ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

5.4.13

တရုတ်ပိုက်လိုင်းများ ပြောင်းရွှေ့ပေးရန် ရှမ်းတောင်သူများနှင့် ရှမ်းလူထုအဖွဲ့များ တောင်းဆို

ဧပြီ(၅)

ချင်းမိုင်(မဇ္စျိမ)။      ။ ရှမ်းပြည်နယ်မြောင်ပိုင်း ဖြတ်သန်းထားသော ဓါတ်ငွေ့ ပိုက်လိုင်းများကို ပြောင်းရွှေ့ပေးရန်
မြောက်ပိုင်း ရှမ်း တောင်သူလယ်သမား ကော်မတီနှင့် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများက သောကြာနေ့တွင်
တောင်းဆိုလိုက်ကြသည်။

မေလတွင် စတင် စမ်းသပ်လည်ပတ်တော့မည့် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ၊ ယူနန်ခ၁ရိုင်အထိ သွယ်တန်းသည့် ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းကြောင့် လူ့အခွင့်အရေး ဆုံးရှုံးခြင်း၊ လုံခြုံမှုအတွက် စိုးရိမ်ရခြင်းတို့ကြောင့် ထိုလုပ်ငန်းကြီး အား ရွှေ့ပြောင်းပေးရန်တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ရှမ်း တောင်သူလယ်သမား တသောင်းအား ကိုယ်စားပြုသော မြောက်ပိုင်းရှမ်း တောင်သူလယ်သမား ကော်မတီက လယ်သမားများ စုပေါင်း၍ ပြည်နယ်အစိုးရထံ တောင်းဆိုသည့် စာအား သွားရောက် ပေးအပ်ခဲ့သလို ထိုင်းနိုင်ငံ အခြေစိုက် လူမှုအခြေပြု အဖွဲ့အစည်းများက ချင်းမိုင်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး တရုတ်ကောင်စစ်ဝန် ရုံးသို့ ထုတ်ပြန်ချက်အား ပေးပို့ခဲ့သည်။

“ပိုက်လိုင်း စကတည်းက ရှမ်းတောင်သူတွေရဲ့ လယ်ယာမြေ၊ သစ်သီးခြံတွေ ဆုံးရှုံးရတဲ့အတွက် ဒီနေ့ အကျိုးတဲ့ ဆိုးကျိုးပိုများလာတယ်၊ ထိခိုက်မှုကလည်း ပိုများလာတဲ့အတွက် တောင်သူလယ်သမားတွေက စုရုံးပြီး ကျနော်တို့နဲ့ တောင်ကြီးက ရှမ်းပြည်နယ်အစိုးရကို တောင်းဆိုချက်တွေ တောင်းဆိုသွားမှာ ဖြစ်တယ်” ဟု ရှမ်းသဘာဝ ပတ်ဝန်းကျင်အဖွဲ့မှ ပြောခွင့်ရသူ စိုင်းခေးဆိုင် က ပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလာက ရှမ်းအမျိုးသမီးအဖွဲ့ SWAN အဖွဲ့ဝင်များ၏ မြန်မာပြည် ခရီးစဉ် နောက်ပိုင်းတွင် ရှမ်းစာပေယဉ်ကျေးမှု၊ လူငယ်များ၊ လယ်သမားများနှင့် စုစည်းမှု ပိုမိုရရှိလာကာ ရွှေဂက်စ်ပိုက်လိုင်း စီမံကိန်း ကန့်ကွက်မှု ပြုလုပ်လာနိုင်သည်ဟု SWAN မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟန်ဖ က ဆိုသည်။

“ကျမတို့ ကန့်ကွက်ခဲ့တာလည်း သုံးလေး၊ ငါးနှစ် ရှိလာပြီဆိုတော့ လျော်ကြေးပေးတာတွေတော့ ရလာပြီ။ ဒါပေမယ့် အပြည့်အဝး မပေးဘူး။ ဒီနှစ်ထဲမှာ ဆိုရင် ပိုပြီး အထဲမှာ စည်းရုံးရေး ပိုလုပ်လာနိုင်တယ်။ အခုတော့ ဆက်သွယ်ရေးလည်း ကောင်းပြီ။ ဒါကြောင့် ဒီနေ့ တောင်ကြီးမှာလည်း လယ်သမားတွေ တောင်းဆိုကြတယ်” ဟု မဇ္စျိမကို ပြောသည်။

လိုက်လျောမှု တစုံတရာ မရှိပါက ဆက်လက် လှုပ်ရှားသွားမည် ဖြစ်ကြောင်း သူက ဆိုသည်။

မိုင် ၈၀၀ ရှည်လျားသည့် ရွှေဂက်စ်ပိုက်လိုင်း၏ သုံးပုံတပုံသည် လားရှိုး၊ နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင်မြို့နယ်တို့မှ မြေယာနှင့်သစ်တော ဧက ၂,၀၀၀ ခန့် ဖြတ်သန်းခဲ့ရာ တလျောက် ပေ ၁၀၀ ပတ်ဝန်းကျင်ရှိ သီးနှံများ ပျက်ဆီးရသည်ဟု ရှမ်း လူထုအခြေပြုအဖွဲ့က ပြောသည်။


ယမန်နှစ်က ထို ၇ မြို့နယ်မှ တောင်သူလယ်သမားများကို လျော်ကြေးပေးရာတွင်လည်း တနယ်နှင့်တနယ် တူညီစွာ မပေးခဲ့ဘဲ လျော်ကြေးငွေ ပေးရာတွင်လည်း ဒေသခံ အာဏာပိုင်များ၏ အကျင့်ပျက်ခြစားမှုကြောင့် လယ်သမားများ ၁၀ ရာခိုင်နှုန်း ပြန်ပေးရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

သီပေါဒေသ ဘော်ကြိုသည် ဆားထွက်ရှိသောဒေသ ဖြစ်၍ ထိုဒေသဖြစ်သန်းမည့် ပိုက်လိုင်းများသည် မြေအောက်ရှိ ဆားဓါတ်တို့ကြောင့် တိုက်စားပေါက်ကွဲမည်ကို စိုးရိမ်ခြင်းနှင့် ပိုက်လိုင်း စတင်သွယ်တန်းပါက အစိုးရ စစ်တပ် အင်အားပိုမိုတိုးမြင့်လာမည် ဖြစ်၍ ဒေသခံများက စိုးရိမ်နေကြသည်။

၎င်းပိုက်လိုင်းများမှာ တရုတ်အစိုးရပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC နှင့် မြန်မာ့ ရေနံနှင့် ဓါတ်ငွေ့ရောင်းဝယ်ရေး MOGE တို့က ဘင်္ဂလားပင်လယ်အော်မှ ဓါတ်ငွေ့နှင့် အရှေ့အလယ်ပိုင်းမှ ရေနံများကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထိ သယ်ဆောင်သွားမည် ဖြစ်သည်။ 
 
Mizzima

မိမိရဲ့ လက်စွမ်းနဲ့ ပတ်သတ်ပြီး ကျေနပ်မိကြောင်း ပြောဆိုခဲ့တဲ့ ဒီဂီယာ

၅.၄.၂၀၁၃၊ သောကြာနေ့
ဒီဂီယာက သူ့ဟာ လက်တလော ပွဲအများကြီး ဆက်တိုက် ကစားနေ ရပေမယ့် မိမိကိုယ်ကို ကြံ့ခိုင်မှု ပြည့်ဝကာ လန်းဆန်း နေသည်ဟု ခံစားရကြောင်း၊ လက်ရှိပြသ နေနိုင်သော လက်စွမ်း အပေါ်တွင်လည်း ကျေနပ် အားရပျော်ရွင် မှုရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ တစ်ဆက် တည်းမှာပင် အသင်းမှာ ကြာရှည်စွာ ကစားလာခဲ့တဲ့ အတွက်လည်း အသားကျကာ ယုံကြည်မှု ပိုမိုမြင့်မား လာကြောင်း ၊စွမ်းဆောင်ရည် တသမတ်တည်း ထိန်းသိမ်းထား နိုင်လာကြောင်း ဒီဂီယာက Inside United မဂ္ဂဇင်းကို ပြောကြား ခဲ့ပါတယ်။

ဒီဂီယာက “”ကျွန်တော်ဟာ ပွဲအများကြီး ကစားခဲ့ ရပါတယ်။ ဒါပေမယ့် အိမ်မှာ လုံလုံလောက်လောက် အနားယူသလို အစာ ပြည့်ပြည့်၀၀လဲ စားပါတယ်။ ကိုယ်တိုင်ဒီလို အမြဲလုပ်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ အောင်နိုင်ရမယ် ဆိုတဲ့ စိတ်မျိုးသွင်းပြီး ပုံမှန်လေ့ကျင့်နိုင်မယ် ၊ပွဲတွေကစား နိုင်မယ်ဆိုရင် ဒီ့အတွက် အနာဂတ်မှာ ဆုလာဒ် တစ်ခုခုက ဖြစ်ထွန်းလာမှာပါ။ ခုဒါကို ရာသီကုန်မှာ မြင်တွေ့ရတော့ မှာပါ။ လက်တလော ကျွန်တော့်လက်စွမ်းနဲ့ ပက်သက်ပြီး ကျွန်တော်ကျေနပ် အားရ ပျော်ရွင်ပါတယ်“” လို့ဆိုခဲ့ပါတယ်။

ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ယခုရာသီ ၃၅ ပွဲ ကိုယ်စားပြု ကစားပေးထားပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၆ပွဲဆက် ဂိုးမပေးရအောင် စွမ်းဆောင် ထားနိုင်သည်။ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆု နှင့်ပက်သက်ပြီးလည်း

“” ကျွန်တော်ဟာ အမှတ်ပေး ချန်ပီယံဆုကို ရယူဆွတ်ခူး ချင်ပါတယ်။ ဒီလိုပဲ ကလပ်က အသင်းသား တိုင်းဟာလည်း ကျွန်တော့် လိုပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံး ပွဲစဉ်တိုင်း ပွဲစဉ်တိုင်း သုံးမှတ်ရအောင် ရည်ရွယ်ချက် တစ်ခုအနေနဲ့ကို ထားပြီးလုပ်ဆောင် ကျပါတယ်။“” လို့ပြောကြား ခဲ့ကြောင်း သိရပါတယ်။

nitsannthit

အာဆီယံဆုအတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ရန်ကုန်ကစားသမား ကြည်လင်း ပြောကြား

၅.၄.၂၀၁၃၊ သောကြာနေ့
အာဆီယံ ဘောလုံး အဖွဲ့ချုပ်မှ ရွေးချယ်သည့် ၂၀၁၂ ခုနှစ် အာဆီယံ အကောင်းဆုံး ဘောလုံး အသင်းတွင် ပါဝင် ခွင့်ရ သည့်အတွက် အတိုင်း မသိ ၀မ်းမြောက် ကြောင်းနှင့် မြန်မာ့ ဘောလုံး လောက အတွက် အရင်က ထက် ပိုပေးဆပ် သွားမည်ဟု မြန်မာ့ လက်ရွေးစင် နှင့် ရန်ကုန် ယူနိုက်တက် အသင်း ကစားသမား ကြည်လင်းက ပြောကြား သည်။ ကြည်လင်း သည် အာဆီယံ အကောင်းဆုံး အသင်းတွင် အလယ်တန်း ညာအစွန် လူအဖြစ်
ရွေးချယ်ခံရခြင်း ဖြစ်ပြီး၊ ၄င်း၏ကစားသမားဘ၀ သက်တမ်းတစ်လျှောက် ယခုလို အာဆီယံထူးချွန်ဆုရခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။

