4.3.16

ပုံမှန်အခွန် ထမ်းဆောင်သူများနှင့် အခြေခံဝင်ငွေနည်းပါး သူများကို အခွန်ငါးဆတိုး၍ ကောက်ခံမည် ဆိုသည်မှာ မဟုတ်မှန်ဘဲ အခွန်မထမ်းဆောင်သူများနှင့် ၀င်ငွေရလမ်းကို ရှင်းလင်းစွာ မတင်ပြနိုင်သူများကိုသာ အခွန်ပိုမို ကျသင့်စေရန် တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ...

ပုံမှန်အခွန် ထမ်းဆောင်နေသူများ၊ အခြေခံဝင်ငွေ နည်းပါးသူ ပြည်သူများအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ အခွန်ငါးဆတိုးမြှင့် ကောက်ခံသည်မှာ မဟုတ်မှန်ကြောင်းနှင့် ၀င်ငွေခွန် ထမ်းဆောင်ထိုက်သည့် ၀င်ငွေရရှိခဲ့ပါလျက် ၀င်ငွေခွန် မထမ်းဆောင်ခဲ့သူများ၊ ၀င်ငွေခွန် ထမ်းဆောင်ရန် ၀င်ငွေကို အပြည့်အ၀ ဖော်ထုတ်ခြင်း မရှိခဲ့သူများ၊ ၀င်ငွေရလမ်းကို ရှင်းလင်းစွာ တင်ပြနိုင်ခြင်း မရှိသူများကို ပုံမှန်အခွန် ထမ်းဆောင်နေသူများ၊ အခွန်တာဝန် ကျေပွန်ပြီးသူများထက် ပိုမိုသော အခွန်နှုန်းဖြင့် ကျသင့်စေရန် ပြောင်းလဲကောက်ခံခြင်း ဖြစ်ကြောင်း
ပြည်တွင်းအခွန်များ ဦးစီးဌာနက မတ် ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ စတင်အကျိုး သက်ရောက်မည့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေဖြင့် လစာဝင်ငွေမှ ၀င်ငွေကျပ် ၄၈ သိန်းအထိ ရရှိသူများကို ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြုထားပြီး လစာဝင်ငွေမှ ကျပ် ၄၈ သိန်း အထက်ရရှိသူ၊ အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းဖြစ်သော ဆရာဝန်၊ သူနာပြု၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ အနုပညာရှင်၊ စာရင်းကိုင် စသည့် မိမိကျွမ်းကျင်သည့် အတတ်ပညာဖြင့် လုပ်ကိုင်မှုမှ အခကြေးငွေရရှိသူ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ၊ အထက်ဖော်ပြပါ လုပ်ငန်းအမျိုးအစား များမှအပ ဖြစ်သည့် အခြားဝင်ငွေ ရလမ်းများမှ ၀င်ငွေရရှိသူ (ဥပမာ-တရား မ၀င်ပစ္စည်းများ ဖမ်းဆီးရရှိမှုအတွက် ရရှိသည့် ဆုကြေးရရှိသူ)၊ အခြေခံသမ၀ါယမ အသင်းတို့အတွက် ကျသင့်မည့် အခွန်နှုန်းများ မှာ ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအတိုင်းဖြစ်၍ တိုးမြှင့်သတ်မှတ်ထားခြင်း မရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။
လက်ရှိသတ်မှတ်ထားသည့် အခွန်နှုန်းများမှာ တစ်ကျပ်မှ ကျပ်သိန်း ၂၀ အထိ ဆိုပါက အခွန် သုညရာခိုင်နှုန်း၊ ကျပ် ၂၀၀၀၀၀၁ မှ ကျပ်သိန်း ၅၀ အထိဆိုပါက ငါးရာခိုင်နှုန်း၊ ကျပ် ၅၀၀၀၀၀၁ မှ ကျပ်သိန်း ၁၀၀ ဆိုပါက အခွန်နှုန်း ၁၀ ရာခိုင်နှုန်း၊ ကျပ် ၁၀၀၀၀၀၀၁ မှ ကျပ်သိန်း ၂၀၀ အထိ ဆိုပါက အခွန်နှုန်း ၁၅ ရာခိုင်နှုန်း၊ ၂၀၀၀၀၀၀၁ မှ ကျပ်သိန်း ၃၀၀ အထိဆိုပါက အခွန်နှုန်း ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀၀ အထက် ဆိုပါက အခွန်နှုန်း ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
