ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

20.10.14

ဆွီဒင်ရေပိုင်နက်ကို ရုရှားရေငုပ်သင်္ဘော ကျူးကျော်ဝင်ရောက်ခဲ့သည် ဆိုခြင်းကို ရုရှားငြင်းဆို


ဆွီဒင် ရေပိုင်နက်ထဲသို့ ရုရှား ရေငုပ်သင်္ဘောတစ်စီး ကျူးကျော် ဝင်ရောက်ခဲ့ကြောင်း စွပ်စွဲချက်များကို ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ငြင်းပယ်ခဲ့သည်။

ဆွီဒင်ရေတပ်သည် ကမ်းလွန်ရေပြင် တစ်နေရာတွင် အဝေးမှ ရိုက်ကူးထားသည့် အမျိုးအမည်မသိ ရေငုပ်သင်္ဘောတစ်စီး၏ ပုံရိပ်ကို ပြသခဲ့သည်။ ထို့အပြင် ဆွီဒင်ရေတပ်၏ အပေါ့စား တိုက်သင်္ဘော Visby သည် အောက်တိုဘာ (၁၇)ရက် ကတည်းက နိုင်ငံ၏ ကမ်းလွန်ရေပြင်တွင် ရှာဖွေရေး ခရီးစဉ်တစ်ခု သတ်မှတ် ဆောင်ရွက်ခဲ့သည်။

ဆွီဒင်စစ်ဘက်က မိမိတို့၏ စစ်ဆေးမှုများအရ မူမမှန်သည့် အခြေအနေတစ်ရပ် ဖြစ်ပေါ်ခဲ့သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ရသည့် သက်သေ အထောက်အထားများ ရှိနေကြောင်း ဆိုသည်။ အဆိုပါ အနေအထားက ဘောလ်တစ်ဒေသတွင် နိုင်ငံရေးအရ မယုံသင်္ကာမှုများ တိုးပွားလာစေနိုင်ကြောင်း လေ့လာသူများက မှတ်ချက်ပြုခဲ့သည်။

ဆွီဒင်ရေတပ်က စတော့ခ်ဟုမ်း မြို့တော်အနီး ရေပြင်တွင် တွေ့ရှိလိုက်ရသည့် အရာသည် ရေငုပ်သင်္ဘောတစ်စီး ဖြစ်နိုင်သည်ဟုမူ အတိအလင်း ကြေညာခြင်း မရှိချေ။ သို့သော်လည်း ဆွီဒင်သတင်းစာ တစ်စောင်က ရေတပ်သည် ရုရှားစစ်တပ်က အသုံးပြုသည့် အချက်ပြလှိုင်းတစ်ခုကို ကြားဖြတ် ဖမ်းယူမိခဲ့ကြောင်း ရေးသားခဲ့သောကြောင့် ရုရှားရေငုပ်သင်္ဘောတစ်စီး ဆွီဒင်ရေပိုင်နက်သို့ ကျူးကျော်ခဲ့ခြင်းဟု စွပ်စွဲမှုများ ရှိလာခဲ့သည်။

ဆွီဒင်၏ နောက်တန်း သေနာပတိ အန်ဒါးစ် ဂရန်းစတက်ဒ်ကမူ “လောလောဆယ် စုံစမ်းမှုတွေ လုပ်ဆောင်နေဆဲပါ။ အရင်ကလည်း ဒီရေပြင် ဧရိယာကို တခြား အင်အားကြီး နိုင်ငံတွေက စိတ်ဝင်စားတဲ့ အရိပ်အခြေတွေ မြင်ခဲ့ရဖူးပါတယ်”ဟု ပြောကြားခဲ့သည်။ (၁၉၈၀)ပြည့်လွန်၊ စစ်အေးခေတ် ကာလများက ဆိုဗီယက် ပြည်ထောင်စု၏ ရေငုပ်သင်္ဘောများ ဆွီဒင်ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်သဖြင့် လုံခြုံရေး ကဏ္ဍကို အဆင့်မြှင့်တင်ခဲ့ရဖူးသည်။

