ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

16.10.14

ဖားကန့် အောင်ဘာလေရွာကို ၀င်ထွက်ခွင့် အစိုးရတပ် ပိတ်ပင်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အောင်ဘာလေရွာက ရွာသားတွေကို နယ်မြေ အခြေစိုက် အစိုးရတပ်ရင်းက ၀င်ထွက်သွားလာခွင့် ပိတ်ပင်လိုက်ပါတယ်။
ဒီမတိုင်ခင်က ရွာသားတွေအနေနဲ့ အောက်တိုဘာ ၁၄ ရက် ညနေ ၆ နာရီ နောက်ဆုံးထားပြီး အဲဒီရွာကနေ ရွှေ့ပြောင်းသွားကြဖို့ တပ်မ ၆၆ တပ်မမှူးက ညွှန်ကြားထားပေမယ့်လည်း   အောက်တိုဘာ ၁၅ ရက်ညနေပိုင်းကစပြီး ၀င်ထွက် သွားလာခွင့် ပိတ်ပင်လိုက်တယ်လို့  ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဒါရှီလာဆိုင်း က ဒီဗွီဘီကို ပြောပါတယ်။

ဒါအပြင် အစိုးရတပ်အင်အား ၂၀၀ ကျော်ကလည်း အောင်ဘာလေရွာနဲ့  မီတာ ၂၀၀ အကွာ ဥရုချောင်းတဘက်ကမ်းမှာ ရောက်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီဘက်ကမ်းမှာ ကေအိုင်အေရဲ့ တပ်စခန်းတွေလည်း ရှိနေတဲ့အတွက် ထိတွေ့ ပစ်ခတ်မှု ဖြစ်မှာကို စိုးရိမ်မကင်းဖြစ်တဲ့ ရပ်မိရပ်ဖနဲ့ သင်းအုပ်ဆရာတွေက တပ်မမှူးဆီ သွားရောက်ပြီး ရှေ့တက်မလာဖို့ သွားရောက်မေတ္တာရပ်ခံခဲ့တဲ့ကြားက ခုလို တပ်တွေ နေရာယူလာတာလို့  ဆိုပါတယ်။

အဲဒီဒေသမှာ ကျောက်စိမ်းမှော်လည်း ရှိပြီး ကေအိုင်အေက အခွန် ကောက်ခံနေတာကို မနှစ်မြိုတဲ့ ကုမ္ပဏီတချို့က အစိုးရကို တိုင်ကြားတာကြောင့် စစ်တပ်က ကေအိုင်အေစခန်းတွေ ဆုတ်ပေးဖို့ ပြောခဲ့သလို  ရွာသားတွေကိုလည်း အခြားကို ရွှေ့ပြောင်းသွားဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ကေအိုင်အေအရာရှိတဦးကတော့ သူတို့ဘက်က ဆုတ်ခွာပေးဖို့ အစီအစဉ် မရှိကြောင်း ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်က ခုလို ၀င်ထွက်သွားလာခွင့် ပိတ်ပင်လိုက်တာဟာ ရွာသားတွေရဲ့ နေ့စဉ်ဘ၀ လုပ်ကိုင်စားသောက်မှုတွေကို ထိခိုက်ကြောင်း၊ ရေရှည်မှာဆိုရင်တော့ အပြင်ကလာတဲ့ ကုန်ပစ္စည်းတွေ ရွာထဲ ၀င်ခွင့်မရတာကြောင့် အခက်အခဲတွေ အများကြီး ရှိလာနိုင်မယ်လို့  ဦးဒါရှီလာဆိုင်းက ပြောသွားပါတယ်။

အောင်ဘာလေရွာဟာ ဖားကန့်မြို့ပေါ်နဲ့ ၁၅ မိုင်လောက်ဝေးပြီး လူနေအိမ်မြေ ၃၀၀ ကျော်နဲ့ စာသင်ကျောင်း ၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေပါ ရှိပါတယ်။

DVB

ပါလက်စတိုင်းကို တစ်ပေါင်းတစ်စည်းတည်း စုစည်းတည်ထောင်ရန် ဘန်ကီမွန်းတိုက်တွန်း


ပါလက်စတိုင်း နိုင်ငံကို တစ်ပေါင်းတစ်စည်းတည်း စုစည်းတည်ထောင်နိုင်ရေးအတွက် အဓိကထား ရည်ရွယ်ကြပါရန် ပါလက်စတိုင်း ခေါင်းဆောင်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက တိုက်တွန်းလိုက်သည်။

