15.9.14

အဂတိလိုက်စားမှု စွဲချက်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ဇီယာ၏ အယူခံများ ပယ်ချခံရ



ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာ၏ အယူခံများကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က တနင်္ဂနွေနေ့က ပယ်ချခဲ့ ရာ ၎င်းသည် ထောင်ဒဏ်တစ်သက် ကျခံရနိုင်သည့် အဂတိလိုက်စားမှုဆိုင်ရာ အမှုအခင်းကို ဆက်လက် ရင်ဆိုင် ရတော့မည် ဖြစ်သည်ဟု စက်တင်ဘာ ၁၄ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆင့်ပိုနိမ့်သည့် အထူးတရားရုံး တစ်ခုတွင် ၎င်း၏ အမှုအား စစ်ဆေးစီရင်လျက်ရှိသော တရားသူကြီးမှာ ဥပဒေနှင့် ဆန့်ကျင်စွာ ခန့်အပ်တာဝန်ပေးခံထားရသူဖြစ်ကြောင်း၊ ဝန်ကြီးချုပ် နှစ်ကြိမ်ဖြစ်ခဲ့ဖူးသော ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ BNP ခေါင်းဆောင် ဇီယာက အကြောင်းပြကာ အမှုစစ်ဆေးစီရင်မှုအား ဆိုင်းငံ့ပေးရေးအတွက် တရားရုံးချုပ်ထံသို့ အယူခံ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် တရားသူကြီးချုပ် မူဇမ်မန်လ်ဟိုစိန် ဦးဆောင်သည့် တရားရုံးချုပ် တရားသူကြီးအဖွဲ့သည် ၎င်း၏ အယူခံများကို ပယ်ချခဲ့ပြီး ၎င်း၏ အဂတိလိုက်စားမှုဆိုင်ရာ အမှုအခင်းအား ထို အထူးတရားရုံးတွင် ဆက်လက်၍ စစ်ဆေး စီရင်သွားနိုင်တော့မည် ဖြစ်ကြောင်း ဇီယာ၏ ရှေ့နေ ဆာနူလာခ်ျ မာ့ခ်ျက ဆိုခဲ့သည်။

“တရားမျှတမှုကို ကျွန်တော်တို့ ခုထိ မရရှိသေးပါဘူး” ဟု မာ့ခ်ျ က ပြောကြားခဲ့ပြီး စွဲချက်များနှင့် ပတ်သက်၍ ဇီယာ ၏ နောက်ထပ် အယူခံနှစ်ခုကို တရားရုံးချုပ်က မဆုံးဖြတ်ရသေးသည့်အတွက် ဇီယာ၏ အမှုအား အဂတိလိုက်စားမှုဆိုင်ရာ အထူးတရားရုံးတွင် စစ်ဆေးစီရင်ရေးမှာ ဆက်လက် နှောင့်နှေးနေဦးမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုခဲ့သည်။ သို့ရာတွင် ရှေ့နေချုပ် မာဘူဘေး အေလမ် က ဇီယာ၏ အယူခံများ ရှိနေသေးသော်လည်း ၎င်း၏အမှုအား တရားရုံးတွင် ဆက်လက်စစ်ဆေး စီရင်နိုင်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

အစောပိုင်းကလည်း ဗဟိုတရားရုံးသည် ဇီယာ၏ အလားတူ အယူခံဝင်မှုများကို ပယ်ချခဲ့ရာ ၎င်း၏ ရှေ့နေများက အမှုစစ်ဆေး စီရင်မှုများ ရပ်တန့်သွားရေး နောက်ဆုံးကြိုးပမ်းချက် တစ်ရပ်အဖြစ် တရားရုံးချုပ်တွင် အယူခံ တင်သွင်းလာကြခြင်း ဖြစ်သည်။ ဇီယာ၏ ရှေ့နေများသည် အမှုစစ်ဆေးစီရင်ခြင်း နှောင့်နှေးသွားအောင် အကြိမ်ပေါင်း ဒါဇင်နှင့်ချီကာ လုပ်ဆောင်ခြင်းအားဖြင့် အချိန်ဖြုန်းနေကြကြောင်းလည်း တရားစွဲဆိုသူများက စွပ်စွဲခဲ့ကြသည်။

Mizzima

0 comments:

Post a Comment