ပြီးခဲ့သည့်လကလည်း ရုရှား၏ SU-24 တိုက်လေယာဉ် နှစ်စီးသည် ဆွီဒင် လေပိုင်နက်ထဲ ဝင်ရောက်လာသဖြင့် ဆွီဒင်၏ တိုက်လေယာဉ်များ အရေးပေါ် ပျံတက်ခဲ့ရကြောင်း ဆွီဒင် သတင်းစာ Expressen က ဖော်ပြခဲ့ဖူးသည်။ ယခုဖြစ်ရပ်တွင်မူ ရုရှား၏ ရေငုပ်သင်္ဘော တစ်စီးက ဆွီဒင်ရေပိုင်နက်ထဲ ဝင်ရောက်ကြောင်း စွပ်စွဲမှုများကို တာဝန်ရှိသူ တစ်ဦးက ငြင်းဆန်ခဲ့သည်။

မော်စကိုရှိ ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက “ရုရှားရဲ့ တိုက်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ အားလုံးဟာ သတ်မှတ် အစီအစဉ်တွေအတိုင်း တာဝန် ထမ်းဆောင်နေပါတယ်။ တခြား မူမမှန်တဲ့ ဘယ်လို လုပ်ဆောင်မှုမှ မရှိခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။

ဆွီဒင်ရေတပ်သည် ရေငုပ်သင်္ဘောဖျက် လက်နက်နည်းပညာများ တပ်ဆင်ထားသည့် Visby သင်္ဘောကို ရှာဖွေရေး တာဝန်ဖြင့် စေလွှတ်ထားပြီး မသင်္ကာသည့် ရေပြင် ဧရိယာများတွင် ရဟတ်ယာဉ်များ၊ အခြားရေယာဉ်များ စေလွှတ်ကာ ရေအောက်ကို Scan ဖတ် ရှာဖွေမှုများ ပြုလုပ်နေစေကြောင်း သိရသည်။

_Ref: BBC

တောင်ကိုရီးယားကို ရန်စနေမှုများအား ရပ်တန့်ရန် မြောက်ကိုရီးယားကို အမေရိကန် တိုက်တွန်း


ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုများ ဖြစ်ပေါ်အောင် ရန်စနေသည့် လုပ်ရပ်များကို ရပ်တန့်ရန် မြောက်ကိုရီးယားကို အမေရိကန်က တိုက်တွန်း တောင်းဆိုလိုက်သည်။

အောက်တိုဘာ (၁၉)ရက်က တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ နှစ်ဖက်စလုံးက အင်အားကြီးမားစွာ တပ်စွဲ စောင့်ကြည့်နေသည့် နယ်စပ်ဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ပဋိပက္ခ အခြေအနေများ ပိုမိုများပြားလာသည်။

နယ်စပ်စည်းရိုး အနီးသို့ မြောက်ကိုရီးယားစစ်သည် (၁၀)ဦးမျှ ချဉ်းကပ်လာသည့်နောက် တောင်ကိုရီးယားက ခြောက်လှန့် ပစ်ခတ်ရာမှ နှစ်ဖက် အပြန်အလှန် ပစ်ခတ်ကြခြင်းဟု တောင်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့သည်။ (၁၀)မိနစ်မျှ ကြာမြင့်သည့် ဖြစ်ရပ်အတွင်း တောင်ကိုရီးယားဘက်မှ အထိအခိုက် အကျအဆုံး မရှိသော်လည်း မြောက်ကိုရီးယားဘက်မှ သတင်းအချက်အလက်များကိုမူ မသိရချေ။

အမေရိကန် ပြည်ထောင်စုက မြောက်ကိုရီးယား အနေဖြင့် ယင်းကဲ့သို့ ရန်စသည့် လုပ်ရပ်မျိုးကို ရှောင်ကြဉ်ရန် တိုက်တွန်းခဲ့သည်။ “ကျွန်တော်တို့ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ ပတ်သက်ပြီး အမြဲတမ်း စောင့်ကြည့်နေပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေ ဖြစ်ပေါ်အောင် ရန်စနေမှုကို လျှော့ချသင့်ပါတယ်။ ပဋိပက္ခ တစ်ခုခုဆီ ဦးတည်နေတဲ့ ဘယ်လို လုပ်ဆောင်မှုကိုမဆို မြောက်ကိုရီးယား အနေနဲ့ ရပ်တန့်ဖို့ လိုပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။

