ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

20.6.13

ရန်ကုန်လေဆိပ်တွင် ကိုယ်တိုင် Check-in စနစ် အသင့်ပြင်ထား

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပိုမိုရောက်ရှိလာမည့် နိုင်ငံခြားသားများ ၀င်ထွက်သွား လာရေး ပိုမိုလွယ်ကူဆင်ပြေစေရန် လေကြောင်းသွားလာရေး သတင်းအချက်အလက် နည်းပညာများကိုအများသုံး စနစ်ဖြင့်အသုံးပြုနိုင်ရေးစီစဉ်နေကြောင်း SITA ကုမ္ပဏီထံမှ သိရသည်။ ခရီးသည်ကိုယ်တိုင် Check-in လုပ်နိုင်သောကောင်တာနှင့် စက်ပစ္စည်းများတပ်ဆင်
ခြင်း၊လေကြောင်းလိုင်းများ အသုံးပြုရန် အများသုံးစနစ်သုံးCheck-in ကောင်တာပေါင်း (၃၀)နှင့် လေယာဉ်ပေါ်တက်ဂိတ်ပေါက် အသစ်ခြောက်ခု တည်ဆောက်ပေးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ခရီးသည်များကိုယ်တိုင် Check-in လုပ်ရမည့်စနစ်ကမိမိ၏ လေယာဉ်လက်မှတ်ကို ထိုကောင်တာ ၏ အီလက်ထရောနစ်စကန်ဖတ်စက်ပေါ်တွင် တင်ပြီးလေယာဉ်ပေါ်တက် ရန် ခွင့်ပြုလက်မှတ်Boarding-Passကိုယ်မိမိကိုယ်တိုင်ထုတ်ယူနိုင်မည့်စနစ်ဖြစ်သည်။ လေကြောင်း လိုင်းများအသုံးပြူနိုင်သာ Check-in စနစ်ကမည်သည့်လေကြောင်းလိုင်းမဆိုထိုCheck-in
ကောင်တာများကိုအလှည့်ကျအသုံးပြုနိုင်မည့် စနစ်ဖြစ်သည်။ တစ်နှစ်ကိုပြည်တွင်း၊ ပြည်ပ ခရီးသည်၂.၇သန်းဝင်ဆံ့နိုင်ရန်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ခရီးသွားဝင်ရောက်မှု (20)ရာခိုင်နှုန်း တိုးတက်လျှင် ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

SkyNet TV Browser

အစိုးရနှင့် ကေအဲန်ယူတို့ ဇူလိုင်လအတွင်း အလွတ်သဘော ထပ်မံတွေ့ဆုံရန်ရှိ

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်များ လာမည့် ဇူလိုင်လအတွင်း နှစ်ဖက်တပ်များ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ (Code of Conduct)နှင့် ပတ်သက်၍ အလွတ်သဘော ထပ်မံ တွေ့ဆုံရန်ရှိကြောင်း သိရသည်။

ဇွန်လ ၁၅ရက်နေ့မှ ၁၆ရက်နေ့အထိ ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ၌ ပြုလုပ် ခဲ့သော Code of Conduct ကိစ္စ အလွတ်သဘောမျိုး တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နောက်ထပ် တစ်ကြိမ် ထပ်မံတွေ့ဆုံရန် ထိုသို့ သဘောတူခဲ့ခြင်းဖြစ်သည်ဟု ဆွေးနွေးသို့ လိုက်ပါခဲ့သူ တစ်ဦးဖြစ်သည့် ကေအဲန်ယူ နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောအောင်ဝင်းရွှေက ပြောသည်။

“အခု ကျနော်တို့ ဆွေးနွေးတာက အလွတ်သဘောမျိုး ညှိနှိုင်းဆွေးနွေးတာပဲ ရှိပါသေးတယ်။ အကြမ်းဖျင်း ညှိနှိုင်းဆွေးနွေးထား တာတွေကို နှစ်ဖက်အနေနဲ့ သက်ဆိုင်ရာ လူကြီးတွေနဲ့ ပြန် လည်တင်ပြပြီးမှ အတည်ပြုချက်ယူရပါမယ်။ အဲဒါကြောင့် နောက်လ အတွင်းမှာ ပြန်လည်တွေ့ ဆုံ ဖို့ ရှိတာက အလွတ်သဘောပဲဖြစ်မှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

Code of Conduct ဆွေးနွေးရာတွင် နည်းပညာအထောက်အကူပြုအဖွဲ့အဖြစ် ကေအဲန်ယူ ဘက်မှ ဗဟိုအလုပ်အမှုဆောင်ကော် မတီအဖွဲ့ဝင် ပဒိုစောတာဒို့မူး၊ တရားရေးဌာန တာဝန်ခံ ပဒိုစောအဲ့ကလူစေး၊ ဗိုလ်မှူးတာမလာသော၊ ဗဟိုအမြဲတမ်းကော်မတီအဖွဲ့ဝင် ပဒိုစောလှထွန်း၊ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောအောင်ဝင်းရွှေနှင့် စောတာမူလာတို့ ပါဝင် တက်ရောက်ခဲ့သည်။

မြန်မာငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာမင်းဇော်ဦး၊ ဒုတိယ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဗိုလ်မှူးကြီးကျော်စိုးဝင်း၊ ဒေါက်တာနော်ရီဘက်ခါတင်၊ ကရင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်တို့ ပါဝင်ဆွေးနွေးခဲ့ကြ ခြင်း ဖြစ်သည်။

ဆွေးနွေးမှုတွင် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့် ပတ်သက်ပြီး အချက် ၃၀ကျော် ရှိသည့်အနက် တခြားအသေးအစိတ် အချက်များကို အခန်းလိုက် ဆွေးနွေးခဲ့ကြပြီး ပြင်ဆင်ရန် လိုအပ်သည့် စကားလုံး အသုံးအနှုန်းများကိုလည်း ပြန်လည်ဖြည့်စွက် ခြင်းများ ပြုလုပ်ခဲ့သည် ဟု တရားရေးဌာနတာဝန်ခံ ပဒိုစောအယ်ကလူစေးက ပြောသည်။

“ကျနော်တို့ဆွေးနွေးတာက အဓိကတော့ တပ်နေရာပြန်လည်ချထားရေးနဲ့ စောင့်ကြည့်လေ့ လာရေး အဖွဲ့ထားရှိ ဖွဲ့စည်းတာကို ဆွေးနွေးခဲ့ကြတဲ့အပြင် အချို့သော မရှင်းလင်းသည့်အချက် များ၊ စကားလုံးအသုံးအနှုန်းများကို နားလည်ရလွယ်ကူအောင် နှစ်ဖက်ညှိနှိုင်းပြီး ပြင်ဆင်ဖြည့် စွက်ဆွေးနွေးခဲ့ကြပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူနှင့် အစိုးရသည် ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁၂ရက်နေ့တွင် ပြည်နယ်အဆင့် အပစ် အခတ်ရပ်စဲရေးကို ဖားအံတွင်တစ် ကြိမ်၊ ဧပြီလ ၆ရက်နေ့တွင် ပြည်ထောင်စုအဆင့် ဆွေးနွေး ပွဲကို ရန်ကုန်မြို့တွင်တစ်ကြိမ်၊ စက်တင်ဘာလ ၃ရက်နှင့် ၄ရက်တို့ တွင် ဖားအံမြို့ရှိ ဇွဲကပင်ခမ်းမတွင် တစ်ကြိမ်တွေ့ဆုံပြီးနောက်ပိုင်း ယခုအချိန်ထိ တရားဝင်ထပ်မံတွေ့ဆုံနိုင်ခြင်း မရှိသေးပေ။

KIC (Karen Information Center)

ဘ၀သင်ခန်းစာရရှိစေမည့် ပန်းနုသွေး ရုပ်သံဇာတ်လမ်းတွဲ

MRTV-4 ရုပ်သံလိုင်း၏ တတိယမြောက်ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်သော ပန်းနုသွေး ဇာတ်လမ်းတွဲအား လာမည့် နိုဝင်ဘာလအတွင်း ထုတ်လွှင့်ပြသမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါဇာတ်ကားမှာ စင်ဒရဲလားဇာတ်လမ်းကို အခြေခံထားကာ ခေတ်နှင့်အညီပြန်လည် ဆန်းသစ်ထားပြီး လက်မှုလုပ်ငန်းနှင့် မိဘမေတ္တာကို စောင်းပေး ရိုက်ကူးထားသည့် ဇာတ်လမ်း တစ်ပုဒ်ဖြစ်သည်ဟု ဒါရိုက်တာ ဦးထင်ကျော်က ဆိုသည်။ “ဒီဇာတ်လမ်းက မြန်မာပြည် ရဲ့လက်မှု လုပ်ငန်းနဲ့ မိဘမေတ္တာကို စောင်းပေးရိုက်ထားတယ်။ မိဘမေတ္တာ ငတ် နေတဲ့ သားသမီး တစ်ယောက်ရဲ့ ခံစားချက်တွေအပြင် ခေတ်မီနည်းပညာတွေနဲ့ ပေါင်းစပ်လိုက် ရင် မြန်မာ့ လက်မှုပညာတစ်ခုက နိုင်ငံခြားတွေအထိ ဖြန့်နိုင်မယ်ဆိုတာကို ပြချင်တယ်” ဟု ဒါရိုက်တာ ဦးထင်ကျော်က ပြောသည်။

မိဘမေတ္တာနှင့် မြန်မာ့ ရိုးရာ လက်မှုပညာ ဖိနပ်လုပ်ငန်းကို အသားပေး ရိုက်ကူးထားခြင်းဖြစ် ပြီး မြန်မာ့ လက်မှုပညာကို နိုင်ငံတကာသို့ ဖြန့်နိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ဆက်ပြော သည်။

“ကျွန်တော်က ဒီကားမှာ ဖိနပ်လုပ်ငန်း ပိုင်ရှင်ရဲ့သား နေရာကပါ။ လွတ်လွတ် လပ်လပ်နဲ့ လုပ်ချင်တာ လုပ်တဲ့ လူငယ် စရိုက်လေးပါ။ အရင်ကား အချစ်သင်္ကေတက ဆရာဝန်နေရာ ထက် အခုကားမှာ ကျွန်တော့ အပြင် စရိုက်နဲ့ ပိုကိုက်တယ်။” ဟု အချစ်သင်္ကေတတွင် မင်းသားအဖြစ်သရုပ်ဆောင်သူ မြတ်သူကျော်က ပြောသည်။ ဇာတ်ကားတွင်ပါဝင်သည့် ပြော စကားများမှ ဘ၀ပေးသင်ခန်းစာ အချို့ရရှိနိုင်လိမ့်မည်ဟု သိရသည်။ “ဒီဇာတ်ကားမှာ ပန်းနုသွေးနေရာကနေပြီး မိဘစွန့်ပစ်လို့ အနှိမ်ခံရတဲ့ ဘ၀ကနေ အောင်မြင်အောင် ကြိုးစားတဲ့ မိန်းကလေး အဖြစ် သရုပ်ဆောင်ရတာပါ၊ ဒီဇာတ်ကားရဲ့ အကျိုးကျေးဇူးအနေနဲ့ ဘ၀မှာ ဘယ်လို အခက်အခဲ တွေရှိပါစေ၊ သည်းခံပြီး ကြိုးစားရင်း အရာရာကို အောင်မြင်နိုင်တယ် ဆိုတဲ့ သင်ခန်းစာ ရရှိပါတယ်” ဟု သရုပ်ဆောင် မေမြင့်မိုရ်က ပြောသည်။

အဆိုပါ ဇာတ်လမ်းတွဲအား ဒါရိုက်တာ ထင်ကျော်က ရိုက်ကူး၍ မင်းသားအဖြစ် မြတ်သူကျော်၊ စိုင်းနေဖြိုးတို့ ပါဝင်ပြီး မင်းသမီးများ အဖြစ် မေမြင့်မိုရ် နှင့် မေမီကျော်ကျော် တို့ အဓိက ပါဝင် သရုပ်ဆောင်ထားကြပြီး ယခင် TV ဇာတ်လမ်းတွဲများ၌လည်း ၄င်းတို့ပင် ပါဝင်သရုပ်ဆောင် ထားသည်ဟု သိရသည်။

“မိဘက အလိုလိုက်တော့ အရမ်းဆိုးတဲ့ ကောင်မလေး နေရာကနေ သရုပ်ဆောင်ထား တယ်။ မော်ဒယ်ဖြစ်ချင်လို့ ကြိုးစားနေတဲ့သူပေါ့။ ပန်းနုသွေးကို မနာလိုရင်း ကိုယ့်ထက်သာ မှာလဲစိုးရိမ်နေတဲ့  နေရာကပါ။” ဟု မေမီကျော်ကျော်ကပြောသည်။ ၎င်းဇာတ်လမ်းတွဲ ကို နိုဝင်ဘာလထဲတွင်ပြသနိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် 1st Season တွင် အပိုင်း(၆၀) ပါရှိမည်ဖြစ်သည်ဟု သိရသည်။

“အချစ်ဆုံးသူငယ်ချင်း ဆိုးသမျှကို ဒိုင်ခံလိုက်လုပ်ပေးရတဲ့ သူငယ်ချင်း ပြည့်စုံ နေရာကနေ သရုပ်ဆောင် ရပါတယ်။ ပြည်တွင်းဇာတ်လမ်းတွဲတွေကိုလည်း အားပေးစေချင်ပါတယ်။” ဟု စိုင်းနေဖြိုးက ပြောသည်။ MRTV-4 မှ ထုတ်လွှင့်ပြသသော ဇာတ်လမ်းတွဲမှာ အချစ်သင်္ကေတ (The Song of Love) တစ်ကားပြသခဲ့ပြီး ပျော်စရာကမ်းခြေ (Happy Beach) ဇာတ်လမ်းတွဲ ကို သြဂုတ်လတွင်ပြသသွားမည်ဖြစ်ပြီး ပန်းနုသွေးဇာတ်လမ်းတွဲအား နိုဝင်ဘာလအတွင်း ပြသ ရန် ရည်ရွယ်ထားသည်ဟု သိရသည်။


http://myitmakhamediagroup.com/detail.php?newid=4965

ရိုးလ် ကုန်တိုက်ဟောင်း အဆောက်အအုံကို ဧရာဝတီဘဏ် ရုံးဖွင့်မည်

ရန်ကုန်မြို့တော်ခန်းမအနီး မဟာဗန္ဓုလ လမ်းမပေါ်တွင် တည်ရှိသည့် ရိုးလ် (Rowe & Company) ကုန်တိုက်အဖြစ် ဖွင့်လှစ်ခဲ့သော လ.ဝ.က အဆောက်အအုံကို Max Myanmar ကုမ္ပဏီက ပြုပြင်၍ ဧရာဝတီဘဏ်နှင့် ရုံးခန်း ပူးတွဲ ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်က The Voice သို့ ပြောကြားသည်။

ကိုလိုနီခေတ်တွင် နာမည်ကျော် ရိုးလ်ကုန်တိုက်အဖြစ် ဖွင့်လှစ်ခဲ့သော အဆောက်အအုံကို ဂျာမနီ ဗိသုကာပညာရှင်၊ ပြည်တွင်း ဗိသုကာ ပညာရှင် များနှင့် ရှေးဟောင်း အဆောက်အအုံ ဆိုင်ရာ အဖွဲ့အစည်းများ၏ အကြံဥာဏ်များရယူကာ ပြုပြင်မည်ဖြစ်ကြောင်း ၎င်းကပြောကြား သည်။

အဆိုပါရှေးဟောင်း အဆောက်အအုံပြုပြင်မှုလိုင်စင်ကို ဇွန်လ ၁၉ ရက်နေ့တွင်ရရှိခဲ့သဖြင့် ရှေး မူလလက်ရာ မပျက်စေဘဲ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီး ပြုပြင်မည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရှိရသည်။