ကြည်လင်းသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်းက ကစားခဲ့သည့် နိုင်ငံ့ လက်ရွေးစင်၊ သက်တမ်း အလိုက် လက်ရွေးစင် နှင့် ကလပ်အသင်း ပွဲစဉ်များတွင် အထူး ခြေစွမ်းပြ ကစားနိုင် သောကြောင့် ပြည်ပ ကလပ် အသင်း များ၏ စောင့်ကြည့်မှုကို ခံခဲ့ရသူ လည်းဖြစ်သည်။ ၄င်းသည် ပြီးခဲ့သည့် ၂၀၁၂ မြန်မာ နေရှင်နယ် လိဂ် ပြိုင်ပွဲ နောက်ဆုံးပွဲတွင် ရန်ကုန် အသင်းကို ချန်ပီယံ ဖြစ်စေခဲ့သည့် ဧရာဝတီ ယူနိုက်တက် အသင်းအား ၄-၀ ဖြင့် အနိုင်ရသည့် ပွဲတွင် ၃ ဂိုး သွင်းယူ နိုင်သည်အထိ ခြေစွမ်း
ပြခဲ့သည်။

“ဒီဆု ရတဲ့အတွက် အရမ်း ပျော်ပါတယ်။ တကယ်တော့ ဆုရတယ်ဆို တာလည်း ကျွန်တော်တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။
လက်ရွေးစင်အသင်းကရော၊ ကလပ်အသင်းမှာပါ တွဲကစားတဲ့ သူငယ်ချင်း တွေ ကောင်းလို့ ဒီလိုဆုရတာပါ။ အခုလို ဆုချီးမြှင့်ခံရတဲ့ အတွက် မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၊ ရန်ကုန် ယူနိုက်တက်အသင်းပိုင်ရှင်နဲ့ အသင်းဥက္ကဌ တို့အားလုံးကိုလည်း ကျေးဇူး တင်ပါတယ်။ ကျွန်တော့်ကို အမြဲတမ်းအားပေးတဲ့ ဘောလုံးပရိသတ် တွေ
ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် အရင်ကထက် ပိုကြိုးစားသွား မှာပါ” ဟု ကြည်လင်း က ဆိုသည်။

ကြည်လင်း သည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ညာဖက် ခြေကျင်းဝတ် အရွတ် ဒဏ်ရာရှိသော်လည်း နိုင်ငံ နှင့် ကလပ်အသင်းအတွက် နိုင်ပွဲ လိုအပ် သော ပွဲများကို ကစား ပေးခဲ့ခြင်း ဖြစ်သည်ဟုလည်းသိရသည်။
ယခုအချိန်တွင် ရန်ကုန်အသင်း အလယ်တန်းလူသည် အကင်းမသေ
သေးသည့် ညာဖက် ခြေကျင်းဝတ် ဒဏ်ရာကို ဆေးကုသမှုခံယူ လျက်ရှိသည်။

Yangon United Football Club

"တစ်ကိုယ်တော်ဖျော်ဖြေပွဲ မလုပ်ဖြစ်ရတဲ့အကြောင်း ရဲလေး စာနယ်ဇင်းရှင်း"


၅.၄.၂၀၁၃၊ သောကြာနေ့

တစ်ကိုယ်တော်ဖျော်ဖြေပွဲမလုပ်ဖြစ်ရတဲ့အကြောင်းရင်းမှာ ကျန်းမာရေးနှင့် တခြားအကြောင်းရာတွေကြောင့်မဟုတ်ဘဲ ပွဲကျင်းပခွင့်ပိတ်ခံရခြင်းကြောင့် မလုပ်ဖြစ်ရကြောင်းစာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ နေ့လယ် ၁ နာရီခွဲ ခန့်တွင် မန်းလေးမြို့စွမ်းဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ရဲလေးရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ယခုလ ၆ရက်နေ့ ၆နာရီ စွမ်းဟိုတယ်မြက်ခင်းပြင် တွင် ကျင်းပရန် လျာထားပြီး မတ်လ ၁၈ရက်နေ့တွင် ကျင်းပမိန့်ရခဲ့သည်။ ပွဲကျင်းပရန် ၄ရက်အလို
ဧပြီလ ၂ ရက်နေ့မှ ပွင့်ကျင်းပခြင်းပိတ်ပင်ခံရကြောင်း ရဲလေးက ပြောသည်။ နယ်မြေတည်ငြိမ်အေး ချမ်းသာယာရေးလိုအပ်ချက်အရ လုံခြုံရေးအပြည့်ဝလုပ်ပေးနိုင်ခြင်းမရှိတာ ကြောင့်
ပိတ်ပင်ရခြင်းဖြစ်ကြောင်း အကြောင်းကြာစာတွင်ပါရှိသည်။

အဆိုပါပိတ်ပင်ခံရခြင်းကြောင့် အဆိုတော်ရဲလေးသည် အဆိုတော်များ ခရီးသွားလာစရိတ်၊ ဟိုတယ်ဘိုကင်ခ၊ LED ပညာရှင်များငှါးရမ်းခများ၊ ကြိုတင်ရောင်းချထားသည့်လက်မှတ်ခများနှင့်တခြားသောစရိတ်များဆုံးရှုံးခဲ့ကြောင်း ရဲလေးက ပြောသည်။

တခြားဟာတွေဆုံးရှုံးတာထက် အနုပညာခွန်အားတွေဆုံးရှုံးတာကို ပိုဆိုးပါတယ်။ ကျွန်တော်သင်္ကြန်ပြီးလောက်ထိ နာလန်ပြန်ထူနိုင်မှာ မဟုတ်သေးဘူးလို့ ရဲလေးက ပြောသည်။

ကြိုတင်လက်မှတ်ဝယ်ယူထားသူများအနေဖြင့် 09-91046525သို့ ဆက်သွယ်ကာ ပြန်လည် ထုတ်ယူနိုင်ကြောင်း နယ်မြေတည်ငြိမ်မှုရှိမှ မန္တလေးပရိသတ်ကြီးအား ပြန်လည်ဖျော်ဖြေပေး သွားမည်ဖြစ်ကြောင်း ရဲလေးကပြောသည်။

Popular News

အစိုးရမှ သတင်းရောင်းမည်မှာ ပုဂ္ဂလိက မီဒီယာများအတွက် အဆန်းဖြစ်နေ

၅.၄.၂၀၁၃၊ သောကြာနေ့

ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရနှင့် ပတ်သက်သည့် သတင်းများကို ပြန်ကြားရေး ဝန်ကြီးဌာနမှ ပုဂ္ဂလိက သတင်းဌာနများသို့ ရောင်းချမည်ဆိုသည်မှာ အသစ်အဆန်းတခု ဖြစ်နေပြီး အသုံးတည့်ပါက ဝယ်သုံးကြမည်ဟု ပုဂ္ဂလိက မီဒီယာ တာဝန်ရှိသူများက တုန့်ပြန်ကြသည်။

“အစိုးရဌာနက သတင်းရောင်းတယ်ဆိုတာ သိရသလောက်ပြောရရင် ဘယ်နိုင်ငံမှာမှ မကြားမိဘူး။ သတင်းပေးဖို့ တာဝန်ရှိသူတွေက သတင်းရောင်းမယ်ဆိုတော့ ထူးခြားတဲ့ကိစ္စပါ။ သူတို့က ရောင်းတယ်ဆိုတော့ ဝယ်ရမှာပေါ။ တခုပဲရှိတယ်၊ ရန်ပုံငွေအတွက် ရောင်းမှာလား၊ ဘာအတွက် ရောင်းမှာလဲ၊ ဘယ်လိုရောင်းမှာလဲ ဆိုတာ ရှိလာမယ်။ ရောင်းတယ် ဆိုကတည်းက အစိုးရဌာနက စီးပွားရေး ပြန်လုပ်တဲ့သဘော သက်ရောက်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ပြည်သူလူထုကို အသိပေးဖို့ လိုအပ်တဲ့ သတင်းမျိုးဆို အစိုးရအနေနဲ့ ထုတ်ပြန်ပေးဖို့ တာဝန်ရှိသလို မီဒီယာအားလုံးကလည်း သတင်းမေးပိုင်ခွင့်ရှိပါတယ်” ဟု The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က သုံးသပ်ပြောဆိုသည်။

ထို့အတူ အမေရိကန် အခြေစိုက် RFA သတင်းဌာန၏ မြန်မာပြည်ရုံးခွဲ တာဝန်ခံ ဦးကျော်ကျော်အောင် ကလည်း “ကျနော် သိသလောက် ပြောရရင် အစိုးရဌာနပိုင်းကနေ သတင်းတွေကို ရောင်းတယ်ဆိုတာမျိုး နိုင်ငံတကာမှာတော့ မကြားဖူးပါဘူး။ ပြည်သူတွေ သိသင့်တဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ပွင့်လင်းမြင်သာအောင် ထုတ်ပြန်သင်ပါတယ်။ ပွင့်လင်းမြင်သာအောင် သတင်း ထုတ်ပြန်တယ် ဆိုတာ ဂုဏ်သိက္ခာနဲ့ ဆိုင်ပါတယ်။ RFA သတင်းဌာန အနေနဲ့ ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းမျိုး၊ ဓါတ်ပုံမျိုးတွေဆိုရင် အခြား ရွေးစရာမရှိရင်တော့ သတင်းနှင့် စာနယ်ဇင်းကနေ ဝယ်သုံးရမှာပေါ့” ဟု ဆိုသည်။

ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ သတင်းနှင့် ဓာတ်ပုံများကို မည်သို့ ရောင်းချသွားမည်ဆိုသည်ကို အသေးစိတ် ဆက်လက် ထုတ်ပြန်သွားမည်ဟု ဆိုသည်။

“နိုင်ငံတော်အဆင့် အစိုးရရဲ့ သတင်းတွေ၊ ဓါတ်ပုံတွေကို နိုင်ငံတကာ သတင်းဌာနတွေက ရောင်းတဲ့ ပုံစံအတိုင်း ပြန်လည် ရောင်းချသွားမှာ ဖြစ်တယ်။ လောလောဆယ် ညှိနှိုင်းစီစဉ်တဲ့ သဘောပဲ ရှိပါတယ်။ အသေးစိတ် အချက်အလက်တွေကို မကြာမီ ထုတ်ပြန်ပေးသွားမှာပါ” ဟု သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်စိုး က ပြောဆိုထားသည်။

လက်ရှိတွင် ဌာနဆိုင်ရာများမှ သတင်းထုတ်ပြန်မှုနှင့် မျှဝေမှုများ အားနည်းနေ၍ ထိုသို့ အစိုးရဌာနမှ သတင်းရောင်းလျှင် ရနိုင်ခြေ နည်းလမ်းတခုအဖြစ်လည်း လူထုပုံရိပ် ဂျာနယ် အယ်ဒီတာချုပ် ဦးမင်းနိုင်စိုး က မျှော်လင့်သည်။

