ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

21.10.14

သမ္မတ ဂျိုကိုဝီကို မွေးဖွားခြင်း


ဂျာကာတာမြို့တော်ဝန်ဟောင်း ဂျိုကိုဝီ ဒိုဒို အင်ဒိုနီးရှားသမ္မတ အဖြစ် ရာထူးလက်ခံလိုက်ပါပြီ။ ၁၉၉၈ ခုနှစ်မှာ ဒီမိုကရေစီ တောင်းဆိုတဲ့ ပြည်သူ့အရေးတော်ပုံကြောင့် နှစ်ပေါင်း ၃၀ ကြာ ဆူဟာတိုခေတ် အဆုံးသတ်ခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ချီတက်နေတဲ့ အင်ဒိုနီးရှားအတွက် အရေးကြီးတဲ့ သမိုင်းမှတ်တိုင် တခုပါပဲ။ ဒါပေမယ့် ပရိဘောဂ လုပ်ငန်းရှင်ဟောင်း အသက် ၅၃ နှစ်အရွယ် သမ္မတသစ် ဂျိုကိုဝီကို အသင့်စောင့်နေတဲ့ ပြဿနာတွေကလည်း မနည်းပါဘူး။

သမ္မတသစ် ဂျိုကိုဝီဟာ စစ်တပ်နောက်ခံလည်းမရှိ၊ နိုင်ငံရေး အမွေခံလည်း မဟုတ်တဲ့ ပထမဆုံး အင်ဒိုနီးရှား သမ္မတဖြစ်လာပါတယ်။ စစ်တပ်သြဇာကြီးတဲ့၊ သွားလေသူ အာဏာရှင်ကြီးတွေရဲ့ လောင်းရိပ်ကနေ မလွှတ်တတ်သေးတဲ့ အင်ဒိုနီးရှားလို နိုင်ငံအတွက် အလွန်ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်ပါတယ်။ အငြိမ်းစားဗိုလ်ချုပ်ကြီး ဆူစီလို ဘန်ဘမ်းယူဒိုယိုနိုဟာ တိုက်ရိုက်မဲပေး စနစ်အရ ၂၀၀၄ နဲ့ ၂၀၀၉ မှာ နှစ်ကြိမ် အရွေးခံခဲ့ရတယ်။ ဒါကြောင့် အောက်တိုဘာလ ၂၀ ရက်နေ့ အာဏာအလွှဲအပြောင်းဟာလည်း ပြည်သူတွေက တိုက်ရိုက် မဲပေးစနစ်အရ ရွေးချယ်ခဲ့တဲ့ သမ္မတ နှစ်ယောက်ကြားမှာ ပထမဆုံး ငြိမ်းချမ်းတဲ့နည်းနဲ့ အာဏာ အလွဲအပြောင်းဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အလွန် အရေးကြီးပါတယ်။

ဒီလို သမိုင်းဝင် အောင်မြင်မှုတွေ ရှိသလို ဖြေရှင်းရခက်မယ့် စိန်ခေါ်မှုတွေကလည်း အမြောက်အမြား ရှိနေပါတယ်။ ဂျိုကိုဝီဟာ သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဖက် သမတလောင်း ပရာဘိုဝို ဆူဘီယံတိုကို အပြတ်အသတ် နိုင်ခဲ့တာမျိုး မဟုတ်ပါဘူး။ ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုက ကပ်ရှုံးသွားတာကို လက်မခံလို့ ရွေးကောက်ပွဲ အငြင်းပွားမှု ပေါ်ပေါက်ခဲ့ပါတယ်။ အာရှနိုင်ငံတွေမှာ ကြုံနေရတဲ့ ရွေးကောက်ပွဲ ပြဿနာအတိုင်းပဲ၊ ကမ္ဘာမှာ စတုတ္ထ လူဦးရေအများဆုံး နိုင်ငံမှာ ဒီမိုကရေစီခရီး နောက်ကြောင်းပြန်သွားမှာကို စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က အယူခံကို ပယ်ချလိုက်သလို ပရာဘိုဝို ကိုယ်တိုင်ကလည်း အရှုံးကို လက်ခံလိုက်လို့ ပြဿနာက ပြေလည်မှုရသွားပါတယ်။

နောက်တဆင့်ကတော့ ရွေးကောက်ပွဲ ကတိက၀တ်တွေကို ဖြည့်ဆည်းပေးဖို့ပါပဲ။ သမ္မတသစ်က နှေးကွေးနေတဲ့ အင်ဒိုနီးရှား စီးပွားရေး တိုးတက်မှု အရှိန်မြှင့်တင်မယ်လို့ ကတိပြုထားပါတယ်။ အခြေခံအဆောက်အဦပိုင်းကို အရည်အသွေးမြှင့်တင်ဖို့၊ ပြည်သူ အားလုံးအတွက် အခမဲ့ကျန်းမာရေး၊ အခမဲ့ ပညာရေးစနစ်ကို ကတိပြုထားပါတယ်။ စီးပွားရေးတိုးတက်မှုနှုန်းက ၂၀၁၀ ကနေ ၂၀၁၂ အထိ ပျမ်းပျ ၆ ဒသမ ၃ ရာခိုင်နှုန်း ရှိရာကနေ ၂၀၁၃ မှာ ၅ ဒသမ ၈ ရာခိုင်နှုန်းကို ကျဆင်းခဲ့တယ်။ ဒီနှစ်မှာလည်း ၅ ဒသမ ၂ ရာခိုင်နှုန်းကို ဆက်ကျဆင်းဖို့ ရှိတယ်လို့ အင်ဒိုနီးရှား ဗဟိုဘဏ်က ခန့်မှန်းထားတယ်။ ဒီနှုန်းအတိုင်း ဆိုရင် လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ ဂျိုကိုဝီက ၂၀၁၈ ကျရင် စီးပွားရေးတိုးတက်မှု ၇ ရာခိုင်နှုန်း ရှိလာဖို့ ကတိပြုထားပါတယ်။

ကမ္ဘာဘဏ်ရဲ့ အဆိုအရ အင်ဒိုနီးရှားမှာ လူဦးရေရဲ့ ထက်ဝက်ဟာ တနေ့ ၂ ဒေါ်လာတောင် မပြည့်တဲ့ ၀င်ငွေနဲ့ ရပ်တည်နေရတုန်းပါပဲ။ ဒီအရေအတွက်အားဖြင့် လူဦးရေ သန်း ၁၀၀ ကျော်ပါတယ်။ လာဘ်ပေး လာဘ်ယူမှုမှာလည်း ကမ္ဘာ့နိုင်ငံပေါင်း ၁၇၇ နိုင်ငံစာရင်းမှာ အလယ်အလတ်အဆင့်တောင် မရှိဘဲ အမှတ်စဉ် ၁၁၄ မှာပဲ ရှိပါတယ်။ တခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာလိုပဲ ဆင်းရဲ ချမ်းသာကွာဟမှုက မြင့်မားနေပါတယ်။

သမ္မတသစ်က ပြုပြင်ပြောင်းလဲရေးကို ကတိပြုထားပေမ့ယ် လက်တွေ့မှာ မလွယ်ပါဘူး။ လွှတ်တော်တွင်းမှာ ပရာဘိုဝို ခေါင်းဆောင်တဲ့ ၇ ပါတီ ညွန့်ပေါင်းက အများစု ဖြစ်နေတယ်။ စက်တင်ဘာလကပဲ ပရာဘိုဝိုတို့ရဲ့ ညွန့်ပေါင်းက အစွမ်းပြလိုက်ပါတယ်။ အင်ဒိုနီးရှားမှာ မြို့တော်ဝန်တွေ၊ အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်အဆင့်အထိ ပြည်သူတွေက တိုက်ရိုက်မဲပေး ရွေးချယ်တဲ့ စနစ်ကို ဖျက်သိမ်းခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်က စတင်ခဲ့တဲ့ တိုက်ရိုက်မဲပေးစနစ်ကနေ တက်လာတဲ့ ဂျိုကိုဝီကို လက်စားချေလိုက်သလိုပါပဲ။

ဒါကြောင့် တခြား ပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာလည်း နိုင်ငံရေးစားဖားတွေ ကြီးစိုးထားဆဲ လွှတ်တော်ထရံပေါက်က ခြေထောက်ကို ဆွဲတာ ခံရဖို့ များပါမယ်။ ဂျိုကိုဝီ ကိုယ်တိုင်ကလည်း မြို့တော်ဝန်ကောင်း တယောက်အဖြစ် အစွမ်းပြခဲ့ပေမယ့် နိုင်ငံအဆင့်၊ နိုင်ငံတကာ အတွေ့အကြုံ မရှိသေးတဲ့အတွက် ဟဲဗီးဝိတ် နိုင်ငံရေးသမားတွေ ဖြစ်တဲ့ ဆူကာနိုရဲ့ သမီး သမ္မတဟောင်း မေဃာဝတီနဲ့ ယူဒိုယိုနို ပထမ သက်တမ်းမှာ ဒုတိယသမ္မတ ဖြစ်ခဲ့ပြီး အခုလည်း ဒုတိယသမ္မတ ဖြစ်တဲ့ ဂျူးဆွဖ် ကဲလာ တို့ရဲ့ အရှိန်အ၀ါကို ကျော်လွှားပြီး လွတ်လွတ်လပ်လပ် နိုင်ငံကို ဦးဆောင်နိုင်မလားဆိုတာကို စောင့်ကြည့်နေကြတယ်။

ဂျိုကိုဝီဟာ ၂၀၀၅ ခုနှစ်မှာ ဆိုလို (ဆူရာကာတာ) မြို့တော်ဝန် အဖြစ် အရွေးခံဖို့ မေဃာဝါဒီတို့ ပါတီထဲကို ၀င်ခဲ့ပါတယ်။ အဲဒီအချိန်အထိ ဂျိုကိုဝီဟာ ပရိဘောဂလုပ်ငန်းမှာ အောင်မြင်တဲ့ စီးပွားရေးသမား တယောက်ဆိုပေမယ့် သူ့နာမည်ကို သာမန်ပြည်သူတွေကြားမှာ သူ့ကို သိသူ မရှိသလောက်ပါပဲ၊ ပရိဘောဂလုပ်ငန်းကလွဲလို့ တခြား စီးပွားရေးလောကမှာလည်း လူသိများသူ မဟုတ်သေးပါဘူး။

ဒါကြောင့် ဆိုလိုမြို့တော်ဝန်ဖြစ်ဖို့ ဂျိုကိုဝီအတွက် အမာခံနယ်မြေ (power base) လိုပါတယ်။ ဆိုလိုမြို့ဟာ မေဃာဝါဒီရဲ့ တိုက်ပွဲဝင် ဒီမိုကရက်တစ်ပါတီ (PDI-P) ပါတီက အားကောင်းပါတယ်။ ဂျိုကိုဝီက ပါတီပေါင်းစုံကို ချဉ်းကပ်ရင်းနဲ့ နောက်ဆုံး ဆိုလိုမြို့မှာ PDI-P ရဲ့ ပါတီ ဥက္ကဌဖြစ်တဲ့ ရူဒီက စင်တင်ပေးရာကနေ မြို့တော်ဝန်အဖြစ် အရွေးချယ်ခံရဖို့ ဖြစ်လာတာပါ။ ခရစ်ယာန် ဘာသာဝင် ရူဒီက သူကိုယ်တိုင် မြို့တော်ဝန်လောင်းအဖြစ် ၀င်ပြိုင်ရင်လည်း အနိုင်ရဖို့ သေချာပေမ့ယ် ဂျိုကိုဝီကို စင်တင်ပေးခဲ့ပါတယ်။ PDI-P ရဲ့ သြဇာနဲ့ လူငယ်အသင်းအဖွဲ့တွေ၊ အားကစား အသင်းအဖွဲ့တွေမှာ ဥက္ကဌ တာဝန်ယူထားတဲ့ ရူဒီ ရဲ့ လူကြိုက်များမှုဟာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။

မြို့တော်ဝန်အဖြစ် အရွေးခံတဲ့ အခါမှာသာ ဂျိုကိုဝီဟာ သူ့ အရည်အချင်းတွေကို ပြသနိုင်တယ်။ ၂၀၀၅ မတိုင်ခင်အထိ လူဦးရေ လေးသိန်း ရှိတဲ့ ဆိုလိုမြို့ဟာ အင်ဒိုနီးရှားမှာ အဆင်းရဲဆုံး မြို့စာရင်းဝင်၊ ရာဇ၀တ်မှုတွေ၊ ၀ရုန်းသုန်းကားနဲ့ အဓိကရုဏ်းတွေ ထူပြောတဲ့၊ ဂျီဟတ် အကြမ်းဖက်သမားတွေ မွေးထုတ်တဲ့ မြို့တမြို့ အဖြစ်ပဲ နာမည်ကျော်ပါတယ်။ ဘာလီ နိုက်ကလပ် ဗုံးခွဲမှုနဲ့ ဂျာကာတာမြို့ ဇိမ်ခံဟိုတယ်တွေ ဗုံးခွဲမှုတွေကို စီစဉ်သူတွေဟာ ဆိုလိုမြို့မှာ ရှိတဲ့ Al-Mukmin ဘာသာရေး ကျောင်းထွက်တွေဖြစ်ပါတယ်။ ကျောင်းကို ထူထောင်သူ Abubakar ဟာ အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့မှု၊ သင်တန်းပေးမှု စွပ်စွဲချက်နဲ့ အခုအထိလည်း ထောင် ၁၅ နှစ် ကျနေတုန်းပါပဲ။

ဂျိုကိုဝီရဲ့ နာမည်ကျော် ဘလူးစူကန်ဟာ ဆိုလိုမြို့ မဲဆွယ်တဲ့အချိန်က သုံးခဲ့တဲ့ နည်းလမ်းပါပဲ။ ရွေးကောက်ပွဲ အောင်နိုင်ရေး လူအင်အား ငွေအင်အား အများကြီးကို မသုံးနိုင်သေးတဲ့အတွက် အကောင်းဆုံးနည်းကို စဉ်းစားကြရင်း ဘလူးစူကန် ဆိုတာ ဖြစ်လာတာပါ၊ တအိမ်တက်ဆင်း စည်းရုံးရေးဆင်းတဲ့ နည်းပါပဲ၊ ပိုစတာတွေ၊ billboard တွေကို မသုံးဘဲ လူကိုယ်တိုင် တအိမ်တက်ဆင်း စည်းရုံးရေးဆင်းခဲ့ကြပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် ခြောက်လအလိုမှာ ဆိုလိုမြို့မှာ ထုတ်တဲ့ သတင်းစာတစောင်မှာ စာမျက်နှာဝယ်ပြီး စီးပွားရေးအကြံပေးကဏ္ဍတခုဖွင့်ပြီး ဂျိုကိုဝီနဲ့ ပြည်သူတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဘလူးစူကန် စည်းရုံးရေးနည်းက ထိရောက်တာရယ်၊ PDI-P ပါတီရဲ့ကွန်ယက်တွေကြောင့် ရွေးကောက်ပွဲမှာ ၃၆ ဒသမ ၆၂ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ပါတယ်။

ဂျိုကိုဝီရဲ့ ရိုးဂုဏ်၊ နှိမ့်ချတတ်တဲ့ စရိုက်၊ အောက်သက်ကျေပြီး အောက်ခြေပြည်သူတွေနဲ့ မကင်းကွာတာ၊ လာဘ်ပေးလာဘ်ယူကင်းပြီး အကျင့်စာရိတ္တ ကောင်းတာတွေအပြင် ဆိုလို အပြောင်းအလဲကြီး ပြောင်းလဲသွားအောင် စီမံအုပ်ချုပ်နိုင်တာတွေကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ ၉၀ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ခဲ့ပါတယ်။ မြို့တော် ရွေးကောက်ပွဲတွေမှာ ဒီလောက် အောင်မြင်မှုမျိုး မရှိလို့ ဂျိုကိုဝီရဲ့ အောင်ပွဲသတင်းဟာ တနိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်သွားပါတယ်။

ဆိုလိုမြို့မှာ အစွမ်းပြနေတဲ့ ဂျိုကိုဝီကို ဂျာကာတာ မြို့တော်ဝန် ဖြစ်လာဖို့ စင်တင်ပေးခဲ့သူ နှစ်ယောက်ကတော့ မေဃာဝတီနဲ့ ဂျူးဆွဖ် ကဲလာ တို့ပါ။ ဒီအကြောင်းကို ဒုတိယသမ္မတဟောင်း ကဲလာက မနှစ်သြဂုတ်လမှာ ဂျာကာတာမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ပြောခဲ့ဖူးပါတယ်။ အကျဉ်းချုပ်ကတော့ ဂျိုကိုဝီကို ဂျာကာတာ မြို့တော်ဝန်လောင်းအဖြစ် ၀င်ပြိုင်ခိုင်းဖို့ ကဲလာက မေဃာဝါဒီကို အဆက်အသွယ်တွေက တဆင့် နားချခိုင်းခဲ့ပါတယ်။ ပရာဘိုဝိုရဲ့ Gerindra ပါတီကလည်း ကျောထောက်နောက်ခံပေးဖို့ ကဲလာကပဲ စည်းရုံးခဲ့ပါတယ်။ ဒီလိုနဲ့ ဂျိုကိုဝီဟာ ၂၀၁၂ အောက်တိုဘာမှ ကျင်းပတဲ့ ဂျာကာတာမြို့တော်ဝန်မှာ အနိုင်ရခဲ့ပြီး ဆိုလို မြို့တော်ဝန် ဒုတိယ သက်တမ်း မပြည့်ခင် သုံးနှစ်အလိုမှာ ဂျာကာတာ မြို့တော်ဝန်အဖြစ် ဖြစ်လာပြန်ပါတယ်။

ဒါကြောင့် မေဃာဝတီနဲ့ ဂျူးဆွဖ် ကဲလာ တို့ဟာ နိုင်ငံရေးအရာမှာ ဂျိုကိုဝီ့ ငယ်ဆရာတွေလို့ ပြောရင် ရပါတယ်။ ဒါပေမ့ယ် မေဃာဝါဒီဟာ သမ္မတ အဖြစ် တာဝန်ထမ်းခဲ့တဲ့ (၂၀၀၁ ကနေ ၂၀၀၄) ခုနှစ်အတွင်း စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်လို့ လူကြိုက်နည်းခဲ့ပါတယ်။ ဒါကြောင့် ယူနိုယိုနိုနဲ့ ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံးမှာ ရှုံးခဲ့ပါတယ်။ ဂျိုကိုဝီကတော့ မေဃာဝါဒီနဲ့ ပြောင်းပြန် စီမံအုပ်ချုပ်မှုမှာ အသေးစိတ်ကအစ နိုင်သူအဖြစ် နာမည်ကျော်သူဖြစ်ပါတယ်။ ဂိုကာပါတီခေါင်းဆောင်ဟောင်း ဂျူးဆွဖ်ကဲလာဟာလည်း ယူနိုယိုနို လက်အောက်မှာ ဒုတိယသမ္မတ အဖြစ် တာဝန်ထမ်းစဉ်ကတည်းက သမ္မတက ထိန်းရကြောင်းရ ခက်သူလို့ နာမည်ကြီးပါတယ်။ အခုလည်း ကက်ဘိနက်ကို ဘယ်လိုဖွဲ့စည်းမလဲ ဆိုတဲ့နဲ့ပတ်သက်ပြီး  ဂျူးဆွဖ် ကဲလာနဲ့ ဂျိုကိုဝီတို့ သဘောကွဲနေတယ်ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်နေပါတယ်။

နိုင်ငံရေးဝါစဉ်အရ၊ အသက်အရွယ်အရ ငယ်တဲ့ သမ္မတ ဂျိုကိုဝီအနေနဲ့ မေဃာဝါဒီနဲ့ ဂျူဆွဖ် ကဲလာတို့ကို မကျော်နိုင်ရင် ပင်ကိုယ်အစွမ်းအစတွေ ငုပ်သွားနိုင်ရုံသာမက နာမည်ဖျက်ဖို့ စောင့်နေသူတွေအတွက် အကွက်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဒီကိစ္စဟာ ရွေးကောက်ပွဲ မဲဆွယ်တဲ့အချိန်ကတည်းက ပြိုင်ဖက်တွေရဲ့ ထိုးနှက်ချက်တခုဖြစ်ခဲ့ပါတယ်။ တဖက်မှာ ပြည်သူတွေကို ပေးထားတဲ့ ကတိတွေကလည်း မသေးပါဘူး။ သူ့ ပခုံးပေါ်ရောက်လာတဲ့ ၀န်ထုပ် ၀န်ပိုးတွေကို သိနေတဲ့ ဂျိုကိုဝီက မကြာခင်ကပဲ Time မဂ္ဂဇင်း ကို ရင်ဖွင့်ခဲ့တယ်။