အစ္စရေး ကျူးကျော်စစ်အပြီး ပြန်လည်ထူထောင်ရန် ရုန်းကန်နေရသည့် ဂါဇာသို့ ရောက်ရှိချိန်၌ ဘန်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ပါလက်စတိုင်းတွင် အစိုးရအဖွဲ့ကို မာမွတ်အဘက်စ်က ဦးဆောင်နေသော်လည်း ဂါဇာကို ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့ ဟားမားစ်တို့က အဓိက ထိန်းချုပ်ထားသည်။ အဆိုပါ အုပ်စုများသည် ပါလက်စတိုင်းတွင် နိုင်ငံရေးအရ သိသိသာသာ အားပြိုင်မှုများ ရှိနေသည်။

ပါလက်စတိုင်း အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ချိန်တွင် ဘန်က “ကျွန်တော်တို့ဟာ ခင်ဗျားတို့နဲ့အတူ ရပ်တည်နေတာပါ။ နိုင်ငံတကာ အသိုက်အဝန်းက ခင်ဗျားတို့ အစိုးရရဲ့ ဂါဇာဒေသ လုံခြုံရေးအပေါ် တာဝန်ယူ အားထုတ်မှုတွေကို ထောက်ခံ အားပေးပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက ကုလသမဂ္ဂ၊ အစ္စရေးနှင့် ပါလက်စတိုင်း အစိုးရတို့ကြား သဘောတူညီမှုအရ ဂါဇာသို့ ဆောက်လုပ်ရေး ပစ္စည်းများ တင်သွင်းရန် အစ္စရေးက ခွင့်ပြုခဲ့ခြင်းကိုလည်း ကြိုဆိုခဲ့သည်။ “ဒါဟာ အနောက်ဘက် ကမ်းခြေဒေသနဲ့ ဂါဇာတို့ကို ပါလက်စတိုင်းရဲ့ ဦးဆောင်မှု တစ်ခုတည်းအောက်မှာ ပေါင်းစည်းဖို့ အခွင့်ကောင်း တစ်ရပ်ပါပဲ။ ဒီအချက်က အရမ်းအရေးကြီးပါတယ်”ဟု ဘန်က မှတ်ချက်ပြုခဲ့သည်။

၎င်းက ဂါဇာဒေသ ပြန်လည်ထူထောင်ရေးတွင် အဘက်စ်၏ ပါလက်စတိုင်း အစိုးရ အနေဖြင့် သတိပြု အားထုတ်သင့်သည့် ကဏ္ဍအချို့ကိုလည်း ဆွေးနွေးသွားခဲ့သည်။

_Ref: Dawn

အမေရိကန်ကို အီဘိုလာရောဂါ ခြိမ်းခြောက်နိုင်ခြေ အလွန်နည်းပါးဆဲဟု အိုဘားမားပြောကြား


အမေရိကန် ပြည်ထောင်စုကို အီဘိုလာရောဂါက ခြိမ်းခြောက်နိုင်သည့် အခြေအနေသည် အလွန်နည်းပါးသည့် အဆင့်မျိုး၌သာ ရှိနေဆဲဟု သမ္မတ ဘာရတ် အိုဘားမားက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဒဲလက်စ်မြို့တွင် အီဘိုလာရောဂါဖြင့် သေဆုံးသည့် လိုက်ဘေးရီးယားနိုင်ငံသား တစ်ဦးကို ကုသပေးခဲ့သည့် သူနာပြု အဖွဲ့ဝင်နှစ်ဦး ရောဂါကူးစက်ခံရသည့် သတင်းကြောင့် အမေရိကန်တွင် အီဘိုလာရောဂါနှင့် ပတ်သက်၍ ထိတ်လန့်စိုးရိမ်မှုများ တိုးပွားလာသည်။

အိုဘားမားက အမေရိကန် ပြည်သူများကို နှစ်သိမ့်စကား ပြောကြားခဲ့ပြီး အီဘိုလာရောဂါသည် အမေရိကန်၌ အလွန်ဆိုးရွားစွာ ကူးစက်ပျံ့နှံ့နိုင်ခြေ နည်းပါးလွန်းလှကြောင်း ဆိုသည်။ “လူတိုင်းကို သေချာ နားလည်စေချင်တယ်။ ဒီနိုင်ငံအတွင်းမှာ အီဘိုလာရောဂါ ဆိုးဆိုးရွားရွား ကူးစက်ဖို့ အခြေအနေက အရမ်းနည်းပါးပါတယ်။ ဒါပေမဲ့လည်း အစိုးရအနေနဲ့ ဖြစ်နိုင်ခြေအားလုံးကို အမြင့်ဆုံးအဆင့် သတ်မှတ်ချက်နဲ့ သတိထား စောင့်ကြည့်သွားမှာပါ”ဟု အိုဘားမားက ပြောကြားခဲ့သည်။