"ရှေးဟောင်း အဆောက်အအုံတွေကို အနုပညာရဲ့ တန်ဖိုးသိပြီး အနုစိတ် ကိုင်တွယ် ပြုပြင်ဖို့ လိုပါတယ်" ဟု မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဆန်းဦးက ပြော ကြားသည်။ ရိုးလ်ကုန်တိုက်ကို တာဝန်ယူ ပြင်ဆင်နေသည့် ဗိသုကာ ပညာရှင်များနှင့် ရန်ကုန် မြို့ ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (Yangon Heritage Trust) တို့ တွေ့ဆုံခြင်း၊ မှတ်တမ်း မှတ်ရာများကို ရှာဖွေပေးခြင်း၊ အကြံပေးခြင်း များ ပြုလုပ်ခဲ့ကြောင်း အဆိုပါအဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြော ကြားသည်။

အနောက်နိုင်ငံထုတ် ကုန်ပစ္စည်းမျိုးစုံကို ရရှိနိုင်သော အရှေ့တောင်အာရှ၏ အကြီးဆုံး ကုန်တိုက်အဖြစ် နာမည် ကျော်ကြားခဲ့သည့် ရိုးလ်ကုန်တိုက်ကို ၁၉၁၀ ပြည့်နှစ်ခန့်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရ လက်ထက် တွင် ပြည်သူပိုင် သိမ်းဆည်းခဲ့သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ၏လက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အား ဦးစီးဌာနရုံးအဖြစ် ပြောင်းလဲခဲ့ပြီးနောက် ပုဂ္ဂလိကလက်သို့ လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။
ဧရာဝတီဘဏ်သည် နိုင်ငံတစ်ဝန်း၌ ဘဏ်ခွဲ ၃၈ ခု ဖွင့်လှစ်ထားသည်။

စွပ်ရိန်၊ ဥမ္မာလွင်
The Voice Weekly

မြစ်ကြီးနား စစ်ဘေးရှောင်ကျောင်းများသို့ အမျိုးသားပညာရေးဖောင်ဒေးရှင်း လှူဒါန်းမည်

လှူဒါန်းငွေနှင့် ပစ္စည်းများကို စစ်ဘေးရှောင်ကျောင်းသားများ တက်ရောက်နေသည့် ကျောင်းငါးကျောင်းသို့ လှူဒါန်းသွားမည်။ (ဓာတ်ပုံ - ဖိုးဇော်)

ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ စစ်ဘေးရှောင်ကျောင်းသားများတက်ရောက်နေသော  ကျောင်း ငါးကျောင်းအား အမျိုးသားပညာရေး ဖောင်ဒေးရှင်းမှ သွားရောက်လှူဒါန်းမည်ဖြစ်သည်ဟု အဆိုပါဖောင်ဒေးရှင်း၏ ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် အသင်း ဥက္ကဋ္ဌ ပန်းတိုင် ဦးသန်းမောင်က ပြောသည်။

ဦးသန်းမောင်က ''အသင်းက လှူမယ့်ငွေ သိန်း ၂ဝ၊ ပန်းတိုင်စာပေက ဆယ်သိန်းအပြင် ဒီပြင် အလှူရှင်တွေက လှူဒါန်းမယ့်အလှူငွေတွေနဲ့ ပစ္စည်းတွေကို အဲဒီမြစ်ကြီးနားက စစ်ဘေးရှောင်ကျောင်းသားတွေ တက်နေတဲ့ ကျောင်းငါးကျောင်း ကို ခွဲဝေလှူဒါန်းသွားမှာပါ။ ဇူလိုင်လဆန်းပိုင်းမှာ သွားရောက်လှူဒါန်းမှာပါ'' ဟု မဇ္ဈိမကို ပြောသည်။

ရရှိသောအလှူငွေများကို ဖောင်ဒေးရှင်းအနေဖြင့် တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် တစ်ခု လျှင် နှစ်ကျောင်းနှုန်းဖြင့်ကျောင်း ၂၈ ကျောင်းအား သွားရောက်လှူဒါန်းရန် စီစဉ်လျက်ရှိနေပြီး သုံးကျောင်းအား ထပ်မံတိုး၍ စုစုပေါင်းကျောင်း ၃၁ ကျောင်းအား လှူဒါန်းသွားမည်ဖြစ်သည် ဟု ဖောင် ဒေးရှင်း၏ အတွင်းရေးမှူး ဦးကျော်မင်းခန့် က ပြောသည်။

ဖောင်းဒေးရှင်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် လူတိုင်းအခြေခံပညာ တတ်မြောက်ရေး ဟူသော ရည်ရွယ်ချက် အပါအဝင် ရည်ရွယ်ချက်ခြောက်ချက်ဖြင့် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေပြီး အသင်းလုပ်ငန်းစဉ် သုံးဆင့်ခွဲထားသည်။ ပထမအဆင့်တွင်ကျေးလက်နှင့် နယ်စပ်ဒေသရှိ အခြေခံကျောင်းများ၊ ဘုန်းတော်ကြီးနှင့် သီလရှင်သင်ပညာရေးကျောင်းများ၊ မြို့ပြတွင် တည်ရှိသော်လည်း အမှန်တ ကယ်အကူအညီလိုအပ်နေသော အခြေခံကျောင်း များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲဖြစ်ပေါ်နေသည့် အခြေခံ ကျောင်းများနှင့် ယင်းကျောင်းများမှ ကျောင်း သူကျောင်းသားများအား ကူညီထောက်ပံ့ရန် ဖြစ်သည်။

ရန်ပုံငွေအင်အား တောင့်တင်းလာပါက ဒုတိယအဆင့်ဖြစ်သည့် ထူးချွန်ထက်မြက်သော်လည်း ပညာဆက်လက် သင်ကြားရန်အခက်အခဲရှိသော ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီအား ကူညီပံပိုးသွား ရန်ဖြစ်သည်။ တတိယ အဆင့်မှာ နိုင်ငံတ ကာတက္ကသိုလ်များနှင့်ဆက်သွယ်၍ ပညာရည်မြင့်မားသော ကျောင်းသားကျောင်းသူများအားနိုင်ငံတကာသို့ စေလွှတ်ကာ အဆင့်မြင့်ပညာရပ်များအား သင်ကြားပေးရန်ဖြစ်သည်။ အဆိုပါဖောင်ဒေးရှင်းအား ၂ဝ၁၂ခုနှစ် သြဂုတ် ၂၁ ရက်တွင် စည်းရုံးရေးကော်မတီ စတင်ဖွဲ့စည်းကာ ၂ဝ၁၂ ခုနှစ်အောက်တိုဘာ ၂၁ရက်တွင် ပထမအကြိမ်မျက်နှာစုံညီအစည်းအဝေးနှင့် လှူဒါန်းပွဲကျင်းပခဲ့ပြီး၊ ဒေးဒရဲမြို့နယ် တွင် စတင်လှူဒါန်းဖြစ်ခဲ့သည်။

Mizzima News

Panasonic ကထုတ်မည့် လက်မ ၂၀ ကျောက်သင်ပုန်း ကွန်ပြူတာ



Tablet တစ်လုံး လက်မ ၂၀ ဆိုတော့ ဘယ်လိုများ သုံးမလဲ မသိပါဘူး။ ဂျပန် Panasonic ကတော့ CES 2013 မှာ Prototype အနေနဲ့ ဝင်ရောက် ပြသခဲ့ပြီး ဖြစ်ပါတယ်။ ၉.၇ လက်မ iPad 4 တောင် ကြီးတယ် ဖြစ်နေတာ။ လက်မ ၂၀ ဆိုရင်တော့ သွားလေရာ သယ်ဖို့ အဆင် မပြေတာ သေချာနေပါပြီ။ သိုပေမယ့် Panasonic ကတော့ တကယ်ထုတ်မှာပါတဲ့။ resolution 840x2,560-pixel ရှိပြီး တစ်လက်မ စကေးမှာ 230 pixels အရည်အသွေး ထုတ်နိုင်တယ် ဆိုတော့ နည်းတဲ့ ကြည်လင်ပြတ်သားမှု မဟုတ်ပါဘူး။ LCD Display ကိုပဲ အသုံးပြုတာပါ။

ကြိုးမဲ့ကီးဘုတ်သာ တပ်ပေးလိုက်ရင် PC တစ်လုံးလို အသုံးပြုလို့ရမယ် ထင်ပါတယ်။ အရွယ်က ကြီး resolution ကလည်းကောင်းတော့ ရုပ်ရှင် ကြည့်ရင်ကြည့်၊ ပုံတည်းဖြတ်ရင်တည်းဖြတ် . အဲဒါအကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။ ကမ္ဘာ့အကြီးဆုံး Tablet ဖြစ်လာနိုင်တဲ့ လက်မ ၂၀ Tablet ကို Panasonic တို့ အနာဂတ်မှာ ထုတ်လုပ်သားမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: ces
Aung Kham (TSJ team)
Techspace Journal

ဆီးရီးယားသို့ လက်နက်များ တင်ပို့ရန် အမေရိကန်နှင့် မဟာမိတ် နိုင်ငံတို့ လုပ်ဆောင်လျက်ရှိ

ဆီးရီးယား- တူရကီ နယ်စပ်နှင့် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒါရာမြို့တွင် ဆီးရီးယားအစိုးရ အား အတိုက်အခံပြုတိုက်ခိုက်လျက်ရှိသည့် ဆီးရီးယားအတိုက်အခံများထံသို့ အမေရိကန်နှင့် မဟာမိတ်နိုင်ငံတို့မှလက်နက်များ ထောက်ပံ့ရန် အစီအစဉ်နှင့် ပတ်သက်၍ လုပ်ဆောင်လျက်ရှိ ရာ ယခုအခါ လက်နက်များတပ်ဆင်ပြီးစီးမှု အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အတွင်းသိသံတမန်များက ပြောကြားခဲ့သည်။

ထိုသို့ ပို့ဆောင်မည့် စစ်လက်နက်ပစ္စည်းများတွင် တီ-၆၂ နှင့် တီ-၅၅ တင့်များ အပါအဝင် စစ်ဘက်သုံးယာဉ်များ ပါဝင်မည်ဖြစ်ပြီး ၎င်းတို့အား လျှို့ဝှက်လမ်းကြောင်းမှ ပို့ဆောင် သွားမည် ဖြစ်ကြောင်း အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ထို့အတူ အဆိုပါ အစီရင် ခံစာတွင် ဆီးရီးယား အတိုက်အခံများ ဘက်မှနေ၍ လက်နက် ကိုင်ဆောင်နိုင်ပြီး စစ်သင်တန်း လေ့ကျင့်မှု ခံယူနိုင်မည့် မည်သည့် ဆီးရီးယား နိုင်ငံသားကို မဆို လေ့ကျင့်မှုများ ပေးပြီး ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ အမေရိကန်နှင့် ၎င်း၏ မဟာမိတ် နိုင်ငံတို့သည် ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် ပြည်တွင်းစစ်၌ စစ်အင်အား ညီမျှမှု ရှိစေရန်အတွက် ဝင်ရောက်စွက် ဖက်လျက်ရှိသည်။

မြ၀တီ

ရန်ကုန် မြစ်ဖြတ် ချစ်ကြည်ရေးတံတား တောင်ကိုရီးယား လက်ဆောင်ပေးမည်


ရန်ကုန်မြစ်ဖြတ် တံတား မရှိသောကြောင့် စက်တပ်သမ္ဗာန် များဖြင့် ရင်တမမ ခရီးသွားနေကြရသူများ။ တံတားကြီးပေါ်ထွန်းလာလျှင် ထိုသူများ အသက် အန္တရယ်ကင်းစွာ ခရီးသွားလာ နိုင်တော့မည်။ ဓာတ်ပုံ - EPA

တောင်ကိုရီး ယားအစိုးရက မြန်မာ-တောင် ကိုရီးယားချစ်ကြည်ရေးတံတား တစ်စင်းကို ရန်ကုန်မြစ်ဖြတ်တည် ဆောက်ပေးရန် သဘောတူလိုက် ပြီဖြစ်သည်။ ထိုချစ်ကြည်ရေးတံတား က တောင်ကိုရီးယား၏ ပုံရိပ်အား မြန်မာပြည်သူများအတွင်း မြှင့်တင်ပေးနိုင်လိမ့်မည် ဟု တောင်ကိုရီးယားအစိုးရက ယုံကြည်နေကြောင်း ယွန်ဟပ်သတင်းကရေး သားလိုက်သည်။

မြန်မာနိုင်ငံ နေပြည်တော် သို့ရောက်ရှိ နေသည့် တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီး ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာအစိုးရသက်ဆိုင်ရာဝန်ကြီးဌာနတို့ ဆွေးနွေးအပြီး အဆိုပါ သဘောတူညီချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ တံတားတစ်ဖက်ခြမ်းတွင် တောင်ကိုရီးယားက စက်မှုဇုန်တစ်ခုကို အကောင်အထည်ဖော်ပြီး ကိုရီးယားကုမ္ပဏီများ ထိုစက်မှုဇုန်တွင်လာရောက် ရင်းနှီးမြှုပ်နှံမှုပြုနိုင်ရန်လည်း တောင်ကိုရီး ယားက မြန်မာအစိုးရအားဆက်လက်တိုက်တွန်းမည် ဟုဆိုသည်။ ထို့ပြင် တောင်ကိုရီးယား က ယင်း၏စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးတွင် အောင်မြင် ခဲ့သော Saemaul(ကျေးရွာသစ်များ)လှုပ်ရှားမှုအတွေ့အကြုံများကို မြန်မာနိုင်ငံအား မျှဝေပေး ရန် မြန်မာ အစိုးရနှင့် သဘောတူညီမှုရရှိ လိုက်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Hyun Ohseok နှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဦးဝင်းရှိန် တို့သည် ယနေ့ တွင် နေပြည်တော်၌ တွေ့ဆုံဆွေး နွေးကြပြီးနောက် ယင်းကဲ့သို့ သဘောတူ လိုက်ကြခြင်းဖြစ်ကြောင်း တောင်ကိုရီးယား သတင်း ဌာနယွန်နပ်က ရေးသားသည်။

နှစ်နိုင်ငံ ဝန်ကြီးဌာနအဖွဲ့ များ တွေ့ဆုံဆွေးနွေးကြပြီးနောက် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အ ခြေခံအဆောက်အအုံ၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးကဏ္ဍ၊ ဆေးဝါး နှင့် အသံလွှင့် လုပ်ငန်းများ အထိ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်ကြရန်လည်း သဘောတူခဲ့ကြ သည်ဟု သိရသည်။ ''မြန်မာနိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်မှုကအစ တရုတ်နိုင်ငံလိုပဲ တိုးတက်ပြီး နိုင်ငံတွေရဲ့ပြိုင်ကွင်း တစ်ကွင်းအဖြစ် ပေါ်ထွန်းလာခဲ့ ပြီဖြစ်တယ်'' ဟု တောင်ကိုရီးယားဝန်ကြီး က ပြောသည်။

''ပထမဆုံး သော ပူးတွဲကော် မတီအစည်းအဝေးကို အခွင့်ကောင်း ယူပြီး မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအ စောပိုင်းအဆင့်အတွက် ကျွန် တော်တို့ လက်ဦး မှု ရယူ ဖို့ကြိုးစား နေပါတယ်။ ကျွန်တော်တို့က ကိုးရီ ယားဟန် ဖွံ့ဖြိုးတိုးတက်မှုပုံစံကို မြန်မာတွေကျင့်သုံးစေဖို့ တတ်နိုင် သလောက် ကြိုး စားမယ်''ဟု ဝန် ကြီး ကဆက်လက် ပြောဆိုသည်။ ၁၉၇၀ ကျော်နှစ်များ က တောင်ကိုရီးယား၏ အဆိုပါလှုပ် ရှားမှုကြီးသည် ကျေးလက်ဖွံ့ဖြိုးမှု ကိုအခြေခံခဲ့ပြီး ယင်းက ဆင်းရဲ မွဲတေ မှုကို ကျော် လွှား နိုင်ခဲ့သည် ဟုသိရသည်။

ဒလမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ''မနေ့တုန်း က ကိုရီးယားဘက်က ဘဏ်ဥက္ကဋ္ဌ တစ်ဦးနဲ့ ရှစ်ဦးပါတဲ့အဖွဲ့လာပြီး တော့ ကြည့်သွားတယ်။ ဒလမြို့ နယ် ကမ်းနားလမ်း တလျှောက် ကြည့်သွားတယ်။ နာရီစင်လမ်းအတိုင်း ဓနုတ်ဘုရားကြီး ဘက်က လယ်ကွင်းတွေ ကိုလဲ ကြည့်သွားတယ်။ အဲဒီ လယ်ကွင်းတွေက စက်မှုဇုန်ဖော်ထုတ်လို့ ရနိုင်တယ်ဆိုပြီးတော့ လဲပြောသွားတယ်။ တံတားထိုးမယ့်နေရာက ဘုန်းကြီးလမ်း ဆိပ်ကမ်းဘက်က နေပြီးတော့ဖြစ် ဖို့များတယ်''ဟု အတည်ပြုပြော သည်။

ယင်းကဆက်လက်ပြီး ''ဒီစီမံကိန်းကြောင့် လာမယ့်နှစ်နှစ် လောက်အတွင်းမှာ ဒလမြို့နယ်က လက်ရှိအခြေအနေကနေ ပြောင်း ပြန်အနေအထားမျိုး တိုးတက် ဖွံ့ ဖြိုးသွား ဖို့ရှိတယ်။ ဒလမြို့နယ်မှာ ရှိတဲ့ လူ ၅ဝဝဝဝ လောက်က ရန်ကုန် ဘက်ကို နေ့စဉ်သင်္ဘောတွေနဲ့ ကူး ပြီးအလုပ်သွားလုပ်နေရတာလဲ အဆင် ပြေသွား မယ်။ ဒီဘက် မှာ စက်မှုဇုန်တွေ ပေါ်လာ မှာဖြစ်တဲ့ အတွက် ကိုယ့်မြို့နယ်မှာ ကိုယ့် အ လုပ်အကိုင်နဲ့ကိုယ်ဖြစ်သွားမယ်''ဟု ပြောသည်။
 
ညီလတ်
YMG

ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရန်မဟုတ် ပေါင်းစည်းနေထိုင်၍ အာဏာကိုခွဲဝေသုံးစွဲရန်ဖြစ် အမေရိကန်ပြည်ထောင်စုပင်လျှင် တစ်ခုတည်းသော အမေရိကန်တပ်မတော်သာရှိ

အမေရိကန်ကွန်ဂရက် House of Representatives ဥက္ကဋ္ဌ Hon. Mr. John A. Boehner နှင့် အမေရိကန် ပြည်ထောင်စု အစိုးရတို့၏ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့ လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ အမျိုးသား လွှတ်တော်ကော်မတီအတွင်းရေးမှူး ဦးခက်ထိန်နန်၊ ပြည်သူ့လွှတ်တော်ကော်မတီ အဖွဲ့ဝင် များ ဖြစ်ကြသည့် ဒေါက်တာဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့ နှင့်အတူ ဇွန် ၁၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က အမေရိကန်ကွန်ဂရက် အဆောက်အအုံ(Capitol Hill) ၌အတိုက် အခံ ခေါင်းဆောင် Senator Mitch McConell နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဇွန် ၁၂ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် ကွန်ဂရက် အဆောက်အအုံ (Capitol Hill) ၌ အမေရိကန် အထက်လွှတ်တော် အမတ် Senator Ms. Diane Feinstein၊ Senator Benjamin Cardin နှင့် Senator John McCane ၊ အမေရိ ကန် အောက်လွှတ်တော်အမတ် Representative Joseph Crowley နှင့် Representative Jerrold Nadler တို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယင်းနေ့ ညနေပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ခေါင်းဆောင်သော မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ကွန်ဂရက် အဆောက်အအုံ (Capitol Hill) ၌ အမေရိကန် အောက်လွှတ်တော် အတိုက်အခံ ခေါင်းဆောင် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Ms. Nancy Pelosi နှင့် လည်းကောင်း၊ အမေရိကန် အထက် လွှတ်တော်အမတ် Senator Briam Schatz နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

၎င်းနောက် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် ကွန်ဂရက်အဆောက် အအုံ၌ အောက် လွှတ်တော် အမတ်များ ဖြစ်ကြသော Representative David Price နှင့် Representative Peter Roskam တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇွန် ၁၁ ရက် နံနက် ၁၁ နာရီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mrs. Hillarry Clinton နှင့် ခေတ္တတည်းခို နေထိုင်သည့် ဝါရှင်တန် ဒီစီမြို့ရှိ Grand Hyatt ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ဇွန် ၁၇ ရက် နံနက်၈ နာရီက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် ဆန်ဖရန်စစ္စကို မြို့တော်ဝန် Mr. Edwin Mah Lee တို့သည် ဆန်ဖရန် စစ္စကိုမြို့ရှိ Retz- Carlton Hotel ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ ဇွန် ၉ ရက် နံနက်ပိုင်းက President of NDI, Mr. Kenneth Wollack၊ President of IRI,Mr.Lome Craner၊ President of NED,Mr. Carl Gershman တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထို့နောက် IRG Boardမှ ကွန် ဂရက် လွှတ်တော် အမတ်ဟောင်း များဖြစ်ကြသော Ambassador Jim Jones, Mrs. Nancy Johnson, Mr. James Slattery တို့မှ တည်ခင်းသော နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့သည်။

ယင်းနောက် ကွန်ဂရက်လွှတ်တော် ဘတ်ဂျက်ရေးရာရုံး (CBO)နှင့် အစိုးရလုပ်ငန်းစစ်ဆေးရေး ရုံး (GAO) တို့သို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။ ဇွန် ၁၁ ရက် နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မွန်းလွဲပိုင်းတွင် အမေရိကန် ကွန်ဂရက်အတွင်း လှည့်လည် ကြည့်ရှု လေ့လာ ကြသည်။ ထို့နောက် အမေရိကန် ကွန်ဂရက် (Library of Congress)ကို ကြည့်ရှုလေ့လာ ကြသည်။ ညနေပိုင်းတွင် အမေရိကန်- အာဆီယံ စီးပွားရေးကောင်စီနှင့် အမေရိကန် ကုန်သည်ကြီးများအသင်း၌ ပြုလုပ်သည့် တွေ့ဆုံဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့သည်။

ဇွန်၁၃ရက် နံနက် ၁၁နာရီကပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း ခေါင်းဆောင်သောမြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့အား ဝါရှင်တန် ဒီစီမြို့ရှိ Woodrow Wilson Center၌ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS) နှင့် အမျိုးသား ဒီမိုကရေစီ ရေးရာ အဖွဲ့ (NDI) တို့က နေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ ထို့ နောက် Woodrow Wilson Center၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုများနှင့် ပတ်သက်၍ ရှင်း လင်းပြော ကြားကာ တက်ရောက် လာသူများ၏ မေးမြန်းမှုများ အပေါ် ဖြေကြားခဲ့သည်။

ဇွန် ၁၄ ရက် နံနက်ပိုင်းက နယူး ယောက်မြို့ရှိ Google ရုံးချုပ်သို့သွားရောက် လေ့လာခဲ့သည်။

ဇွန် ၁၆ ရက် နံနက် ၉ နာရီခွဲက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဆန်ဖရန် စစ္စကိုမြို့ရှိ မြန်မာနိုင်ငံ သားများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှု အခြေအနေ များအား ရှင်းလင်း ပြောကြားကာ မေး မြန်းမှုများ အပေါ် ဖြေကြားခဲ့သည်။

ယင်းနေ့မွန်းလွဲ ၁ နာရီခွဲက ဆန်ဖရန် စစ္စကို မြို့တော်ခန်းမသို့ သွားရောက်လေ့လာရာ ဆန်ဖရန် စစ္စကို မြို့တော်ဝန် ဟောင်း Mr. Arthur Agnos နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ပြီး အမှတ်တရ ဓာတ်ပုံရိုက် ကြသည်။ ညနေ ၄ နာရီတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့သည် အမေရိကန် ဒီမိုကရေစီ ဖော်ဆောင်ရေး ကျွမ်းကျင် ပုဂ္ဂိုလ် Professor Larry Diamond နှင့် တွေ့ ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် ကွန်ဂရက် အထက်လွှတ်တော်၊ အောက်လွှတ်တော်များမှ လွှတ်တော် အမတ်များ၊ အတိုက်အခံ ခေါင်းဆောင်များ၊ လွှတ်တော် အမတ်ဟောင်းများ၊ အမေရိကန် ပြည်ထောင်စုရှိ NDI, IRI, NED, IRG, CRS, CBO စသည့် အဖွဲ့အစည်းများ၊ အမေရိကန် သမ္မတ၊ ဒုတိယ သမ္မတများ၏ အကြံပေး ပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ US Chamber of Commerceမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် မိမိနှင့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အမေရိကန် ပြည်ထောင်စုသို့ လာရောက်ရသည့် ရည် ရွယ်ချက် နှစ်ခုလည်း ရှိပါကြောင်း၊ ပထမအချက် အနေဖြင့် မြန်မာ- အမေရိကန် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဖြစ်ပါကြောင်း၊

ဒုတိယရည်ရွယ်ချက်မှာ အမေရိကန်နိုင်ငံတွင် ကျင့်သုံးနေသည့် ဒီမိုကရေစီစနစ်နှင့် ကွန်ဂရက် လွှတ်တော်များ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များအား လေ့လာပြီး လေ့လာချက်များထဲ မှ ကောင်းမွန်သင့်လျော်သော အချက်များအား မြန်မာနိုင်ငံသို့ ယူဆောင်သွားနိုင်ရေး အတွက် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ဈေးကွက် စီးပွားရေးစနစ် ကို ပြောင်းလဲကျင့်သုံးခဲ့ပါကြောင်း၊ ယခုကဲ့သို့ ပြောင်းလဲကျင့်သုံး ဆောင်ရွက်နိုင်ခြင်းမှာ ယခင် တပ်မတော်အစိုးရက အုတ်မြစ်ချပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရလမ်းကြောင်းပေးခဲ့သော ဈေးကွက်စီးပွားရေးစနစ်နှင့် ဒီမိုကရေစီစနစ်ကို ဆက် လက်လျှောက်လှမ်းသွားရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အားနည်းခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေး ချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း၊

မိမိတို့ နိုင်ငံအား ယခုအစိုးရ ကလည်း ဖွံ့ဖြိုးတိုးတက် စေလိုပါကြောင်း၊ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သောအစိုးရများကလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ အောင်မြင်မှုနှင့် ဆုံးရှုံးမှုများအပေါ်တွင် ဝေဖန်ပုတ်ခတ် ပြောဆိုနေမည့်အစား သင်ခန်းစာရယူ၍ ဆောင်ရွက် သွားရမည့် အချိန်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင်ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်း သည့်နိုင် ငံများသည် ၎င်းတို့နည်း၊ ၎င်းတို့ဟန်၊ ၎င်းတို့နိုင်ငံနှင့် ကိုက်ညီသောဒီမိုကရေစီ စနစ် ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက် ပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံဖြစ်ရန်အတွက် မိမိတို့နိုင်ငံနှင့်လျော်ညီသော ဒီမိုကရေစီစနစ် ကို ကျင့်သုံးရန် လိုအပ်သည်ဟု ထင်မြင်ယူဆ ပါကြောင်း၊

ပြီးခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရက ဤစနစ်ကိုကျင့်သုံး ရန် လမ်းခင်းပေးခဲ့ပါကြောင်း၊ ဒီမိုကရေစီလိုလားသော ပြည်သူများနှင့် လိုလားသည့်နိုင်ငံများ ၏ ပြောကြားချက် များအား အလေးထား ဆောင်ရွက် ခဲ့ပါကြောင်း၊

ပြည်တွင်းရှိ ဒီမိုကရေစီ အရေးတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသော သူများ၏ ဆောင်ရွက်ချက် များကြောင့်လည်း ပါဝင်ပါကြောင်း၊ယနေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ မိမိတို့ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒေါ်အောင်ဆန်းစုကြည်တို့က အဓိကနေရာမှ ပါဝင်ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ လွှတ်တော်မရှိပါက ဒီမိုကရေစီမရှိနိုင်ပါကြောင်း၊ လွှတ်တော်များရှိရန် လိုအပ်သကဲ့သို့ ခိုင်မာရန်လည်း လိုအပ် ပါကြောင်း၊ ထို့ကြောင့် အမေရိကန် နိုင်ငံ၏ ဒီမိုကရေစီ စနစ်နှင့် ကွန်ဂရက်၏ ဆောင်ရွက်ချက် များအား လာရောက်လေ့လာခြင်း ဖြစ်ပါကြောင်း၊ ဖက်ဒရယ်ကိစ္စနှင့် ပတ်သက်၍ အချို့က ခွဲထွက်ခွင့်ရှိသည်ဟု ဆိုခြင်းကို ဖက်ဒရယ်ဟု ယူဆ နေကြကြောင်း၊

အချို့ကလည်း ဖက်ဒရယ်ဟုဆိုလျှင် ခွဲထွက်မည်ဟုထင်နေကြကြောင်း၊ ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ရန် မဟုတ်ပါကြောင်း၊ ပေါင်းစည်းနေထိုင်၍ အာဏာကိုခွဲဝေသုံးစွဲရန် ဖြစ်ပါကြောင်း၊ အမေရိကန် ပြည်ထောင်စုပင်လျှင် တစ်ခုတည်းသော အမေရိကန်တပ်မတော်သာ ရှိပါကြောင်း၊ စုစည်းပေါင်းစုနေထိုင်ကာ အာဏာဖြန့်ဝေသုံးစွဲ၍ ကျင့်သုံးဆောင်ရွက်နေသည်ကို တွေ့ရှိရ ပါကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ ကျင့်စဉ်ဖြစ်ပြီး မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်ပြီး တည်ငြိမ်အေးချမ်းရန်အတွက် အားလုံးပါဝင်ဆောင်ရွက်နိုင်ရေးသည် အရေးကြီး ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

အမေရိကန်ကွန်ဂရက် လွှတ်တော်အမတ်များ၊ အဖွဲ့အစည်းများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက လည်း အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို အသိအမှတ်ပြု ထောက်ခံပါကြောင်း၊ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်မှု ရရှိအောင် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းများကို ခေါင်းဆောင်နိုင်သည့် နိုင်ငံတော်သမ္မတ၊ အဆွေတော် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်း စုကြည်တို့၏ မှန်ကန်သော ခေါင်းဆောင်မှုများ ရှိနေပြီ ဖြစ်သည့် အတွက် အောင်မြင်မှုရရှိမည် ဖြစ်ပါကြောင်း၊ မြန်မာ- အမေရိကန်နှစ်နိုင်ငံ လွှတ်တော်များ၊ အဖွဲ့အစည်းများ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့်  ပြော ကြား ခဲ့ကြသည်။