“လူတွေက မျှော်လင့်ချက် မြင့်မားလွန်းတယ်။ ကျနော်အတွက် အန္တရာယ်ပေါ့၊ သူတို့ လိုချင်တာ ကျနော် မလုပ်ပေးနိုင်ရင်၊ ပေးထားတဲ့ ကတိအတိုင်း မဖြစ်ခဲ့ရင် ပြဿနာက မသေးဘူးပဲ”တဲ့။

ဒီပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဖြေရှင်းဖို့ဆိုရင် ဂျိုကိုဝီအနေနဲ့ ယူဒိုယိုနိုနဲ့ မတူတဲ့ ခေါင်းဆောင်မှု စွမ်းရည်ရှိမှ ဖြစ်မယ်လို့ နာမည်ကျော် The Economist မဂ္ဂဇင်းက အကြံပြုပါတယ်။ ယူဒိုယိုနိုဟာ မဖြစ်ဖြစ်အောင်ညှိနှိုင်းတဲ့ နေရာမှာ အားသန်သူဖြစ်ပြီး ဂျိုကိုဝီအနေနဲ့ ခေါင်းဆောင်နိုင်မှု စွမ်းရည်ကို ပြရမယ်။ ပထမဆုံး စမ်းသပ်မှုကတော့ အစိုးရအဖွဲ့ကို ဖွဲ့စည်းတဲ့ အခါမှာ အမှန်တကယ် အရည်အချင်းပြီး၊ အကျင့်ကောင်းတဲ့လူတွေနဲ့ ဖွဲ့စည်းရမယ်။ တခြား ပါတီတွေ အလိုကျ အုတ်ရောရော ကျောက်ရောရောမဖြစ်စေနဲ့ လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဂျိုကိုဝီရဲ့ အစွမ်းအစကို မှတ်ကျောက်တင်မယ့် နေ့ရက်တွေကတော့ စတင်လိုက်ပါပြီ။

Irrawaddy's Blog

အစ္စလာမ္မစ်တိုက်ပွဲ နိုင်ငံခြားမြေပြင်တပ်အကူ မလိုဟု အီရတ်ပြော

အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) သူပုန်တွေနဲ့ တိုက်ပွဲအတွက် နိုင်ငံခြားမြေပြင်တပ်ကူတွေ မလိုဘူးလို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ပြောလိုက်ပါတယ်။

အီရတ်ခေါင်းဆောင် အယာတိုလာ အလီ အယ်လ် စစ်စတာနီနဲ့ ဆွေးနွေးအပြီး နာဂျက်မြို့မှာ သတင်းထောက်တွေကို ခုလို ပြောပါတယ်။
“အထောက်အပံ့နဲ့ အကူအညီတွေက အသုံးဝင်မှာ ဖြစ်ပမယ့် အကြီးဆုံး အားထုတ်မှုတွေ ကိုတော့ ကိုယ့်နိုင်ငံထဲက ကိုယ့်တပ်ဆီကပဲ လာဖို့ လိုတယ်အပြင် ကျနော်တို့ဟာ ကိုယ့်မြေ ကိုယ်လွတ်မြောက်အောင် လုပ်နိုင်စွမ်း ရှိတယ်။ နိုင်ငံတကာ လေကြောင်းတပ်ကူတွေ ရှိပေမယ့် အဲဒီအပေါ်ချည်း အားကိုးမနေဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်လေတပ်ကိုယ် ပိုပြီး မှီခိုတယ်။ တချို့စနစ်တွေ မရှိလို့ နိုင်ငံတကာ အားထုတ်မှုတွေက အကူအညီရတယ်။”

အီရတ်စစ်တပ်ဟာ ဇွန်လက အိုင်အက်စ်တွေနဲ့ တိုက်ပွဲအတွင်း စစ်လက်နက် ကိရိယာ အများအပြားကို ချန်ခဲ့ပြီး သူတို့ ခြေကုပ်တွေကနေ ထွက်ပြေး စွန့်ခွာခဲ့ရတာပါ။

အမေရိကန်နဲ့ မဟာမိတ်တွေက လေကြောင်းပစ်ကူတွေကို ပြီးခဲ့တဲ့ သြဂုတ်လက စပြီး အီရတ်အစိုးရကို ပေးနေခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်နဲ့ အီဂျစ်တို့က သူတို့ရဲ့ မြေပြင်တပ်တွေကို အီရတ်နိုင်ငံကို ပို့မှာ မဟုတ်ဘူးလို့ ထပ်ခါတလဲ ပြောခဲ့ကြပါတယ်။

DVB

အီရတ်နှင့် ဆီးရီးယားနယ်စပ်ရှိ IS အုပ်စုကို ချေမှုန်းနေသည့် ကာ့ဒ်တပ်ဖွဲ့အတွက် စစ်လက်နက်များ အမေရိကန်လေယာဉ်များ ဝေဟင်မှကြဲချ


ဆီးရီးယားနိုင်ငံ၏ အရေးပါသော မြို့တစ်မြို့ ဖြစ်သည့် ကိုဘာနီတွင် တပ်စွဲထားသော အစ္စလာမ္မစ်နိုင်ငံတော် (IS) အစွန်းရောက် အကြမ်းဖက်များကို ထိုးစစ်ဆင် တိုက်ခိုက်နေသော ကာ့ဒ်လူမျိုးစု တပ်ဖွဲ့ဝင်များအတွက် အမေရိကန် စစ်လေယာဉ်များက လက်နက်များ၊ ခဲယမ်းများနှင့် ဆေးဝါးပစ္စည်းများ ကြဲချပေးခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်စစ်ဘက် ဗဟိုကွပ်ကဲရေးဌာန၏ အဆိုအရ အဆိုပါ ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့အတွက် လက်နက်များ အပါအဝင် ထောက်ပံ့ပစ္စည်းများကို စီ-၁၃၀ လေယာဉ်ဖြင့် ကြဲချပေးခဲ့ခြင်း ဖြစ်သည်။
တူရကီနှင့် ဆီးရီးယား နယ်စပ်ဒေသရှိ အဆိုပါမြို့ အနီးတစ်ဝိုက်တွင် ခြေကုပ်ယူ လှုပ်ရှားနေသော IS အုပ်စုများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။
“ယခုကဲ့သို့ ထောက်ပံ့ပစ္စည်းများ ကြဲချပေးခြင်းသည် ကိုဘာနီမြို့ကို ရယူရန် ကြိုးပမ်းနေသည့် IS အုပ်စုများကို ကာ့ဒ်တပ်ဖွဲ့များ ဆက်လက်ချေမှုန်း သွားနိုင်ရန် ဦးတည်သည်” ဟု အမေရိကန်စစ်ဘက်က ကြေညာချက် ထုတ်ပြန်သည်။
ထောက်ပံ့ပစ္စည်းများ ကြဲချပေးခဲ့သည့် လေယာဉ်များအားလုံး ဘေးအန္တရာယ်ကင်းစွာ ပြန်လည် ရောက်ရှိလာကြသည်ဟု ဆိုသည်။
အခြားသော စစ်ဘက် သတင်းရင်းမြစ်များ အဆိုအရ အမေရိကန်စစ်တပ်သည် ကိုဘာနီမြို့ရှိ အစွန်းရောက်အုပ်စုများကို လေကြောင်းမှ ၁၃၅ ကြိမ်ကျော် ထိုးစစ်ဆင်ခဲ့ကြသည်။
သို့သော်လည်း IS အုပ်စုများသည် ကာ့ဒ်တပ်ဖွဲ့ဝင်များအပေါ် ယနေ့အချိန်အထိ အန္တရာယ်ပေး တိုက်ခိုက်လျက် ရှိကြောင်း၊ ကိုဘာနီမြို့သည် ယင်းအုပ်စုများ၏ လက်ဝယ်သို့ အချိန်မရွေး ရောက်ရှိသွားနိုင်သည့် အနေအထားတွင် ရှိနေဆဲပင် ဖြစ်ကြောင်း အမေရိကန် စစ်ဘက်အရာရှိကြီးများက ပြောကြားသည်။
ယခုကဲ့သို နယ်စပ်ဒေသရှိ ကာ့ဒ်တပ်ဖွဲ့များကို အထောက်အပံ့များ ပေးပို့မှုနှင့် ပတ်သက်၍ အိမ်နီးချင်း တူရကီအစိုးရက မကျေမနပ် ဖြစ်နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။
အကြောင်းမှာ တူရကီအစိုးရက ကာ့ဒ်လက်နက်ကိုင်များကို သူပုန်သို့မဟုတ် အကြမ်းဖက်သမားများ အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
တူရကီသမ္မတ ဆီဆစပ်တေယက် အာဒိုဂန် ကိုယ်တိုင်ကလည်း ကာ့ဒ်တပ်ဖွဲ့များအတွက် အမေရိကန်လက်နက်များ ထောက်ပံ့ပေးမည့် ကိစ္စတွင် ပါဝင်ကူညီမည် မဟုတ်ကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။
IS စစ်သွေးကြွ အုပ်စုသည် အီရတ်နှင့် ဆီးရီးယား နယ်စပ်ဒေသမှ နယ်မြေအတော်များများကို ထိန်းချုပ်ထားပြီး ယခုအခါ စစ်မဟာဗျူဟာအတွက် အချက်အချာကျသော ကိုဘာနီမြို့ကို သိမ်းယူရန် ကြိုးပမ်းလျက်ရှိသည်။
၎င်းတို့၏ ထိုးစစ်များကြောင့် ကိုဘာနီမြို့ရှိ အရပ်သားထောင်ပေါင်း များစွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

The Voice Weekly

ဂျပန်ဝန်ကြီးနှစ်ဦး ရှေ့ဆင့်နောက်ဆင့်နုတ်ထွက် အမျိုးသမီးဝန်ကြီးများနုတ်ထွက်ခြင်းက ရှင်ဇိုအာဘေးကိုအကျပ်ရိုက်စေမည်ဟုဆို