ဖော်ပြပါ အခွန်နှုန်းဖြင့် တွက်ချက်ခြင်း မပြုမီ ရရှိသော စုစုပေါင်းဝင်ငွေမှ နုတ်ပယ်ခွင့်ပြုသည့် သက်သာခွင့်များကိုလည်း ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအတိုင်းပင် သတ်မှတ်ခဲ့ပြီး အခြေခံသက်သာခွင့် (စုစုပေါင်းဝင်ငွေ၏ ရာခိုင်နှုန်း ၂၀၊ ကျပ်သိန်း ၁၀၀ ထက်မပိုစေရ)၊ အတူနေ မိဘ (အတူနေသူမိဘ တစ်ဦးလျှင် ကျပ် ၁၀ သိန်း)၊ အိမ်ထောင်ဖက်အတွက် သက်သာခွင့် (အိမ်ထောင်ဖက် တစ်ဦးအတွက် ကျပ် ၁၀ သိန်း)၊ သားသမီးများအတွက် သက်သာခွင့် (သားသမီး တစ်ဦးလျှင် ကျပ်ငါးသိန်း) သတ်မှတ်ထားကာ ဖော်ပြပါ အခွန်နှုန်းများ၊ သက် သာခွင့်များအရ အိမ်ထောင်ဖက်မရှိသူ၊ မိဘများနှင့် အတူမနေသူ တစ်ဦးအတွက် ၀င်ငွေ နှစ်အတွင်း စုစုပေါင်းဝင်ငွေ ၂၅ သိန်းဝင်ငွေ ရှိစေကာမူ အခြေခံသက်သာခွင့် ရာခိုင်နှုန်း ၂၀ အဖြစ် ကျပ်ငါးသိန်းကို စုစုပေါင်းဝင်ငွေမှ နုတ်ပယ်ခွင့်ရရှိပြီး အခွန်နှုန်းတွင် တစ်ကျပ်မှ ကျပ်သိန်း ၂၀ အထိ အခွန်နှုန်း သုညရာခိုင်နှုန်း ဖြစ်သဖြင့် အခွန်ကျသင့်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများ ထမ်းဆောင်ရမည့် အခွန်နှုန်း ၂၅ ရာခိုင်နှုန်းမှာလည်း ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ အတိုင်းပင်ဖြစ်၍ ပုံမှန်အခွန် ထမ်းဆောင်နေသူများ၊ အခြေခံဝင်ငွေ နည်းပါးသူ ပြည်သူများအတွက် အခွန်နှုန်းငါးဆ တိုးမြှင့်ကောက်ခံမည် ဆိုသည်မှာ လုံးဝ မဟုတ်မမှန်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
သို့သော်၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ တွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊  မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ရရှိရန် အသုံးပြုသည့် ငွေကြေးများအတွက် ၀င်ငွေရလမ်း ရှင်းလင်းစွာ မတင်ပြနိုင်သူများ ထမ်းဆောင်ရမည့် အခွန်နှုန်းကို တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၀၀၀၀၁ မှ ကျပ်သိန်း ၁၀၀၀ အထိ ရာခိုင်နှုန်း ၂၀ နှင့် ကျပ်သိန်း ၁၀၀၀ အထက်ဆိုပါက အခွန်နှုန်း ရာခိုင်နှုန်း ၃၀ သတ်မှတ်ထားကာ အထက်ဖော်ပြပါ အခွန်နှုန်းသည် ၀င်ငွေခွန် ထမ်းဆောင်ထိုက်သည့် ၀င်ငွေရရှိခဲ့ပါလျက် ၀င်ငွေခွန် မထမ်းဆောင်ခဲ့သူများ၊ ၀င်ငွေခွန် ထမ်းဆောင်ရန် ၀င်ငွေကို အပြည့်အ၀ ဖော်ထုတ်ခြင်း မရှိခဲ့သူများ၊ ၀င်ငွေရလမ်းကို ရှင်းလင်းစွာ တင်ပြနိုင်ခြင်း မရှိသူများကို ပုံမှန်အခွန် ထမ်းဆောင်နေသူများ၊ အခွန်တာဝန် ကျေပွန်ပြီးသူများထက် ပိုမိုသော အခွန်နှုန်းဖြင့် ကျသင့်စေရန် သတ်မှတ်ထားခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment