20.6.13

ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရန်မဟုတ် ပေါင်းစည်းနေထိုင်၍ အာဏာကိုခွဲဝေသုံးစွဲရန်ဖြစ် အမေရိကန်ပြည်ထောင်စုပင်လျှင် တစ်ခုတည်းသော အမေရိကန်တပ်မတော်သာရှိ

အမေရိကန်ကွန်ဂရက် House of Representatives ဥက္ကဋ္ဌ Hon. Mr. John A. Boehner နှင့် အမေရိကန် ပြည်ထောင်စု အစိုးရတို့၏ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့ လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ အမျိုးသား လွှတ်တော်ကော်မတီအတွင်းရေးမှူး ဦးခက်ထိန်နန်၊ ပြည်သူ့လွှတ်တော်ကော်မတီ အဖွဲ့ဝင် များ ဖြစ်ကြသည့် ဒေါက်တာဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့ နှင့်အတူ ဇွန် ၁၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က အမေရိကန်ကွန်ဂရက် အဆောက်အအုံ(Capitol Hill) ၌အတိုက် အခံ ခေါင်းဆောင် Senator Mitch McConell နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဇွန် ၁၂ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် ကွန်ဂရက် အဆောက်အအုံ (Capitol Hill) ၌ အမေရိကန် အထက်လွှတ်တော် အမတ် Senator Ms. Diane Feinstein၊ Senator Benjamin Cardin နှင့် Senator John McCane ၊ အမေရိ ကန် အောက်လွှတ်တော်အမတ် Representative Joseph Crowley နှင့် Representative Jerrold Nadler တို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယင်းနေ့ ညနေပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ခေါင်းဆောင်သော မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ကွန်ဂရက် အဆောက်အအုံ (Capitol Hill) ၌ အမေရိကန် အောက်လွှတ်တော် အတိုက်အခံ ခေါင်းဆောင် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Ms. Nancy Pelosi နှင့် လည်းကောင်း၊ အမေရိကန် အထက် လွှတ်တော်အမတ် Senator Briam Schatz နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

၎င်းနောက် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် ကွန်ဂရက်အဆောက် အအုံ၌ အောက် လွှတ်တော် အမတ်များ ဖြစ်ကြသော Representative David Price နှင့် Representative Peter Roskam တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇွန် ၁၁ ရက် နံနက် ၁၁ နာရီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mrs. Hillarry Clinton နှင့် ခေတ္တတည်းခို နေထိုင်သည့် ဝါရှင်တန် ဒီစီမြို့ရှိ Grand Hyatt ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ဇွန် ၁၇ ရက် နံနက်၈ နာရီက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် ဆန်ဖရန်စစ္စကို မြို့တော်ဝန် Mr. Edwin Mah Lee တို့သည် ဆန်ဖရန် စစ္စကိုမြို့ရှိ Retz- Carlton Hotel ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ ဇွန် ၉ ရက် နံနက်ပိုင်းက President of NDI, Mr. Kenneth Wollack၊ President of IRI,Mr.Lome Craner၊ President of NED,Mr. Carl Gershman တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထို့နောက် IRG Boardမှ ကွန် ဂရက် လွှတ်တော် အမတ်ဟောင်း များဖြစ်ကြသော Ambassador Jim Jones, Mrs. Nancy Johnson, Mr. James Slattery တို့မှ တည်ခင်းသော နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့သည်။

ယင်းနောက် ကွန်ဂရက်လွှတ်တော် ဘတ်ဂျက်ရေးရာရုံး (CBO)နှင့် အစိုးရလုပ်ငန်းစစ်ဆေးရေး ရုံး (GAO) တို့သို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။ ဇွန် ၁၁ ရက် နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မွန်းလွဲပိုင်းတွင် အမေရိကန် ကွန်ဂရက်အတွင်း လှည့်လည် ကြည့်ရှု လေ့လာ ကြသည်။ ထို့နောက် အမေရိကန် ကွန်ဂရက် (Library of Congress)ကို ကြည့်ရှုလေ့လာ ကြသည်။ ညနေပိုင်းတွင် အမေရိကန်- အာဆီယံ စီးပွားရေးကောင်စီနှင့် အမေရိကန် ကုန်သည်ကြီးများအသင်း၌ ပြုလုပ်သည့် တွေ့ဆုံဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့သည်။