ဂျပန်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ယိုကိုအိုဘူဂျီ ရာထူးမှနုတ်ထွက်သွားပြီး နောက် နာရီပိုင်းအတွင်း ဂျပန်တရားရေး ဝန်ကြီးမီတိုရီမက်ဆုရှီမ ရာထူးမှနုတ်ထွက် သွားကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ အတည်ပြုသည်။
တရားရေးဝန်ကြီး မက်ဆုရှီမသည် ရွေး ကောက်ပွဲဥပဒေများကို ချိုးဖောက်သည်ဟု အတိုက်ခံနိုင်ငံရေးသမားများ၏ စွပ်စွဲခြင်းကို ခံခဲ့ရပြီး ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး အိုပူဂျီသည်၎င်းထောက်ခံထားသောနိုင်ငံရေး အင်အားစုများက နိုင်ငံတော်ရန်ပုံငွေကို အလွှဲသုံးစားလုပ်သည်ဟု စွပ်စွဲခြင်းခံခဲ့ရ သည်။ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက အဆိုပါဝန်ကြီးချုပ်နှစ်ဦးကို ခန့်ထားခြင်းနှင့် ပတ်သက်၍ တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ ၄င်းတို့နှစ်ဦးကို ရက်ပိုင်းအတွင်း ရာထူး ပြန်လည်အပ်နှင်းမည်ဖြစ်ကြောင်းပြောထား သည်။
ဂျပန်အစိုးရအဖွဲ့နှင့်နီးစပ်သူများက အမျိုး သမီးဝန်ကြီးနှစ်ဦး ရာထူးမှနုတ်ထွက်ခြင်း သည် အမျိုးသမီးများကို အစိုးရအဖွဲ့အတွင်း အဆင့်မြင့်ရာထူးများပေးအပ်ခဲ့သည့် ရှင်ဇို အာဘေးအတွက် ထိုးနှက်ချက်တစ်ခုဖြစ်နေ သည်ဟု ဝေဖန်နေကြကြောင်း ဘီဘီစီက ဖော်ပြထားသည်။ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီး အိုဘူချီသည် အစိုးရဝန်ကြီးအဖွဲ့ အတွင်း ရှင်ဇိုအာဘေးခန့်အပ်ခဲ့သည့် အမျိုး သမီးဝန်ကြီးငါးဦးအနက်တစ်ဦးဖြစ်ပြီး ၄င်း သည် ဂျပန်နိုင်ငံ၏ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာမည့်သူအဖြစ် ခန့်မှန်းခြင်း ခံထားရသူဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ် တွင် အိုဘူချီ၏နောက်လိုက်များ အစိုးရအဖွဲ့ ရန်ပုံငွေများကို အလွဲသုံးစားလုပ်သည့် သီတင်းများထွက်ပေါ်လာခဲ့ပြီးနောက်အိုဘူချီက ရာထူးမှအနားယူ၍ တာဝန်ယူမှုကိုပြသရန် ကြိုးစားခဲ့သည်။
''ကျွန်မအနေနဲ့ ကိုယ်တိုင်အမှားလုပ်ခဲ့ တာမဟုတ်ပေမယ့် ကျွန်မရဲ့ပြဿနာကြောင့် နိုင်ငံရဲ့စီးပွားရေးပေါ်လစီနဲ့ စွမ်းအင်ပေါ်လစီ တွေရပ်တန့်နေတာကိုတော့ ခွင့်မပြုနိုင်ပါ ဘူး။ နောက်ပြီး ဝန်ကြီးချုပ်ရဲ့ ဝန်ကြီးများ အဖွဲ့မှာမပါဝင်နိုင်တော့တာ၊ နိုင်ငံရဲ့စီးပွားရေး
ပြန်လည်ဦးမော့လာဖို့ကြိုးစားမှုမှာ မပါဝင် နိုင်တော့တာနဲ့ အမျိုးသမီးများအစွမ်းပြနိုင်တဲ့ အခန်းကဏ္ဍတွေမှာ မပါဝင်နိုင်တော့တာတွေ အတွက် တောင်းပန်ပါတယ်''ဟု ယိုကို အိုဘူဂျီက ယနေ့ပြုလုပ်ခဲ့သည့် ရုပ်မြင် သံကြားသတင်းစာရှင်းလင်းပွဲတွင် ပြောသွား ခဲ့သည်။

(Ref: Reuters)

ရွှေ့ပြောင်းအလုပ်သမားများ အချိန်မီ မှတ်ပုံတင်ကြရန် ထိုင်းသတိပေး


ထိုင်းနိုင်ငံရောက်  မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ပေးနေရာမှာ သတ်မှတ်ချိန်ကုန်ဆုံးဖို့ ၁၀ ရက်သာ လိုတော့တဲ့အတွက် အချိန်မီ သွားရောက်မှတ်ပုံတင်ကြဖို့ ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေး ဦးင်္စီးဌာနက သတိပေးလိုက်ကြောင်း ထိုင်းမန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းအလုပ် ရှင်တွေအနေနဲ့ မိမိလက်ခံ ထားတဲ့ နိုင် ငံခြားရွှေ့ပြောင်း အလုပ် သမားတွေ ကို နိုင်ငံသား စိစစ်ရေး ဆောင် ရွက်ရေးအတွက် မှတ်ပုံလာ တင်ပေးကြဖို့  ထိုင်းအလုပ် သမား ရှာဖွေခန့် ထားရေး ဦးင်္စီးဌာန ဒုညွှန်မှူး နိုင်းဆင်တေချ ချူ့အမ်းနတ်က ထိုင်းသတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် နေထိုင်ခွင့်မှတ်ပုံတင်ထားပြီးတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့လည်း သူတို့အထောက်အထားတွေ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်လက်ပေးပို့နိုင်ဖို့ သက်ဆိုင်ရာ အလုပ်သမားရှာဖွေရေးရုံးကို သွားရောက်ဆက်သွယ်ဖို့ လိုအပ်ကြောင်း သူကဆက်ပြောပါတယ်။

တနေရာတည်းအပြီး (၀မ်းစတော့ပ်ဆားဗစ်) နဲ့ မှတ်ပုံတင်ပေးနေတဲ့ အစီအစဉ်မှာ  ၂၀၁၄ ဇွန်လ ၂၆ ရက်ကနေ ၂၀၁၄ အောက်တိုဘာလ ၁၈ ရက်နေ့အထိ  စာရင်းများအရ ရွှေ့ပြောင်းအလုပ်သမားပေါင်း  ၁ သန်း ၃ သိန်း ၆ သောင်းကျော်  လာရောက်မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားက ၅၁၀၈၇၄ ဦး၊ ကမ္ဘေားဒီးယားက ၅၈၅၀၇၉ ဦး၊ လောနိုင်ငံသားက ၁၉၂၈၂၀ ဦး ရှိတယ်လို့  နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။

DVB

နိုင်ဂျီးရီးယားကို အီဘိုလာရောဂါ ကင်းစင်နိုင်ငံအဖြစ် ကြေညာ

နိုင်ဂျီးရီးယားနိုင်ငံမှာ ၄၂ ရက်ကြာ ကာလအတွင်း နောက်ထပ် အီဘိုလာ ကူးစက်သူ မရှိတော့တာကြောင့် အီဘိုလာရောဂါ ကင်းစင်သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ကြေညာပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နိုင်ဂျီးရီးယားနိုင်ငံကိုယ်စားလှယ်က လောလောဆယ် နိုင်ဂျီးရီးယားနိုင်ငံမှာ နောက်ထပ် အီဘိုလာရောဂါ ကူးစက်ခံရတာ မရှိတော့တာကြောင့် အီဘိုလာရောဂါဟာ ထိန်းချုပ်နိုင်တဲ့ရောဂါဆိုတာ ကမ္ဘာကို သက်သေပြလိုက်တာလို့ ပြောဆိုပါတယ်။

ကြောက်ရွံ့စိုးရိမ်ခဲ့ကြတဲ့ နိုင်ဂျီးရီးယားပြည်သူတွေကတော့ ပျော်ရွှင်ကြပေမယ့် သတိနဲ့ ပျော်ကြဖို့ နိုင်ဂျီးရီးယား ကျန်းမာရေးအာဏာပိုင်တွေက သတိပေးပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ အနောက်အာဖရိကမှာ  စီးပွားရေးအချက်အချာ၊ ခရီးလမ်း အချက်အချာဖြစ်တာကြောင့် အချိန်မရွေး ရောဂါ ကူးစက်ခံရနိုင်ပါတယ်။

နိုင်ဂျီးရီးယားဟာ အနောက်အာဖရိကမှာ အီဘိုလာကင်းစင်နိုင်ငံအဖြစ် ဒုတိယ ကြေညာခံရတဲ့နိုင်ငံ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က ဆီနီဂေါနိုင်ငံမှာ ၄၂ ရက်အတွင်း အီဘိုလာရောဂါ ကူးစက်ခြင်းမရှိတော့တဲ့အတွက် အီဘိုလာကင်းစင်နိုင်ငံအဖြစ် ပထမဆုံးကြေညာခဲ့တာပါ။

အီဘိုလာရောဂါကို ကြိုးစားထိန်းချုပ်ခဲ့တာအတွက်လည်း ဆီနီဂေါနိုင်ငံကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ချီးကျူးခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ လာဂိုစ့်မြို့နဲ့ ရေနံဆိပ်ကမ်းမြို့ ဖြစ်တဲ့ ဟာကော့မြို့တို့မှာ ဇူလိုင်လက အီဘိုလာရောဂါ ကူးစက်ခံရသူ အယောက် ၂၀ ရှိခဲ့ပြီး ၈ ဦး သေဆုံးခဲ့ပါတယ်။

အခုနှစ်ဆန်းပိုင်းကစပြီး အီဘိုလာရောဂါ ကူးစက်ခံရသူ ၁ သောင်းလောက်မှာ ၄၅၀၀ ကျော် သေဆုံးခဲ့ပြီး အများစုဟာ အနောက်အာဖရိကနိုင်ငံတွေမှာ ဖြစ်ပါတယ်။

DVB

နီပေါရေခဲတောင်ပြိုကျမှု သေဆုံးသူ ၁၂ ဦး ထပ်မံတွေ့ရှိ

ပြီးခဲ့တဲ့တပတ်က နီပေါနိုင်ငံ ဟိမ၀န္တာတောင်ပေါ်တနေရာမှာ ဆီးနှင်းမုန်တိုင်းမိပြီး ရေခဲတောင်ပြိုကျမှုနဲ့ သေဆုံးသူ နောက်ထပ် ၁၂ ဦး မနေ့က ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် သေဆုံးသူအားလုံး အနည်းဆုံး ၄၀ ရှိပြီး ကနေဒါ၊ အိန္ဒိယ၊ အစ္စရေး၊ နီပေါ၊ ပိုလန်နဲ့ စလိုဗက်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

တောင်ပြိုကျမှုငယ်လေးတွေ ဆက်ဖြစ်နေခဲ့တာကြောင့် တောင်ပြိုကျပြီး ၆ ရက်ကြာတဲ့အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

