးလျနိုင်ငံ ဒါဝင်မြို့တွင် ကျင်းပခဲ့ သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝန်ကြီးချုပ် အက်ဘက်ထ်က ပြောကြားခဲ့သည်။

“ဒါပေမဲ့ IS အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရေး နိုင်ငံတကာ စစ်ဆင်ရေးတွေမှာ ပါဝင်ဖို့ သြစေတြးလျနိုင်ငံက ပြင်ဆင်ထားပါတယ်။ဘာကြောင့်လည်းဆိုတော့ ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ လူသတ်အဖွဲ့ဟာ အီရတ်က လူတွေလောက်ကိုပဲ၊ အရှေ့အလယ်ပိုင်းဒေသက လူတွေလောက်ကိုပဲ ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ သြစတြေး လျ အပါအဝင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတာပါ” ဟု ၎င်းက ဆိုခဲ့သည်။

အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွများအား ဆန့်ကျင်ချေမှုန်းရေး ညွန့်ပေါင်းအဖွဲ့တစ်ရပ် ခိုင်ခိုင်မာမာဖြစ်လာအောင် အမေရိကန်နိုင်ငံက ဆောင်ရွက်လျက် ရှိပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည်လည်း IS အား တိုက်ခိုက်ရေး တွင် အာရပ်နိုင်ငံများ၏ ထောက်ခံမှုရအောင် စည်းရုံးရေးအတွက် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်လျက် ရှိသည်။

Ref:AFP

အဂတိလိုက်စားမှု စွဲချက်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ဇီယာ၏ အယူခံများ ပယ်ချခံရ



ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာ၏ အယူခံများကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က တနင်္ဂနွေနေ့က ပယ်ချခဲ့ ရာ ၎င်းသည် ထောင်ဒဏ်တစ်သက် ကျခံရနိုင်သည့် အဂတိလိုက်စားမှုဆိုင်ရာ အမှုအခင်းကို ဆက်လက် ရင်ဆိုင် ရတော့မည် ဖြစ်သည်ဟု စက်တင်ဘာ ၁၄ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆင့်ပိုနိမ့်သည့် အထူးတရားရုံး တစ်ခုတွင် ၎င်း၏ အမှုအား စစ်ဆေးစီရင်လျက်ရှိသော တရားသူကြီးမှာ ဥပဒေနှင့် ဆန့်ကျင်စွာ ခန့်အပ်တာဝန်ပေးခံထားရသူဖြစ်ကြောင်း၊ ဝန်ကြီးချုပ် နှစ်ကြိမ်ဖြစ်ခဲ့ဖူးသော ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ BNP ခေါင်းဆောင် ဇီယာက အကြောင်းပြကာ အမှုစစ်ဆေးစီရင်မှုအား ဆိုင်းငံ့ပေးရေးအတွက် တရားရုံးချုပ်ထံသို့ အယူခံ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် တရားသူကြီးချုပ် မူဇမ်မန်လ်ဟိုစိန် ဦးဆောင်သည့် တရားရုံးချုပ် တရားသူကြီးအဖွဲ့သည် ၎င်း၏ အယူခံများကို ပယ်ချခဲ့ပြီး ၎င်း၏ အဂတိလိုက်စားမှုဆိုင်ရာ အမှုအခင်းအား ထို အထူးတရားရုံးတွင် ဆက်လက်၍ စစ်ဆေး စီရင်သွားနိုင်တော့မည် ဖြစ်ကြောင်း ဇီယာ၏ ရှေ့နေ ဆာနူလာခ်ျ မာ့ခ်ျက ဆိုခဲ့သည်။

“တရားမျှတမှုကို ကျွန်တော်တို့ ခုထိ မရရှိသေးပါဘူး” ဟု မာ့ခ်ျ က ပြောကြားခဲ့ပြီး စွဲချက်များနှင့် ပတ်သက်၍ ဇီယာ ၏ နောက်ထပ် အယူခံနှစ်ခုကို တရားရုံးချုပ်က မဆုံးဖြတ်ရသေးသည့်အတွက် ဇီယာ၏ အမှုအား အဂတိလိုက်စားမှုဆိုင်ရာ အထူးတရားရုံးတွင် စစ်ဆေးစီရင်ရေးမှာ ဆက်လက် နှောင့်နှေးနေဦးမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုခဲ့သည်။ သို့ရာတွင် ရှေ့နေချုပ် မာဘူဘေး အေလမ် က ဇီယာ၏ အယူခံများ ရှိနေသေးသော်လည်း ၎င်း၏အမှုအား တရားရုံးတွင် ဆက်လက်စစ်ဆေး စီရင်နိုင်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

အစောပိုင်းကလည်း ဗဟိုတရားရုံးသည် ဇီယာ၏ အလားတူ အယူခံဝင်မှုများကို ပယ်ချခဲ့ရာ ၎င်း၏ ရှေ့နေများက အမှုစစ်ဆေး စီရင်မှုများ ရပ်တန့်သွားရေး နောက်ဆုံးကြိုးပမ်းချက် တစ်ရပ်အဖြစ် တရားရုံးချုပ်တွင် အယူခံ တင်သွင်းလာကြခြင်း ဖြစ်သည်။ ဇီယာ၏ ရှေ့နေများသည် အမှုစစ်ဆေးစီရင်ခြင်း နှောင့်နှေးသွားအောင် အကြိမ်ပေါင်း ဒါဇင်နှင့်ချီကာ လုပ်ဆောင်ခြင်းအားဖြင့် အချိန်ဖြုန်းနေကြကြောင်းလည်း တရားစွဲဆိုသူများက စွပ်စွဲခဲ့ကြသည်။

Mizzima