“သတင်းစဉ်က အစိုးရဌာနတခုအနေနဲ့ ရှိနေရင် လွတ်လပ်တဲ့ သတင်းအေဂျင်စီ ဖြစ်နိုင်ပါ့မလား။ သူ့ထဲက သတင်းတွေကရော၊ သူရောင်းမယ့် သတင်းတွေကရော လွတ်လပ်တဲ့ သတင်းအေဂျင်စီ ဖြစ်နိုင်ပါ့မလား။ ဒါမှမဟုတ် အစိုးရနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို ထုတ်ပြန်ဖို့ ရည်ရွယ်သလားပေါ့။ အဲဒီလို ရည်ရွယ်တယ်ဆိုရင်လည်း အစိုးရအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအလိုက် ပြောရေးဆိုခွင့်ရှိသူတွေ ရှိနေတယ်။ လက်တွေ့ ရင်ဆိုင်နေရတာက ဌာနဆိုင်ရာတွေရဲ့ ဌာနဆိုင်ရာ သတင်းထုတ်ပြန်သူနေတွဆီကနေ သတင်းပံ့ပိုးမှုတွေက သိပ်ပြီး အသက်မဝင်သေးဘူး။ အခုလို သတင်းရောင်းမယ်ဆိုတော့ ဌာနဆိုင်ရာသတင်းတွေများ ရနိုင်မလားလို့တော့ မျှော်လင့်မိပါတယ်” ဟု ဆိုသည်။

မည်သို့ ရောင်းချမည်ကို အသေးစိတ် မသိရသေး၍ သုံးသပ်ရန် အခက်အခဲများလည်း ရှိနေသည်။

“အစိုးရအနေနဲ့ သတင်းရောင်းတဲ့ကိစ္စ မဖြစ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုရင် အစိုးရက ထုတ်ပြန်နေတဲ့ သတင်းမှန်သမျှကို အရင်လို လက်ဝါးကြီးအုပ်ပြီး၊ သူတို့ ဆီမှာထည့်ပြီး၊ အဲဒီမှာ ပါတာကိုမှ ကျန်တဲ့ ပုဂ္ဂလိက သတင်းတိုက်တွေက ပြန်ဝယ်သုံးရမှာဆိုတော့ သတင်းက အမြဲ နောက်ကျနေနိုင်တယ်။ ဒါမှမဟုတ် သူတို့ သတင်းတိုက်မှာ မပါတဲ့ သတင်း
ကို ပုဂ္ဂလိက တိုက်တွေ သုံးဖို့ ရောင်းမှာလား။ ဒါမှမဟုတ် သူတို့တိုက်မှာလည်းသုံး ကျန်တဲ့ တိုက်တွေလည်း ရောင်း၊ အဲဒီလို တပြေးညီ သုံးလို့ရမှာလား ဆိုတာ ရှိလာမယ်။ တပြေးညီ သုံးခွင့် ရှိတယ် ဆိုရင်တော့ ကောင်းပါတယ်” ဟု ယနေ့ခေတ် သတင်းဂျာနယ် အယ်ဒီတာချုပ် သက်ဇင် က ပြောသည်။

စက်ရပ်သတင်းများ ရနိုင်ပါမူ ဝယ်သုံးလိုသည်ဟု “ကောင်းတာ တခုတော့ ရှိပါတယ်။ နိုင်ငံတော် သတင်းအချို့ကို သမ္မတရုံး ဝဘ်ဆိုက်က အချိန်အခက်အခဲကြောင့် မတင်ဖြစ်ခဲ့တာမျိုး ရှိတယ်။ ညနေပိုင်း သတင်းတွေအထိက ည ၈ နာရီသတင်းမှာ ပါနိုင်တယ်။ ဒါပေမယ့် ည ၉ နာရီ၊ ၁၀ နာရီမှာ လုပ်ရတဲ့ အရေးပေါ် သတင်းမျိုးတွေဆို သတင်းစဉ်က ဝယ်သုံးလို့ရရင် အဆင်ပြေနိုင်ပါတယ်” ဟု ရန်ကုန်တိုင်း အယ်ဒီတာချုပ် D-မင်း က ဆိုသည်။

ထို့ပြင် ဆက်သွယ်ရန် ခက်ခဲသည့် ဒေသများမှ သတင်းအချက်လက်များကို ရနိုင်ပါက မီဒီယာများအတွက် အထောက်အပံ့ဖြစ်နိုင်ကြောင်း ပို့ဆောင်ရေးဂျာနယ်မှ အယ်ဒီတာချုပ် မောင်ကြင်နာ က “သတင်း ဝယ်သုံးတယ်ဆိုတာမျိုးကို ရိုက်တာတို့၊ အေပီတို့တောင် လုပ်နေရတာပါ။ လားရှိုးတို့၊ မြိတ်တို့လို အရမ်း အလှမ်းကွာဝေးတဲ့ နေရာတွေက သတင်းတွေလိုမျိုး သတင်းနှင့်စာနယ်ဇင်းက ရောင်းပေးမယ်ဆိုရင် အများကြီး အထောက်အပံ့ ဖြစ်နိုင်ပါတယ်” ဟု ကြိုဆိုလိုက်သည်။
 Mizzima

အဓိကရုဏ်း မဖြစ်စေရေး လှုပ်ရှားမှု စတင်

၅.၄.၂၀၁၃၊ သောကြာနေ့
ရန်ကုန်မြို့ရှိ ဘာသာပေါင်းစုံ လူငယ်များ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှု တစ်ရပ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ လှည်းတန်း၊ မြေနီကုန်း၊ မင်္ဂလာဈေးနှင့် အခြားလူစည်ကားရာ နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေး လှုပ်ရှားမှုကို Pray for Myanmar Youth Network အဖွဲ့က ဦးဆောင်ပြီး ကျွန်ုပ်ကြောင့် လူမျိုးရေး ဘာသာရေး အဓိကရုဏ်းမဖြစ်စေရ စာတမ်းပါ တီရှပ်နှင့် စတစ်ကာများနှင့် ဘာသာလူမျိုး မခွဲခြား မြန်မာနိုင်ငံသား လက်ကမ်းပိုစတာများကို အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

“လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မကြိုက်ကြဘူး။ ဘာကြောင့်လဲ ဆိုတော့သက်တမ်း တစ်လျှောက်လုံးမှာ ဒါမျိုး မကြုံဖူးဘူး။ တစ်ယောက်နဲ့ တစ်ယောက် မယုံသင်္ကာဖြစ်မှုတွေ ပျောက်ကွယ်အောင် ကျွန်တော်တို့ လူငယ်တွေကနေစပြီး လူကြီးတွေအထိ မယုံသင်္ကာဖြစ်မှုတွေ ပျောက်သွားအောင် ဒီလို လှုပ်ရှားမှုကို လုပ်ဖြစ်တာပါ” ဟု Pray For Myanmar Youth Network အဖွဲ့၏ တာဝန်ခံ တစ်ဦးဖြစ်သူ ကိုသက်ဆွေဝင်းက ဧရာဝတီကို ပြောသည်။

လှုပ်ရှားမှုကို လူငယ် ၄၀ ကျော်ပါဝင်ခဲ့ပြီး ရွှေ့လျားလှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အနေနဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကို မဖြစ်စေချင်ဘူး။ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့တောင် ဒါတွေကို လက်မခံနိုင်ပါဘူး ဆိုရင် လူကြီးပိုင်းတွေရော သွေးထိုး လှုံ့ဆော်နေတဲ့ သူတွေရော ဒါကို တန့်သွားမယ်လို့ ထင်ပါတယ်”ဟု လှုပ်ရှားမှုတွင် ပါဝင်သူ ကိုမင်းပိုင်စိုးက ပြောသည်။

မိတ္ထီလာမြို့တွင် မတ်လ ၂၁ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များသည် ပဲခူးတိုင်း အနောက်ခြမ်းဒေသသို့ ဆက်လက် ကူးဆက်ခဲ့ပြီး ဘာသာရေး အစွန်းရောက်များ ပါဝင်နေသည်ဟု သုံးသပ်မှုများရှိခဲ့သည်။ အကြမ်းဖက်မှုများကို ဘာသာရေး လူမျိုးရေး ပဋိပက္ခများအဖြစ် ဆက်လက်ဖန်တီးမှု မရှိစေရန် မြို့များအလိုက် အကြမ်းဖက်မှု နှိမ်နင်းရေး အဖွဲ့အစည်းများ ဖွဲ့စည်းခဲ့ရကြောင်း သိရသည်။ မိတ္ထီလာမှ အစပြုခဲ့သော အကြမ်းဖက်မှုများအတွက် ဘာသာပေါင်းစုံ လူငယ်များပြုလုပ်သည့် ငြိမ်းချမ်းရေးလှုပ်ရှားမှုသည် အောင်မြင်ခဲ့ကြောင်း လှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်များကဆိုသည်။

“ပဋိပက္ခကို ဘယ်သူမှ မလိုချင်ဘူး။ လူတိုင်းရင်ထဲမှာ ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေချည်းပဲ။ ကျွန်မတို့ရဲ့ လှုပ်ရှားမှုကို အားလုံးက လိုလိုလားလား လက်ခံတာတွေ့ရတယ်။ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုကြတယ်” ဟု လှုပ်ရှားမှုတွင် ပါဝင်သူ လူငယ်တစ်ဦးက ဆိုသည်။

သမ္မတ ဦးသိန်းစိန်ကလည်း မွန်မြတ်သော ကိုးကွယ်ယုံကြည်မှု ခုတုံးလုပ်ပြီး အလွဲသုံးသော အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီသော ဘာသာတရားများအကြား မုန်းတီးအောင် လုပ်ဆောင်မှုများကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း၊ မတူညီမှုများကို ညှိုနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အကျပ်အတည်းများကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း၊ယဉ်ကျေးသော လူ့အဖွဲ့အစည်းရှိသော နိုင်ငံတနိုင်ငံဖြစ်စေရန် ကြိုးပမ်းနေခြင်းကို သက်သေထူရမည်ဖြစ်ကြောင်း အကြမ်းဖက်မှုများ စတင်ဖြစ်ပွားပြီး ၈ ရက်အကြာတွင် လွှင့်ထုတ်ခဲ့သော မိန့်ခွန်းတွင် ပြောဆိုသွားခဲ့သည်။

ဧရာဝတီ

လားရှိုးက လောင်းကစား ဂိမ်းများနှင့် အရှုံး သံသရာ

၅.၄.၂၀၁၃၊ သောကြာနေ့

၂၅ ပေ ပတ်လည်ခန့်ရှိသည့် အခန်းထဲတွင် သဲကြီးမဲကြီး ပုံစံဖြင့် အသံမျိုးစုံ အော်ဟစ်ကာ ဂိမ်းစက်များဖြင့် ကစားနေသည့် အရွယ်စုံ ယောက်ျားများကို တွေ့ရသည်။ ထိုနေရာတွင် အသက် ၁၀ နှစ်ကျော်မှ စ၍ အသက် ၄၀ ကျော်အထိ အသက်အရွယ် စုံတို့ အခန်းလုံးပြည့် ရှိနေသည်။ ဂိမ်းကို စိတ်ဝင်တစားနှင့် အနိုင်ရရေးကိုသာ စိတ်ရောက်နေပုံ ရပြီး နံဘေး ပတ်ဝန်းကျင်တွင် ကပ်ထိုင်နေသူကိုပင် သတိမထား၊ မကြည့်အား လောက်အောင် ဂိမ်းက ဆွဲဆောင်မှုအား ပြင်းထန်ပုံရသည်။