အားလုံးကို ကယ်တင်ခဲ့ပြီးလည်းဖြစ်လို့ ကယ်ဆယ်ရေးလုပ်ငန်းအားလုံးပြီးဆုံးပြီလို့ ဆိုပါတယ်။

တောင်တက်ဖို့ စာရင်းပေးသူအယောက် ၁၂၀ ပဲရှိတာမှာ ကယ်တင်ခဲ့ရသူအယောက် ၆၀၀ လောက်ရှိခဲ့တာကြောင့် တောင်တက်သမားတွေကို အခုထက်ပိုပြီး ကြပ်မတ်တော့မယ်လို့ နီပေါအာဏာပိုင်တွေက ပြောဆိုပါတယ်။

အများစုဟာ တောင်တက်လေ့ကျင့်မှုနဲ့ တောင်တက်အတွေ့အကြုံ မရှိတဲ့သူတွေလည်း ပါဝင်တယ်လို့လည်း ပြောပါတယ်။

သေဆုံးသူတွေဟာ အေးခဲ လမ်းပျောက်နေချိန်မှာ တောင်အောက်ကို ဆက်ဆင်းသွားသူတွေလို့ တွေ့ကြုံခဲ့ရသူတွေက ပြောပါတယ်။

ဒါကြောင့် တောင်တက်လမ်းတလျှောက် ၃ ကီလိုမီတာတိုင်းမှာ နားခိုရန် အဆောက်အဦ အလုံး ၂၀၀ ကျော် ဆောက်လုပ်ဖို့လည်း နီပေါခရီးသွားလုပ်ငန်းက စီစဉ်နေပါတယ်။

နီပေါနိုင်ငံမှာ အခုလို တောင်တက်ရင်း ဘေးအန္တရာယ် ကြုံတွေ့တာဟာ တနှစ်အတွင်း ၂ ကြိမ်မြောက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း ဧ၀ရတ်တောင်တက်လမ်းမှာ ဆီးနှင်းတောင်ပြိုကျခဲ့ပြီး နီပေါတောင်တက်လမ်းပြ ၁၆ ဦး သေဆုံးခဲ့ပါတယ်။

ကမ္ဘာ့အမြင့်ဆုံးတောင် တ၀က်ကျော်ကျော်ဟာ နီပေါနိုင်ငံမှာ ရှိတာဖြစ်ပြီး နိုင်ငံစီးပွားရေးရဲ့ ၄ ရာခိုင်နှုန်းဟာ တောင်တက်နဲ့ ခရီးသွားလုပ်ငန်းက ရရှိတာဖြစ်ပါတယ်။

DVB

ဂျာမန်လေယာဉ်မှူးများ သပိတ်မှောက်မှုကြောင့် ခရီးစဉ် ၁၅၀၀ ကျော်ဖျက်သိမ်း

ဂျာမန်လေကြောင်းလိုင်း Lufthansa လေယာဉ်မှူးတွေ အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ထပ်မံသပိတ်မှောက်တာကြောင့် လေကြောင်းခရီးစဉ် ၁၅၀၀ ကျော် ဖျက်သိမ်းလိုက်ရပါတယ်။
ဒီတကြိမ်နဲ့ ဆိုရင် လေယာဉ်မှူးတွေ တနှစ်အတွင်း ၈ ကြိမ်မြောက် သပိတ်မှောက်ကြ တာ ဖြစ်ပါတယ်။

အစပိုင်းတော့ ဥရောပခရီးစဉ် အတိုတွေကိုပဲ သပိတ်မှောက်တာဖြစ်ပေမယ့် ဒီနေ့မှာ နိုင်ငံတကာခရီးဝေးတွေကိုပါ တိုးချဲ့သပိတ်မှောက်တာကြောင့် ခရီးသည် ၂ သိန်းကျော်ရဲ့ ခရီးစဉ်တွေကို ထိခိုက်မှာလည်း ဖြစ်ပါတယ်။

လေယာဉ်မှူးတွေက အငြိမ်းစား စယူနိုင်မယ့် အသက်အရွယ်ကို ၅၅ နှစ် သတ်မှတ်ပေးဖို့နဲ့ ပင်စင်လစာကိုလည်း ပုံမှန်လစာရဲ့ ၆၀ ရာခိုင်နှုန်းပေးဖို့ သပိတ်မှောက် တောင်းဆိုနေတာပါ။

ဒီသပိတ်တွေကြောင့် Lufthansa လေကြောင်းလိုင်းရဲ့ ၀င်ငွေနဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်မယ်လို့ Lufthansa လေကြောင်းလိုင်းက ဆိုပါတယ်။

လက်ရှိလေယာဉ်မှူးတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောနိုင်ပေမယ့် နောက်လေယာဉ်မှူးသစ်တွေအတွက် လိုက်လျောဖို့ကိုတော့ လေကြောင်းလိုင်းအာဏာပိုင်တွေက သဘောမတူပါဘူး။

ဒီသပိတ်မှောက်ချိန်အတွင်း လေကြောင်းခရီးစဉ် ၃ ပုံ ၁ ပုံကိုတော့ ပုံမှန်ပျံသန်းနိုင်ဖို့ လေကြောင်းလိုင်းက မျှော်လင့်ထားပါတယ်။

တခြား ဥရောပတန်ဖိုးနည်း လေကြောင်းလိုင်းတွေကို ယှဉ်ပြိုင်ဖို့ Lufthansa တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်တဲ့ Germanwings ကို တိုးချဲ့ဖို့လုပ်တာကနေ အခုလို လေယာဉ်မှူးတွေ သပိတ်စတင်ခဲ့တာဖြစ်ပါတယ်။

DVB

လေယာဉ် မတော်တဆမှုကြောင့် Total ရေနံကုမ္ပဏီ၏ အမှုဆောင်ချုပ် သေဆုံး


ပြင်သစ်ရေနံကုမ္ပဏီကြီး Total ၏ အမှုဆောင် အရာရှိချုပ် ခရစ္စတိုဖာ ဒီမာဂျရီသည် ရုရှားနိုင်ငံတွင် ဖြစ်ပွားသည့် လေယာဉ် မတော်တဆမှု တစ်ခုအတွင်း သေဆုံးသွားကြောင်း သိရသည်။

မော်စကိုရှိ လေဆိပ်တာဝန်ရှိ အမျိုးသမီး အီလီနာ ခရိုင်လိုဗာက “အောက်တိုဘာ (၂၀)ရက် ညပိုင်းက လေယာဉ်တစ်စီးဟာ ဆီးနှင်းရှင်းလင်းတဲ့ ကိရိယာ တစ်ခုကို ဝင်တိုက်ခဲ့ပါတယ်။ လေယာဉ်အမှုထမ်း (၃)ဦးနဲ့ ခရီးသည်(၁)ဦး သေဆုံးပါတယ်။ သေဆုံးတဲ့ ခရီးသည်ဟု Totalရဲ့ အကြီးအကဲ ဒီမာဂျရီဖြစ်ကြောင်း ကျွန်မ အတည်ပြုပါတယ်”ဟု ပြောကြားခဲ့သည်။

ဒီမာဂျရီသည် ဥရောပ၏ တတိယ အကြီးဆုံး ရေနံကုမ္ပဏီကြီး Total ၏ အမှုဆောင်အရာရှိချုပ် တာဝန်ကို (၂၀၀၇)ခုနှစ်တွင် စတင်ထမ်းဆောင်ခဲ့သည်။ ဒီမာဂျရီ သေဆုံးမှု သတင်းကို Total ကလည်း သီးခြားထုတ်ပြန် ကြေညာခဲ့သည်။

ရုရှား၏ အရေးပေါ် အခြေအနေ ထိန်းသိမ်းစီမံရေး ဝန်ကြီးဌာနက Falcon-50 အမျိုးအစား လေယာဉ်တစ်စီးသည် မော်စကို စံတော်ချိန် ညသန်းခေါင် ဝန်းကျင်တွင် ပျက်ကျခဲ့ကြောင်း သိရသည်။ လေယာဉ်သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်သို့ ဦးတည်ပျံသန်းခဲ့ခြင်း ဖြစ်ပြီး လေယာဉ်အမှုထမ်း (၃)ဦးစလုံးသည်လည်း ပြင်သစ်နိုင်ငံသားများ ဖြစ်ကြသည်။

အသက်(၆၃)နှစ်ရှိ ဒီမာဂျရီသည် ရေနံနှင့် စွမ်းအင်လုပ်ငန်းတွင် ကမ္ဘာသိ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ၎င်းသည် Total ကုမ္ပဏီတွင် ဝန်ထမ်းလုပ်သက် တစ်ဘဝလုံးစာ မြှုပ်နှံခဲ့သူ ဖြစ်ပြီး ၎င်းသေဆုံးခြင်းက Totalအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်လည်း ဖြစ်လာသည်။

Shell ရေနံကုမ္ပဏီ၏ ဥက္ကဋ္ဌဟောင်း ဂျွန်ဟော့ဖ်မိုင်စတာက “ပြောရမယ်ဆိုရင် ဒါဟာ ရေနံလုပ်ငန်း တစ်ခုလုံးနဲ့ ဒီလုပ်ငန်း နယ်ပယ်ရဲ့ အနာဂတ် မျှော်လင့်ချက်တွေအတွက် ထိုးနှက်ချက် တစ်ရပ်ပါ။ Total အတွက် သူလုပ်ဆောင်ခဲ့သမျှဟာ အားလုံး လေးစား အားကျရတဲ့ အခြေအနေမျိုး ရှိခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

ဒီမာဂျရီသည် ၎င်း၏ အမှုဆောင်ချုပ် တာဝန်ထမ်းဆောင်မှု ကာလအတွင်း Total ကုမ္ပဏီ အနေဖြင့် ကုလသမဂ္ဂက အီရတ်နိုင်ငံတွင် အကောင်အထည် ဖော်နေသည့် လောင်စာနှင့် စားနပ်ရိက္ခာ အစီအစဉ်တွင် အကျင့်ပျက် ခြစားမှုများ ရှိခဲ့ကြောင်း စွပ်စွဲမှုများကို အောင်အောင်မြင်မြင် တွန်းလှန် ရပ်တည်နိုင်ခဲ့သည်။

_Ref: BBC

တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေး လူ့အခွင့်အရေးကိစ္စထည့်သွင်းဖို့ HRW တိုက်တွန်း