မြ၀တီ

အင်ဒိုနီးရှားဘက်က တောမီးကြောင့် စင်္ကာပူမှာ လေထုညစ်ညမ်းမှု အုံ့ဆိုင်းမှုများ

 
အင်ဒိုနီးရှားဘက်က တောမီးကြောင့် စင်္ကာပူမှာ ၁၆နှစ်တာအတွင်း အဆိုးဝါးဆုံးလို့ သတ်မှတ်တဲ့ လေထုညစ်ညမ်းမှု အုံ့ဆိုင်းမှုများ ဖြစ်ပေါ်နေပါတယ်။ တချို့ဈေးဆိုင်တွေ၊ အစားအသောက် ၀န်ဆောင်မှု လုပ်ငန်းတချို့လည်း ဒီအုံ့ဆိုင်းမှုတွေကြောင့် ခဏပိတ်နားထားကြောင်း သိရပါတယ်။

PSI (Pollutant Standards Index) ဟာ စင်္ကာပူအစိုးရရဲ့ ၃နာရီကြားတခါ ထုတ်ပြန်ချက်တွေအရ ဇွန်လ ၁၉ ရက် ညပိုင်းမှာ စိုးရိမ်စရာအဆင့် PSI 300+ အထက်ထိ မြင့်တက်လာခဲ့ကြောင်း၊ အခုလက်ရှိ ဇွန်လ ၂၀ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီ တိုင်းထွာချက်အရ PSI 198 ရှိနေပြီး နေ့လည် ၁နာရီမှာ PSI 371 ထိ မြင့်တက်လာဖွယ်ရှိနေကြာင်း သိရှိရပါတယ်။ PSI သတ်မှတ်ချက်အရ 300 အထက်ကို စိုးရိမ်မှုအဆင့်လို့ သတ်မှတ်ထားပါတယ်။

စင်္ကာပူအစိုးရက လမ်းပေါ်သွားလာသူတွေကို နှာခေါင်းကာမျက်နှာဖုံးတွေ ၀တ်ဆင်ကြဖို့ သတိပေးထားသလို အဲဒီ့ မျက်နှာဖုံး သုံးစွဲမှုများပြားလာလို့ ပြတ်လပ်မှုတွေ ရှိတယ်လို့လည်း စင်္ကာပူမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတချို့က ဆိုပါတယ်။

မီးခိုးတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား ကျွန်းပေါ်မှာ တရားမ၀င် တောမီးရှို့ ရာကနေ ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက် အင်ဒိုနီးရှား အစိုးရ အနေနဲ့  ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ပေးဖို့  စင်္ကာပူ နိုင်ငံဘက်က တောင်းဆို ထားပါတယ်။ စင်္ကာပူနိုင်ငံဘက်က ဆက်သည်းမခံနိုင်တော့ တဲ့အကြောင်းနဲ့ ဒေါသ ထွက်နေပြီဆိုတဲ့ အကြောင်းကို ပတ်ဝန်းကျင်နဲ့ ရေအရင်း အမြစ်ဝန်ကြီး ဒေါက်တာ ဗီဗီယန်က သူ့ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ အင်ဒိုနီးရှား အစိုးရက တောမီးတွေကို မိုးအတုရွာပြီး ငြိမ်းသတ်ဖို့  စီစဉ်နေတယ်လို့  ဆိုပါတယ်။

Ref: DVB TV News

ရင်ထဲကို တော်တော်ထိတဲ့ ပိုစ့်လေးတစ်ပုဒ်



   အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ တစ်ခါက တက္က သိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက ...."ကစားနည်းတခု ကစားရအောင်..ဆရာနဲ့အတူ ဘယ်သူပါ ဦးမလဲ" ကျောင်းသူတဦး ထရပ်ပြီးစတိတ်စင်ပေါ် တက်လိုက်သည်။ဆရာက "သင်ပုန်းပေါ်မှာ ကိုယ့်နဲ့အ ရင်းနှီးဆုံး လူ(၂၀)ဦးရဲ့ နာမည်ကို ရေးလိုက်ပါ"သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း ၊ဆွေမျိုးသားချင်း၊ မိသားစုနာမည်များကိုရေးချလိုက်သည်။ ထို့နောက်ဆရာက "အဲဒီနာမည်တွေထဲက မရှိ လဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ထင်တဲ့နာမည်ကို ဖျက်လိုက်ပါ"အိမ်နီးချင်းတစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။" နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး"သူငယ်ချင်းတစ်ယောက်၏နာမည်ကို ဖျက် လိုက်ပြန်သည်။ ဆရာပြောတိုင်း သူမကတစ်ယောက်ပြီးတစ်ယောက် ဖျက်လိုက်နှင့်နောက်ဆုံး သင်ပုန်းေ ပ်ါတွင်လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် သားသမီးဖြစ်သည် ။ ကျောင်းသားများအားလုံး စိတ်ဝင်တစား သင်ပုန်းကိုသာ စူးစိုက်ကြည့်နေကြသည်။ စာသင်ခန်းတစ်ခုလုံး မှာ တိတ်ဆိတ်နေပြီး ကစားနည်းတစ်ခု ကစားနေတာနှင့်ပင်မတူတော့ပေ။ ဆရာက တည်ငြိမ်သောအ သံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာအရွေးရခက်သောဟန်ဖြင့် အကြာကြီးစဉ်းစားပြီးမှ မိ ဘဆိုသည့်နာမည်ကို ကြက်ခြေခတ်ဖျက်ချလိုက်သည်။ "နောက်တယောက်ထပ်ဖျက်လိုက်"ဘေးမှဆရာ၏ အသံက ထပ်မံ ထွက်လာပြန်သည်။ ဒီတစ်ခေါက်သူမဖျက်ချဖို့ လက်မြှောက်ရာတွင်ပင် အင်အားကုန် ခမ်း နေဟန်တူသည်။ လက်ကိုဖြေးဖြေးချင်းမြှောက်ြပီး သားသမီးဆိုသည့် နာမည်ကိုဖျက်ချသည်နှင့် တစ်ြ ပိုက်နက် စိတ်ထိခိုက်သောအသံဖြင့် ချုံးပွဲချငိုကြွေးလေတော့သည်။ ဆရာက သူမအားနှစ်သိမ့်ပြီး..........." ကိုယ့်ရဲ့အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့သားသမီး ဖြစ်သင့်ပါတယ်။ မိဘကကိုယ့်ကို ကြီးပြင်းလာ တဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သားသမီးကကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးထားရတဲ့သူတွေဖြစ်တယ်။ သူတို့ကအစားပြန်မရနိုင်တဲ့ လူတွေဖြစ်တယ်။ လင်ယောက်ျားက နောက်တစ်ယောက် ထပ်ယူလို့ရပါလျှက် နဲ့ ဘာဖြစ်လို့မဖျက်ဘဲချန်ထားခဲ့ရသလဲ" ဟုမေးလေသည်။ ကျောင်းသားများကလည်း သူမ၏အဖြေကို စိတ်ဝင်တစားစောင့်မျှော်နေကြသည်။ သူမက ..."အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကိုထားပြီးအရင် ထွက်သွားကြလိမ့်မယ်။ သား၊သမီးတွေကလဲ ကြီးပြင်းလာရင်ကျွန်မကို ခွဲပြီးသွား ကြလိမ့်မယ်။ အဲဒီအချိန်မှာကျွန်မဘေးမှာ တသက်လုံးကူညီဖေးမမဲ့ သူဟာကျွန်မခင်ပွန်းသာဖြစ်ပါတော့ မယ်။ ဒါကြောင့်သူ့ကို မဖျက်ဘဲချန်ထားခဲ့ရခြင်း ဖြစ်တယ်" ဟု တည်ငြိမ်စွာ ပြန်ဖြေလေသည်။ ဘ၀မှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?

"အသွားမတော် တလှမ်း၊ အစားမတော် တလုတ်" ဆိုသလို
"အယူမတော် တသက်" လို့ရော ပြောလို့ ရနိုင်မလား...ဒါမှမဟုတ်.....
"အိမ်ထောင်မှု၊ ဘုရားတည်ဆေးမှင်ရည် စုတ်ထိုးဤသုံးမျိုး ချက်မပိုင်လျှင်နောင်ပြင်ရန် ခက်လိမ့်မည် " 

ဆိုတဲ့အတိုင်း မြန်မာလူမျိုးတွေအတွက်တော့ ဆရာပြောသလို မကောင်းရင်နောက်တယောက်ပြောင်းလို့ ဖြစ်ပါ့မလား.. မေးခဲ့ရင်ပြန်ဖြေဖို့ တော်တော်ခက်ပါလိမ့်မယ်။ နောက်ဆုံးအဖြေကို ပိုင်ပိုင်နိုင်နိုင်နဲ့ဖြေခဲ့တဲ့ အဲဒီကျောင်းသူကတောင် မိဘနဲ့ သားသမီးကိုဖျက်တဲ့အချိန်မှာ တုံ့ဆိုင်းနေခဲ့သေးတယ်။ အဖြေတောင်မ ရှိတဲ့လူကတော့ အဲနေရာမှာတင် မူးလဲသွားမလား မပြောတတ်ပါဘူး။ *အခုတော့ အဖေ့ဘေးမှာ အမေပဲ ကျန်ပြီး အမေ့ဘေးမှာ အဖေပဲကျန်နေခဲ့တဲ့ *လူတွေကိုမေးရင်ဘာများပြန်ဖြေလိမ့်မလဲ......?ကြိုး တစ်ချောင်းကို ဖြတ်ဖို့လွယ်ပေမယ့် သံယောဇဉ်ကြိုးကိုတော့ ဖြတ်ဖို့တော်တော်ကြိုးစားယူ ရဦးမယ်။ "သူ ငယ်ချင်းတို့ ရော နာက်ဆုံးဘာရွေးကြမှာလဲ? လူနှစ်ဆယ် မှာေ.နောက်ဆုံးမိဘနဲ့ ချစ်သူပဲချန်ခဲ့ မှာပါ...။
ဘာလို့ လဲဆိုတော့ ကိုယ်ချစ်တဲ့ လူတွေကိုပယ်ချ၇တာထက် ကိုယ်ကိုယ့် ကိုဘဲ ပယ်ပစ်လိုက်ချင်တယ်.."
မိဘတွေနဲ့  ချစ်သူဆိုတာ ကိုယ့်ဘ၀မှာ တကယ်မရှိမဖြစ် တကယ်လိုအပ်တဲ့ သူတွေပါ။


Facebook!


ADSL အင်တာနက် ဝန်ဆောင်ခ အွန်လိုင်းမှ စတင်ပေးသွင်းနိုင်

မြန်မာနိုင်ငံရှိ ADSL အင်တာနက်လိုင်း အသုံးပြုသူများ အနေနှင့် ADSL လစဉ် အသုံးပြုခများကို မြန်မာတယ်လီပို့တွင် သွားရောက်ပေးဆောင်ရန် မလိုတော့ဘဲ ဇွန်လ ၁၉ ရက်နေ့မှ စတင်ကာ ရတနာပုံ ADSL Bill စနစ်ဖြင့် အွန်လိုင်းအသုံးပြု ပေးဆောင်နိုင်ပြီဖြစ်ကြောင်း Yadanarpon Teleport Company Ltd, ၏ စီမံကိန်းများ တည်ဆောက်ရေးဌာနကြီး ဌာနမှူး ဦးအောင်စံမြတ်က ပြောကြားသည်။ “သုံးစွဲသူတွေက ကျွန်တော်တို့ကို အွန်လိုင်းဘဏ်စာရင်းထဲက တစ်လကျပ် ၅၀၀ ပေးရမယ်။ အသုံးမပြုချင်တော့ရင် သက်ဆိုင်ရာ ဘဏ်တွေမှာဖြစ်ဖြစ် YTP office ကိုဖြစ်ဖြစ် ဆက်သွယ်ပြီး အကောင့်ပြန်ဖျက်နိုင်တယ်” ဟု ၄င်းက ဆိုသည်။ ADSL Online Billing စနစ် အသုံးပြုလိုသူများသည် AGD ဘဏ်၊ ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်တို့တွင် ADSL Online Billing အတွက် လိုအပ်သည့် သီးသန့်ဘဏ်စာရင်း ဖွင့်လှစ်ကာ ebilling.ypay.com.mm ဝက်ဘ်ဆိုက်ဒ်မှတစ်ဆင့် အွန်လိုင်းငွေစာရင်းဖွင့်ပြီး စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ online bank account register form တွင် ဖြည့်သွင်းသည့် အချက်များမှာ မိမိဖွင့်ထားသည့် ဘဏ်စာအုပ်၏ မှတ်ပုံတင်နံပါတ်၊ အမည်တို့နှင့် တူရမည်ဖြစ်ကြောင်း ဦးအောင်စံမြတ်က ပြောကြားသည်။ လက်ရှိ မြန်မာနိုင်ငံတွင် Yatanarpon Online Payment gateway စနစ်ဖြင့် GSM၊ CDMA၊ ကြိုးဖုန်းအသုံးပြုခများ၊ လျှပ်စစ်မီတာ အသုံးပြုခနှင့် ရတနာပုံတယ်လီပို့ ADSL အသုံးပြုခများ Online မှ ပေးဆောင်နိုင်ပြီဖြစ်ကြောင်း ရတနာပုံတယ်လီပို့ထံမှ သိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

UWSA “ ၀” အဖွဲ့မှ မြေထိုးစက်ဖြင့် ရှမ်းတိုင်းရင်းသားတစ်ဦးပိုင် နေအိမ်အား ဖျက်ဆီးသွားသည့်အပြင် ပိုင်ရှင်အား သတ်ဖြတ်မှု ဖြစ်ပွား


 
၂၀၁၃ ဇွန် ၁၆ ရက်နေ့တွင် တာချီလိတ်မြို့၊ ဟောင်လိတ်အုပ်စု၊ စက်မှုဇုန်၊ ဟုန်ပန်းအစာချက်စက်ရုံအနီးရှိ ရှမ်း တိုင်းရင်းသား ဦးစိုင်းဝင်းကျောက် နေအိမ်အား UWSA “၀” အဖွဲ့၊ ဟုန်ပန်းကုမ္ပဏီမှ မြေထိုးစက်ဖြင့် ဖျက်ဆီးခဲ့ရာ ဦးစိုင်းဝင်းကျောက်မှ တရားဥပဒေအရ အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ရာမှ ဇွန် ၁၈ ရက်နေ့တွင် UWSA “၀” အဖွဲ့ဝင်တစ်ဦးက ဦးစိုင်းဝင်းကျောက်အား ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက် ည ၇ နာရီခန့်တွင် ဖျက်ဆီးခံရသော အိမ်ပိုင်ရှင် ဦးစိုင်းဝင်းကျောက်နှင့် ဦးဇော်ဝင်းထွန်းတို့နှစ်ဦးသည် တာချီလိတ်မြို့ ဟောင်လိတ်အုပ်စု၊ စိန်ပန်းနီနီစားသောက်ဆိုင်မှ ပြန်လာစဉ် UWSA “၀” တပ်ဖွဲ့ဝင်တစ်ဦးက နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာပြီး သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြောင်း၊ ဦးစိုင်းဝင်းကျောက်မှာ ဦးခေါင်းထိမှန်ခဲ့ပြီး ဦးဇော်ဝင်းထွန်းလည်း ဒဏ်ရာရရှိခဲ့ကာ တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသ မှုခံယူနေစဉ် ည ၈ နာရီခန့်တွင် ဦးစိုင်းဝင်းကျောက်မှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဦးစိုင်းဝင်းကျောက်မှာ၎င်းမြေကွက်ကိုဝယ်ယူပြီး၂၀၁၂ခုနှစ်ဇွန်လမှစ၍ နေထိုင်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးမှ ပြောကြားသွားခဲ့သည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူဆောင်ရွက်ရန် UWSA “၀”အဖွဲ့မှ တာဝန်ရှိသူများ အား ခေါ်ယူထားကြောင်း သိရှိရသည်။