ဂိမ်းဟု ပြောလိုက်သည့်အခါ သာမန်အားဖြင့် ထူးခြားမှု မရှိ။ သို့သော်လည်း ဂိမ်းကို လောင်းကစားရာတွင် အသုံးပြု နေကြသည်မှာ ထူးခြားသည်။ ထို လောင်းကစား ဂိမ်းဆိုင်များ လားရှိုးမြို့တွင် ရှိနေ၏။
“ကျနော်တို့ လားရှိုးမှာကတော့ ဒီလို ဂိမ်းမျိုး ကစားနေတာ ကျောင်းသားလေးက အစ အသက်အရွယ်အစုံပါပဲ။ ဒီမြို့ အခေါ်ကတော့ ငမန်းလို့ ခေါ်ပါတယ်။ အနည်းဆုံး ကျပ်တထောင်ကနေ စဆော့ရပါတယ်။ ကိုယ်နိုင်သလောက် ဆော့ တာပေါ့” ဟု လားရှိုးမြို့တွင် သုံးဘီးမောင်းသည့် ကိုကျော်စိုးက ပြောသည်။

ဂိမ်းဆိုသည့် အရာသည် စ ကစားမိလျှင် ပြန် မထချင်အောင် စွဲတတ်သလို၊ လောင်းကစားဂိမ်းက လူကို ပိုပြီး စွဲလမ်း စေကြောင်း၊ သုံးဘီး မောင်းသမျှ ရသည့်ငွေအားလုံး ကုန်ပြီး တခါတရံ အရင်ရက်က စုဆောင်းထားသည့် ငွေပင် မကျန် အောင် ဖြစ်ရကြောင်း ကိုကျော်စိုးက ရှင်းပြသည်။

“ဒီငမန်းက အရမ်းစွဲတယ်။ ဘိန်း တမျိုးလို့တောင် ပြောလို့ ရတယ်။ ထိုင် ဆော့ပြီးရင် ပြန် မထချင်အောင် ပါပဲ။ ဒီဂိမ်းကြောင့် ဘ၀ပျက်တဲ့ သူတွေတောင် ရှိပါတယ်” ဟု ၎င်းက ထပ်ပြောသည်။
နံနက် ၈ နာရီမှ ည ၉ နာရီအထိဟု ဆိုင်ဖွင့်ချိန် သတ်မှတ်ထား သော်လည်း အဆိုပါ ငမန်း လောင်းကစား ဂိမ်းကို မိုးလင်းပေါက် ကစားကြသည် များလည်း ရှိသည်ဟု သိရသည်။
ဂိမ်း ကစားလျှင် ကျပ်ငွေ တထောင်မှ စ ကစားရ သဖြင့် လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ ပါဝင် ကစားနိုင်သည့် လောင်း ကစားတမျိုး ဖြစ်သည်။ ကျောင်းသားငယ်များက အစ လာကစား နေကြသည်ကို မြင်တွေ့ရသည်။ လားရှိုးမြို့၏နေရာ အနှံ့ ငမန်း ဆိုသည်ကို ကြားနေရသဖြင့် ငမန်းကို လောင်းကစားဟု မသတ်မှတ်ကြတော့ပေ။
ငမန်းဂိမ်းနှင့် ပတ်သတ်ပြီး မူဆယ် – လားရှိုးသို့ ပြေးဆွဲနေသည့် ကားသမား စိုင်းလှကျော်က “ဒီကစားနည်းက လားရှိုးမှာရော၊ မူဆယ်မှာပါ အဆော့များတဲ့ ဂိမ်းလောင်းကစားပေါ့။ ဒီအတိုင်း ကြည့်ရင်တော့ ဂိမ်းပဲ၊ မသိမသာနဲ့ လုပ်နေတဲ့ လောင်းကစား ပါပဲ။ အခုဆိုရင် အဲဒီလို ဂိမ်းဆိုင်တွေကို ပေါ်တင်ဖွင့်ထားတယ်၊ ပြီးတော့ ၀န်ထမ်းတွေတောင် လာဆော့တယ်” ဟု ပြောသည်။
ဂိမ်းစကစားလျှင် စစချင်း အမြတ်ငွေ ရထားသော်လည်း အလကား ရချင်စိတ်ဖြင့် ကစားရင်း နောက်ဆုံးတွင် နိုင်သမျှ ပြန်ရှုံးသွားကြောင်း၊ ရှုံးသွားသည့် ပိုက်ဆံကို ပြန်ရချင်စိတ်ဖြင့် ဆက်ကစားရာက ပိုပိုရှုံးပြီး အရှုံးသံသရာ လည်ကာ ရသမျှ၊ ရှာသမျှငွေကို ဂိမ်းဆိုင်တွင်သာ ကုန်ခဲ့ရကြောင်း၊ လောင်းကစားဂိမ်းကြောင့် အချိန်လည်းကုန်၊ ငွေလည်းကုန် ဖြစ်ရကြောင်း စိုင်းလှကျော်က ဆိုသည်။

ယခုလို နွေကျောင်းပိတ်ရက် များတွင် မိဘများက မိမိသားသမီးများ ခြေငြိမ်လျင် ပြီးရော ဆိုသည့် သဘောဖြင့် ဂိမ်းဆိုင် သွားပါက မတားမြစ်ဘဲ ပိုက်ဆံပေး လွှတ်ကြကြောင်း၊ လောင်းကစားဂိမ်း ဆိုသည်ကို မသိရှိခြင်းကြောင့် စေလွှတ်ကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကျောင်း ပိတ်ရက်တိုင်းလိုလို ကလေးတွေက ဂိမ်းဆော့တတ်ကြတယ်။ ဒါပေမယ့် ဘာဂိမ်းတွေ ဆော့နေကြသလဲ ဆိုတာတော့ မိဘတွေက မသိကြဘူး။ နေပူထဲ ထွက်မဆော့ရင် ပြီးရောဆိုပြီး ဂိမ်းဖိုးကို တနေ့ သုံးထောင်တော့ ပေးလိုက် ပါတယ်” ဟု လားရှိုးမြို့ အမှတ် ၁၂ ရပ်ကွက်တွင် နေထိုင်သည့် မိခင်တဦးက ပြောသည်။

မိမိသားသမီး ဂိမ်းကစားသည့်အခါ တခါမျှ လိုက်မကြည့်ဘူးကြောင်း၊ မည်သည့်ဂိမ်း ကစားနေ ကြသည်ကို မသိကြောင်း၊ ဂိမ်းဖြင့် လောင်းကစား လုပ်နိုင်သည်ကို ကြားဖူးသော်လည်း မမြင်ဘူးကြောင်း၊ လားရှိုးမြို့ပေါ်ရှိ ကလေး အများစုသည် ကျောင်းပိတ်ရက်တိုင်း ဂိမ်းဆိုင်ကို ရောက်နေသည်မှာ အဆန်း မဟုတ်တော့ကြောင်း၊ သို့သော် ဂိမ်းဖြင့် လောင်းကစား လုပ်နေပါက ဆိုင်ဖွင့်ခွင့် မပေးသင့်ကြောင်း၊ လားရှိုးမြို့ပေါ်ရှိ ကျောင်းသားများ ပျက်စီးစေနိုင်သည့် ဂိမ်းလောင်းကစား ဆိုင်ကို ပိတ်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

လောင်းကစား ဂိမ်းဆိုင်များသည် ရပ်ကွက်တိုင်းတွင် ရှိပြီး ဆိုင်တိုင်း လူပြည့်နေသည်။ သက်ဆိုင်ရာက ဂိမ်း လောင်းကစား လုပ်နေသည်ကို သိရှိသော်လည်း ပိတ်ပင်ခြင်း မရှိကြောင်း၊ ရဲအရာရှိများ ရပ်ကွက်လူကြီး များကလည်း သိသိနှင့် ပေးဖွင့်နေ ကြကြောင်း၊ ယင်း ဂိမ်းဆိုင်တိုင်းတွင် ဆိုင်နာမည် တပ်ထားခြင်း မရှိဘဲ အပြင်ဘက်တွင် “PS2 ဂိမ်း ကစားနိုင်သည်” ဆိုသည့် စာသားကိုသာ ရေးထားသည်ကို တွေ့ရသည်။
လားရှိုးမြို့တွင် လူမျိုးပေါင်းစုံ နေထိုင်လျှက် ရှိပြီး တက္ကသိုလ်လည်း ဖွင့်ထားသည့် မြို့ဖြစ်ကြောင်း၊ ထို့အပြင် စီးပွားရေး အချက်အချာ ကျသည့်မြို့ ဖြစ်နေခြင်းကြောင့် လောင်းကစား ဂိမ်းဆိုင်များကို သက်ဆိုင်ရာမှ တားဆီးသင့်ကြောင်း၊ လူအများကို လှည့်စားနေသည့် လောင်းကစားဂိမ်းကြောင့် ဘ၀ပျက်သွားသူများ၊ လောင်းကစား ရှုံး၊ ငွေကြေး ဆုံးရ သဖြင့် အိမ်ထောင်ပျက် သူများလည်း များစွာရှိကြောင်း လားရှိုးဒေသခံများက ဆိုသည်။

“ဒီ မသိမသာ ဂိမ်းလောင်းကစား သတင်းကို ကျနော်တို့ ဒေသခံ သတင်းထောက်တွေက ရေးပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက အရေးယူရင် တလလောက်တော့ ပိတ်သွားတယ်။ ပြီးရင် ပြန်ဖွင့်တာပဲ။ ဒုန်ရင်းက ဒုန်ရင်းပဲ ဘာမှလည်း အရေး မယူတဲ့အပြင် ဆိုင်တွေ ပိုပို များများ လာတယ်” ဟု လားရှိုးမှ သတင်းထောက် ခွန်ဇော်ဦးက ပြောသည်။
ယင်း လောင်းကစား ဂိမ်းဆိုင် တော်တော်များများသည် တရုတ်ပြည်မှ လာသည့် ဂိမ်းစက်များကို အသုံးပြုကာ စီးပွားဖြစ် လုပ်စားသည့် ဆိုင်များ ဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင်များသည် ရပ်ကွက်လူကြီး ဒေသဆိုင်ရာ ရဲများနှင့် ပူးပေါင်းကာ လုပ်ကိုင် နေကြသဖြင့် ဆိုင်ပိတ် တားမြစ် ရပ်ဆိုင်းခြင်း မရှိဘဲ တနှစ်ထက် တနှစ် ဂိမ်းစက်များ၊ ဂိမ်းဆိုင်များ တိုးတိုးလာသည်ကို တွေ့ရကြောင်း ခွန်ဇော်ဦးက ရှင်းပြသည်။

လားရှိုးပေါ်တွင် လောင်းကစား ဂိမ်းဆိုင်ကြီး ၄၀ ကျော်ရှိပြီး ဆိုင်သေးမှာ ၅၀ ၀န်းကျင်ခန့် ရှိကြောင်း၊ ကျပ်ငွေ တထောင်ဖြင့် ဆော့နိုင်သဖြင့် လူတန်းစားစုံ လာရောက်ကစားကြသည့် လောင်းကစား ဂိမ်းများ ဖြစ်ကြောင်း၊ ဆိုင်ဖွင့် သူများသည် တရုတ် လူမျိုးများ ဖြစ်ကြောင်း ၎င်းက ပြောသည်။