လာမယ့် တနင်္လာနေ့ကစပြီး တရုတ်နိုင်ငံရဲ့မြို့တော် Beijing မှာ ၄ ရက်ကြာ ကျင်းပမယ့် ဆွေးနွေးပွဲကြီးအတွင်း လူ့အခွင့်အရေးကိစ္စကို ထည့်သွင်း ဆွေးနွေးဖို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကို လူ့အခွင့်အရေး စောင့်ကြည့်နေတဲ့အဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

HRW အဖွဲ့ကြီးရဲ့ တရုတ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Sophie Richardson က တရုတ်သမ္မတ Xi Jinping ကို ရေးသားပေးပို့လိုက်တဲ့ စာထဲမှာ တရုတ်နိုင်ငံမှာ အရေးကြီးတဲ့ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ရပ်တန့်နေသလို အစိုးရကကျူးလွန်တာ ဒါမှမဟုတ် ပြည်သူလူထုရဲ့ အခြေခံ လူ့အခွင့်အရေးအကာကွယ်ပေးဖို့ ပျက်ကွက်မှုတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတယ်လို့ ရေးသားထားပါတယ်။ မစ္စတာ Xi Jinping ဟာ တရုတ်ကွန်မြူနစ် ပါတီရဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး မစ္စ် Richardson က လွတ်လပ်စွာ သဘောထားထုတ်ဖေါ်ပြောဆိုမှုကြောင့် အရေးယူခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဥပဒေနဲ့အညီ မဟုတ်တဲ့ ဖမ်းဆီးမှုတွေကို ဖျက်သိမ်းပေးဖို့ တိုက်တွန်းထားပါတယ်။

အခုနှစ် ကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးဟာ ဥပဒေစိုးမိုးရေးကိစ္စကို အာရုံစိုက် ဆွေးနွေးကြဖို့ ရှိပါတယ်။

VOA

နိုင်ငံရေး ရန်ပုံငွေများ အလွဲသုံးစားလုပ်မှုဖြင့် ဂျပန် အမျိုးသမီး ဝန်ကြီးနှစ်ဦး ရာထူးမှ နုတ်ထွက်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နိုင်ငံအတွင်း ကျားမတန်းတူညီတူ အခွင့်အရေး စံမူနာအဖြစ် အမျိုးသမီးများကို အစိုးရအဖွဲ့ ဝန်ကြီးများအဖြစ် ခန့်အပ်ခဲ့ရာတွင် ပါဝင်ခဲ့သည့် စက်မှုဝန်ကြီး ယူကိုအိုဘူချီ နုတ်ထွက်ပြီးနောက် တရားရေးဝန်ကြီး မီဒိုရီမာဆူရှီမာသည်လည်း အောက်တိုဘာ ၂၀ ရက်တွင် နုတ်ထွက်သွားရာ အသစ်ခန့်အပ်လိုက်သည့် အမျိုးသမီး ငါးဦးအနက်
နှစ်ဦး နုတ်ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ယူကိုအိုဘူချီ နိုင်ငံရေးရန်ပုံငွေများဖြင့် မဲဝယ်ခြင်း၊ မိတ်ကပ်ဝယ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သတင်း ထွက်ပေါ်လာပြီးနောက်
အောက်တိုဘာ ၂၀ ရက်တွင် ရာထူးမှ နုတ်ထွက်သွားခြင်း ဖြစ်သည်။

မာဆူရှီမာသည် နိုင်ငံရေးရန်ပုံငွေများဖြင့် တန်ဖိုးနည်းသော အိမ်သုံးပန်ကာများပေါ်တွင် မိမိအမည်နှင့် ပုံကို တပ်ကာ ဝေငှခဲ့ခြင်း
ဖြစ်သည်။ အဆိုပါ ပန်ကာများအနက်မှ တစ်လုံးအား ယန်းငွေ ၂၁၀၀ (အမေရိကန်ဒေါ်လာ ၂၀) ဖြင့် အောက်တိုဘာ ၂၀ ရက်က အင်တာနက်တွင် လေလံတင် ရောင်းချမှု ပေါ်ပေါက်ခဲ့သည်။

ယူကိုအိုဘူချီသည် ဝန်ကြီးချုပ်ဟောင်း ကယ်အီဇိုအိုဘူချီ၏ သမီးဖြစ်ပြီး နောင်တွင် ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး
ဝန်ကြီးချုပ် ဖြစ်လာနိုင်ကြောင်း ရေပန်းစားလျက်ရှိသည်။ ရှင်ဇိုအာဘေးက စက်တင်ဘာလအတွင်း တင်မြှောက်ခဲ့သည့် အမျိုးသမီး ဝန်ကြီးငါးဦးအနက် ယူကိုအိုဘူချီသည် အထင်ရှားဆုံး အမျိုးသမီး ဖြစ်သည်။
သူမ နုတ်ထွက်မှုသည် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် အာဏာရရှိလာခဲ့သည့် နောက်ပိုင်း ရာထူးမှနှုတ်ထွက်သည့် ပထမဆုံး ဝန်ကြီးဖြစ်သည်။

သို့သော် ၂၀၁၂ ခုနှစ်အတွင်းက သူမတာဝန်ယူခဲ့ရသည့် ပါတီနိုင်ငံရေးရန်ပုံငွေအဖွဲ့သည် အလှပြင်ပစ္စည်းများနှင့် အခြားအသုံးအဆောင် ပစ္စည်းများကဲ့သို့ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိစ္စရပ်များတွင် ယန်း ၁၀ သန်း (အမေရိကန်ဒေါ်လာ ၉၅၀၀၀) အထိ ကုန်တိုက်များတွင် သုံးစွဲခဲ့ကြောင်း သတင်းပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သူမ၏ နိုင်ငံရေးအဖွဲ့သည် ဂျပန်နိုင်ငံအလယ်ပိုင်း ရွေးကောက်ပွဲ မဲဆန္ဒနယ်အတွင်းမှ ဒေသခံများကို တိုကျိုမြို့တွင် ပြုလုပ်သည့် ဖျော်ဖြေပွဲတစ်ခုသို့ ဖိတ်ကာ လက်မှတ်များကို လျော့ဈေးများဖြင့် ပေးခဲ့ခြင်းသည် မဲဝယ်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း အတိုက်အခံလွှတ်တော် အမတ်များက ထောက်ပြခဲ့သည်။

Mizzima

ထိုင်းတောင်ပိုင်း အပန်းဖြေကမ်းခြေအနီး စပိဘုတ်နစ်မြုပ်ပြီး ကမ္ဘာလှည့်ခရီးသည် နှစ်ဦး ပျောက်ဆုံး

ထိုင်းနိုင်ငံ အပန်းဖြေကမ်းခြေ နှစ်ခုအကြားတွင် အောက်တိုဘာ ၁၉ ရက်နှောင်းပိုင်းက ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါလာသည့် စပိဘုတ်တစ်စင်းနှင့် ငါးဖမ်းလှေတစ်စင်းတို့ ကပ္ပလီပင်လယ်အတွင်း တိုက်မိပြီး တောင်ကိုရီးယား ဧည့်သည်ခရီးသွား နှစ်ဦးပျောက်ဆုံးလျက်ရှိကာ ဒဏ်ရာ ရသူများရှိခဲ့ခြင်းကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်ဖြစ်ပွားသည့်အချိန်က ညနေဆည်းဆာချိန်ဖြစ်ပြီး  စပိဘုတ်သည် ခရီးသည် ၄၀ ဦးခန့် တင်ဆောင်လာကာ ဖီဖီကျွန်မှတောင်ပိုင်းဖူးခတ်ကျွန်းသို့ သွားနေခြင်းဖြစ်ပြီး လိုက်ပါလာသူများမှာ တောင်ကိုရီးယား၊ တရုတ်နှင့် အနောက်နိုင်ငံသား ခရီးသည်များ ဖြစ်ကြောင်း သိရသည်။

စပိဘုတ်မောင်းနေသူသည် ခြေထောက်မှ ပလတ်စတစ်အိတ်ကို ငုံ၍ ဖြုတ်နေစဉ် ငါးဖမ်းသင်္ဘောနှင့် ၀င်တိုက်မိသွားခြင်းဖြစ်ကြောင်း စည်းကမ်းမဲ့မောင်းနှင်မှုဖြင့် ၎င်းအား ဖမ်းဆီးထားကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် ကိုရီးယားအမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ရေတပ်နှင့် ရဲတပ်ဖွဲ့တို့က ရှာဖွေလျက် ရှိသည်။ ရှာဖွေမှုများကို ညပိုင်းတွင် ရပ်ဆိုင်းခဲ့ပြီး အောက်တိုဘာ ၂၀ ရက်တွင် ပြန်လည်ရှာဖွေခဲ့သည်။ ပျောက်ဆုံးနေသူများမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

Mizzima

Kobani တိုက်ပွဲအတွက် ကဒ်သူပုန်တွေကို တူရကီကူညီမည်


နယ်စပ်မြို့ဖြစ်တဲ့ Kobani မြို့တွင်းရှိနေတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ သွားရောက်မယ့် အီရတ်နိုင်ငံက Kurdish တွေ ဆီးရီးယားနိုင်ငံဆီ ဖြတ်သွားနိုင်ရေးအတွက် အကူအညီပေးနေတယ်လို့ တူရကီအစိုးရက ပြောပါတယ်။

အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ Kurd အာဏာပိုင်တွေထံက လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ ဆေးဝါးအထောက်ပံ့တွေကို တူရကီနယ်စပ်ရဲ့တောင်ဖက် ကပ်လျှက်မှာရှိတဲ့ Kobani မြို့ကို ခုခံတိုက်ခိုက်နေကြတဲ့ Kurdish တပ်ဖွဲ့တွေထံကို လေကြောင်းကနေ ချပေးမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောဆိုလိုက်ပြီးတဲ့နောက် တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က တနင်္လာနေ့မှာ အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

တူရကီ နိုင်ငံခြားရေးဝန်ကြီးဟာ Peshmerga တပ်ဖွဲ့တွေအပေါ် အထောက်ကူပေးရေးနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် ဘာအသေးစိပ် အချက်အလက်မှ ပြောဆိုသွားတာမျိုး မရှိပါဘူး။ ဒါပေမယ့် တူရကီအစိုးရဟာ နယ်စပ်တလျှောက်မှာ ဖြစ်ပွားနေတဲ့ ခြိမ်းခြောက်မှုတွေကို ရှင်းပစ်ချင်ပြီး ဂျီဟတ် အစ္စလာမ်မစ် အစွန်းရောက်တွေကို တိုက်ခိုက်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေကို ပူးပေါင်းကူညီပေးတာဖြစ်တယ်လို့ သူက ပြောပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ တူရကီသမ္မတ Recep Tayyip Erdogan က Kobani မြို့ IS စစ်သွေးကြွတွေလက်ထဲ ကျရောက်မသွားရအောင် ခုခံကာကွယ်နေကြတဲ့ Kurdish တိုက်ခိုက်ရေးသမားတွေကို လက်နက် တပ်ဆင်ပေးမှာ မဟုတ်ဘူးလို့  ပြောခဲ့ပါတယ်။