အောက်တိုဘာ (၁၉)ရက် ဖြစ်ရပ်သည် (၂)ပတ်မျှ အတောအတွင်း နယ်ခြားစောင့်တပ်များ တတိယ အကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်လာခဲ့သည်။ ယခုလ အစောပိုင်းက မြောက်ကိုရီးယားစစ်ဘက် ထိပ်တန်းခေါင်းဆောင်(၃)ဦး တောင်ကိုရီးယားသို့ အလည်အပတ် ရောက်ရှိခဲ့သည့်တိုင် နှစ်နိုင်ငံကြား နယ်စပ်ပြဿနာများမှာ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်သည်။

_Ref: BBC

အင်ဒိုနီးရှား သမ္မတသစ်အဖြစ် ဝီဒိုဒို ကျမ်းသစ္စာကျိန်ဆို


ဇူလိုင်လက ကျင်းပသည့် အင်ဒိုနီးရှား ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဂျိုကိုဝီဒိုဒိုသည် နိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရှိရသည်။

ပြည်သူလူထုကြားတွင် ဂျိုကိုဝီဆိုသည့် အမည်ဖြင့် လူသိများသည့် အသက်(၅၃)နှစ်အရွယ် နိုင်ငံရေးသမားသည် ဂျကာတာမြို့တော်ရှိ လွှတ်တော်ရှေ့တွင် အောက်တိုဘာ (၂၀)ရက်က အခမ်းအနားဖြင့် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

ဂျကာတာ မြို့တော်ဝန်ဟောင်း တစ်ဦးဖြစ်သည့် ဝီဒိုဒိုသည် အင်ဒိုနီးရှား နိုင်ငံသမိုင်းတွင် စစ်ဘက်နှင့် နိုင်ငံရေး အထက်တန်းလွှာ အသိုက်အဝန်းနှင့် ဆက်နွှယ်မှု မရှိသည့် ပထမဆုံး သမ္မတလည်း ဖြစ်လာသည်။ ၎င်းသည် ကျမ်းသစ္စာ ကျိန်ဆိုမှု အပြီးတွင် ဒုတိယ သမ္မတ ဂျူဆွတ်ဖ်ကယ်လာနှင့်အတူ သမ္မတ အိမ်တော်သို့ သွားရောက်ခဲ့သည်။

ဂျကာတာတွင် အောက်တိုဘာ (၂၀)ရက် ညပိုင်း၌ ဝီဒိုဒိုကို ဂုဏ်ပြုသည့် အနေဖြင့် Rockဂီတ အဖွဲ့များ အပါအဝင် ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ထားပြီး ဝီဒိုဒိုသည် ထိုပွဲတွင် ပရိသတ်များကို နှုတ်ဆက်ဖွယ် ရှိနေသည်။

သမ္မတအဖြစ် ၎င်း၏ ပထမဆုံး မိန့်ခွန်းတွင် ဝီဒိုဒိုက “သင်္ဘောရဲ့ ဦးစီးမှူး အနေနဲ့ ကုန်းပတ်ပေါ် လိုက်ပါလာတဲ့ နိုင်ငံသား အားလုံးဟာ သာယာဝပြောတဲ့ အင်ဒိုနီးရှား နိုင်ငံဆီ ဦးတည်ဖို့ အတူလှော်ခတ်ကြဖို့ ကျွန်တော် ဖိတ်ခေါ်ချင်ပါတယ်”ဟု ထည့်သွင်း ပြောကြားသွားကြောင်း ဂျကာတာဂလုပ်ဘ် သတင်းစာက ဖော်ပြသွားသည်။

_Ref: BBC

ကက်ရှ်မီးယား ပြဿနာကို ဖြေရှင်းခြင်းဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု ပါကစ္စတန် စစ်ဘက် အကြီးအကဲ ပြောကြား


ကက်ရှ်မီးယား ဒေသတွင် ဖြစ်ပွားလျက် ရှိသော ပြဿနာများကို ပြေလည်အောင် ဖြေရှင်းခြင်းသည်
ဒေသတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် အဓိက အချက် ဖြစ်ကြောင်း ပါကစ္စတန် စစ်ဘက် အကြီးအကဲ ဗိုလ်ချုပ်ကြီး ရာဟီးလ်ရှရစ်ဖ်က အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် အပြန်အလှန် ရင်းနှီးချစ်ခင်မှု ရှိစေရန် ဆန္ဒရှိပြီး ပြင်ပမှ မည်သည့် ခြိမ်းခြောက်မှုမျိုးကို မဆို ခုခံကာကွယ်နိုင်စွမ်း ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ပါကစ္စတန် တပ်ဖွဲ့ဝင်များ၏ ရည်မှန်းချက်သည် နိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ပြီး မြောက်ဝါဇီရစ်စတန် တွင် အခြေစိုက်သည့် အကြမ်းဖက်သမားများ၏ ကွန်ရက်ကိုလည်း ဖျက်ဆီးရန် မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အရ ကက်ရှ်မီးယား ဒေသရှိ ပြည်သူများသည် မိမိတို့၏ ကံကြမ္မာကို မိမိတို့ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်ကြောင်း ဗိုလ်ချုပ်ကြီး ရှရစ်ဖ်က ပြောကြားခဲ့သည်။