လောင်းကစား လုပ်ခြင်းသည် အရက်နဲ့ မူးယစ်ဆေးကဲ့သို့ လူကို စွဲလမ်းပြီး အကျင့် စာရိတ္တ ပျက်စီးစေကြောင်း အဆုံးတွင် ရာဇ၀တ်မှုများ များပြားလာစေ နိုင်ကြောင်း၊ လောင်းကစားကြောင့် အိမ်တွင်း အကြမ်းဖက်ခြင်း၊ ကလေးများအား နှိပ်စက်ခြင်း၊ မိသားစုဝင်များကို ငွေကြေး အခက်အခဲ ဖြစ်စေကာ လူမှု အသိုက်အ၀န်း အတွက် ဘေးထွက် ဆိုးကျိုးများသည် လောင်းကစားဝိုင်း များမှ တဆင့် ဖြစ်ပေါ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေအရ လောင်းကစား လုပ်သူသည် ထောင်ဒဏ် ၃ လ မှ ၂ နှစ် အထိ ကျခံရနိုင်သော်လည်း ရဲနှင့် အုပ်ချုပ်ရေး အာဏာပိုင် အရာရှိများအား လောင်းကစား ဒိုင်များက လာဘ်ထိုးပြီး လုပ်ကိုင်နေကြကြောင်း၊ ယင်းကြောင့် ဘာလင်အခြေစိုက် Transparency International က ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ တတိယ အကျင့်ပျက် ခြစားမှု အများဆုံး နိုင်ငံဟု သတ်မှတ်ခံထားရပြီး မြန်မာပြည်တွင် လောင်းကစား ပြုလုပ်ခြင်းကို နေရာမရွေး ပုံသဏ္ဍာန်အမျိုးမျိုးနှင့် တွေ့နိုင်ကြောင်း ဆိုထားသည်။

ကုလသမဂ္ဂရုံး၏ IRIN (Integrated Regional Information Networks) အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် လောင်းကစားကြွေး ပေးချေရာမှာ မြန်မာ ကလေးငယ်များ ပါဝင်နေကြောင်း၊ မိဘများက လောင်းကစားအကြွေးကို ပြန်ဆပ်ရန် အတွက် ၎င်းတို့ကလေးများအား ကျောင်းထုတ်ပစ်ကာ အလုပ်လုပ်ခိုင်းလေ့ရှိကြောင်း ဖော်ပြထားသည်။

ဧရာဝတီ

သွေးရည်ကြည်နှင့် တံတောင်ဆစ်နာကျင် ဝေဒနာကုသနိုင်

၅.၄.၂၀၁၃၊ သောကြာနေ့


တင်းနစ်တံတောင်ဆစ် (tennis elbow) ဟုအမည်ပေးထား သော တံတောင်ဆစ်နာကျင်ရောင် ရမ်း သည့်ဝေဒနာသည် တင်းနစ်အား ကစားသမားများတွင် တံတောင်ဆစ် နှင့်အားကုန် လွှဲရိုက်ရခြင်းကြောင့် အရွတ်ရောင်ရမ်းမှုမှ စတင်ဖြစ်ပွား လေ့ရှိပြီး လူထု၏ (၁) ရာခိုင်နှုန်းမှ (၂) ရာခိုင်နှုန်းအထိခံ စားနေရသည့် ဝေဒနာတစ်ခု လည်းဖြစ်သည်။

နာတာရှည်တင်းနစ် တံတောင် ဆစ်ဝေဒနာ ခံစားနေရသူများအား သွေးရည်ကြည်ပေးသွင်း ကုသခြင်း ဖြင့်ခြောက်လ အကြာ၌နာကျင်မှု သိသိသာသာလျော့နည်းသွား ကြောင်း လေ့လာမှုတစ်ခုအရသိရ သည်။

အမေရိကန်အရိုးခွဲစိတ်ပညာရှင်အသင်း (American Academy of Orthopaedic Surgeons - AAOS)၏ နှစ်ပတ်လည် အစည်း အဝေး၌တင်ပြခဲ့သော အဆိုပါသု တေသနတွင် နာတာရှည်တင်းနစ် တံတောင်ဆစ်ဝေဒနာရှင် (၂၃၀) ဦးကို အမေရိကန်ဆေးရုံ (၁၂) ခုတွင်လေ့လာခဲ့သည်။

လူနာများကို နှစ်ဖွဲ့ခွဲ၍ တစ်ဖွဲ့ကို၎င်းင်းတို့သွေးမှ ထုတ်ယူထားသောသွေးဥမွှားပြည့်ဝ သွေးရည်ကြည် (Platelet Rich Plasma - PRP) ပြန်လည်သွင်းစေ၍ ကျန်တစ်ဖွဲ့ကို အာနိသင်မဲ့ဆေးများ သွင်းစေသည်။
(၆) လအကြာ၌ PRP သွေးရည်ကြည်သွင်းထားသူများ၏ (၈၃.၉) ရာခိုင်နှုန်းတံတောင်ဆစ်နာကျင်မှု လျော့ကျသွားပြီး အာနိသင်မဲ့ ဆေးရည်သွင်းသူများ၏၆၅.၉ ရာ နှုန်းသာနာကျင်မှုအနည်းငယ် သက်သာသည်ကိုတွေ့ရသည်။

Health Updates Journal

မြတ်လေးအဖွဲ့ခေါင်းဆောင်ဖြစ်ဖူးသည့် ဒေါ်အောင်ဆန်းစုကြည်

၅.၄.၂၀၁၃၊ သောကြာနေ့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်မှာ မြတ်လေးအဖွဲ့တွင် ကင်းထောက်ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ခဲ့ဘူးကြောင်း လွန်ခဲ့သည့်အနှစ်(၆၀)ကျော်က ကင်းထောက်ဟောင်းများနှင့် လူငယ်ကင်းထောက် အသစ်များ   တွေ့ဆုံခဲ့သည့် နေပြည်တော်တွေ့ဆုံပွဲမှ သိရှိရသည်။

အဆိုပါပွဲ၌ လူငယ်ကင်းထောက်များအနေဖြင့် အများကောင်းကျိုးအတွက် လုပ်ဆောင်ရမည်ဟု ကင်းထောက်ဟောင်း များက အကြံပြုစကားဆိုခဲ့သည်။

ကင်းထောက်တစ်ဦးဖြစ်ပါက တစ်ဦးတစ်ယောက်ကောင်းကျိုးအတွက် မကြည့်ဘဲ အများအကျိုးကိုထမ်းဆောင် ရမည့် လူငယ်ဖြစ်ခြင်းကြောင့် လူငယ်များအနေဖြင့် ယခုမှအချိန်မှစတင်ကာ လေ့ကျင့်သင်ယူသင့်ကြောင်း ကင်းထောက် လူငယ်သစ်များသို့ အကြံပြုစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

ကင်းထောက်လူငယ်အဖွဲ့သည် နေပြည်တော်သို့ ဧပြီလ(၂)ရက်နေ့တွင် လေ့လာရေး ခရီးရောက်ရှိပြီး ၊ဧပြီလ (၃)ရက်နေ့ လေ့လာရေခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်းကိုလည်း သိရှိရသည်။ 

 “ လူငယ်ကင်းထောက်တွေက နောင်အနာဂါတ်မှာ ထူးချွန်သူတွေဖြစ်အောင် ကင်းထောက်လူငယ်တွေက လူမှုရေးတွေတင် မကဘဲ၊ ပညာရေးမှာပါ ထူးချွန်တဲ့ လူငယ်တွေဖြစ်အောင် ကြိုးစားကြပါ၊ နိုင်ငံတော် အဆင့်တွေမှာလည်း အတုယူစရာ ကင်းထောက်ဟောင်း များစွာရှိတယ် “ ဟု ပြည်သူလွှတ်တော်ဥက္ကဌသူရ ဦးရွှေမန်းက ကင်းထောက်လူငယ်များသို့ ပြောကြားခဲ့ကြောင်း အမှတ်(၁)အခြေခံပညာဦးစီးဌာန(ငြိမ်း) ကင်းထောက်ဟောင်းနှင့် လက်ရှိကင်းထောက်အဖွဲ့ခေါင်းဆောင် ဦးတင်ညိုက ပြန်လည်ပြောကြားခဲ့သည်။

ဧပြီလ(၄)ရက်နေ့ နံနက်ပိုင်းက ကင်းထောက်လူငယ်များမှာ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်သို့ သွားရောက်ဖူးမျှော်ပြီး၊ ပြည်သူလွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့ သွားရောက်လေ့လာ ခဲ့ကြောင်းနှင့်   ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ၊ ဒုဥက္ကဌ ဦးနန္ဒကျော်စွာ နှင့်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ကြောင်းကိုလည်း သိရှိရသည်။

 “ဒီကိုလာရတာ ပျော်ဖို့လည်းကောင်းတယ်၊ ဗဟုသုတလည်းရတယ်၊ အခု နိုင်ငံခေါင်းဆောင်တွေကို အားကျ တယ်၊ သူတို့ကို အတုယူပြီး ကြိုးစားသွားမယ်” ဟု ကရင်ပြည်နယ်၊ အထက(၄) ကျောင်းသူတစ်ဦးက ဆိုသည်။

ကင်းထောက်လူငယ်များအနေဖြင့် အမျိုးသားလွှတ်တော်သို့ သွားရောက်လေ့လာရာ၌ တာဝန်ရှိသူများက လွှတ်တော်အတွင်း အဆိုတင်သွင်းသည့် ပုံစံ၊ အဆိုကို ထောက်ခံလျှင် ပြုလုပ်သည့် လုပ်ငန်းစဉ်များအား လိုက်လံရှင်းပြခဲ့ပြီး ကင်းထောက်လူငယ်များမှလည်း ကိုယ်တိုင်သရုပ်ပြမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ကင်းထောက်လူငယ်များသည် ဧပြီလ (၆)ရက်နေ့နှင့် (၇)ရက်နေ့၌ နေပြည်တော်သို့ လာရောက်လေ့လာမည့် လူရည်ချွန်များနှင့် တွေ့ဆုံရန်အစီအစဉ်ရှိကြောင်းကိုလည်း သိရှိရသည်။

Myitmakha Media

ကြက်ဟင်းခါးသီးမှရ သောဒြပ်ပေါင်းက ကင်ဆာရောဂါ ဟန့်တားနိုင်

၅.၄.၂၀၁၃၊ သောကြာနေ့


စိန့်လူးဝစ္စတက္ကသိုလ်သုတေသီများသည် ကင်ဆာရောဂါကို သဘာဝသီးနှံထွက်ကုန်ပစ္စည်းဖြင့် ကုသနိုင်မည့်နည်းလမ်း တစ်ခုဖော်ထုတ်နိုင်ရန် လော့တီကာရိုလင်းဟာဒီ အလှူအဖွဲ့အစည်းထံမှ အမေရိကန် ဒေါ် လာ ၃၉၄၂၅ ရရှိခဲ့သည်။

စိန့်လူးဝစ္စရောဂါဗေဒဌာနမှ ပါမောက္ခရတ်နာရေးသည် ကြက်ဟင်းခါးသီးမှရရှိသောဒြပ်ပေါင်းဖြင့် ကင်ဆာရောဂါ ကုသရန်လေ့လာခဲ့ပြီး ဓါတ်ခွဲခန်းစမ်းသပ်မှုများအရ ရင်သားကင်ဆာဆဲလ်များမပျံ့ပွားနိုင်အောင်၊ ပျက်
စီးအောင် ကြက်ဟင်းခါးသီး ဒြပ်ပေါင်းအသုံးပြုသက်သေပြနိုင်ခဲ့သည်။