စစ်သွေးကြွတွေကို ခုခံနေတဲ့ Kurdish တွေဟာ တူရကီနိုင်ငံအတွင်းမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ အစိုးရကို နှစ် ၃၀ ကြာ လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေတဲ့ Kurdishstan Workers Party နဲ့ တန်းတူပဲလို့ ပြောပါတယ်။  Kurdishstan Workers Party ကို တူရကီနဲ့ အမေရိကန်ပြည်ထောင်စု တို့က အကြမ်းဖက်အုပ်စုအဖြစ် သပ်မှတ်ထားတာပါ။

VOA

ဖိလစ်ပိုင်နိုင်ငံရဲ့ နံရံပျောက်အကျဉ်းစခန်း

ဖိလစ်ပိုင်နိုင်ငံမှာ လူသတ်သမား ဒါမှမဟုတ် မုဒိမ်းသမားတွေကို သေဒဏ်ပေးမယ့်အစား အချို့ကို နံရံတွေ မရှိတဲ့ အကျဉ်းစခန်းကို ပို့ပါတယ်။

အာရှရဲ့တခုတည်းသော ဒီအကျဉ်းစခန်းမှာ အကျဉ်းသား ၃ ထောင်ဟာ ဟတ်တာ ၃ သောင်း ကျယ်ဝန်းတဲ့ ဒီနိုင်ငံရဲ့ အလှဆုံးဒေသတခုမှာ အလုပ်လုပ်ကြရပါတယ်။

ကာလိုမာစီးဒီးဇ်ဟာ တခြားလူများစွာလိုပဲ ဒီရုံးလေးရဲ့ ကွန်ပျူတာနောက်မှာ တနင်္လာနေ့ကနေ သောကြာနေ့ထိ တနေ့ကို ၈ နာရီ အလုပ်လုပ်ရပါတယ်။ ပြီးရင်တော့ သီတင်းပတ်ကုန် အားလပ်ရက်အဖြစ် မိသားစုနဲ့ နေခွင့်ရပါတယ်။

ကာလိုဟာ မုဒိမ်းမှုနဲ့ ထောင်ဒဏ် နှစ် ၃၀ ကျခံနေရတဲ့ အကျဉ်းသားတဦးပါ။ သူ့ ရုံးခန်းလေရဲ့ တနေ့တာကို အကျဉ်းသားအမှတ်စဉ်ခေါ်တာနဲ့ အစပြုပါတယ်။

“မနက် ၆ နာရီမှာ အကျဉ်းသား လူစစ်ရတယ်။ ပြီးတော့ ၈ နာရီမှာ ရုံးတက်ဖို့ ပြင်ရတယ်။ နေလည် ၁၂ နာရီမှာ နေ့လယ်စာ စားပြီး ၁ နာရီမှာ ရုံးပြန်တက်ရတယ်။ညနေ ၄ နာရီကျတော့ တခါ လူစစ်ရတယ်။ ပြီးရင်တော့ အိမ်ပြန်ရတယ်” လို့ ကာလိုမာစီးဒီးဇ်က ပြောပါတယ်။

သူကတော့ နံရံတွေ မရှိဘဲ ထူးခြားလှတဲ့ ဒီအကျဉ်းစခန်းက အကျဉ်းသား ၃၀၀၀ ထဲက တယောက်ပါ။

Philippines_Prison_web_672“ကျနော် ဒီအီဝါဟစ်ဂ်အကျဉ်း စခန်းကို ရောက်တာ ၇ နှစ်ရှိပါပြီ။ ဘယ်အချိန် လွတ်မလဲတော့ မသိဘူး။ ၂၀၁၁ ခုနှစ်ကတည်းက အနည်းဆုံးပြစ်ဒဏ်ကို ကျခံခဲ့ပြီးပါပြီ” လို့ ကာလိုမာစီးဒီးဇ်က ဆိုပါတယ်။

ကာလိုဟာ အနည်းဆုံးပြစ်ဒဏ်ကျခံပြီးပြီမို့ လမ်းခုလတ်က အိမ်လေးမှာ ဇနီးရယ်၊ သားသမီး ၃ ယောက်ရယ်နဲ့အတူ နေထိုင်ပါတယ်။ ကလေးတွေက ဒီလေဟာပြင် အကျဉ်းစခန်းထဲက ကျောင်းမှာ တက်ရပါတယ်။

လူသတ်မှု၊ မုဒိမ်းမှုနဲ့ ဆေးရောင်းဝယ်မှုနဲ့ ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ အကျဉ်းသားသစ်တွေဟာ အကျဉ်စခန်းမြေအတွင်း နေ့ဘက်မှာ လွတ်လပ်စွာ အလုပ်လုပ်ရပါတယ်။ ညရောက်မှသာ အချုပ်နဲ့ နေရတာပါ။

“အီဝါဟစ်ကို နံရံမရှိတဲ့ အကျဉ်းစခန်းလို့ ခေါ်ကြတယ်” လို့ ထောင်မှူးကြီး ရစ်ချက်ရှဝါဇခေါ့ဖ်က ပြောပါတယ်။

အီဝါဟစ်ဂ်ဟာ အာရှရဲ့တခုတည်းသော အကျဉ်းစခန်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး နံရံမဲ့အကျဉ်းစခန်းတွေမှာ တခုအပါအ၀င်ဖြစ်တဲ့အတွက် ဂုဏ်ယူတယ်လို့ သူက ပြောပါတယ်။

“သံတိုင်တွေမရှိတဲ့ အကျဉ်းစခန်းဆိုပြီး အီဝါဟစ်ဂ်စခန်း ထူးခြားနေတာက ကျယ်ပြောတဲ့ မြေအနေအထားရယ်၊ သဘာဝပတ်ဝန်းကျင်ရယ်၊ အကျဉ်းသားတွေအပေါ် ဆက်ဆံပုံ ရယ်ကြောင့်ပါ။ သေချာတာတခုက အခြားအကျဉ်းထောင်တွေနဲ့ ကိုက်ညီတယ်ဆိုရင် ကျနော်တို့ လက်ရှိ သုံးနေတဲ့ အစီအစဉ်တွေကို အသွင်ပြောင်းလို့ ရနိုင်တယ်ဆိုတာပါပဲ။”

ဟတ်တာ ၃ ထောင် ကျယ်ဝန်းတဲ့ ဒီအကျဉ်းစခန်းမှာ စပါးစိုက်ခင်း၊ အုန်းစိုက်ခင်း၊ ကြက်ဘဲမွေးမြူရေးခြံနဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ ရှိပါတယ်။ ကျွမ်းကျင်မှုအလိုက် အကျဉ်းသားတွေကို စိုက်ပျိုးရေးကနေ ရုံးလုပ်ငန်းထိ အလုပ်တွေ ပေးပါတယ်။ ဒါကြောင့် ဒီစခန်းဟာ ကမ္ဘာလှည့်ခရီးတွေကို စွဲဆောင်ရာနေရာတခု ဖြစ်လာပါတယ်။

အော်လ်ဒရင်ဟာ ပြန်ပြောမပြချင်တဲ့ ပြစ်မှုတခုအတွက် ထောင်ဒဏ်အနှစ် ၂၀ ကျခံနေရသူပါ။ ခုဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေကို လက်မှုပစ္စည်းတွေ ရောင်းချပြီး အသက်မွေး နေပါပြီ။

“အီဝါဟစ်ဂ်အကျဉ်းစခန်း၊ အကျဉ်းသား စိုက်/မွေးလုပ်ကွက်နဲ့ သမိုင်းဝင် အဆောက်အဦတွေကို ကြည့်ချင်တဲ့သူရှိရင် အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။ ဒီကို အလည်လာပြီး အမှတ်တရပစ္စည်းတွေ ၀ယ်ရင်းနဲ့ ကျနော်တို့ အကျဉ်းသားတွေကို ကူညီ နိုင်ပါတယ်လို့” လို့ အော်လ်ဒရင်က ဆိုပါတယ်။

သူ့ရဲ့ဖောက်သည် ဟော့ဘက်ဂျိမ်းစ်က “ထောင်ဆိုတဲ့စကားကို ကြားလိုက်တာနဲ့ များသောအားဖြင့် နံရံတွေနောက်က လူတွေကို ပြေးမြင်တတ်ကြပါတယ်။ ဒါကြောင့် အကျဉ်သားတွေကို အပြင်ထုတ်ထားတဲ့ အီဝါဟစ်ဂ်စခန်းဟာ အန္တရာယ်ရှိမှာပဲလို့ ကျနော် တွေးမိခဲ့တယ်။ အန္တရာယ်ပေးမှာ ကြောက်တာပေါ့။ သိတဲ့အတိုင်းပဲ သူတို့က ထောင်ကျ တွေလေ။ ဒါပေမယ့် အခု ကျနော့်အမြင်ပြောင်းသွားပြီ။ ဒီနေရာဟာ အန္တရာယ်ကင်းတယ်” လို့ ပြောပါတယ်။

စပိန်ကိုလိုနီခေတ်အတွင်းက နိုင်ငံရေးသဘောထားကွဲသူတွေကို ဒီဒေသကို နယ်နှင်ဒဏ် ပေးခဲ့ပါတယ်။ အမေရိကန် ကိုလိုနီလက်ထက်မှာ ဒီဒေသဟာ အကျဉ်းစခန်း ဖြစ်လာခဲ့ပါတယ်။ ဒီစခန်းကို လမုတောတွေက ထူထဲစွာ ၀န်းပတ်ထားသလို တောင်တန်းနဲ့ အဝေးပြေး လမ်းမကြီးက ၀ိုင်းရံထားပါတယ်။ ဒီသဘာဝအတားအဆီးတွေကိုက အကျဉ်းသားတွေကို ပြင်ပကမ္ဘာနဲ့ ပိုင်းခြားထားပါတယ်။

ဇာဇက်စက်ဘီဒိုရဲ့အလုပ်ကတော့ အကျဉ်းသားတွေကို စောင့်ကြည့်ရတဲ့ ထောင်ကြပ်အလုပ် ဖြစ်ပါတယ်။ ၁ နှစ်ကို အကျဉ်းသား ၄၊ ၅ ဦးလောက် ထွက်ပြေးတာမျိုးရှိတယ်လို့ ဆိုပါတယ်။