စိုင်းလုံး

ဓာတ်ပုံ.. အင်တာနက်

သွေးခဲမှု မဖြစ်အောင် ကြက်သွန်နီ စားသင့်






   ကြက်သွန်နီသည် သွေးခဲစေမှုမဖြစ်အောင် ကာကွယ်ပေးသောကြောင့် အစားအစာများတွင် ပုံမှန်ထည့် သွင်းအသုံးပြုသင့်ကြောင်း ကျန်းမာရေးဆရာဝန်တစ်ဦးကပြောသည်။ ယင်းအတွက်ကြောင့် ပုံမှန်စားသုံး သင့်ကြောင်း၊ ဆိုဒီယမ်သတ္တုဓာတ် ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ်များနှင့် အင်ဆူလင်ကိုကောင်းစွာ
တုံ့ပြန်နိုင်စွမ်းအားကို ကောင်းမွန်စေတာကြောင့် သကြားဓာတ်ကိုထိန်းပေးနိုင်ပြီး နှလုံးရောဂါအားလျှော့ ချပေးနိုင်ကြောင်း သိရှိရသည်။ မျိုးဆက်ပွားအင်္ဂါကို သန်စွမ်းစေေ ကြာင်း၊ ဆီးလမ်းကြောင်း ဝေဒနာများ၊ ဝမ်းကိုက်ခြင်းများကို ကုသရာတွင်အထူး ကောင်းမွန်သည့် သဘာဝဆေး တစ်ခုဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ကွာစီတင်ဟုခေါ်သည့် အပင်ထွက်ဖလေဗိုးနျွိက်ပါဝင်သောကြောင့် ကိုယ်ခံစွမ်းအားကိုမြှင့်ပေး ပြီးကင်ဆာ ဖြစ်ပွားမှုမှကာကွယ် ပေးနိုင်ကြောင်းလည်း သိရှိရသည်။

စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးများအား ရာခိုင်နှုန်းပြည့် သို့မဟုတ် ဖက်စပ်အနေဖြင့် ၀င်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းထား

ကမ်းလွန်လုပ်ကွက် တစ်ခုအား တွေ့ရစဉ် (Photo-Myanmar Oil and Gas Industry Family Facebook)

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူခြင်း စသည့်စွမ်းအင် တူးဖော်ရှာဖွေခြင်း လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ရန် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးများအား ရာခိုင်နှုန်း ၁၀၀ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ဖက်စပ်လုပ်ငန်း အနေဖြင့် ခွင့်ပြုပေးထားကြောင်း ဇွန် ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပသော ဒုတိယအကြိမ်မြောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှ သိရှိရသည်။

"မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေက စိတ်ဝင်စားနေ ကြပါတယ်။ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် မြန်မာပြည်ဘက်ကတော့ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုဖြစ်စေ၊ ဖက်စပ်ဖြစ်စေ ခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့က အများကြီး ရှိနေပါသေးတယ်။ အခုတော့ မြန်မာနိုင်ငံလည်း EITI အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ကြိုးစားနေပြီဆိုတော့ ၀င်လာကြမှာပါ။ မြန်မာနိုင်ငံ ကမ်းလွန်မှာ ထုတ်ယူသုံးစွဲခြင်း မပြုရသေးတဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ အများကြီး ရှိနေပါသေးတယ်။ တစ်ချိန်တုန်းကတော့ မြန်မာနိုင်ငံမှာ သယံဇာတကျိန်စာ သင့်ခဲ့တယ်ဆိုပြီး ပြောကြတာမျိုး ရှိပါတယ်။ တကယ်တော့ ဒီအရင်းအမြစ်တွေက ရတဲ့ဝင်ငွေနဲ့ အစိုးရတစ်ရပ်က ပွင့်လင်းမြင်သာမှု မရှိဘဲ သုံးခဲ့တာတွေ ရှိတယ်။ ဒါကြောင့်ပြောကြတာပါ။ အခုတော့ ဒီမိုကရေစီနိုင်ငံ ဖြစ်သွားပါပြီ။ ဒီငွေတွေကလည်း ပွင့်လင်းမြင်သာမှုရှိရှိ သွားရမှာပါ။ နိုင်ငံရဲ့ လိုအပ်တဲ့ ကဏ္ဍတွေမှာ ပြန်ပြီးအသုံးချ သွားနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်" ဟု Mandalay Technology မန်နေဂျင်း ဒါရိုက်တာ ကိုဇော်နိုင်က ဆိုသည်။

ယင်းကဲ့သို့ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံရာတွင် ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်များတွင် လည်းကောင်း၊ ရေနံတူးဖော်ရေး လုပ်ငန်းများတွင် လည်းကောင်း လာရောက်ရင်းနှီး မြှုပ်နှံနိုင်ပြီး ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခွင့် နှစ်ဦးနှစ်ဖက် ရရှိမည်ဖြစ်ကြောင်း သိရသည်။

"ဇွန် ၁၇ ရက်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းတွေမှာ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခွင့် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။ သူတို့အနေနဲ့ ဥပမာ ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုပဲဖြစ်ဖြစ် စာရွက်ပေါ်မှာ ဖတ်လို့ရတယ် ဆိုပေမယ့် ဒီမှာလာပြီးတော့ အခုလို ဖိုရမ်မှာ ဆွေးနွေးတာတွေကို နားထောင်လိုက်တဲ့ သဘောပါ" ဟု Smart Companies Group မှ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ကျော်လှိုင်က ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများသည် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက် လိုအပ်ပြီး ထို့အတူ စွမ်းအင်ဝန်ကြီးဌာန၏ သဘောထား မှတ်ချက်များ ရယူဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၃ အရ အဆိုပါ လုပ်ငန်းအမျိုးအစားအား သီးခြားပြဋ္ဌာန်းထားသည့် အခြေအနေ တစ်ရပ်အဖြစ် ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေး လုပ်ငန်းအမျိုးအစားအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
Ref: EMG

ဘန်ကောက်ကားပြပွဲ

 
ပုံကြည့်လိုက်လို့ ဘာလုပ်တဲ့ပွဲကြီးလဲလို့ မေးခွန်းထုတ်နေမယ် ထင်ပါတယ်။ ဟုတ်ကဲ့။ အဲဒါ ကားပြပွဲပါ။ တိတိကျကျ ပြောရရင် Bangkok International Auto Salon ဖြစ်ပြီး လက်ရှိ ကျင်းပနေတဲ့ ပွဲ ဖြစ်ပါတယ်။

ကားအပြင်အဆင်နဲ့ မော်ဒယ်သစ်များပြသတဲ့ပွဲပါ။ သို့ပေမယ့် ပြပွဲအတွက် စွဲဆောင်မှုကိုတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ပျိုကညာပုံများနဲ့ ပြည့်နက်နေ ပါတယ်။ ဒါ ဘန်ကောက်ရဲ့  သဘာဝပါ။ ဥရောပနဲ့ အမေရိကမှ ကားပြပွဲ တွေတောင် ဒီလောက် မော်ဒယ် နဲ့ ဖျော်ဖြေရေးအင်အား မသုံးပါဘူး။

တရုတ်ပြည်က ရှန်ဟိုင်းမော်တော်ယာဉ် ပြပွဲလည်း ဖျော်ဖြေရေး ဦးစား ပေးပါတယ်။ သို့ပေမယ့် ဖျော်ဖြေရေး အများဆုံး ပါတဲ့ ပွဲကတော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံ - ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့ မှာ ကျင်းပ နေတာ ဖြစ်ပါတယ်။

ကားပြပွဲအတွက် ကိုရီးယားနဲ့ အခြား အာရှနဲ့ ဥရောပက နာမည်ကြီး မော်ဒယ်များကိုတောင် ခေါ်ပါတယ်။ မော်ဒယ်ရှိုး အမျိုးမျိုးကိုလည်း ခေါင်းစဉ်ခွဲ လုပ်ပေးပါတယ်။ ဒီတော့ ကားပြပွဲ လာသူများ က ကားထက် အခြားကြည့်စရာဘက်ကို အာရုံပိုစိုက်ကြပါတယ်။ သူတို့ ရည်ရွယ်ချက်ကလည်း ကားကို တစ်ချက်လှည့်ကြည့်ရုံနဲ့တင် ကျေနပ်မယ့် သဘောပါ။ ဘန်ကောက်မှ Auto Saloon ကျင်းပတိုင်း လူစည်တဲ့ အကြောင်း က ပျိုကညာများနဲ့ ဆွဲဆောင်လို့ ဖြစ်ကြောင်း သိရပါတယ်။

ကားပြပွဲက မော်ဒယ်ရှိုး ဗီဒီယိုအပိုင်းလေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

http://youtu.be/HoWvThtSmYE
Ref: Automobile

ဝတ်စားဆင်ယင်မှု ပါရာဒိုင်းအရွေ့

မန္တလေးမြို့ ကျုံးတောင်ဘက် ထောင့်တွင် ညဦးပိုင်း အချိန် ထိုင်နေကြသော ယောက်ျားလေး တစ်စုထံမှ ပြက်ရယ်ပြုဟန် ပြောဆိုသံ သဲ့သဲ့ ထွက်လာသည်။“ဟိုစော်လေးက လန်းတယ်ကွ၊ ဒီစော်က တိုက်ဂေါကြီး”ဟု ၎င်းတို့မှာ ကျုံးဘေး ပတ်လည်တွင် နောက်ဆုံးပေါ် ဆိုင်ကယ်များဖြင့် မောင်းနှင် သွားလာနေကြသော မိန်းမပျို ကလေးများကို ပြောဆိုနေကြခြင်း ဖြစ်သည်။

အဆိုပါ ဆိုင်ကယ်စီးနင်း သွားလာနေသော မိန်းမပျို ကလေးများသည် အသက်အားဖြင့် ဆယ်ကျော်သက် အရွယ်မှ အသက် ၂၀ စွန်းစွန်း အရွယ် အများဆုံး ဖြစ်သည်။ အသားဖြူဖြူ ခြေသလုံး သွယ်သွယ်၊ မျက်နှာအစ်အစ် မိန်းကလေးများနှင့် အသားညိုညက်၊ မျက်ရစ်ပေါ်ပေါ် မိန်းကလေး တို့သည် ပေါင်တံပေါ်သည့် ဘောင်းဘီတို လေးများ၊ နောက်ဆုံး ပေါ် အပေါ်ဝတ် ဆွဲသား အင်္ကျီများကို ဝတ်ဆင်လျက် ဥဒဟိုသွားလာ နေကြသည်။ အချို့သော မိန်းမပျို လေးများမှာ ဘောင်းဘီ ရှည်နှင့် အမျိုးသမီးဝတ် တီရှပ်များ၊ ထဘီစကတ်နှင့် တွဲဖက်ကာ မဝတ်အင်္ကျီများ ဝတ်ဆင် တတ်ကြသည်။

ခမ်းနားလှသည့် ရတနာပုံခေတ်က မိန်းမပျိုကလေးများသည် ပြန့်ထဘီဟု ခေါ်သော၊ ပတ်ကာ ဝတ်ဆင်ရသော၊ အလုံးပြည့် ချုပ်ထားခြင်း မရှိသည့် အောက်အနားရှည် ထဘီကို အထက်ဆင် ရှည်ကြီးများဖြင့်ပတ်ကာ ဝတ်ဆင်ခဲ့ကြသည်။ ရင်ဖုံးအင်္ကျီ၊ ဆံထုံးကြီးနှင့် ဆင်မယဉ်သာ သွားသည့် ခေတ်ဖြစ်သည်။ အင်္ဂလိပ် လက်ထက်၌ စက်ဘီး၊ ဆိုင်ကယ်များ စတင် ဝင်ရောက်လာခဲ့သည့် အချိန်မှစကာ ထဘီအလုံးပြည့်ချုပ်ကာ အောက်အနားရှည်များ ဖြုတ်ကာ ဝတ်ဆင်လာခဲ့ကြသည်။ ထို့နောက် ဘော်လီများပေါ်အောင် နိုင်လွန်အင်္ကျီများဖြင့် ဝတ်ဆင်သည့် ခေတ်၊ ထဘီတိုတို ဒူးအောက်အထိ ရောက်အောင် ဝတ်ဆင်သည့်ခေတ်၊ ယခုထဘီခြေမျက်စိ ဖုံးကာ ဒရွတ်တိုက် ဝတ်ဆင်သည့် ခေတ်ကို ရောက်ရှိလာပြန်သည်။အဝတ်အစားသည် ခေတ် တစ်ခေတ်ကို ပုံဖော်နေသည်။ ခေတ်ကြီးမှာလည်း တစ်ပတ်လည် ရစ်သိုင်းနေသည်။

ရတနာပုံခေတ်က အမျိုးသားများသည် ယောင်ထုံးနှင့် နားကပ် ဆင်မြန်းခြင်း၊ အတောင်နှစ်ဆယ် ပုဆိုးတို့ကို ရစ်ကာပတ်ကာ ဝတ်ဆင်ခဲ့ကြသည်။ အင်္ဂလိပ်ခေတ် နောက်ပိုင်းတွင် ရှပ်အင်္ကျီများ ပေါ်ထွက်လာကာ နောက်ပိုင်းတွင် တီရှပ်များ၊ စတိုင်ဘောင်းဘီများ ထပ်မံ ထွက်ပေါ်လာခဲ့ သည်။ ယခုခေတ်တွင် အောက်ရှူး ဖင်ကျပ် ဘောင်းဘီများ၊ ပွပြီးဘောင်းဘီ ခွကျကာ အောက်သို့ ပုံနေသည့် စတိုင်ဘောင်းဘီများ ပေါ်လာကာ ဆံပင်များလည်း ထိုးထိုးထောင်ထောင်နှင့် အရောင်စုံ ဖြစ်လာကြသည်။ တိုးတက်လာသော ခေတ်ရေစီးကြောင်း အလိုက် ဝတ်စားဆင်ယင်မှု ပုံစံများပါ အလိုက်သင့် ပြောင်းလဲလာသည်။

ယခု မန္တလေး၌ ခေတ်စားနေသော ဝတ်စားဆင်ယဉ်မှုမှာ ဘောင်းဘီတို အောက်ရှူး ဖင်ကျပ် ဘောင်းဘီရှည်၊ စကတ်တို၊ တစ်ဆက်တည်း ဝတ်ဆင်ရသည့် ဒူးဖုံးသည့် ဆွဲသားဂါဝန်တို၊ အင်္ကျီဆွဲသားများ အကြိုက်များကြပြီး ယခုနောက်ပိုင်းတွင် ခါးပေါ်သည့် အင်္ကျီများ ဝတ်ဆင်လာကြကြောင်း၊ လူငယ်ဟုခေါ်သော ဆယ်ကျော်သက်မှ အသက်အလတ်ပိုင်းထိ အများဆုံးဝတ်စား ဆင်ယင်ကြကြောင်း မန္တလေးမြို့ပေါ်ရှိ လူငယ်များထံမှ သိရသည်။