အီဘိုလာရောဂါနှင့် ပတ်သက်၍ အစိုးရက မည်သို့ကိုင်တွယ်နေကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်၊ အမေရိကန်၏ ကုလသမဂ္ဂ သံတမန် ဆူဆန်ရိုက်စ်တို့ တစ်ဖက်တစ်ချက်စီ ခြံရံလျက် အနေအထားဖြင့် အိုဘားမားက သတင်းထောက်များအား ယင်းကဲ့သို့ အသိပေးခဲ့ခြင်း ဖြစ်သည်။

အိုဘားမားက အမေရိကန်၏ ရောဂါထိန်းချုပ်ရေး ကျွမ်းကျင်ပညာရှင်များသည် ဖြစ်ရပ်တိုင်းကို လျင်လျင်မြန်မြန် တုံ့ပြန်နိုင်စွမ်းရှိကြောင်းလည်း ဆိုသည်။ “ကျွန်တော့်ကိုယ် ကျွန်တော်ပဲ ဥပမာ ပေးပါရစေ။ ရောဂါထိန်းချုပ်ရေး သုတေသန စင်တာကို ကျွန်တော်သွားတယ်။ အဲဒီက ပညာရှင်တွေကို ကျွန်တော် လက်ဆွဲနှုတ်ဆက်တယ်။ ပွေ့ဖက်တယ်။ ဒါဟာ ဆရာဝန်တွေတင် မကဘူး၊ သူနာပြုတွေလည်း ပါတယ်။ သူတို့က ကိုယ်တတ်စွမ်းတဲ့ ပညာရပ်နဲ့ ရဲရဲရင့်ရင့် လုပ်အားပေးနေသူတွေ ဖြစ်ပါတယ်။ ဒီလို ထိတွေ့မှုတွေ ရှိခဲ့ပေမယ့် ကျွန်တော့် စိတ်ထဲမှာ ဘာမှ တွေးပူမနေပါဘူး။ လုံလုံခြုံခြုံပဲ ခံစားမိပါတယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အာဖရိက အနောက်ပိုင်း နိုင်ငံများတွင် ဆိုးဆိုးရွားရွား ကူးစက်ပျံ့နှံ့နေသည့် အီဘိုလာ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် (၄၅၀၀)မျှထိ ရှိလာပြီ ဖြစ်သည်။

_Ref: NBC

ကိုဘာနီမြို့ အစိတ်အပိုင်း အချို့ကို IS တပ်ဖွဲ့များ လက်လွှတ်လာရ


တူရကီနှင့် နယ်စပ်အနီးရှိ မဟာဗျူဟာအရ အချက်အခြာကျသော ဆီးရီးယားမြို့ ကိုဘာနီကို သိမ်းယူရန် အားထုတ်နေသည့် အစ္စလာမ်မစ် နိုင်ငံတော် (IS) တပ်ဖွဲ့များ ယခုအခါ ပြန်လည် ဆုတ်ခွာစ ပြုနေပြီဟု သိရသည်။

IS တပ်ဖွဲ့၏ စီးနင်းတိုက်ခိုက်မှုကို ကာ့ဒ် ပြည်သူ့စစ်များက ကြံ့ကြံ့ခံ တွန်းလှန်နေပြီး ယခုအခါ IS တပ်ဖွဲ့ဝင်များသည် ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့၏ အစိတ်အပိုင်း အချို့ကို စွန့်ခွာသွားကြောင်း ကာ့ဒ်အရာရှိ တစ်ဦးဖြစ်သည့် အိုင်ဒရစ် နက်ဆန်က BBC သို့ ပြောကြားခဲ့သည်။