“အကျဉ်းသားအများကြီး ထိန်းဖို့က မလွယ်ဘူး။ ဒါပေမယ့် ထောင်ကြပ်အရေအတွက်ကို ထပ်မြှင့်ထားတယ်။ လုံခြုံရေး အစီအမံသစ်တွေလည်း ထပ်လုပ်ထားတယ်။ ပြန်လည်ထူထောင်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အရှိန်မြှင့်ပြီး ဆောင်ရွက်နေပြီ။ ဒါတွေက အကျဉ်းသားတွေကို ဘ၀အမြင် ကြည်လင်စေပြီး ထွက်ပြေးဖို့ မစဉ်းစားအောင် ထောက်ကူပေးမှာပါ” လို့ ဇာဇက်စက်ဘီဒိုက ဆိုပါတယ်။

သူနဲ့ အခြားထောင်ကြပ်တွေဟာ ဒီမှာပဲနေထိုင်ကြတယ်လို့ ဇာဇက်စက်ဘီဒိုက ပြောပါတယ်။

“ဒီမှာ ကျနော်တို့ကို မိသားစုနဲ့ အတူနေနိုင်အောင် အိမ်ဆောက်ဖို့ မြေကွက်ချပေးပါတယ်။ ဒါကတော့ အကျဉ်းဦးစီးဌာနရဲ့ ဗျူဟာတခုပေါ့။ အကျဉ်းသားထွက်ပြေးတာမျိုးတွေ ဖြစ်တဲ့အခါ ၀န်ထမ်းတွေ အနီးအနားမှာ ရှိနေအောင်လို့ပါ။”

ထောင်ပြေးတွေကို လွယ်လွယ်နဲ့ ဖမ်းမိတာများတယ်လို့ ထောင်မှူးကြီးရစ်ချက်ရှဝါဇခေါ့ဖ် က ပြောပါတယ်။ သူက အကျဉ်းသားထွက်ပြေးတာ မကြိုက်ပေးမယ့် နံရံတွေကာရမယ့်အစား အကျဉ်းသားတွေ ဒီမှာ နေချင်လာအောင်ပဲ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

“အခုလက်ရှိ အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာ အကျဉ်းသားတွေအတွက် အခြေခံပညာနဲ့ စက်မှုသက်မွေးပညာတွေ၊ စာရိတ္တနဲ့ ဘာသာရေး သင်ခန်းစာတွေ၊ အားကစားနဲ့ အပန်းဖြေမှုတွေ၊ အမူအကျင့်ပိုင်းဆိုင်ရာ ထိန်းကျောင်းမြှင့်တင်မှုတွေ၊ ကျန်းမာရေးနဲ့လူမှုရေး၊ အလုပ်အကိုင်နဲ့ သက်မွေးမှု အစီအစဉ်တွေ ဖြစ်ပါတယ်” လို့ ရစ်ချက်ရှဝါဇခေါ့ဖ်က ဆိုပါတယ်။

ရုံးခန်းထဲက ကွန်ပျူတာပေါ်မှာ ဖိုင်တခုကို ဖြည်နေတဲ့ ကာလိုမာစီးဒီးဇ်က သူတောင့်တခဲ့ရတဲ့ နံရံမဲ့အကျဉ်းစခန်းအပြင်ဘက်က မိသားစုနဲ့ အတူနေရတဲ့ဘ၀ကို ခုထိ ရနေဆဲမို့ သိပ်ကံကောင်းတယ်လို့ ဆိုပါတယ်။

“မိသားစုနဲ့ အတူနေရတဲ့ အကျဉ်းသားအနေနဲ့ ကျနော်ပျော်ပါတယ်။ ဒါပေမယ့် ကိုယ်က အကျဉ်းသားဆိုတော့ အပြင်လူတွေလောက်တော့ မပျော်ရဘူးပေါ့ဗျာ။”

အီဝါဟစ်ဂ်အကျဉ်းစခန်းက လွှတ်ပေးလိုက်တဲ့ ထောင်ကျတွေထဲမှာ ပြစ်မှုဟောင်းကို ပြန်ကျူးလွန်တဲ့သူ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ ထောင်မှူးကြီး ရစ်ချက်ရှဝါဇခေါ့ဖ်က ဆိုပါတယ်။ ဒါဟာ တနိုင်ငံလုံး အတိုင်းအတာထက် နည်းပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ ထောင်အများစုမှာ အကြမ်းဖက်မှုတွေနဲ့ လေကောင်း လေသန့်မရတဲ့ ၀က်သိုက်လို အခန်းတွေမှာ အကျဉ်းသားတွေ ကျပ်ညှပ်အောင်နေရတာတွေနဲ့ အလှည့်ကျ အိပ်စက်ရတာတွေ ရှိနေပါတယ်။

အာရှဒေသအစီအစဉ်အတွက် အေရီယယ်ကာလို့စ်အတူ ဂျိုဖဲလီတက်ဆိုရီယိုက ဖိလစ်ပိုင်နိုင်ငံ ပါလာဝန်ကျွန်းကနေ သတင်းပေးပို့ထားတာပါ။

DVB

တောင်ကိုရီးယားတွင် ရွှေ့ပြောင်းအလုပ်သမားများ ဖိနှိပ်ခံနေရကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ပြန်

တောင်ကိုရီးယားနိုင်ငံအတွင်းမှ ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကို အခွင့်အရေးပေးထားသော စနစ်တစ်ခုအောက်တွင် ဖိနှိပ်ခံနေကြရသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အောက်တိုဘာ ၂၀ ရက်တွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက်သည်။

လူမျိုးရေးခွဲခြားမှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိသွားပြီးနောက်ပိုင်း အဆိုပါ အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံတွင်း တိုးပွားလာနေသော ပြည်ပအလုပ်သမားများသည် နည်းပါးသော လုပ်ခလစာနှင့်အတူ ကျွမ်းကျင်မှုမရှိသော ကာယလုပ်သားများအဖြစ် ငှားရမ်း ခိုင်းစေခံနေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံအနှံ့အပြားရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများအား တွေ့ဆုံမေးမြန်းထားသည့် အချက်အလက်များအပေါ် အခြေခံထားသော ယင်းအစီရင်ခံစာတွင် အလုပ်ရှင်များ၏ခြိမ်းခြောက်မှု၊အကြမ်းဖက်မှုတို့နှင့်အတူ အလုပ်သမားများအတွက် အလုပ်ချိန်များပြားမှု၊ နေရာထိုင်ခင်းများ စုတ်ပေညစ်ပတ်နေမှုများကိုလည်း ဖော်ပြထားသည်။

“တောင်ကိုရီးယားမှာ ရွှေ့ပြောင်းလယ်ယာလုပ်သားတွေ အမြတ်ထုတ်ခံနေရတာက နိုင်ငံအတွက် အစွန်းအထင်းတစ်ခုပါပဲ” ဟု အဆိုပါ နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ သုတေသနပညာရှင် နော်မာကန်မူအီကိုက ပြောကြားသည်။

“ အာဏာပိုင်တွေအနေနဲ့လည်း အလုပ်ရှင်တွေက အလုပ်သမားတွေအပေါ် အဓမ္မခိုင်းစေဖို့ အမြတ်ထုတ်နိုင်ဖို့အတွက် ခွင့်ပြုပေးနေတဲ့ စနစ်တစ်ရပ်ကို ဖန်တီးထားပေးပါတယ်” ဟု ၎င်းက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အထိ ရွှေ့ပြောင်းလုပ်သားဦးရေ ၂၅၀,၀၀၀ ခန့် ရှိပြီး ၎င်းတို့ထဲမှ ၂၀၀,၀၀၀ ခန့်သည် စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည်။

ရွှေ့ပြောင်း အလုပ်သမားများသည် အလုပ်ရှင်များကို မျက်နှာသာပေးထားသည့် နိုင်ငံ၏ အလုပ်လုပ်ကိုင်ခွင့် စနစ်အောက်တွင် သဘောတူညီမှု စာချုပ်များဖြင့် လုပ်ကိုင်နေကြ ရပြီး ယင်းစနစ်အောက်တွင် အလုပ်သမားများသည် လုံလောက်သည့် ဥပဒေအကာအကွယ်များမရှိဘဲ ၎င်းတို့၏အခွင့်အရေးရပိုင်ခွင့်များအတွက် ခုခံကာကွယ်နိုင်စွမ်းအား နည်းနေရသည်ဟုသိရသည်။

ကမ္ဘောဒီးယား၊ နီပေါနှင့် ဗီယက်နမ် နိုင်ငံများမှ အများဆုံးလာရောက်လုပ်ကိုင်နေကြသော အဆိုပါ ရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံတွင် ၎င်းတို့လုပ်ကိုင်နေသောအလုပ်မှ ထုတ်ပယ်ခံရချိန်တွင် အလုပ်ရှင်က ၎င်းတို့အတွက် အလုပ်ထွက်ခွင့်ပြုကြောင်းပုံစံကို လတ်မှတ်ထိုးပေးမှသာ
အခြားသော အလုပ်တစ်ခုသို့ပြောင်းရွှေ့နိုင်သည်။

ထို့ပြင် အဆိုပါအလုပ်သမားများသည် တောင်ကိုရီးယားသို့ လာရောက် လုပ်ကိုင်နိုင်ရန်အတွက် မိမိတို့ နေရပ်နိုင်ငံတွင် ငွေများချေးငှားခဲ့ရကာ အကြွေးများစွာတင်ပြီး လာရောက်လုပ်ကိုင်ရသည့်အတွက်  ၎င်းတို့၏အလုပ်ကို ဆုံးရှုံးရမှုတန်ဖိုးသည် အလွန်ကြီးမြင့်နေသည်။

“ အလုပ်သမားတွေက သူတို့နေရပ်တွေမှာ ငွေတွေချေး အကြွေးတွေတင်ပြီး ဒီမှာလာလုပ်ကြရတာပါ၊ ဒါကြောင့် ဘယ်လိုပဲ ဖိနှိပ်ခံရခံရ သူတို့ ရဲ့ လက်ရှိအလုပ်ရှင်နဲ့ ဆက်နေပြီး လုပ်ဖို့ကိုပဲ သူတို့ရွေးချယ်ရမယ့် တစ်ခုတည်းသော လမ်းပါပဲ” ဟု မူအီကိုကပြောကြားသည်။

Mizzima