“အဝတ်အစားတွေက ဒီဇိုင်း အမျိုးမျိုးရှိတဲ့ ဘောင်းဘီတိုတွေ၊ နောက်တစ်ဆက်တည်း ဆွဲသား ဂါဝန်တွေ အရမ်း ရောင်းရတယ်။ မန္တလေးဘက်ကျတော့ တရုတ်ဘက်က အဝတ်အစားတွေ အဝင်များတယ်။ မန္တလေး အဝတ်အထည် ဈေးကွက်ကတော့ ၉၀ ရာခိုင်နှုန်း တရုတ်ထည်တွေပဲ”ဟု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းမကြီးပေါ်ရှိ Fashion ဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။ အဝတ်အစားများမှာ အလွယ်တကူ ဝယ်ယူ ဝတ်ဆင်နိုင်သည့် ဈေးနှုန်းလည်း ရှိသဖြင့် လူငယ်အကြိုက် ဒီဇိုင်းများ ပျံ့နှံ့မှုမှာ လျင်မြန်ခြင်း ဖြစ်ကြောင်း မန္တလေးမြို့  နည်းပညာ တက္ကသိုလ်တွင် တက်ရောက်နေသူ ကျောင်းသူ တစ်ဦးက ဆိုသည်။ “မြန်မာဝတ်စုံတွေ ချုပ်ဝတ်ကြပေမယ့် တချို့ကအပေါ်ပိုင်း ဖော်ကြတယ်။

ရင်ဟိုက်တွေ ဝတ်ကြတယ်။ နေရာကို လိုက်ပြီး ဝတ်စားဆင်ယင်ရမှာ ဖြစ်တယ်၊ ဘုန်းကြီး ဆွမ်းကပ်တွေ ဘာတွေဆို ဒါမျိုးတွေ မဝတ်သင့်ဘူး။ ဒါတွေကို ဝတ်တော့ ဘုန်းကြီးတွေ အတွက်လည်း ဘယ်လိုအနေ အထားမျိုးနဲ့ အဆင်ပြေတော့မလဲ”ဟု မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က ဆိုသည်။ မန္တလေးမြို့သည် ဆိုင်ကယ်မြို့တော် ဖြစ်သည့်အလျောက် ဘောင်းဘီတို၊ စကတ်တိုများဖြင့် သွားလာပါက သရုပ်ပျက်သည့် ပုံစံများ ဖြစ်ပေါ်ကြောင်း၊ ရန်ကုန်မြို့သည် ဖွံ့ဖြိုးသည့် မြို့တော် ဖြစ်သည့်အပြင် လိုင်းကား၊ TAXI များစီးကာ သွားလာကြသဖြင့် အဆိုပါ အတိုအပြတ်များ ဝတ်ပါက အခြေအနေ အလွန် မဆိုးသေးကြောင်း စာရေးဆရာဆူးငှက်က ပြောဆိုသည်။

မန္တလေးသည် ပူပြင်းပြီး ဆိုင်ကယ် စီးသည့် မြို့တော် ဖြစ်သဖြင့် မျက်နှာအုပ်များ တပ်ဆင်ခြင်း၊ လက်ကာများ ဝတ်ခြင်းများဝတ်ကာ သွားလာကြကြောင်း၊ ယခု နောက်ပိုင်းတွင် အမျိုးသမီးငယ်များမှ အင်္ကျီလက်ရှည်များကို ပြောင်းပြန် အနေအထားဖြင့် ဝတ်ဆင်ကာ ဆိုင်ကယ် မောင်းနှင်မှုများကို တွေ့ ရှိလာရကြောင်း မန္တလေး မြို့ခံ လူမှုပရဟိတ လုပ်ငန်းများအရေး ဆောင်ရွက်သူ ဦးမင်းထက်ငြိမ်းချမ်းက ဆိုသည်။ “အင်္ကျီ နောက်ပြန်ဝတ်တယ်ဆိုတာ မြန်မာတွေအယူမှာ သေမှဝတ်တာ။ ခုဟာက ဘာမှန်းမသိဘူး။

အဲ့ဒါကို ဖက်ရှင်ပုံစံ မျိုးလုပ်ပြီး ဝတ်နေကြတယ်။ ဒါမျိုးတွေက မလုပ်သင့်ဘူး။ အပေါ်ကတော့ အကာအကွယ်တွေနဲ့ ဝတ်လို့ဆင်လို့ အောက်ပိုင်းမှာ ဘောင်းဘီတိုနဲ့ ဘယ်လို လူမြင်သင့် တော့မလဲ” ဟု ဦးမင်းထက်ငြိမ်းချမ်းက ပြောဆိုသည်။ ကမ္ဘာကြီးမှာ ရွာကြီးမှ ရပ်ကွက်တစ်ခုအလား တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ယဉ်ကျေးမှုများ ကူးစက်မှု မြန်ဆန်လာလျက် ရှိရာ မြန်မာနိုင်ငံတွင်လည်း ဝတ်စားဆင်ယင်ပုံများ ကိုရီယန်နိုက်ဇေးရှင်း (ကိုရီးယား ဝတ်စားပြုမူပုံ) ဘက်သို့ ပြောင်းလဲလာသည်မှာ နှစ်ကာလ ကြာမြင့်လာပြီ ဖြစ်သည်။ ယခုအခါ အင်တာနက်ကိုလည်း အလွယ်တကူ သုံးစွဲလာနိုင်ပြီ ဖြစ်ရာ ယင်းတို့မှတစ်ဆင့် လူငယ်များမှာ အခြားနိုင်ငံများရှိ ဝတ်စားနေထိုင်ပုံများကို အတုယူ မှားလာကြသည် များကိုလည်း တွေ့မြင်လာရသည်။

. မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်း စံမြန်းခဲ့ရာ မန္တလေးမြို့တော်တွင် အငြိမ့်သဘင်မှာ လေးဖွဲ့ခန့်သာ ကျန်တော့သည်။ အငြိမ့် ငှားရမ်းမှုမှာလည်း နည်းပါးလာပြီး အဆိုပါ အငြိမ့်သဘင်များ၊ ဇာတ်သဘင်များသည် အနောက်တိုင်း ဖျော်ဖြေမှုများကို သဏ္ဌာန်လုပ် သရုပ်တူအောင် ဝတ်ဆင်ကာ ဖျော်ဖြေလာကြသည်။ အငြိမ့်၊ဇာတ်သဘင် ဖျော်ဖြေမှုသည် မန္တလေးမြို့၌ အရေးပါသော ကဏ္ဍတစ်ရပ် အဖြစ် ရပ်တည်ရန် ခက်ခဲလာသည်။ “ကျွန်တော်တို့က ခေတ်ရေစီးကြောင်းအရ ဖျော်ဖြေရတာတွေ ရှိတယ်။ အဲဒါကို ပရိသတ်ကြီးက နားလည်ပေးဖို့ လိုတယ်။ အဲ့လိုမှ မလုပ်ရင်လည်း ကျွန်တော်တို့ ဇာတ်သဘင်တွေ ရပ်တည်ဖို့ ခက်ခဲသွားမယ်။ လူငယ်တွေ ခေတ်ဆန်ကြတာ ကျွန်တော် နားလည်ပါတယ်။

ဒါပေမဲ့အောက်ခံ ဘောင်းဘီတွေပေါ်အောင် ဝတ်ကြတာတော့ ကျွန်တော် မကြိုက်ဘူး”ဟု ဇာတ်မင်းသား ဝင်းနောင် ကဆိုသည်။ “ဖော်ဝတ်ကြတယ် ဆိုတာကတော့ တကယ်တော့ လူတွေကြည့်တာ ခံချင်လို့ပါ၊ လူကြည့်တယ်ဆိုတာ ကောင်းတာပဲ။ လူတိုင်းလည်း စိတ်ဝင်စား ခံချင်ကြတယ်”ဟု မန္တလေးမြို့ခံ ရတနာပုံတက္ကသိုလ် ပထမနှစ် အဝေးသင်ကျောင်းသူ တစ်ဦးကဆိုသည်။ ဝတ်စားဆင်ယင်မှုသည် မိမိ၏ ကိုယ်ကျင့်တရားနှင့် မသက်ဆိုင်ကြောင်း၊ ယင်းတို့မှာ ခေတ်မီသော ခေတ်ရေစီးကြောင်းမှ လူငယ်များ ဖြစ်ကြောင်း၊ မည်မျှပင် လုံခြုံသော အဝတ်အစားပင် ဝတ်ဆင်စေကာမူ မိမိ၏ အနေအထိုင် အပြုအမှုသည် လော်လည်သော အမူအကျင့် ဖြစ်ပါက ဣနြေ္ဒမဲ့စေ နိုင်ကြောင်း မန္တလေးမြို့ခံ ကျောင်းသား၊ ကျောင်းသူများ အသိုင်းအဝိုင်းထံမှ သိရသည်။

“တကယ်တော့ လူငယ်တွေက ခေတ်မီတာနဲ့ ခေတ်ဆန်တာကို မကွဲဘူး၊ ခေတ်မီတယ်ဆိုတာ ဦးနှောက်က၊ အသိပညာက ခေတ်ရေစီးကြောင်းကို လိုက်ပြီး သိနေတာ၊ ခေတ်ဆန်တာကတော့ အပြင်ပိုင်း ပြင်ဆင်မှု တစ်ခုကိုပဲ နိုင်ငံတကာဆိုပြီး ဝတ်ဆင်နေထိုင် နေကြတာပါ၊ ဥပမာ- ဒေါ်အောင်ဆန်းစုကြည်၊ သူက ခေတ်မီတယ်၊ သူ့ဦးနှောက် အတွေးအခေါ်တွေက အဆင့် မြင့်လို့ နိုင်ငံတကာက တောင်သူ့ကို လေးစားကြတယ်။

ဒါပေမဲ့သူ ဝတ်စားဆင်ယင်မှုက မြန်မာ ရင်ဖုံးအင်္ကျီနဲ့ထဘီ၊ ခေါင်းမှာပန်း ပန်ထားတယ်။ အဲ့ဒါကိုကြည့်ပါ”ဟု ဆရာ ဆူးငှက်က ထပ်လောင်း ပြောကြားသည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၊ တိုင်းရင်းသား တစ်စုတွင် ယင်းတို့၏ ယဉ်ကျေးမှုရှိသည်။ ယဉ်ကျေးမှုသည် ဘာသာစကား၊ ကိုးကွယ် ယုံကြည်မှု၊ ဝတ်စားဆင်ယင်မှု စသည်ဖြင့် ကိုယ်စီရှိ ကြသည်။ နိုင်ငံတစ်နိုင်ငံတွင် ယဉ်ကျေးမှု ပျောက်ပါက လူမျိုးပါ ပျောက်နိုင်သည်။ ထို့ကြောင့် မိမိယဉ်ကျေးမှုကို ထိန်းသိမ်းရန် များစွာလိုအပ်သည်။

“နိုင်ငံကသာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ပုံရိပ်က ယောက်ျားလေးဆို တိုက်ပုံနဲ့ပုဆိုး၊ မိန်းကလေးဆို ရင်ဖုံးအင်္ကျီ၊ ချိတ်ထဘီလို့ နိုင်ငံတကာက တို့နိုင်ငံရဲ့ ပုံရိပ်ကို သိကြတာပါ၊ အဲဒါပုံရိပ်ပဲ ရှိပြီး မထိန်းသိမ်းရင် လူမျိုးပျောက်သွားမယ်။ ကိုရီးယားတို့ ဂျပန်တို့တောင် ဘယ်ဇာတ်ကားကို ကြည့်ကြည့် သူတို့ရဲ့ရိုးရားဝတ်စုံနဲ့ အစားအသောက်တွေကို တစ်ခန်းဖြစ်ဖြစ် ပါအောင် ထည့်ကြတယ်” ဟုဆရာဆူးငှက်က ဆိုသည်။

အမျိုးသမီးများ ရိုးရာဝတ်စား ဆင်ယင်မှုကို ထိန်းသိမ်းရန်၊ သရုပ်ပျက် အဝတ်အစားများ မဝတ်ကြရန် တိုက်တွန်းနှိုးဆော်သည့် တမာရိပ် အဖွဲ့ကလည်း ပြီးခဲ့သည့် သင်္ကြန်ချိန်ခါတွင် အဆိုပါ ဝတ်စားဆင်ယင်မှု ထိန်းသိမ်းကြရန် သံချပ်များထိုး ခဲ့ကြသည်။ ၁၉၈၀ ပြည့်လွန်နှစ်များအထိ ရွှေ ခါးပတ်၊ ရွှေခြေကျင်း၊ ချိတ်ထဘီများ ဝတ်ဆင်ခဲ့ကြသည့် မန္တလေးသူများ၏ ဝတ်စားဟန်မှာ ခေတ်ကာလ ပြောင်းလဲလာသော်လည်း ထိုကဲ့သို့ အပြည့်အစုံ မဟုတ်သော်လည်း ရွှေခါးပတ် ပတ်သူ၊ ရွှေခြေချင်း ဝတ်သူ စသကဲ့သို့ ဝတ်စားသူများ ယနေ့အချိန်ထိ ရှိနေသေးသည်။

ဝတ်စားဆင်ယင်မှု ပါရာဒိုင်း အရွေ့တွင် လူတိုင်း အလိုက်သင့် စီးမျော နေကြသော်လည်း အဝတ်အစား များကို နေရာဒေသ အလိုက် ကိုက်ညီစွာ ဝတ်ဆင်ရန်၊ အန္တရာယ်ကို ဖိတ်ခေါ်မိသော ဝတ်ဆင်မှု၊ နေထိုင်ပြောဆိုမှုများ ဆင်ခြင်ရန် လိုအပ်လှပါသည်။ ညမှာ တဖြည်းဖြည်း နက်လာသည်။ မန္တလေးကျုံး တောင်ဘက်ထောင့်တွင် ထိုင်နေကြသော လူငယ်အုပ်စုမှ ကျယ်လောင်သော အသံများ ဟိန်းထွက်လာကာ လမ်းမပေါ် သွားလာနေကြသော မိန်းကလေးများနှင့် ပတ်သက်၍ မှတ်ချက် အမျိုးမျိုး ပေးနေကြသည်။ လမ်းမပေါ် ဆိုင်ကယ်များနှင့် စည်ကားနေဆဲ။ ရှေးမြန်မာ ယဉ်ကျေးမှု အမွေအနှစ် များစွာရှိသော မန္တလေးမြို့ညမှာ ခေတ်ပေါ် နီယွန်မီးရောင် အောက်တွင် လှပခမ်းနားစွာ တည်ရှိနေသည်။ 


ရွှေရည်

The Voice Weekly

ဒီလို လူ(၁၀)မျိုးကို တွေ့ခဲ့ရင် တန်ဖိုးထားပါ

၁။ ကိုယ်တကယ်ချစ်တဲ့လူကိုတွေ့ခဲ့ရင် သူနဲ့အတူတူဘဝတစ်လျှောက်လုံးလက်တွဲသွားဖို့ အခွင့်အရေးရအောင် ကြိုးစားပါ
ဘာဖြစ်လို့လဲဆိုတော့ သူထွက်သွားတဲ့အခါ အရာအားလုံး နောက်ကျသွားပါလိမ့်မယ်

၂။ ကိုယ်တကယ်ယုံကြည်ရတဲ့ သူငယ်ချင်းကိုတွေ့ခဲ့ရင် သူနဲ့ အဆင်ပြေပြေ ကောင်းကောင်းမွန်မွန် ဆက်ဆံသွားပါ
ဘာဖြစ်လို့လဲဆိုတော့ ဘဝမှာ သူငယ်ချင်းအစစ်တွေ့ရဖို့ဆိုတာ မလွယ်တော့လို့ပါ

၃။ ကိုယ့်ကို တစ်ချိန်တုန်းက ကူညီပေးခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် သူ့ကို ကောင်းကောင်း ကျေးဇူးတင်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ဘဝရဲ့ အလှည့်အပြောင်းလေး ဖြစ်ခဲ့လို့ပဲ

၎။ ကိုယ် တစ်ချိန်တုန်းက ချစ်ခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် သူ့ကို ပြုံးပြုံးလေးနဲ့ ကျေးဇူးတင်ဖို့ မမေ့ပါနဲ့
ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်ကို အချစ်အကြောင်း ပိုနားလည်စေခဲ့လို့ပါ

၅။ ကိုယ် တစ်ချိန်တုန်းက မုန်းတီးခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် ပြုံးပြုံးလေးနဲ့ သူ့ကို နှုတ်ဆက်လိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့် ကိုယ်က ပိုပြီး သတ္တိရှိလာခဲ့တယ်

၆။ ကိုယ့်ကို တစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် သူနဲ့ အေးအေးဆေးဆေး စကားစမြည်းပြောလိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့်မဟုတ်ရင် ကိုယ်လည်း လောကအကြောင်းသိလာမှာ မဟုတ်ဘူးလေ

၇။ ကိုယ် တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် သူ့ကို "ပျော်ရွှင်ပါစေ" ဆိုပြီး ဆုတောင်းပေးလိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ ကိုယ် သူ့ကို တိတ်တခိုးချစ်ခဲ့တုန်းက သူပျော်ရွှင်တာကိုဘဲ လိုလားခဲ့တာ မဟုတ်လား

၈။ ကိုယ့်ဘဝထဲကနေ ထွက်သွားခဲ့တဲ့သူကို တွေ့ခဲ့ရင် သူ ကိုယ့်ဘဝထဲ ဝင်ခဲ့တာကို ကျေးဇူးတင်လိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်ဘဝရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်လေ

၉။ ကိုယ့်ကို တစ်ချိန်တုန်းက အထင်လွဲခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် အချိန်မီ ဖြေရှင်းချက်ပေးလိုက်ပါ
ဘာဖြစ်လို့လဲဆိုတော့ သူနားလည်အောင် ဖြေရှင်းဖို့ အခွင့်အရေးက တစ်ခါပဲ ရှိနိုင်လို့ပါ

၁၀။ ယခု ကိုယ်နဲ့ ဘဝတလျှောက်လုံး လက်တွဲသွားမဲ့သူကို တွေ့ရင် သူကိုယ့်ကို ချစ်တာ/ရွေးချယ်ခဲ့တာကို ရာနှုန်းပြည့် ကျေးဇူးတင်လိုက်ပါဘာဖြစ်လို့လဲဆိုတော့ အခု နှစ်ယောက်လုံး ပျော်ရွှင်မှုနဲ့ အချစ်စစ်ကို ပိုင်ဆိုင်နေရလို့ပါ....