IS တပ်ဖွဲ့သည် ကိုဘာနီကို ပိတ်ဆို့ ဝန်းရံထားခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ၎င်းတို့ ထိန်းချုပ်ထားသည့် အစိတ်အပိုင်းအနက် မြို့၏ (၂၀)ရာခိုင်နှုန်းမျှသော ပမာဏကို လက်လွှတ်ခဲ့ရကြောင်း နက်ဆန်က ဆိုသည်။ အမေရိကန်နှင့် မဟာမိတ် လေတပ်များကလည်း ကိုဘာနီ အနီးတဝိုက်ရှိ IS ပစ်မှတ်များကို ဗုံးကြဲ တိုက်ခိုက်လျက် ရှိသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက လေကြောင်းထိုးစစ်များအတွင်း IS စစ်သွေးကြွ အရေအတွက် ရာနှင့်ချီ သေဆုံးခဲ့ကြောင်း ဆိုသည်။ နက်ဆန်က “ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာ IS တပ်ဖွဲ့က တစ်မြို့လုံးရဲ့ (၄၀)ရာခိုင်နှုန်းလောက်ကို စီးနင်းထားတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူတို့လက်ထဲ ရောက်နေတာ မြို့ရဲ့ (၂၀)ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ ဒီတစ်ပတ်ထဲမှာ ကာ့ဒ် ပြည်သူ့စစ်တွေဟာ ကိုဘာနီ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေကို ရှင်းလင်းဖို့အတွက် စစ်ဆင်ရေး ဆင်နွှဲသွားမှာပါ”ဟု ပြောကြားခဲ့သည်။

IS တပ်ဖွဲ့ကို ပူးပေါင်းတိုက်ခိုက်မှု စစ်ဆင်ရေးအတွက် အမေရိကန်က စေလွှတ်ခဲ့သည့် အထူးကိုယ်စားလှယ် အဖွဲ့မှ ဂျွန်အလန်က ကိုဘာနီမြို့ အနီးတွင် ပူးပေါင်းလေတပ်၏ ဗုံးကြဲမှုသည် ယခုအခါ ခုခံရေးသမား ပြည်သူ့စစ်များကို ပိုမိုထောက်ပံ့နိုင်ရန် ဗျူဟာ ပြောင်းလဲလာကြောင်း ရှင်းလင်းခဲ့သည်။ “ခုခံတိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေ အသက်ရှူချောင်လာအောင် ကြိုးစားပေးဖို့က အခုလောလောဆယ် ပိုပြီး အရေးတကြီး လိုအပ်လာတယ်။ မြေပြင်တပ်ဖွဲ့တွေ စုစည်းဖို့ အချိန်ပိုရလာတာမျိုး ဖြစ်နိုင်အောင် ရည်ရွယ်ပြီး လေကြောင်းပစ်ကူ ပေးနေပါတယ်”ဟု အလန်က ဆိုသည်။

IS တပ်ဖွဲ့သည် ကိုဘာနီမြို့ကို တစ်လကျော်မျှ ပိတ်ဆို့ထားပြီး တိုက်စစ်ဆင်နေသော်လည်း ကာ့ဒ်တပ်ဖွဲ့များက မြို့ထံတွင် ခံစစ်အနေအထား အခိုင်အမာ ရယူကာ တုံ့ပြန်နေခြင်း ဖြစ်သည်။ အမေရိကန်နှင့် ပူးပေါင်းလေတပ်ကလည်း ကိုဘာနီမြို့ အနီးရှိ IS တပ်ဖွဲ့များကို တိုက်ခိုက်မှုအရှိန် မြှင့်တင်ပြီး ကာ့ဒ်တပ်ဖွဲ့များကို အကူအညီ ပေးခဲ့သည်။ ကိုဘာနီမြို့သည် စစ်ရေးအရ အလွန်အရေးပါသည့် အနေအထားတွင် ရှိနေခြင်းကြောင့် IS တပ်ဖွဲ့က မြို့ကို သိမ်းယူရန် အထူးအားထုတ်နေခြင်း ဖြစ်သည်။

_Ref: BBC

'ဝ'နယ်မြေနှင့် ထိစပ်လျက်ရှိသည့် SSA/SSPP စခန်းများ ဆုတ်ခိုင်းမှုအပေါ် SSPP ဖွဲ့မှကန့်ကွက်မည်


