20.6.13

ဘ၀သင်ခန်းစာရရှိစေမည့် ပန်းနုသွေး ရုပ်သံဇာတ်လမ်းတွဲ

MRTV-4 ရုပ်သံလိုင်း၏ တတိယမြောက်ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်သော ပန်းနုသွေး ဇာတ်လမ်းတွဲအား လာမည့် နိုဝင်ဘာလအတွင်း ထုတ်လွှင့်ပြသမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါဇာတ်ကားမှာ စင်ဒရဲလားဇာတ်လမ်းကို အခြေခံထားကာ ခေတ်နှင့်အညီပြန်လည် ဆန်းသစ်ထားပြီး လက်မှုလုပ်ငန်းနှင့် မိဘမေတ္တာကို စောင်းပေး ရိုက်ကူးထားသည့် ဇာတ်လမ်း တစ်ပုဒ်ဖြစ်သည်ဟု ဒါရိုက်တာ ဦးထင်ကျော်က ဆိုသည်။ “ဒီဇာတ်လမ်းက မြန်မာပြည် ရဲ့လက်မှု လုပ်ငန်းနဲ့ မိဘမေတ္တာကို စောင်းပေးရိုက်ထားတယ်။ မိဘမေတ္တာ ငတ် နေတဲ့ သားသမီး တစ်ယောက်ရဲ့ ခံစားချက်တွေအပြင် ခေတ်မီနည်းပညာတွေနဲ့ ပေါင်းစပ်လိုက် ရင် မြန်မာ့ လက်မှုပညာတစ်ခုက နိုင်ငံခြားတွေအထိ ဖြန့်နိုင်မယ်ဆိုတာကို ပြချင်တယ်” ဟု ဒါရိုက်တာ ဦးထင်ကျော်က ပြောသည်။

မိဘမေတ္တာနှင့် မြန်မာ့ ရိုးရာ လက်မှုပညာ ဖိနပ်လုပ်ငန်းကို အသားပေး ရိုက်ကူးထားခြင်းဖြစ် ပြီး မြန်မာ့ လက်မှုပညာကို နိုင်ငံတကာသို့ ဖြန့်နိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ဆက်ပြော သည်။

“ကျွန်တော်က ဒီကားမှာ ဖိနပ်လုပ်ငန်း ပိုင်ရှင်ရဲ့သား နေရာကပါ။ လွတ်လွတ် လပ်လပ်နဲ့ လုပ်ချင်တာ လုပ်တဲ့ လူငယ် စရိုက်လေးပါ။ အရင်ကား အချစ်သင်္ကေတက ဆရာဝန်နေရာ ထက် အခုကားမှာ ကျွန်တော့ အပြင် စရိုက်နဲ့ ပိုကိုက်တယ်။” ဟု အချစ်သင်္ကေတတွင် မင်းသားအဖြစ်သရုပ်ဆောင်သူ မြတ်သူကျော်က ပြောသည်။ ဇာတ်ကားတွင်ပါဝင်သည့် ပြော စကားများမှ ဘ၀ပေးသင်ခန်းစာ အချို့ရရှိနိုင်လိမ့်မည်ဟု သိရသည်။ “ဒီဇာတ်ကားမှာ ပန်းနုသွေးနေရာကနေပြီး မိဘစွန့်ပစ်လို့ အနှိမ်ခံရတဲ့ ဘ၀ကနေ အောင်မြင်အောင် ကြိုးစားတဲ့ မိန်းကလေး အဖြစ် သရုပ်ဆောင်ရတာပါ၊ ဒီဇာတ်ကားရဲ့ အကျိုးကျေးဇူးအနေနဲ့ ဘ၀မှာ ဘယ်လို အခက်အခဲ တွေရှိပါစေ၊ သည်းခံပြီး ကြိုးစားရင်း အရာရာကို အောင်မြင်နိုင်တယ် ဆိုတဲ့ သင်ခန်းစာ ရရှိပါတယ်” ဟု သရုပ်ဆောင် မေမြင့်မိုရ်က ပြောသည်။

အဆိုပါ ဇာတ်လမ်းတွဲအား ဒါရိုက်တာ ထင်ကျော်က ရိုက်ကူး၍ မင်းသားအဖြစ် မြတ်သူကျော်၊ စိုင်းနေဖြိုးတို့ ပါဝင်ပြီး မင်းသမီးများ အဖြစ် မေမြင့်မိုရ် နှင့် မေမီကျော်ကျော် တို့ အဓိက ပါဝင် သရုပ်ဆောင်ထားကြပြီး ယခင် TV ဇာတ်လမ်းတွဲများ၌လည်း ၄င်းတို့ပင် ပါဝင်သရုပ်ဆောင် ထားသည်ဟု သိရသည်။

“မိဘက အလိုလိုက်တော့ အရမ်းဆိုးတဲ့ ကောင်မလေး နေရာကနေ သရုပ်ဆောင်ထား တယ်။ မော်ဒယ်ဖြစ်ချင်လို့ ကြိုးစားနေတဲ့သူပေါ့။ ပန်းနုသွေးကို မနာလိုရင်း ကိုယ့်ထက်သာ မှာလဲစိုးရိမ်နေတဲ့  နေရာကပါ။” ဟု မေမီကျော်ကျော်ကပြောသည်။ ၎င်းဇာတ်လမ်းတွဲ ကို နိုဝင်ဘာလထဲတွင်ပြသနိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် 1st Season တွင် အပိုင်း(၆၀) ပါရှိမည်ဖြစ်သည်ဟု သိရသည်။

“အချစ်ဆုံးသူငယ်ချင်း ဆိုးသမျှကို ဒိုင်ခံလိုက်လုပ်ပေးရတဲ့ သူငယ်ချင်း ပြည့်စုံ နေရာကနေ သရုပ်ဆောင် ရပါတယ်။ ပြည်တွင်းဇာတ်လမ်းတွဲတွေကိုလည်း အားပေးစေချင်ပါတယ်။” ဟု စိုင်းနေဖြိုးက ပြောသည်။ MRTV-4 မှ ထုတ်လွှင့်ပြသသော ဇာတ်လမ်းတွဲမှာ အချစ်သင်္ကေတ (The Song of Love) တစ်ကားပြသခဲ့ပြီး ပျော်စရာကမ်းခြေ (Happy Beach) ဇာတ်လမ်းတွဲ ကို သြဂုတ်လတွင်ပြသသွားမည်ဖြစ်ပြီး ပန်းနုသွေးဇာတ်လမ်းတွဲအား နိုဝင်ဘာလအတွင်း ပြသ ရန် ရည်ရွယ်ထားသည်ဟု သိရသည်။


http://myitmakhamediagroup.com/detail.php?newid=4965

0 comments:

Post a Comment