ဆေးဖက်ဝင် ပင်စိမ်းပင်



    ပင်စိမ်းပင်ကိုဆေးပင်အဖြစ်သာမက ဘာသာရေးစာပေတွေမှာပါ အတွေ့ရများတဲ့ အပင်တွေထဲမှာ ပင် စိမ်းပင်ဟာထင်ရှားပါတယ်။ ပင်စိမ်းနဲ့ပတ်သက်ရင် ဗုဒ္ဓစာပေ၊ဟိန္ဒူစာပေနဲ့ ခရစ်ယာန်စာပေတွေမှာ တခမ်းတ နားတွေ့ရမှာဖြစ်ပါတယ်။ ဗုဒ္ဓစာပေဖြစ်တဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့အနက် ဝေဿန္တာရာဇာတ်ပါဠိတော်ကြီးမှာ  နီလ ပုမ္ဖိသေတပါရီ၊ ကလေရုက္ခတုလသီဟိလို့ပါရှိရာမှာ တုလသီဆိုတဲ့ ပါဠိဝေါဟာရဟာပင်စိမ်းပင်ကို ညွန်းပါတယ်။ ဟိန္ဒူဘာသာရေးကျမ်းတွေမှာတော့ ပင်စိမ်းပင်အကြောင်းကို အများကြီးတွေ့ရပါတယ်။ ပင်စိပ်းပင်ဟာ ဗစ် ရှနူး(vishnu)လို့ခေါ်တဲ့ ဗိဿနိုးနတ်မင်းကြီးနဲ့ လက်ချေမီးနတ်သမီးတို့ကိုပူဇော်တဲ့ ၊ မြင့်မြတ်တဲ့ပန်းပင် အဖြစ် အသိများပါတယ်။ ပင်စိမ်းပင်ကိုပူဇော်ခဲ့ရင် ချမ်းသာကြွယ်ဝတာ၊ ကျန်းမာတာ၊ ပျော်ရွှင်တာ၊ အခြွေ အရံပေါများတာ……စတဲ့ အကောင်းလောကဓံနဲ့  ကြုံရဆုံရပြီး ဗိဿနိုးနတ်မင်းကြီးရဲ့စောင်ရှောက်မှုကို လည်း ခံစားရမယ်လို့ ယုံကြည်ကြပါတယ်။ အထူးသဖြင့် ပင်စိမ်းပင်ကို အိမ်ထောင်ရှင် ဟိန္ဒူအမျိုးသမီးများ ပူဇော်ပါတယ်။ ဒီလို့ပူဇော်တဲ့အတွက် အိမ်ထောင်ရေးသာယာစေတယ်၊ လင်ယောကျာင်္းကျန်းမာပြီး မိမိပေါ် သစ္စာရှိစေတယ်၊ ချမ်းသာကြွယ်ဝစေတယ်၊ လိမ္မာတဲ့သားသမီးတွေ ရစေတယ်လို့ စွဲမှတ်ယုံကြည်ကြပါ တယ်။ 
   ဒါ့ပြင်ပင်စိမ်းပင်ဟာ သီတာဒေဝီရဲ့ နိမိတ်ပုံဖြစ်တာမို့ ရာမာယဏဇာတ်တော်ကြီးနဲ့ ဆက်နွယ်နေပြန်ပါ တယ်။ ပင်စိမ်းပင်ကို ခရစ်ယာန်ဘာသာဝင်တွေကလည်း Holy Basil လို့ခေါ်ပြီး အထွတ်အမြတ်ထားကြပါ တယ်။ရှေးခေတ် ရောမနဲ့ဂရိတိုင်းသားတွေကလည်း မြတ်နိုးပသခဲ့ကြကြောင်း မှတ်တမ်းတွေရှိပါတယ်။ ပင် စိမ်းပင်ဟာ ယေရှုခရစ်တော်ရဲ့ ဂူပေါ်မှာပေါက်ရောက်တဲ့အတွက် မြင့်မြတ်တဲ့အပင်လို့ သတ်မှတ်ကြပါ တယ်။ စိန့်ဘေးဆဲလ်နေ့ (Saint Basil Day)မှာ ပင်စိမ်းကိုင်းကလေးတွေကိုယ်စီကိုင်ဆောင်ပြီး ဘုရားရှိ ခိုးကျောင်းကိုသွားကြပါတယ်။ဘုရားကျောင်းက အပြန်မှာ ပင်စိမ်းကိုင်းကလေးကိုပြန်ယူလာခဲ့ကြပါတယ်။ ပင်စိမ်းရွက်တချို့ကိုခြွေပြီး မိမိတို့အိမ်ကြမ်းပြင်ပေါ်ဖြန့်ကြဲကြပါတယ်။ ဒီလိုလုပ်ရင် ဘေးရန်တွေကို ကာ ကွယ်နိုင်ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေတယ်လို့ယုံကြည်ကြပါတယ်။
   ပင်စိမ်းပင်ဟာ ဘာသာရေးအရ အထွတ်အမြတ်ထားရတဲ့ အပင်ဖြစ်သလို ကျန်းမာရေးအတွက်လည်းအ ထူးအားကိုးရတဲ့ ဆေးပင်ဖြစ်နေပါတယ်။ အိန္ဒယနိုင်ငံက ပဒုမုတ္တရပူရာတာဆိုတဲ့ကျမ်းကြီးမှာ မိမိတို့  အိမ်၊ ခြံဝင်းအတွင်း ပင်စိမ်းပင်စိုက်ပျိုးထားဖို့ လမ်းညွန်ထားပါတယ်။ ဒီလိုစိုက်ထားရင် မြေသန့်ပြီးသားဖြစ်သွား တဲ့အတွက် အန္တရာယ်အပေါင်း ကပ်ရောဂါတွေမကျရောက်၊ မကပ်ငြိနိုင်ဘူးလို့ဆိုထားပါတယ်။ ပင်စိမ်းရဲ့ ရနံ့ဟာ လေကိုသန့်ပြန့်စေတယ်လို့လည်း သိရပါတယ်။ ၁၉၀၄ ခုနှစ်က အိန္ဒယနိုင်ငံမှာ ဝိတိုရိယဥယျာဉ် ကြီးနဲ့ အဲလ်ဘတ်တိရစ္ဆာန်ရုံကို စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီနေရာဟာ ရေမြေကလည်း ကြမ်းလှတာ မို့ အလုပ်သမားတွေ အဖျားအနာ များလှပါတယ်။ အထူးသဖြင့် ငှက်ဖျားရောဂါဖြစ်ပြီး အပျက် အစီးလည်းများလှပါတယ်။ 
   ဒီအခါဟိန္ဒူအလုပ်သမားတစ်ဦးက ပင်စိမ်းပင်တွေစိုက်သင့်ကြောင်း အင်္ဂလိပ်အာဏာပိုင်တွေကို အကြံ ပြုပါတယ်။ အာဏာပိုင်တွေက သဘောတူပြီး အဲဒီ ဥယျာဉ်ကြီိးထဲမှာ  ပင်စိမ်းပင်စိုက်ခင်းတွေကို ဟိုနေရာ တစ်ကွက်၊ ဒီနေရာတစ်ကွက် စိုက်စေပါတယ်။ ထူးထူးခြားခြားပဲ  ငှက်ဖျားရောဂါကင်းစင်သွားပါတယ်။ ၁၉၀၇ ခုနှစ်က ကျင်းပ ခဲ့တဲ့  Imperial Malaria Conference မှာ ပင်စိမ်းပင်ကိုငှက်ဖျားရောဂါပျောက်စေ တဲ့ ဆေးပင်အဖြစ် ကြေညာခဲ့ပါတယ်။ ပင်စိမ်းပင်မှာလည်း အမျိုးအများကြီးရှိပါတယ်။ ပင်စိမ်းကြီး၊ ပင်စိမ်း ငယ်၊ ပင်စိမ်းရိုင်း၊ပင်စိမ်းယဉ်၊တောပင်စိမ်း၊ ပင်စိမ်းဖြူ၊ ပင်စိမ်းညို၊ ပင်စိမ်းနက်၊ ရွက်ကြီးပင်စိမ်းစတာတွေ အမျိုးမျိုးပါပဲ။ ရိုးရိုးပင်စိမ်းကိုပဲ အသုံးများပါတယ်။ သူရဲ့ရုက္ခဗေဒ အမည်ကတော့ Ocimum Sanctum ဖြစ် ပါတယ်။ 
   ဆေးတစ်ပင်လုံး (ပဉ္စငါးပါး) ဆေးဖက်ဝင်ပါတယ်။ မြန်မာဆေးကျမ်း တစ်စောင်ဖြစ်တဲ့ ရသဓာတုဆေး ကျမ်းမှာ   မုချမတိမ်း၊ရွက်ပင်စိမ်းကား၊ မငြိမ်းထပ်တူ၊ပူသည်သဘော၊ သက်သောအခိုး၊ သို့အကျိုးကြောင့်၊ စားမျိုးအစာ၊ ကြေစေရာ၏။ မှန်စွာလည်းကောင်း၊ ဝမ်းမီးကောင်းမှ၊ မုခခံတွင်း၊ မြိန်ခြင်းရသာ၊အသံသာ လျက်၊ထွက်သက်ကြူးလွန်၊ ထန်သောအနာ၊ ရသာပျက်ကင်း၊ ထမင်းညီးပေ၊ ငြိမ်းစေရရှင့်၊ သေမှဝါတာ ၊ ထိုးကြိတ်စွာသား၊ အနာကင်းလွတ်၊မှတ်၏မှတ်လော့လို့ ဆေးအကျိုးသွားတွေ ရေးသားထားတာ တွေ့ရပါ တယ်။ပင်စိမ်းပင်ကို ကမ္ဘာနဲ့တစ်ဝန်း အများဆုံးအသုံးပြုတာကတော့ အစာအိမ်နဲ့အူလမ်းကြောင်းရော ဂါတွေအတွက်ပဲဖြစ်ပါတယ်။ ပင်စိမ်းပင်ဟာ အစာအိမ်ရောဂါတွေကို ပျောက်စေပါတယ်။ အစာလည်းေ ကြစေပါတယ်။ သည်းခြေကိုလည်း ထက်မြက်စေတာမို့ အဆိဓာတ်တွေကြေကျက်ရာမှာအကျိုးပြုပါတယ်။ အူတွင်းနေ ကပ်ပါးပိုးတွေ၊ သန်ကောင်တွေကိုလည်း ရှင်းလင်းစေပါတယ်။ အဖျားဝေဒနာဖြစ်ရင်လည်း ကိုယ်ပူကျပြီး အခိုးရစေပါတယ်။ ဒါပြင် ခရုသင်းရောဂါ၊ ပန်းနာရင်ကျပ်နဲ့ ချောင်းဆိုးရောဂါတွေ လည်းပျော က်စေပါတယ်။ ပင်စိမ်းကို ခါးနာ၊ ခါးရိုးကျီးပေါင်းတက်၊ နားပြည်ယိုရောဂါတွေအတွက်လည်း အုံဆေး၊ ထည့်ဆေးအဖြစ် သုံးနိုင်ပြန်ပါတယ်။ 
   ပင်စိမ်းရွက်တွေကို ရေသန့်သန့် နဲ့ ရောနယ်ထုထောင်းပြီး အမြစ်မထွက်နိုင်တဲ့ အနာလုံးကြီးတွေ၊အကျိ တ်တွေပေါ်မှာ အုံပေးရင်အရောင်လျော့ပြီး အမြစ်လည်း အမြန်ကျွတ်ထွက်ပါတယ်။ အသားနုတက်ပြီးအနာ ကျက်လည်းမြန်ပါတယ်။ အရေပြားမှာဖြစ်တတ်တဲ့ မိတ်ပေါက်၊ယားနာထ၊ပွေးပေါက်၊ဝဲခြောက်ပေါက်စသည့် ဖြစ်ရင် ပင်စိမ်းကိုသာက်လည်းသောက်၊ ပင်စိမ်းရွက်ကညှစ်ယူလို့ရတဲ့ သတ္တုရည်ကို သံပရာရည်နဲ့ရောပြီး လိမ်းပေးရင် အမြန်ပျောက်ကင်းစေပါတယ်။ အိန္ဒိယနိုင်ငံမှာ ဆူရှားမား (Sushama) ဆိုတဲ့ ဆေးတစ်မျိုးရှိပါတယ်။ အဲဒီဆေးကလိမ်းဆေး၊သောက်ဆေးနှစ်မျိုးလုံးပါပြီး နှင်းခူရောဂါအတွက် သီး သန့် ဖော်စပ်ထားတာပါ။ အဲဒီဆေးရဲ့ အဓိက ဆေးမည်က ပင်စိမ်းပင်ပါ။ နှင်းခူဝေဒနာရှင်တွေကို အဲဒီဆေး နဲ့ သိပ္ပံနည်းကျပေးကျွေးကုသ၊ သုတေသနလုပ်ကြည့်ရာမှာ ကိုးဆယ်ရာခိုင်နှုန်း ပျောက်ကင်းချမ်းသာမည့် မှာဖြစ်ကြောင်းတွေ့ရပါသည်။ နောက်စမ်းသပ်မှု တစ်ခုကတော့ အိန္ဒိယနိုင်ငံ၊ မဟာရပ်စစ်ပြည်နယ်၊ ဘန်ဒိုရ ဝါလ အနာကြီးရောဂါဆေးရုံ ( Bandorawala Leprosy Hospital ) မှာ ပြုလုပ်တာဖြစ်ပါတယ်။ ပင်စိမ်းကို စားဆေး၊ လိမ်းဆေးတွေအဖြစ်စီမံပြီး အနာကြီးရောဂါနှစ်မျိုးဖြစ်တဲ့ အစိုမျိုးကိုရော၊အခြောက် မျိုးကို ပါပေးကျွေးစမ်းသပ်ပါတယ်။ လူနာတွေကို ရက်၁၅၀ ကြာအောင် ပေးကျွေးကုသပြီး နည်းစနစ်တကျ တွက်ချက်ကြည့်တဲ့ အခါ သိသိသာသာ သက်သာတာ တွေ့ရပါတယ်။ 
   သိပ္ပံဝေါဟာရ အနေနဲ့  Statistically significant  ဖြစ်တယ်လို့ ဆိုပါတယ်။ ပင်စိမ်းကို အခြောက်မှုန့်ပြု ပြီး ရှုဆေးအဖြစ် စီမံ၊ ရှုကြည့်စေတဲ့ အခါထိပ်ကပ်နာအပြင်Ozoenaလို့ခေါ်တဲ့နှာခေါင်းအတွင်းေ မြှးခြောက် ပြီး ရှုံ့သွားတဲ့ရောဂါပါ ပျောက်ကင်းစေတာတွေ့ရပါတယ်။ တင်းတိပ်၊မှဲ့ခြောက်၊ခရုသင်း စတဲ့ အရေပြားပေါ် က  အစက်အပြောက်တွေ ၊ အကွက်တွေကို ပျောက်တဲ့ဆေးတစ်မျိုးကို ပင်စိမ်းရွက်နဲ့ စပ်ပြီး ဖော်လို့ ရပါ တယ်။  ဖော်စပ်နည်းကလည်း လွယ်ပါတယ်။ ကြေးနီဖလား
ကလေးတစ်လုံးကို ယူပါ။ ပြီးရင် ရှောက်ရည်နှစ်ဇွန်းထည့်ပြီး  ညသိပ်ထားပါ။ နောက်နေ့မှာ ပင်စိမ်းရွက်
သတ္တုရည်နှစ်ဇွန်း၊ ကသော့ပုပ်အရွက် သတ္တုရည်နှစ်ဇွန်းထပ်ထည့်ပါ။ အဲဒီဆေးရည်တွေပျစ်လာပြီဆိုတဲ့
အခါ ဖန်ပုလင်း သန့်သန့်ထဲ  ပြောင်းထည့်ပြီးထားပါ။ အဲဒီဆေးကို မျက်နှာ ၊ ခြေ…လက်  စတဲ့နေရာတွေ
မှာ လိုအပ်သလို  လူးပေးရင် တင်းတိပ်၊ မှဲ့ခြောက် စတဲ့ အစက်အပြောက်တွေ၊ ကြွက်နို့တွေတင်မကဘဲ
ခရုသင်းကိုပါ ပျောက်စေနိုင်ပါတယ်။

မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများ မီးရှို့ဖျက်ဆီးခဲ့သည့် မောရ၀တီကျောင်း အပါအ၀င် စာသင်ကျောင်း သုံးကျောင်းအား ပြန်လည်တည်ဆောက်မည်

မောရ၀တီ အ.မ.က ကျောင်းအား အင်ဒိုနီးရှားမှ လှူဒါန်းသည့်ငွေဖြင့် တည်ဆောက်တော့မည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။ "မောင်တောမှာက မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းနှစ်ကျောင်းနဲ့ ဖျက်ဆီးခံခဲ့ရတဲ့ စာသင်ကျောင်း တစ်ကျောင်းရှိတယ်။ အခုနှစ်မှာ ကျောင်းသုံးကျောင်းလုံး တည်ဆောက်တော့မှာ ဖြစ်တယ်။ များမကြာမီမှာ အော်ဒါထွက်တော့မယ်။ ကျောင်းသုံးကျောင်းထဲက မောရ၀တီကျောင်းကို သိန်း ၂၀၀၀ ကျော် အကုန်အကျခံပြီး အင်ဒိုနီးရှား အလှူငွေနဲ့ တည်ဆောက်မယ်လို့ ပြည်နယ်အစိုးရ အဖွဲ့က စီစဉ်နေပါပြီ။ ကျန်နှစ်ကျောင်းကိုလည်း ပညာရေးဌာနက တည်ဆောက်တော့မယ်" ဟု ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှထွန်းစိန်က ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန် ၈ ရက်တွင် မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများက အုပ်စုဖွဲ့ကာ တိုင်းရင်းသား ကျေးရွာများအား မီးရှို့ရာတွင် မောရ၀တီကျေးရွာ စာသင်ကျောင်း၊ ဗောဓိကုန်းကျေးရွာ စာသင်ကျောင်းတို့ မီးရှို့ခံခဲ့ရပြီး ကံသာယာကျောင်းမှာ ဖြိုချဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။ ၎င်းအပြင် ဆရာတစ်ဦး အသတ်ခံခဲ့ရပြီး တာဝန်ကျ ဆရာဆရာမများလည်း ထွက်ပြေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျေးရွာများတွင် ကျောင်းသူကျောင်းသားများ စာသင်ကြားရေးများကို ယာယီကျောင်းဆောင်များဖြင့် စာသင်ကြားလျက် ရှိကြောင်းလည်း သိရသည်။ လက်ရှိ အနေအထားတွင် မောင်တောခရိုင်အတွင်း ဘင်္ဂါလီ ကျေးရွာများရှိ အခြေခံပညာ စာသင်ကျောင်းများသို့ တာဝန်ထမ်းဆောင်ရန် တိုင်းရင်းသား ဆရာ၊ ဆရာမများ သွားရောက် တာဝန်ထမ်းဆောင်ရန် ယုံကြည်မှု မရှိသေးသဖြင့် လုံခြုံရေးဖြင့် ကျောင်းဖွင့်နေရကြောင်းလည်း မောင်တောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မီးရှို့ဖျက်ဆီးခံရသော စာသင်ကျောင်းအား ဇွန်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမောင်)
Ref: first-11

မြန်မာ အလုပ်သမားများ ဌာနေပြန်ခွင့်အတွက် လာဘ်ယူမှုတွင် သံရုံးမှ ပါဝင်ပတ်သက်သည် ဆိုပါက ရာထူးမှ ထွက်ပေးသည်အထိ တာဝန်ခံနိုင်ကြောင်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပြောကြား


မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ် မလေးရှားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံနေစဉ်


မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ဌာနေပြန်ခွင့်အတွက် လာဘ်ယူမှုများတွင် သံရုံးမှ ပါဝင်ပတ်သက်သည် ဆိုပါက ရာထူးမှ ထွက်ပေးသည်အထိ တာဝန်ခံနိုင်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က ဇွန် ၁၈ ရက် ညနေပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။


"ဒါနဲ့ပတ်သက်လို့ အာမခံတယ်။ သံရုံးဝန်ထမ်းတွေ ပိုက်ဆံယူတယ်ဆိုတာ ကျွန်တော်လည်း အဖြစ်မခံဘူး။ ဒီအချိန်မှာ သူတို့ဒုက္ခရောက်လို့ ပြန်တဲ့အချိန် ပိုဆိုးတာပေါ့။ ကျွန်တော်တို့ ၀န်ထမ်းတွေလည်း မှာထားပါတယ်။ ဖြစ်လာလို့ရှိရင် သံရုံးဝန်ထမ်းက ယူတယ်လို့ တိတိကျကျ စွပ်စွဲလို့ရှိရင် သံအမတ်ကြီးလည်း သံအမတ်ကြီး ရာထူးကနေ ထွက်သွားပါမယ်။ ကျွန်တော် အဲလောက်အထိ အာမခံတယ်။ ရဲရဲတင်းတင်း အာမခံပါတယ်။ သံရုံးက ပါတယ်ဆိုရင် ရာထူးက ထွက်သွားတဲ့အထိ တာဝန်ခံပါတယ်" ဟု ဦးတင်လတ်က ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လိုသူ တရားမ၀င် အလုပ်သမားများ အနေဖြင့် မြန်မာသံရုံးမှ ထုတ်ပေးသော နိုင်ငံသားဖြစ်ကြောင်း အထောက်အထားနှင့် မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဌာန၏ ဌာနေပြန်ခွင့် စိစစ်ခြင်း စသည့်အဆင့်နှစ်ဆင့်ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားကို အခမဲ့ အနေဖြင့် နေချင်းပြီး ထုတ်ပေးလျက် ရှိနေပြီး မလေးရှား လူဝင်မှု ကြီးကြပ်ရေးမှ ခွင့်ပြုသော ဌာနေပြန်ခွင့်ကို ပုံမှန်အားဖြင့် သုံးလစောင့်ဆိုင်းရမည် ဖြစ်သည်။ သို့သော် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ဧရာဝတီ ဖောင်ဒေးရှင်း၏ တောင်းဆိုချက်အရ ရက်ပိုင်းအတွင်း ပြန်လိုသူများအတွက် သံရုံး၏ ကိုယ်စားလှယ်လွှဲ ထောက်ခံစာဖြင့် လျှောက်ထားမှုများ စတင်ပြီးချိန်တွင် ရက်ပိုင်းအတွင်း ပြန်နိုင်သူများ ရှိလာခဲ့သည်။ ထိုသို့ ပြန်ရန်အတွက်လည်း ငွေကြေးကုန်ကျမှုများ မရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပြန်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

သို့သော် မြန်မာနိုင်ငံသို့ ရက်ပိုင်းအတွင်း ပြန်လိုသူ အရေအတွက် တိုးလာချိန်တွင် ပွဲစားများကို ကြားခံထားပြီး ရက်ပိုင်းအတွင်း ပြန်နိုင်ရန်အတွက် လာဘ်ပေးပြီး ဆောင်ရွက်နိုင်သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။

"အရင်တုန်းက သုံးလကြာတာကို ဘာမှမပြောဘူး။ ဒီလိုပဲ စောင့်ခဲ့ကြတယ်။ အခုကျတော့ သူတို့မှာ စိုးရိမ်ပူပန် စိတ်လေးတွေနဲ့ ရက်ကြာရင် သူတို့မှာ အန္တရာယ်များ ဖြစ်မလားဆိုပြီး မြန်မြန်ပြန်ချင်တဲ့စိတ် ပေါ်လာတာကိုး။ အရင်က ဒီသုံးလ ဆိုတာကို ဘယ်သူမှ မပြောဘူး။ အခုမှ မြန်မြန်ပြန်ချင်တာတွေ ဖြစ်လာတယ်ဆိုတော့ သူတို့ကို (မလေးရှား) သွားပြီး စွပ်စွဲလို့လည်း မကောင်းဘူး။ မြန်မာပြည်မှာ လိုပေါ့။ လိုင်းရှိတယ်လေ။ အဲဒါတွေက သံရုံးနဲ့လည်း မဆိုင်ဘူး" ဟု ဦးတင်လတ်က ပြောကြားသည်။
မလေးရှား လူဝင်မှု ကြီးကြပ်ရေးရုံးသို့ သံရုံး၏ ကိုယ်စားလှယ် လွှဲစာဖြင့် ပေးပို့မည် ဆိုပါက အဆိုပါ ကိုယ်စားလှယ် လွှဲစာကို သံမှူးအဆင့်က လက်မှတ်ရေးထိုး ရသဖြင့် အလွယ်တကူ မရရှိနိုင်ကြောင်း သိရသည်။
Ref: first-11

ဧရာဝတီနှင့် ပွဲသည် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် စိတ်ဓါတ်ပိုင်းအရ အရေးကြီးသည့် ပွဲဟု ခင်မောင်လွင် သုံးသပ်

  
 ရန်ကုန်ယူနိုက်တက်၏ အသင်းခေါင်းဆောင်ဖြစ်သူ ခင်မောင်လွင်က ယနေ့ညနေတွင် ရန်ကုန် ယူနိုက် တက်ပိုင် မြက်ခင်းတုကွင်း၌ ရင်ဆိုင်ရမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ဘက် ဧရာဝတီနှင့်ပွဲသည် ရာသီကုန် တွင် (၃)ကြိမ်ဆက်ချန်ပီယံဖြစ်ရန် ရည်မှန်းနေသည့် မိမိတို့အသင်းအတွက် စိတ်ဓါတ်ပိုင်းအရ အရေးကြီး သည့် ပွဲစဉ်(၁)ပွဲဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ ရန်ကုန်သည် ပထမအကျော့အဖြစ် အောင်ဆန်းကွင်းတွင် ကစားခဲ့စဉ်က (၃-၁)ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရာ အဆိုပါရှုံးပွဲသည် ရန်ကုန်အတွက်အမှတ်တရ ဖြစ်စေသည့် ရှုံးပွဲတစ်ပွဲဖြစ်ကြောင်း ခင်မောင်လွင်ကဆိုခဲ့သည်။ "ရန်ကုန်အသင်းသမိုင်းမှာ (၃)ဂိုးအသွင်းခံရပြီးရှုံးတယ် ဆိုတာ အမှတ်တရပါပဲ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့အသင်းမှာ အဓိကကစားသမားတချို့ မကစားနိုင် ဘူး။ အခုဆိုအတော်များများ ပြန်ကစားနိုင်နေပြီ.. ဧရာဝတီမှာလည်း လူပြန်စုံနေပြီလို့သိရတယ်။ ဒီပွဲက ကျွန်တော်တို့အသင်း ချန်ပီယံဘွဲ့ဆက်ထိန်းဖို့အတွက် ရလဒ်အရရော၊ စိတ်ဓာတ်အရပါ အရေးကြီးပါတယ်။ ချန်ပီယံထပ်ဖြစ်ဖို့ အနိုင်ကစားသွားမှာပါ" ဟု ရန်ကုန်အသင်းခေါင်းဆောင်က ygnutd.comနှင့်တွေ့ဆုံ စဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
   ပထမအကျော့ကစားစဉ်က လူမစုံခဲ့သော်လည်း လက်ရှိအချိန်တွင် ကစားသမားအတော်များ များပြန်ကစားနိုင်ပြီဖြစ်ရာ ထိုအချက်က တစ်သင်းလုံးကိုစိတ်ဓါတ်တက်ကြွစေကြောင်း ခင်မောင်လွင် က ပြောကြားခဲ့သည်။ "အခုဆို ဒေးဗစ်ထန်းရော၊ ကြည်လင်းပါ ပြန်ကစားနိုင်ပါပြီ။ သူတို့နှစ်ယောက်ပြန်က စားနိုင်တာ ကျွန်တော်တို့အသင်းအတွက် တစ်အားပဲ။ ကစားသမားအားလုံးသာ ကြံ့ခိုင်မှုအပြည့် နဲ့ ပြန်က စားနိုင်ပြီဆိုရင် နေရှင်နယ်လိဂ်မှာ ကျွန်တော်တို့အသင်းက လူအင်အားအကောင်းဆုံးလို့ ဆိုနိုင်တယ်" ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်နှင့်ဧရာဝတီတို့သည် မြန်မာနေရှင်နယ်လိဂ်သာမက အခြားပြိုင်ပွဲ များတွင်လည်း မကြာခဏဆိုသလို တွေ့ဆုံလေ့ရှိသည့် အသင်းများဖြစ်ကြပြီး မြန်မာနေရှင်နယ်လိဂ်၊ ရှုံး ထွက်ဖလားနှင့် ကွန်မြူနတီဖလား ပြိုင်ပွဲများတွင် စုစုပေါင်း (၁၃)ကြိမ်အထိ တွေ့ဆုံထားသည်။ ရန်ကုန်နှင့် ဧရာဝတီတို့၏ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်ကို မနက်ဖြန် ဇွန်(၁၉)ရက် ညနေ(၃း၃၀)နာရီတွင် ရန်ကုန်အ သင်းပိုင် မြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်သည်။ 

soccermyanmar