'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် နယ်မြေချင်းထိစပ်နေသည့် ရှမ်းပြည်တပ်မ တော်မြောက်ပိုင်း SSA/SSPP ၏ စခန်း များ ရုပ်သိမ်းပေးရန် ရှမ်းပြည်နယ် အစိုးရ က အကြောင်းကြားစာ ပေးပို့သည့်ကိစ္စကို UPWC ထံ တင်ပြ ကန့်ကွက်သွား မည်ဖြစ် ကြောင်း SSA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ် တန့်ယန်းမြို့နယ် အ တွင်း သံလွင်မြစ်အနောက်ဘက်ကမ်းရှိ ရှမ်း ပြည်တပ်မတော်၏ တပ်စခန်းများနှင့် လှုပ် ရှား စစ်ကြောင်းများကို အားလုံး ရုပ်သိမ်း သွားရန် စခန်းများကို နမ့်ပန်ဒေသအထိ ဆုတ်ပေးရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ် စားနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အောက် တိုဘာ ၉ ရက်က အကြောင်းကြားစာ ပေး ပို့ခဲ့ကြောင်း SSA အထွေထွေအတွင်းရေး မှူး ဗိုလ်မှူးကြီးစဝ်ခွန်ဆိုင်က ပြောသည်။
''ရှေ့လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင် မှုလုပ်ငန်းကော်မတီနဲ့ တွေ့ဖို့ရှိတယ်။ တာ ဖာဆောင်ကိစ္စရော ဒီတန့်ယန်းဘက်က စခန်း တွေကိစ္စရော ပြောဖြစ်မယ်။ တန့်ယန်းဘက် ကစခန်းတွေ ရွှေ့ခိုင်းတာကိုတော့ ကန့်ကွက် သွားမှာပါ''ဟု ၄င်းက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ရှမ်းပြည် နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံ ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးအောင် သူထံဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ဖြေ ကြားခြင်းမရှိပေ။
''အခု ရွှေ့ခိုင်းတဲ့နေရာတွေမှာ ကျွန် တော်တို့အဖွဲ့တွေက နေလာတာ ကြာပါပြီ။ တောထဲကစခန်းတွေပဲ၊ ကားလမ်းတွေမှာ ရှိတဲ့ နေရာတွေလဲမဟုတ်ဘူး''ဟု ဗိုလ်မှူး ကြီးစဝ်ခွန်ဆိုင်က ပြောသည်။
မြန်မာနိုင်ငံ၏ စစ်ရေးနိုင်ငံရေးလေ့ လာသူတစ်ဦးကမူ တန့်ယန်းမြို့နယ်အတွင်း ရှိ ယင်းနေရာဒေသများသည် 'ဝ'တပ်ဖွဲ့နှင့် ကျန်သည့် တိုင်းရင်းသား လက်နက်ကိုင်တပ် ဖွဲ့များအကြား စစ်ရေးအရ အရေးပါသည့် နေရာများဖြစ် သဖြင့် ယင်းသို့ ဆုတ်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားကြသည်။
''အဓိက, ကတော့ 'ဝ' နဲ့ အခြားလက် နက်ကိုင်အဖွဲ့တွေအကြားမှာ ဆက်သွယ်မှု ရှိတယ်ဆိုတဲ့ ယူဆချက်မျိုးရှိပုံရတဲ့အတွက် အဲဒီနေရာတွေကနေ ဖယ်ခိုင်း တာပါ။ အဲ ဒါမှလဲ တခြား လက်နက်ကိုင်အဖွဲ့တွေကို ထိန်းချုပ်နိုင်မှာလေ။ ဒါ့အပြင် အခု ဖယ်ခိုင်းတဲ့ လွယ်လန်းတို့ ဘာတို့ဆိုတာ အမြင့် ပိုင်းမှာရှိတယ်။ စစ်ရေးအရ အရေးပါတယ်။ အနိမ့်ဆုံးကတော့ 'ဝ'နယ်ထဲမှာရှိတဲ့ ပန်ယန်းကို ပစ်လို့ကောင်းတဲ့ နေရာတွေပဲ။ သံလွင်မြစ်ကို ကူးလိုက်ရင် ပန်ယန်းကအ နိမ့်ပိုင်းမှာလေ''ဟု အဆိုပါလေ့လာသူက ပြောသည်။
ပြီးခဲ့သည့်အောက်တိုဘာလ တိုက်ပွဲ များဖြစ်ပွားခဲ့သည့် တာဖာ့ဆောင်ဒေသ သည် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဌာ နချုပ် ဝမ်ဟိုင်းနှင့် ယခင်ဌာနချုပ် ဟောင်း စိန်ကျော့တို့ကို ဆက်သွယ်သည့်လမ်းကြောင်း ပေါ်တွင်တည်ရှိပြီး စစ်ရေး ၊ စီးပွားရေး အရ အရေးပါသည့် လမ်းကြောင်းဖြစ်ကြောင်း လည်း သိရသည်။ ယင်းဒေသမှ တပ်မတော် စစ်စခန်းများမှာ ယနေ့အချိန်အထိ ဆုတ် ခွာပေးခြင်း မရှိသေးသော်လည်း အောက် တိုဘာလ ပထမပတ် တိုက်ပွဲများ အတွင်း ပိတ်ထားခဲ့သည့် ကျေးသီး-မိုင်းရယ်-တန့် ယန်းကားလမ်းနှင့် ကျေးသီး-မိုင်းရှူးလမ်း များကိုမူ တပ်မတော်ဘက်မှ ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

Yangon Times Journal

အမေရိကန်သူနာပြုတဦး အီဘိုလာရောဂါ ထပ်မံကူးစက်ခံရ


အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က သေဆုံးသွားခဲ့တဲ့ အီဘိုလာရောဂါသည် သောမတ်စ် အဲရစ် ဒန်းကန်(Thomas Eric Duncan)ကို ဆေးကုသ ပေးခဲ့တဲ့ သူနာပြုနောက်တယောက်လည်း အီဘိုလာရောဂါကူးစက်ခံရတာကို အောက်တိုဘာ ၁၅ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

bigသူ့ကို ရောဂါကူး စက်ခံရတာ သိသိချင်း အောက်တိုဘာ ၁၄ ရက်နေ့က သီးသန့် ဆေးကု သမှုပေးနေပြီ လို့ ဆေးရုံက ဆိုပါတယ်။

သူနာပြုနဲ့ အနီးကပ်လက် ပွန်းတတီးနေခဲ့သူတွေကို အသေး စိတ် စစ်ဆေးမေးမြန်းနေပြီး အနီးကပ် စောင့်ကြည့်ရမယ်လို့ ဆေးရုံက ဆိုပါတယ်။

အမေရိကန်မြေပေါ်မှာ ပထမဆုံးကူးစက်ခံရတဲ့ သူနာပြုကတော့ အသက် ၂၇ နှစ်အရွယ် ဗီယက်နမ်သူနာပြု နီနာဖန်(Nina Pham) ဖြစ်ပါတယ်။

သူကူးစက်ခံရပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို ဒုတိယတယောက်ကို စစ်ဆေး တွေ့ရှိခဲ့တာပါ။

အခုလို ကူးစက်ခံရသူ နောက်တဦးကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အမေရိကန် ကူးစက်ရောဂါဌာနကလည်း အလွန်အမင်း စိုးရိမ်ခဲ့ရပြီး နောက်ထပ် ကူးစက်မှုတွေ မဖြစ်လာအောင် ပြင်ဆင်ဆောင်ရွက်စရာအားလုံး လုပ်ထားတယ်လို့ ပြောပါတယ်။

DVB

နျူကလီးယားဆွေးနွေးပွဲတက်ရန် ဂျွန်ကယ်ရီ သြစတြီးယားကိုရောက်ရှိ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဒီနေ့စတင်မယ့် အီရန်နျူးကလီးယားဆွေးနွေးပွဲ တက်ရောက်ဖို့ အောက်တိုဘာ ၁၅ ရက်နေ့က သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်ကို ဆိုက်ရောက် လာပါတယ်။

လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့ကို ဆွေးနွေး ပွဲ နောက်ဆုံးရက် သတ်မှတ် ထားပြီး နျူးကလီး ယား သဘောတူညီမှု အပြီးသတ်ရရှိဖို့ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ ကြိုးစားကြမယ် လို့ မျှော်လင့်နေကြ ပါတယ်။

အီရန် နျူကလီး ယားကိစ္စကို ဖြေ ရှင်းနိုင်ရင် အရှေ့အလယ်ပိုင်း ပြဿ  နာ တော်တော်များများကို ဖြေရှင်းပြီး ဖြစ်လိမ့်မယ်လို့ အနောက်နိုင်ငံတွေက မျှော်လင့်နေကြတာပါ။