မြ၀တီ

နိုင်ငံရေး ရန်ပုံငွေ အလွဲသုံးစားပြုမှုဖြင့် ဂျပန်ဝန်ကြီးတစ်ဦး ရာထူးမှ နုတ်ထွက်ရ


နိုင်ငံရေး ရန်ပုံငွေများကို ကိုယ်ရေးကိုယ်တာအတွက် အလွဲသုံးစား အသုံးပြုကြောင်း စွပ်စွဲခံရသည့်နောက် ဂျပန် အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦး ရာထူးမှ နုတ်ထွက်သွားကြောင်း သိရသည်။

ဂျပန်၏ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ယူကို အိုဘူချီသည် သူမ၏ နုတ်ထွက်စာကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေးထံ တရားဝင် တင်သွင်းခဲ့သည်။ သူမသည် ရန်ပုံငွေနှင့် အခြားသော အလှူငွေများကို နိုင်ငံရေးနှင့် မပတ်သက်သည့် အခြားသော ကိုယ်ရေးကိုယ်တာ ကိစ္စများတွင် သုံးစွဲခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

အိုဘူချီသည် သူမကို နိုင်ငံရေးအရ ထောက်ခံသည့် အဖွဲ့အစည်းများနှင့် အခြားသော အလှူရှင်များထံမှ ရရှိလာသည့် ငွေများကို မိတ်ကပ်များ၊ နိုင်ငံရေးနှင့် မပတ်သက်သည့် ပုဂ္ဂိုလ်ရေး အသုံးအဆောင်များ ဝယ်ယူရာတွင် အသုံးချခဲ့ကြောင်း အတိုက်အခံများက ဆိုသည်။

သူမသည် ဝန်ကြီးချုပ်နှင့် မိနစ်(၃၀)မျှ ဆွေးနွေးပြီးနောက် နုတ်ထွက်စာ တင်ခဲ့ခြင်း ဖြစ်သည်။ လေ့လာသူများက နိုင်ငံရေးအရ အရေးပါသော ရာထူးများတွင် အမျိုးသမီးများကို ပိုမိုနေရာပေးလိုသည့် အာဘေးအတွက် ယခုဖြစ်ရပ်မှာ ထိုးနှက်ချက်တစ်ခုသဖွယ် သက်ရောက်လာနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။

အသက်(၄၀) အရွယ်ရှိ အိုဘူချီသည် အာဘေး၏ ပြန်လည်မွမ်းမံ ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့မှ အမျိုးသမီး ဝန်ကြီး(၅)ဦး အနက်တွင် (၁)ဦးအပါအဝင် ဖြစ်သည်။ အတိုက်အခံများက အိုဘူချီနှင့် သူမ၏ နောက်လိုက် ဝန်ထမ်းများသည် တိုကျိုမြို့ထဲတွင် နိုင်ငံရေး ခရီးစဉ်အချို့ လှည့်လည်သွားလာရင်း ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်ကာ မိတ်ကပ်နှင့် ဖက်ရှင် အဝတ်အထည်များကို ဒေါ်လာ ထောင်နှင့် သောင်းနှင့်ချီ အသုံးပြု ဝယ်ယူခဲ့ကြောင်း စွပ်စွဲခဲ့သည်။

အာဘေးသည် ဂျပန်ဝန်ကြီးချုပ် ရာထူးကို (၂၀၀၆)မှ (၂၀၀၇)ခုနှစ်အတွင်း တစ်ကြိမ်တာဝန်ယူဖူးပြီး ထိုစဉ်ကလည်း ၎င်း၏ ဝန်ကြီးများကြောင့် နိုင်ငံရေး သိက္ခာကျမှုများ ကြုံခဲ့ရသလို ကိုယ်တိုင်လည်း ကျန်းမာရေး အကြောင်းပြပြီး ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။