ဇွန်၁၃ရက် နံနက် ၁၁နာရီကပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း ခေါင်းဆောင်သောမြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့အား ဝါရှင်တန် ဒီစီမြို့ရှိ Woodrow Wilson Center၌ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS) နှင့် အမျိုးသား ဒီမိုကရေစီ ရေးရာ အဖွဲ့ (NDI) တို့က နေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ ထို့ နောက် Woodrow Wilson Center၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုများနှင့် ပတ်သက်၍ ရှင်း လင်းပြော ကြားကာ တက်ရောက် လာသူများ၏ မေးမြန်းမှုများ အပေါ် ဖြေကြားခဲ့သည်။

ဇွန် ၁၄ ရက် နံနက်ပိုင်းက နယူး ယောက်မြို့ရှိ Google ရုံးချုပ်သို့သွားရောက် လေ့လာခဲ့သည်။

ဇွန် ၁၆ ရက် နံနက် ၉ နာရီခွဲက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဆန်ဖရန် စစ္စကိုမြို့ရှိ မြန်မာနိုင်ငံ သားများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှု အခြေအနေ များအား ရှင်းလင်း ပြောကြားကာ မေး မြန်းမှုများ အပေါ် ဖြေကြားခဲ့သည်။

ယင်းနေ့မွန်းလွဲ ၁ နာရီခွဲက ဆန်ဖရန် စစ္စကို မြို့တော်ခန်းမသို့ သွားရောက်လေ့လာရာ ဆန်ဖရန် စစ္စကို မြို့တော်ဝန် ဟောင်း Mr. Arthur Agnos နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ပြီး အမှတ်တရ ဓာတ်ပုံရိုက် ကြသည်။ ညနေ ၄ နာရီတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့သည် အမေရိကန် ဒီမိုကရေစီ ဖော်ဆောင်ရေး ကျွမ်းကျင် ပုဂ္ဂိုလ် Professor Larry Diamond နှင့် တွေ့ ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် ကွန်ဂရက် အထက်လွှတ်တော်၊ အောက်လွှတ်တော်များမှ လွှတ်တော် အမတ်များ၊ အတိုက်အခံ ခေါင်းဆောင်များ၊ လွှတ်တော် အမတ်ဟောင်းများ၊ အမေရိကန် ပြည်ထောင်စုရှိ NDI, IRI, NED, IRG, CRS, CBO စသည့် အဖွဲ့အစည်းများ၊ အမေရိကန် သမ္မတ၊ ဒုတိယ သမ္မတများ၏ အကြံပေး ပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ US Chamber of Commerceမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် မိမိနှင့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အမေရိကန် ပြည်ထောင်စုသို့ လာရောက်ရသည့် ရည် ရွယ်ချက် နှစ်ခုလည်း ရှိပါကြောင်း၊ ပထမအချက် အနေဖြင့် မြန်မာ- အမေရိကန် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဖြစ်ပါကြောင်း၊

ဒုတိယရည်ရွယ်ချက်မှာ အမေရိကန်နိုင်ငံတွင် ကျင့်သုံးနေသည့် ဒီမိုကရေစီစနစ်နှင့် ကွန်ဂရက် လွှတ်တော်များ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များအား လေ့လာပြီး လေ့လာချက်များထဲ မှ ကောင်းမွန်သင့်လျော်သော အချက်များအား မြန်မာနိုင်ငံသို့ ယူဆောင်သွားနိုင်ရေး အတွက် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ဈေးကွက် စီးပွားရေးစနစ် ကို ပြောင်းလဲကျင့်သုံးခဲ့ပါကြောင်း၊ ယခုကဲ့သို့ ပြောင်းလဲကျင့်သုံး ဆောင်ရွက်နိုင်ခြင်းမှာ ယခင် တပ်မတော်အစိုးရက အုတ်မြစ်ချပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရလမ်းကြောင်းပေးခဲ့သော ဈေးကွက်စီးပွားရေးစနစ်နှင့် ဒီမိုကရေစီစနစ်ကို ဆက် လက်လျှောက်လှမ်းသွားရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အားနည်းခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေး ချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း၊