အစ္စရေးနိုင်ငံကတော့ နျူးကလီးယားဆွေးနွေးပဲ မအောင်မမြင်ဖြစ်တာနဲ့ အီရန် နျူးကလီးယားဓာတ်ပေါင်းဖိုတွေကို တိုက်ခိုက်ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အီရန်နိုင်ငံကို နျူးကလီးယားဗုံး ထုတ်လုပ်နိုင်မယ့် ယူရေနီယံ ဘယ်လောက်ပမာဏ ပိုင်ဆိုင်ခွင့်ပေးမလဲဆိုတဲ့ကိစ္စအပေါ်မှာ ဆက်မဆွေးနွေးနိုင်ပဲ ဖြစ်နေတာပါ။

အီရန်နိုင်ငံဟာ နျူးကလီးယားလက်နက် ထုတ်လုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်ကို ငြင်းဆန်ပေမယ့် ယူရေနီယမ်သန့်စင်မှုကိုတော့ အီရန်နိုင်ငံက ဆက်လုပ်နေပါတယ်။

ဒါကြောင့် အမေရိကန်၊ အီးယူနဲ့ ကုလသမဂ္ဂတို့က အီရန်နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားကြတာပါ။

DVB

Bi မွန်းတည့်နေဂျာနယ်အမှု ယနေ့အပြီးသတ် အမိန့်ချမည်


အစိုးရအပေါ် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထား ရသည့် Bi မွန်းတည့်နေဂျာနယ်မှ ထုတ်ဝေသူ၊ အယ်ဒီတာနှင့် သ တင်းရေးသားသူတို့ကို ပန်းဘဲ တန်းမြို့နယ် တရားရုံးတွင် ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်သည်။

ကြားဖြတ်အစိုးရတင်မြှောက် ကြောင်း သတင်းဖော်ပြခဲ့မှုကြောင့် Bi မွန်းတည့်နေဂျာနယ်မှ ထုတ်ဝေ သူ ဦးယဉ်မင်းထွန်း၊ ဦးကျော်မင်း ခိုင်၊ သတင်းရေးသားသူ မင်းဝ ဿန်၊ အယ်ဒီတာ ကိုဝင်းတင်နှင့် ကိုသူရအောင်တို့ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် သတင်းအထူးတပ်ဖွဲ့က တရားလိုပြု၍ တရားစွဲဆိုထား ခြင်း ဖြစ်သည်။

တရားလို၊ တရားခံ နှစ်ဖက် သက်သေပေါင်း ၂၀ ဦးခန့်ကို စစ် ဆေးပြီးနောက် အောက်တိုဘာ ၁၄ ရက်တွင် အပြီးသတ်လျှောက် လဲချက် တင်ခဲ့ခြင်းဖြစ်ကာ သတင်း မီဒီယာဥပဒေနှင့် ထည့်သွင်းစဉ်းစားဆုံးဖြတ်ရန် လျှောက်လဲချက်ရေးသားခဲ့ကြောင်း တရားခံ အကျိုးတော်ဆောင်ရှေ့နေ ဦး ကျော်ဝင်းက ပြောသည်။

‘‘အပြီးသတ်အမိန့်ကိုပဲ ကျွန် တော်တို့ စောင့်တော့မယ်။ ဒီကြားထဲမှာ စွဲချက်တင်တဲ့အမိန့်ကို အ ထက်ရုံးကို အယူခံတက်လို့ ရ တယ်။ ဒါပေမဲ့ အယူခံတစ်ခုတက်ရင် အနည်းဆုံး နှစ်လလောက်စောင့်ရမှာမို့ အမှုမြန်မြန်ပြီးအောင်အယူခံမတင်တော့တာ။ အခု ပုဒ် မ ၅၀၅ (ခ)နဲ့ စွဲထားပေမယ့် မီဒီ ယာဥပဒေကလည်း အတည်ဖြစ် နေပြီ အသက်ဝင်နေပြီဆိုတော့ ဒီဥပဒေနဲ့လည်း Apply လုပ်ဖို့ မျှော်လင့်ပါတယ်’’ဟု ၎င်းက ပြောသည်။

အတည်ပြုပြီးသော သတင်း မီဒီယာဥပဒေတွင် အမြင့်ဆုံးပြစ် ဒဏ်အဖြစ် ကျပ်သိန်းဂဏန်းငွေဒဏ်များသာ ပါရှိပြီး လက်ရှိစွဲ ချက်တင်ထားသော ပုဒ်မ ၅၀၅ (ခ)မှာ ထောင်ဒဏ်တစ်နှစ်အထိ ချ မှတ်နိုင်သည်။