ယခုရရှိသောထောက်ပံ့ငွေများဖြင့် ကြွက်များတွင်ကင်ဆာရောဂါ ကုသနိုင်အောင်ထပ်မံစမ်းသပ်မည် ဖြစ်ကြောင်း ၊ကြွက်များတွင် အောင်မြင်ပါက လူများတွင်စမ်းသပ် မည်ဖြစ်ကြောင်းသိရသည်။

ဦးခေါင်း နှင့်လည်ပင်းတ၀ိုက်ကင်ဆာများ သည်ကင်ဆာရောဂါအားလုံး၏ (၆)ရာနှုန်းရှိပြီး ခံတွင်း၊ နှာခေါင်း၊ အသံအိုးနှင့် လည်ချောင်းများတွင် အဓိကဖြစ်ပွားသည်။

ထိုကင်ဆာ များကိုခွဲစိတ်၍ဖြစ်စေ၊ဓါတ်ရောင် ခြည်ပေး၍ဖြစ်စေကုသရလေ့ ရှိပြီးလူနာ၏ဘ၀အရည်အသွေး (Quality of Life)ကျဆင်းစေသော ကြောင့်သဘာဝကုထုံးများဖြင့် အစားထိုးကုသရန်ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ပါမောက္ခရတ်နာရေး က ဆိုသည်။

ကြက်ဟင်းခါးသီးသည် အရှေ့ တိုင်းနိုင်ငံများတွင် စားသုံးမှုများပြီး တိုင်းရင်းဆေးကုထုံးများတွင် ဆီးချို ရောဂါကုသဆေး အဖြစ် အသုံးပြုလေ့ ရှိ
သည်။

Health Updates Journal

အိန္ဒိယတွင် ပုဆိန်သမား၏ ရမ်းကားတိုက်ခိုက်မှုကြောင့် လူ ၉ ဦးသေဆုံး

၅.၄.၂၀၁၃၊ သောကြာနေ့

အိန္ဒိယ အလယ်ပိုင်း ဒေသရှိ ကျေးရွာငယ် တစ်ခုတွင် လူတစ်ဦးသည်ဒေါသတကြီးဖြင့် ပုဆိန်ကို ဝှေ့ယမ်း ခုတ်ထစ်ခဲ့ရာ အမျိုးသမီး (၄)ဦးနှင့် မိန်းကလေးငယ် (၅)ဦး သေဆုံးခဲ့ကြသည်။

အိန္ဒိယ နိုင်ငံတွင် လူတစ်ဦး၏ ပုဆိန်အသုံးပြုကာ ရမ်းကား တိုက်ခိုက်မှုကြောင့် လူပေါင်း(၉)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ အိန္ဒိယ အလယ်ပိုင်း ဒေသရှိ ကျေးရွာငယ် တစ်ခုတွင် လူတစ်ဦးသည် ဒေါသတကြီးဖြင့် ပုဆိန်ကို ဝှေ့ယမ်း ခုတ်ထစ်ခဲ့ရာ အမျိုးသမီး (၄)ဦးနှင့် မိန်းကလေးငယ် (၅)ဦး သေဆုံးခဲ့ကြသည်။

ချာတစ်ဂါ့ရှ် ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ရမ်းကား သတ်ဖြတ်မှုတွင် တရားခံ၏ အမည်ကို ပန်ဒူရမ်ဟုသာ ရဲများက ဖော်ပြခဲ့ပြီး သတ်ဖြတ်ရခြင်း အကြောင်းရင်းကို တိတိကျကျ မဖော်ထုတ်နိုင်သေးချေ။ ရဲများ
က လူသတ်သမားသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေသည်ဟု ယူဆရကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

အသက်(၃၅)နှစ်ရှိ အမျိုးသားကို ၎င်း၏ ဇနီးက မကြာသေးမီကမှ စွန့်ပစ်သွားခဲ့ကြောင်းလည်း သိရသည်။ ယခုသတ်ဖြတ်မှုတွင် တရားခံသည် အမျိုးသမီးများကိုသာ ပစ်မှတ်ထား တိုက်ခိုက်သွားခဲ့သည်။
ရဲများက ယခုကိစ္စ ဖြစ်ပွားချိန်တွင် ရွာအတွင်းမှ အမျိုးသားအားလုံး အလုပ်လုပ်နေကြပြီး အမျိုးသမီးများသာ ကျန်နေခဲ့ချိန်ဟု ဆိုသည်။

ရဲများသည် တရားခံကို ဖမ်းဆီးကာ ၎င်း၏ လက်နက်ကိုလည်း သိမ်းယူထားလိုက်ပြီ ဖြစ်သည်။ ဒေသဆိုင်ရာ အာဏာပိုင်များက မိမိတို့ အနေဖြင့် သေဆုံးသူများ၏ မိသားစုများကို နစ်နာကြေး ရူပီးငွေ (၂၅၀၀၀၀)စီ [ဒေါ်လာ ၄၅၀ ဝန်းကျင်] ပေးအပ်သွားမည်ဟု
ပြောကြားထားသည်။

Source: BBC

တောင်နဲ့မြောက် ကိုရီးယား စစ်ဖြစ်ရင် မြန်မာတွေကို အစိုးရက ပြန်ခေါ်မယ်


၅.၄.၂၀၁၃၊ သောကြာနေ့

မြောက်ကိုရီးယားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံအကြား စစ်ဖြစ်ပွားရင် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ အရေးကို ကူညီဖြေရှင်ပေးဖို့ ကိုရီးယားအခြေစိုက် မြန်မာသံရုံးက ပြောပါတယ်။

မနေ့က သံအမတ် ဦးညွန့်လှိုင်ဟာ တောင်ကိုရီးယားနိုင်ငံအစိုးရတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သံရုံး ဒုတိယ အတွင်းဝန် ဒေါ်သင်းသင်းမြတ်က ရှင်းပြပါတယ်၊

“မနေ့က သံအမတ်ကြီးက တောင်ကိုရီးယားအစိုးရတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးပြီးပါပြီရှင်။ ကျမတို့သံရုံးထဲမှာဆိုရင်လည်း လုံခြုံရေးစီမံချက်တွေ ဆွဲထားပြီးပါပြီ။ မြန်မာနိုင်ငံအလုပ်သမား တစ်သောင်းကျော်နဲ့ ကျောင်းသား နှစ်ရာကျော်ရှိပါတယ်။ နိုင်ငံခြားသားနဲ့လက်ထပ်ထားတဲ့အမျိုးသမီးကောဆိုရင် တစ်သောင်းကျော်လောက်ရှိတော့ အကုန်လုံးအတွက်ကို သံအမတ်ကြီးက ဦးဆောင်ပြိးတော့ အစီအစဉ်ဆွဲထားပြီးသားပါ။ တောင်ကိုရီးယားဘက်ကလည်း သူတို့ဘက်က အတတ်နိုင်ဆုံး သံတမန်နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့ ပြောထားပြီးသားပါရှင်“လို့ ပြောပါတယ်၊

တောင်ကိုရီးယားနိုင်ငံမှာ နှစ်စဉ် နိုင်ငံခြားသားအလုပ်သမား ခြောက်သောင်းလောက်ငှားရမ်းရပြီး မြန်မာနိုင်ငံနဲ့ ကိုရီးယားအကြား အလုပ်သမားငှားရမ်းခွင့်ပြုစနစ် (အီးပီအက်စ) နဲ့ 2010 ကုန်ပိုင်းမှာ စတင်ငှားရမ်းတာပါ၊

ဒီနှစ်အတွက်လည်း မြန်မာနိုင်ငံသား လေးထောင့်ကိုးရာကို ထပ်မံပို့လွတ်ဖို့ စီစဉ်ထားပြီး လာမယ့်မေလမှာ စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန်မှာ ခုလို ကိုရီးယားနှစ်နိုင်ငံအကြား စစ်ဖြစ်မယ့်အရိပ်အယောင်ဖြစ်နေတာပါ၊

ဒီအရိပ်အခြေတွေကြောင့် ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က စစ်ဖြစ်ရင် သူတို့ရဲ့ နိုင်ငံသားတွေ ပြန်ခေါ်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်၊

အလားတူ မြန်မာနိုင်ငံအနေနဲ့လည်း ကိုယ့်နိုင်ငံသားတွေအကျိုးအတွက် အစွမ်းကုန် ကူညီပေးသွားမယ်လို့ ဆိုးလ်မြို့အခြေစိုက် မြန်မာ သံရုံး ဒုတိယ အတွင်းဝန် ဒေါ်သင်းသင်းမြတ်က ရှင်းပြပါတယ်၊ နှစ်နိုင်ငံစစ်ဖြစ်မယ်ဆိုရင် ကိုယ့်နိုင်ငံသားတွေ ပြန်ခေါ်မှာလားဆိုတဲ့မေးခွန်းကိုတော့ ဒေါ်သင်းသင်းမြတ်က အတတ်နိုင်ဆုံး ကူညီပေးသွားမယ်လို့ ပြောပါတယ်။

“ဟုတ်ပါတယ်ရှင့်။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ကာကွယ်သွားရမှာဖြစ်ပါတယ်။ အတတ်နိုင်ဆုံးလေ။ ဒီဖက်မှာ သံရုံးပေါင်း ခြောက်ဆယ်ကျော်ရှိတော့ တခြားသံရုံး ငါးဆယ်ကျော်နဲ့တော့ တိုင်ပင်ဆွေးနွေးပြီးတော့ လုပ်ထားတာရှိပါတယ်။ ဒီက နိုင်ငံတွေနဲ့ ဆွေးနွေးထားသလို ကျမတို့ မြန်မာနိုင်ငံဘက်က အစိုးရတွေနဲ့ဆွေးနွေးပြီးတော့ အစီအစဉ်တွေ ဆွဲထားပြီးသားပါ” လို့ သံရုံး ဒုတိယ အတွင်းဝန် ဒေါ်သင်းသင်းမြတ်က ဒီဗွီဘီကို ဖြေဆိုသွားပါတယ်။

DVB

အစိုးရနှင့် KIO ဆွေးနွေးရက်ရွှေ့၊ ဧပြီနှောင်းပိုင်းမှ ပြန်တွေ့နိုင်မည်

၅.၄.၂၀၁၃၊ သောကြာနေ့

ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ထောင်စုအစိုးရ ငြိမ်ချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း တက်ရောက်မည့် သူများ အဆင်သင့် မဖြစ်သေး၍ ဧပြီလ ၂၂ ရက် နောက်ပိုင်းတွင်သာ တွေ့ဆုံရန် ရွှေ့ဆိုင်းလိုက်ရကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC မှ ပြောသည်။

“အစိုးရနဲ့ KIO အဖွဲ့ နောက်ထပ် တွေ့ဆုံဆွေးနွေးနိုင်မယ့်ရက်က သင်္ကြန်အပြီး ဧပြီ ၂၂ ရက် နောက်ပိုင်း၊ ၂၅ ရက်ဝန်းကျင် လောက်မှာ ဖြစ်နိုင်မယ်လို့ ခန့်မှန်းပါတယ်” ဟု MPC မှ ဦိးလှမောင်ရွှေ က ပြောသည်။

နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည့် မတ်လ ၁၁ ရက် ရွှေလီဆွေးနွေးပွဲတွင် ဧပြီ ၁၀ ရက်မတိုင်မီ နှစ်ဖက်တွေ့ဆုံရန် သဘောတူခဲ့ကြပြီး နှစ်ဘက်ညှိနှိုင်းကာ မြစ်ကြီးနားမြို့တွင် ဧပြီလ ၆ ရက်နေ့တွင် တွေ့ဆုံကြရန် သဘောတူ ထားခဲ့ကြသော်လည်း KIO ဘက်မှ ဖိတ်ကြားထားသူများ ထိုရက်တွင် စုံညီစွာ မတက်ရောက်နိုင်သေး၍ ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။

“KIO အဖွဲ့အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီအဖွဲ့ (UNFC)နဲ့ UNFC မဟုတ်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့တွေကော၊ International Observer (နိုင်ငံတကာ လေ့လာသူ) အဖွဲ့တွေကို လည်း ဖိတ်ကြားတာ တွေ့ရတယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာ ဆောင်ရွက်တာ ဖြစ်တာကြောင့် International Observer အဖွဲ့တွေထဲက အချို့က ၆ ရက်နေ့ အမီ မတက်ရောက်နိုင်တဲ့အတွက် နှစ်ဖက် တွေ့ဆုံမှုကို ရွှေ့ဆိုင်းလိုက်တာကို ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းကို စာနဲ့ ဆက်သွယ် အကြောင်းလာပါတယ်” ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့မှ ငြိမ်ချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီကို ၂၀၁၂ ခုနှစ်၊ မေလ ၂ ရက်တွင် စတင်ဖွဲ့စည်းပြီးနောက် ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ KIO နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့ရာ ယခုတွေ့ဆုံပွဲ ဖြစ်မြောက်ခဲ့ပါက ပြည်တွင်းတွင် ပထမဆုံး တွေ့ဆုံမည့်
ဆွေးနွေးပွဲ ဖြစ်လာမည်ဟု နိုင်ငံရေး လေ့လာနေသူများက မှတ်ချက်ပြုသည်။

Mizzima 

လုံခြုံရေးအကူအညီဖြင့် ဘာသာရေးစတေကာများအား လူငယ်များ ဖြန့်ဝေနေ

၅.၄.၂၀၁၃၊ သောကြာနေ့


ပြည်တွင်းရှိ လူငယ်အန်ဂျီအိုအဖွဲ့အစည်းအချို့က မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ငြိမ်းအေးစေ ရေးအတွက် ဘာသာရေးဆိုင်ရာ စတစ်ကာများကို အာဏာပိုင်အချို့၏ လုံခြုံရေးအကူအညီဖြင့် မြို့နယ်(၃)ခု နေ ပြည်သူများထံသို့ ဧပြီလ (၅)ရက်နေ့ နံနက်(၈)နာရီမှ စတင်ကာ ဝေငှလျက်ရှိကြောင်း ရှိသည်။
 
လူငယ်အန်ဂျီအိုအဖွဲ့အချို့မှ လိုက်လံဝေသည့် စတစ်ကာများမှာ “ ဘာသာ ၊ လူမျိုး  မခွဲခြား မြန်မာနိုင်ငံသား “ နှင့် “ကျွနိုပ်ကြောင့်လူမျိုးရေး ၊ ဘာသာရေး ပဋိပက္ခ မဖြစ်စေရ…” ဟူသည့် စတစ်ကာများဖြစ်သည်။
 
မငြိမ်မသက်ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် အမြန်ဆုံး ငြိမ်းချမ်းချင်တဲ့စိတ်နဲ့ ကျွန်တော်တို့ လုပ်တာပါ။ ဒီကိစ္စတွေ ငြိမ်းချမ်းဖို့ သမ္မတမိန့်ခွန်းအရ ကျွန်တော်တို့ ကူညီတာပါ။ ဟု မဇ္ဈိမလူငယ်ကွန်ယက်မှ အဖွဲ့ဝင် မောင်အောင်နိုင်စိုးက ပြောသည်။
 
မဇ္ဈိမလူငယ်ကွန်ယက် ၊ ပန်းပျိုးလက်နှင့် ကချင်ပြည်နယ် လိုင်ဇာသို့လမ်းလျှောက်ချီတက်ခဲ့သည့် အဖွဲ့များ အပါအ၀င် အခြားလူငယ်အန်ဂျီအို အဖွဲ့ဝင် (၄၀)၀န်းကျင်ခန့်က ကမာရွတ်မြို့နယ်ရှိ လှည်းတန်း ၊ စမ်းချောင်း မြို့နယ်မြေနီကုန်းနှင့် မင်္ဂလာတောင်ညွှန့်မြို့နယ် မင်္ဂလာဈေးနှင့် ယုဇနပလာဇာများသို့ သွားရောက်ကာ စတစ်ကာများ ပေးဝေမည်ဖြစ်ကြောင်း မဇ္ဈိမလူငယ်ကွန်ယက်က သိရှိရသည်။
 
အန်ဂျီအိုလူငယ်အချို့သည် စတစ်ကာများကို ပြည်သူထံသို့ ဝေငှရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် မြန်မာငြိမ်းချမ်းရေး စင်တာ (Myanmar Peace Centre) သို့အကြောင်းကြားကာ သက်ဆိုင်ရာ အာဏာပိုင်များ မှလည်း အဆိုပါ အန်ဂျီအိုလူငယ်များကို အရပ်ဝတ်များဖြင့် လုံခြုံရေးတာဝန်ယူပေးလျက်ရှိသည်ဟု ၄င်းက ဆက်ပြောသည်။
 
ခွင့်ပြုချက် တောင်းထားပြီးသားပါ ကျွန်တော်တို့မှာလည်း လုံခြုံရေးပါ ပါတယ်။ အာဏာပိုင်လုံခြုံရေး ထည့်ပေးထားပါတယ်။ Myanmar Peace Centre ကို အကြောင်းကြားထားပါတယ်။ အဲ့ဒီကနေ တစ်ဆင့် နယ်မြေခံတွေနဲ့ ကျွန်တော်တို့ကို ချိတ်ပေးထားပါတယ်။ ယူနီဖောင်း မဟုတ်ဘဲ အရပ်ဝတ်နဲ့ အာဏာပိုင်တွေ ပါပါတယ်။ ဟု အောင်နိုင်စိုးက ပြောသည်။
 
နိုင်ငံတော်သမ္မတအနေဖြင့် ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဆူပူမှုများ ဖြစ်ပေါ်နေမည်ဆိုပါက တိုင်းပြည် အတွက် အခွင့်အလမ်းများ ဆုံးရှုံးနိုင်ကြောင်း စည်းကမ်းရှိသည့် ဒီိမိုကရေစီ ဖြစ်ပေါ်လာစေရန် ပြည်သူအားလုံး ၀ိုင်းဝန်းကူညီပံ့ပိုးပေးရန်လိုအပ်ကြောင်း ၂၀၁၃ခုနှစ် မတ်လ (၃)ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ ရေဒီယိုက တစ်ဆင့် မိန့်ခွန်းပြောပြချက်အရ သိရှိရသည်။
 
တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မရှိဘဲ ဆူဆူပူပူဖြစ်နေရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခွင့် အလမ်းတွေ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူများအားလုံးက တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ရှိအောင် ၀ိုင်းဝန်ကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ဟု မတ်လ (၃၁)ရက်နေ့၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားခဲ့သည်။
 
လူငယ်အန်ဂျီအိုများအနေဖြင့်လည်း သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းအရ စတစ်ကာဝေငှခြင်းဖြင့် ငြိမ်းချမ်းရေးရရှိ ရန် ကြိုးပမ်းနေပြီး ပြည်သူများအနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် ပါဝင်လာစေရန် ရည်ရွယ်ကာ ညနေ(၅)နာရီ အထိ ပြည်သူများထံသို့ ဝေငှသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Myitmakha Media

မိတ္ထီလာပြဿနာ အင်ဒိုနီးရှားမှာလည်း မွှေ

၅.၄.၂၀၁၃၊ သောကြာနေ့


အင်ဒိုနီးရှားနိုင်ငံက လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတခုမှာ မြန်မာနဲ့ မွတ်စလင်များ ဒီနေ့ အချင်းများ တိုက်ခိုက်ကြရာကနေ ၈ ဦးသေပြီး ၁၅ ဦး ဒဏ်ရာရတယ်လို့ AP သတင်းဌာနက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆုမတြား မြောက်ပိုင်း ခရိုင်မှာရှိတဲ့ အဲဒီ ထိမ်းသိမ်းရေး စခန်းမှာ အင်ဒိုနီးရှား ကမ်းခြေကို လှေနဲ့ ခိုးဝင်တဲ့ မွတ်စလင် ၁၀၀ နဲ့ ငါးခိုးဖမ်းမှုကြောင့် အဖမ်းခံရတဲ့ မြန်မာ ၁၁ ဦးကို အတူတူ ချုပ်ထားခဲ့ကြောင်း နယ်မြေခံရဲချုပ် Enfro Kiswanto က ပြောပါတယ်။

ရဲချုပ်က မျက်မြင်သက်သေတွေကို ကိုးကားပြောဆိုတာကတော့ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင် ငါးဖမ်းသမားတွေဟာ မြန်မာပြည်မှာ ဖြစ်နေတဲ့ ဘာသာရေး၊ လူမှုရေး အဓိကရုဏ်း ကိစ္စတွေကနေ စပြီး အချင်းများကြတာ ဖြစ်ကြောင်း၊ တုတ်ဆွဲ ဓားဆွဲ တိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်း ဆိုပါတယ်။

မြန်မာ ၈ ယောက်သေပြီး မွတ်စလင် ၁၅ ယောက် ဒဏ်ရာရပါတယ်။ တခြား မြန်မာ ၃ ဦးကတော့ အထိအခိုက်မရှိ လွတ်သွားတယ်လို့ ရဲချုပ်က ပြောပါတယ်။

သေဆုံးသွားသူတွေကို ခရိုင်မှာရှိတဲ့ မေဒင် ဆေးရုံမှာ ပို့ဆောင်ထားကြောင်း သိရပါတယ်။

“ဓားတွေ ဘယ်လိုရှိနေကြတယ်ဆိုတဲ့ ကိစ္စအပါအဝင်အဖြစ်အပျက်ကို စုံစမ်းတုန်းပါ။ သူတို့ကို လာရင်းနေရပ်ဆီ မြန်မြန် ပြန်ပို့ပါတော့မယ်” လို့ ရဲချုပ်က AP သတင်းဌာနကို ပြောထားတယ်။ 
ဧရာဝတီBlog

အိန္ဒိယတွင် ဒေါ်လာ ၃ သန်းခန့်တန် မူးယစ်ဆေးများ ဖမ်းမိရာ မြန်မာ နှစ်ဦးပါ

၅.၄.၂၀၁၃၊ သောကြာနေ့

နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်တွင် ရူပီး ၁၅ ကုဋေ (ဒေါ်လာ ၂ သန်း ၇ သောင်းကျော်) တန်ဖိုးရှိ ဆူဒိုဖက်ဒရင်း ဆေးများနှင့်အတူ လူ ငါးဦး ဖမ်းဆီးရမိရာ ၎င်းတို့အထဲတွင် မြန်မာနိုင်ငံသား နှစ်ဦး ပါဝင်ကြောင်း ရဲမင်းကြီး Ravindra Singh Yadav က ထုတ်ဖော်ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံသား Zel Khan Mong (၄၆) နဲ့ Dongh Lian Kham (၄၁)၊ မီဇိုရမ် ပြည်နယ်က Lianza Daula (၄၆) နဲ့ C. Zoram Thanga (၂၈)၊ ဒေလီက Vikas Bathla (၄၃)တို့ကို ဆူဒိုဖက်ဒရင်း ဆေးပြား ၁၄၀ ကီလိုဂရမ်နဲ့
ဆေးမှုန့် ၅၀ ကီလိုဂရမ်တို့နဲ့အတူ ဖမ်းဆီး ရမိပါတယ်” ဟု ရဲမင်းကြီးအား ကိုးကား၍ သောကြာနေ့ထုတ် အိန္ဒိယ သတင်းစာများတွင် ဖော်ပြပါရှိသည်။