မိမိတို့ နိုင်ငံအား ယခုအစိုးရ ကလည်း ဖွံ့ဖြိုးတိုးတက် စေလိုပါကြောင်း၊ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သောအစိုးရများကလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ အောင်မြင်မှုနှင့် ဆုံးရှုံးမှုများအပေါ်တွင် ဝေဖန်ပုတ်ခတ် ပြောဆိုနေမည့်အစား သင်ခန်းစာရယူ၍ ဆောင်ရွက် သွားရမည့် အချိန်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင်ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်း သည့်နိုင် ငံများသည် ၎င်းတို့နည်း၊ ၎င်းတို့ဟန်၊ ၎င်းတို့နိုင်ငံနှင့် ကိုက်ညီသောဒီမိုကရေစီ စနစ် ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက် ပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံဖြစ်ရန်အတွက် မိမိတို့နိုင်ငံနှင့်လျော်ညီသော ဒီမိုကရေစီစနစ် ကို ကျင့်သုံးရန် လိုအပ်သည်ဟု ထင်မြင်ယူဆ ပါကြောင်း၊

ပြီးခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရက ဤစနစ်ကိုကျင့်သုံး ရန် လမ်းခင်းပေးခဲ့ပါကြောင်း၊ ဒီမိုကရေစီလိုလားသော ပြည်သူများနှင့် လိုလားသည့်နိုင်ငံများ ၏ ပြောကြားချက် များအား အလေးထား ဆောင်ရွက် ခဲ့ပါကြောင်း၊

ပြည်တွင်းရှိ ဒီမိုကရေစီ အရေးတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသော သူများ၏ ဆောင်ရွက်ချက် များကြောင့်လည်း ပါဝင်ပါကြောင်း၊ယနေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ မိမိတို့ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒေါ်အောင်ဆန်းစုကြည်တို့က အဓိကနေရာမှ ပါဝင်ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ လွှတ်တော်မရှိပါက ဒီမိုကရေစီမရှိနိုင်ပါကြောင်း၊ လွှတ်တော်များရှိရန် လိုအပ်သကဲ့သို့ ခိုင်မာရန်လည်း လိုအပ် ပါကြောင်း၊ ထို့ကြောင့် အမေရိကန် နိုင်ငံ၏ ဒီမိုကရေစီ စနစ်နှင့် ကွန်ဂရက်၏ ဆောင်ရွက်ချက် များအား လာရောက်လေ့လာခြင်း ဖြစ်ပါကြောင်း၊ ဖက်ဒရယ်ကိစ္စနှင့် ပတ်သက်၍ အချို့က ခွဲထွက်ခွင့်ရှိသည်ဟု ဆိုခြင်းကို ဖက်ဒရယ်ဟု ယူဆ နေကြကြောင်း၊

အချို့ကလည်း ဖက်ဒရယ်ဟုဆိုလျှင် ခွဲထွက်မည်ဟုထင်နေကြကြောင်း၊ ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ရန် မဟုတ်ပါကြောင်း၊ ပေါင်းစည်းနေထိုင်၍ အာဏာကိုခွဲဝေသုံးစွဲရန် ဖြစ်ပါကြောင်း၊ အမေရိကန် ပြည်ထောင်စုပင်လျှင် တစ်ခုတည်းသော အမေရိကန်တပ်မတော်သာ ရှိပါကြောင်း၊ စုစည်းပေါင်းစုနေထိုင်ကာ အာဏာဖြန့်ဝေသုံးစွဲ၍ ကျင့်သုံးဆောင်ရွက်နေသည်ကို တွေ့ရှိရ ပါကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ ကျင့်စဉ်ဖြစ်ပြီး မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်ပြီး တည်ငြိမ်အေးချမ်းရန်အတွက် အားလုံးပါဝင်ဆောင်ရွက်နိုင်ရေးသည် အရေးကြီး ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

အမေရိကန်ကွန်ဂရက် လွှတ်တော်အမတ်များ၊ အဖွဲ့အစည်းများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက လည်း အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို အသိအမှတ်ပြု ထောက်ခံပါကြောင်း၊ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်မှု ရရှိအောင် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းများကို ခေါင်းဆောင်နိုင်သည့် နိုင်ငံတော်သမ္မတ၊ အဆွေတော် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်း စုကြည်တို့၏ မှန်ကန်သော ခေါင်းဆောင်မှုများ ရှိနေပြီ ဖြစ်သည့် အတွက် အောင်မြင်မှုရရှိမည် ဖြစ်ပါကြောင်း၊ မြန်မာ- အမေရိကန်နှစ်နိုင်ငံ လွှတ်တော်များ၊ အဖွဲ့အစည်းများ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့်  ပြော ကြား ခဲ့ကြသည်။

မြ၀တီ

0 comments:

Post a Comment