Bi မွန်းတည့်နေဂျာနယ်အဖွဲ့  ကို မူလက အရေးပေါ်စီမံမှုအက် ဥပဒေပုဒ်မ ၅(ည)/(ဃ)တပ်ထား ခဲ့ပြီး  စာနယ်ဇင်း ကောင်စီနှင့် သမ္မတတို့ တွေ့ဆုံပြီးနောက်ပိုင်း အစိုးရအပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)သို့ ပြောင်းလဲခဲ့သည်။

7 Day Daily

အမေရိကန်မှာ Ebola ရောဂါကူးစက်မှု အန္တရာယ်နည်းပါး


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ Ebola ရောဂါအရေးကိစ္စ ဆွေးနွေးဖို့အတွက် သူရဲ့ ခရီးသွားဖို့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး အစိုးရအဖွဲ့ အရေးပေါ် အစည်းဝေးတရပ်ကို ခေါ်ယူလိုက်ပါတယ်။

ဒီရောဂါပြဿနာ ကိုင်တွယ်ဖြေရှင်းရေးအတွက် လိုအပ်တာမှန်သမျှကို ပြည်ထောင်စုအစိုးရဘက်က ပြင်ဆင်ထားမှုတွေ သေချာစေဖို့ သမ္မတက လိုလားနေကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ John Earnest က ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ဒုတိယမြောက် Ebola ရောဂါ ကူးစက်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်းတဦးဟာ ရောဂါလက္ခဏာ မပေါ်ခင်တရက်မှာ လေယာဉ်နဲ့ ပြည်တွင်းခရီးစဉ်တခုကို သွားရောက်ခဲ့တဲ့အကြောင်း သတင်းထွက်ပြီး မရှေးမနှောင်းမှာပဲ အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲဒီကျန်းမာရေးဝန်ထမ်းဟာ Frontier Airline လေယာဉ်ခရီးစဉ်နဲ့ Cleveland, Ohio ကနေ Dallas-Fort Worth, Texas လေဆိပ်ကို သွားရောက်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဗဟိုအဖွဲ့ CDC က ပြောပါတယ်။

Ebola ရောဂါ ထိန်းချုပ်ရေးအစီအစဉ်အရ စောင့်ကြည့်ခံနေရဆဲ ဖြစ်သူတဦးကို အရပ်ဘက် ခရီးသွားလေယာဉ် တက်ရောက် စီးနင်းခွင့်မပြုဘူးလို့ CDC ညွှန်ကြားရေးမှူး Tom Frieden က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

VOA

ISIS အစွန်းရောက်တွေအပေါ် အမေရိကန်လေကြောင်း တိုက်ခိုက်မှုတိုး


ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ထဲ ကျမသွားရအောင် ခုခံနေကြတဲ့ Kurdish တိုက်ခိုက်ရေးသမားတွေကို စစ်ရေးအကူညီပေးတဲ့အနေနဲ့ အမေရိကန်တိုက်လေယာဉ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

တချိန်တည်းမှာပဲ IS စစ်သွေးကြွတွေက နယ်မြေကွက်တခုကို သိမ်းပိုက်သွားနိုင်ခြေ ရှိနေတယ်လို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ မြေပြင်မှာရှိတဲ့ မြို့ကို ခုခံနေသူတွေ ပြင်ဆင်ဆောင်ရွက်ဖို့ အချိန်ရအောင် လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ အမေရိကန် ဗိုလ်ချုပ်ကြီး John Allen က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရာနဲ့ချီရှိတဲ့ IS စစ်သွေးကြွတွေ သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်ရေး လေ့လာသူတွေက ယုံကြည်ကြပါတယ်။ Kurdish ခုခံတိုက်ခိုက်ရေးသမားတွေဟာ IS စစ်သွေးကြွတွေ စခန်းချထားတဲ့နေရာ ၂ ခုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို လမ်းတွေ တော်တော်များများပေါ်ကနေ စစ်သွေးကြွတွေ ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ဗုဒ္ဓဟူးနေ့ စောစောပိုင်းမှာ ပြောဆိုပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ IS တွေက မြို့ရဲ့ တ၀က်လောက်ကို ပြန်ပြီး သိမ်းသွားနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အမေရိကန်စစ်တပ်ကတော့ အင်္ဂါနေ့ကနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဝေဟင်ကနေ တိုက်ခိုက်မှုပေါင်း ၁၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဂျီဟတ် အစွန်းရောက်သမားတွေရဲ့ အဆောက်အဦး ၁၆ လုံးကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ပြောပါတယ်။

VOA