မတ်လ ၂၉ ရက်နေ့က တိကျသည့် သတင်းရရှိ၍ ဒေလီအနောက်ပိုင်းရှိ ကုန်းကျော်တံတား တခုအနီးတွင် ၎င်းတို့၏ မော်တော်ယာဉ်ကို တားဆီး စစ်ဆေးရာမှ အဖြူအောင် သေတ္တာ ၁၅ လုံးများဖြင့် အဆိုပါ ဆေးများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆူဒိုဖက်ဒရင်း ဆေးများကို အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းပြည်နယ်များမှ ထုတ်လုပ်ပြီး အနောက်ဒေလီတွင် လွှဲပြောင်းကာ အရှေ့မြောက် ပြည်နယ်များမှတဆင့် မြန်မာနိုင်ငံသို့ တင်ပို့ရန် ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိတ်ကြွဆေးများအဖြစ် ဓာတ်ပြုထုတ်လုပ်ပြီး အိန္ဒိယနိုင်ငံသို့ ပြန်လည်တင်သွင်းရန်ဖြစ်ကြောင်း ရဲမင်းကြီးက ဆိုသည်။

ဒေလီမြို့နှင့် ကိုလ်ကတ္တားမြို့တို့မှာ ကမ္ဘာ့ စိတ်ကြွဆေး လွှဲပြောင်းဖြန့်ဖြူးရာ အဓိက မြို့ကြီးများ ဖြစ်လာနေပြီး လွန်ခဲ့သော ၁၀ နှစ်ခန့်အတွင်း ဒေလီ အနောက်ပိုင်းဒေသတွင် မူးယစ် ကာတယ်များ လှုပ်ရှားလည်ပတ်လျက် ရှိကြောင်း ရဲသတင်းရပ်ကွက်က ဆိုသည်။

နယူးဒေလီတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများ အများစုမှာ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ စီးပွားရေး ဖိနှိပ်မှုများကြောင့် ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ကြသူများဖြစ်ကာ အချို့သော လူအနည်းငယ်မှာ ထိုသို့သော မူးယစ်ကုန်ကူးမှုနှင့် လည်ပတ်မှု လုပ်ငန်းစဉ်ထဲတွင် ပါဝင်ပတ်သက်နေကြသည်။

ဒေလီမှ ထိုဆေးပြား/အမှုန့်များကို မြန်မာနယ်စပ်သို့ လေယာဉ်၊ မီးရထားလမ်းကြောင်းမှ နည်းအမျိုးမျိုးဖြင့် သယ်ဆောင်ပေးခြင်းအပြင် သယ်ဆောင်ရာတွင် ဝန်ကျုံ့စေရန် ဆေးကတ်များမှ ဆေးပြားများကို ဖြုတ်ခွါ ထုပ်ပိုးပေးခြင်းဖြင့်လည်း ပါဝင်ပတ်သက်သူတချို့ ရှိနေသည်။ ထိုသို့ ငွေရပေါက် လွယ်ကူသောနည်းဖြင့် စားဝတ်နေရေး ကြပ်တည်းမှုကို ဖြေရှင်းသူများလည်း ရှိနေပြီး ဒေလီမြို့နှင့် နယ်စပ်ဒေသများတွင် ရံဖန်ရံခါ ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။ ဖမ်းဆီးခံရသူ အချို့မှာ ကုလသမဂ္ဂ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထား သူများပင် ပါဝင်နေ၍ မြန်မာအများစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေကာ ဘုရားကျောင်းများနှင့် လူမှုအသင်းများက ရှုတ်ချနေကြသည်။

မတ်လ ၂၉ ရက်နေ့က ဖမ်းဆီးရမိသူများထဲမှ Lianza Daula မှာ အိန္ဒိယ ကြည်းတပ် (အာသံ ရိုင်ဖယ်)မှ အရာခံဗိုလ်တဦးအဖြစ် တာဝန်ထမ်းခဲ့ပြီး မကြာမီကမှ ဤ ငွေရလွယ်သော မူးယစ် ကုန်ကူးလုပ်ငန်း ပြောင်းလဲ လုပ်ကိုင်ရန် တပ်မှ ထွက်လာခဲ့သူတဦး ဖြစ်သည်။

ထိုသို့ မူးယစ် ကုန်ကူးသူများထဲတွင် ပါဝင်၍ အိန္ဒိယ စစ်တပ်အရာကြီး တဦးကိုလည်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် ဖမ်းဆီးရမိခဲ့သေးသည်။ ရူပီး ၂၄ ကုဋေ (ဒေါ်လာ ၄ သန်းခွဲခန်) တန်ဖိုးရှိ ဆူဒိုဖက်ဒရင်းနှင့် အခြားဆေးပြားများကို ဗိုလ်မှူးကြီး ချောင်ဒရီ၏ မော်တော်ယာဉ်ထဲမှ မြန်မာနယ်စပ်အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
 Mizzima

" မြောက်ကိုရီးယား၏ရန်စမှုအား စစ်ရေးအရ ပြင်းပြင်းထန်ထန်တုံ့ပြန်ရန် တောင်ကိုရီးယား ပြင်ဆင် "

၅.၄.၂၀၁၃၊ သောကြာနေ့ 
မြောက်ကိုရီးယား၏ မည်သည့်ရန်စကျူးကျော်မှုကိုမဆို စစ်ရေးအရ ပြင်းပြင်းထန်ထန်တုံ့ပြန်သွားရေး အတွက်  တောင်ကိုရီးယားသမ္မတက စစ်တပ်အား ညွှန်ကြားထားကြောင်း သိရသည်။

''တိုင်းပြည်နဲ့ ပြည်သူတွေ အပေါ် တစ်စုံတစ်ရာ ရန်စမှုတွေ ရှိလာရင် စစ်တပ်ဟာ နိုင်ငံရေးကိစ္စ ရပ်တွေကို ထည့်မစဉ်းစားဘဲနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်သင့်တယ်'' ဟု သမ္မတပတ်ဂွမ်ဟီးက ပြောဆိုခဲ့ကြောင်း ယွန်ဟက်တင်း အေဂျင်စီက ဖော်ပြထားသည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီး ယားတို့ စစ်မက်ဖြစ်ပွားနိုင်သည့် အခြေအနေတွင်ရှိသည်ဟု ကင်ဂျုံ အမ်ကဆိုခဲ့ပြီး နှစ်နိုင်ငံကြား မည် သည့်ကိစ္စရပ်ကိုမဆို ယင်းကာလ အခြေအနေတိုင်းသာ ဆောင်ရွက် မည်ဟုပြောဆိုခဲ့ခြင်းကို တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

''ကြည့်လေ၊ မြောက်ကိုရီး ယားရဲ့ မကြာသေးခင်က ခြိမ်း ခြောက်မှုတွေဟာ ဘယ်လောက် ဆိုးရွားပြင်းထန်လဲ'' ဟု သမ္မတပတ်က ဆိုသည်။
တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံကြား စစ်မက်ရေးရာ တင်းမာမှုများ မြင့်တက်လာပြီးနောက် မြောက်ကိုရီးယားက အမေရိကန် နှင့်တောင်ကိုရီးယားအပေါ် ရန်လို မှုများ ပိုမိုပြုလုပ်လာနေသည်ဟု သိရသည်။

မကြာသေးမီက ပြုလုပ်ခဲ့သော တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်သောအားဖြင့် ကိုရီးယား ကျွန်းဆွယ်စစ်ပွဲရပ်ဆိုင်းရေး စာချုပ်ကို တစ်ဖက်သတ်ဖျက် သိမ်း
ကြောင်းမြောက်ကိုရီးယားတို့က ထုတ်ပြန်ကြေညာခဲ့သည်။ထို့ပြင် အမေရိကန် မြို့ကြီးများသို့ ပစ်ခတ်နိုင်သည့် ဒုံးကျည်များပြမြေပုံကိုလည်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းစာက ထုတ်
လွှင့်သွားခဲ့သည်။ 
 Popular News

သွေးလှူရှင်လုံလုံလောက်လောက်ရရှိနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လမ်းညွှန်ချက်များချပေး...

၅.၄.၂၀၁၃


အရေးပေါ်သွေးလိုအပ်နေသောသွေးလူနာများနှင့် သွေးကင်ဆာကြောင့်
ပုံမှန်သွေးသွင်းရန် လိုအပ်နေသောလူနာများအတွက်သွေးလှူရှင်
လုံလောက်စွာရရှိနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကသွေးလှူဘဏ်လုပ်ငန်း
လုပ်ကိုင်နေသောဆေးရုံများ၏ သွေးဌာနများကိုလမ်းညွှန်ချက်များချ
ထားကြောင်းရန်ကုန်ပြည်သူ့ဆေးရုံကြီးအမျိုးသားသွေးဌာန၏ တာဝန်ခံ
ဒေါက်တာဒေါ်သီတာအောင်ကပြောပြခဲ့သည်။“သွေးလှူဒါန်းတဲ့စေတနာရှင်
တွေနဲ့သွေးလုံလောက်စွာရရှိအောင်ဆောင်ရွက်နိုင်ဖို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့
ကနေချပေးထားတဲ့လမ်းညွှန်ချက်တွေရှိပါတယ်။အဲဒီလမ်းညွှန်ချက်တွေ
ကိုသွေးလှူဘဏ်လုပ်ငန်းလုပ်ကိုင်နေတဲ့ဆေးရုံတွေရဲ့သွေးဌာနတွေမှာ
ချပေးထားပြီးဖြစ်ပါတယ်။အဲဒီလမ်းညွှန်ချက်အတိုင်းလုပ်ဆောင်မယ်ဆိုရင်
တော့သွေးပြတ်လပ်မှုနဲ့သွေးလိုအပ်မှုတွေလျော့နည်းသွားမှာဖြစ်ပါတယ်
ဟုပြောပြခဲ့သည်။သွေးလုံလောက်စွာရရှိရန်နှင့် သွေးလှူရှင်လုံလုံလောက်
လောက်ရရှိရန်အတွက် Hospital Transform Company အဖွဲ့တစ်ဖွဲ့ဖွဲ့
ထားရမည်ဖြစ်ပြီးအဆိုပါအဖွဲ့မှာဆေးရုံဘက်ကသုံးနေသောဆေးပညာရှင်၊
သွေးနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးနေသောဝန်ထမ်း/ ပြည်သူများဘက်
က လှူဒါန်းပေမည့်သွေးလှူရှင်အပြင်အုပ်ချုပ်ရေးအဖွဲ့အစည်းများကပါပံ့ပိုး
ကူညီပေးရန်လိုအပ်ကြောင်းသတင်းရရှိသည်။

SkyNet TV Browser