_Ref: BBC

အိုင်အက်စ်စစ်သွေးကြွ ချေမှုန်းရေး သြစတြေးလျက အထူးတပ် စေလွှတ်မည်

သြစတြေးလျအစိုးရဟာ အစ္စလာမ်မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) အဖွဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်ရေးအတွက် အီရတ်စစ်တပ်ကို ပံ့ပိုးဖို့ သူရဲ့ အထူးတပ်တွေ စေလွှတ်ရေး အီရတ်အစိုးရနဲ့ သဘောတူညီခဲ့ပြီလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က ပြောပါတယ်။
အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်ကို ၂ ရက်ကြာ အလည်အပတ်လာခဲ့တဲ့ ဝန်ကြီးဟာ အကြီးတန်း အီရတ်အရာရှိတွေနဲ့ အစည်းအဝေးတွေအပြီး သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။

အပေးအယူအရ သြစတြေးလျတပ်တွေ ဘယ်လိုနဲ့ ဘယ်အချိန် စေလွှတ်မယ်ဆိုတဲ့ အသေးစိတ်က သြစတြေးလျစစ်တပ်အပေါ် မူတည်တယ်လို့ ဘစ်ရှော့က ပြောပါတယ်။

သြစတြေးလျဝန်ကြီးချုပ် တိုနီအဘ်ဘော့ကတော့ သူရဲ့အထူးတပ်ဖွဲ့ဝင် အယောက် ၂၀၀ ဟာ အီရတ်အစိုးရရဲ့ တရားဝင်အကာအကွယ်ကမ်းလှမ်းချက်တွေ မရသေးလို့ နိုင်ငံတွင်း မဝင်နိုင်သေးဘဲ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံမှာ  စက်တင်ဘာလ လယ်ကတည်းက စောင့်နေခဲ့ရတယ်လို့ ပြောပါတယ်။

သြစတြေးလျ တိုက်လေယာဉ်မှူးတွေဟာ ဒီလက စပြီး အီရတ်နိုင်ငံတွင်းက ပစ်မှတ်တွေကို ပစ်ခတ်နေခဲ့တာပါ။

အစွန်းရောက် အိုင်အက်စ် စစ်သွေးကြွတွေဟာ အီရတ်နဲ့ ဆီးရီးယား ၂ နိုင်ငံလုံးက ကြီးမားတဲ့နယ်မြေတွေကို ထိန်းချုပ်ထားပြီး သူတို့ကို အမေရိကန် ခေါင်းဆောင်တဲ့ ညွန့်ပေါင်း မဟာမိတ်တွေက အီရတ်အစိုးရဘက်ကနေ စစ်ကူပေးနေရပါတယ်။

DVB

ဂျာမန် ဆိုင်ကယ်လမ်းသရဲဂိုဏ်း ဆီးရီးယားသို့ သွားရောက်ပြီး IS အဖွဲ့ကို တိုက်ခိုက်ရန်ပြင်ဆင်

Median Empire Motorcycle Club ဟု အမည်ရသော ဂျာမန်ဆိုင်ကယ် လမ်းသရဲဂိုဏ်းသည် အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS ကို ချေမှုန်းရာတွင် ပါဝင်ကူညီရန်အတွက် ဆီးရီးယားနိုင်ငံ၊ ကိုဘာနီမြို့သို့ ရောက်ရှိလျက် ရှိကြောင်း Daily Mail သတင်းဌာနတွင် ဖော်ပြထားသည်။
Median Empire Motorcycle Club သည် ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့တွင် အခြေစိုက်သော အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ကာ့ဒ်လူမျိုးစုများနှင့် အဆက်အသွယ် ရှိသော အဖွဲ့လည်း ဖြစ်သည်။
Median Empire Motorcycle Club ၏ ခေါင်းဆောင်များသည် ဆီးရီးယားနိုင်ငံ၊ ကိုဘာနီမြို့သို့ ရောက်ရှိနေသော ၎င်းတို့ဂိုဏ်းသားများ၏ ဓာတ်ပုံများကို အဖွဲ့၏ တရားဝင် Facebook စာမျက်နှာတွင် တင်ထားခဲ့ပြီး ထိုဓာတ်ပုံများထဲမှ လမ်းသရဲဂိုဏ်းသား အချို့မှာ လက်နက်များ ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။
ထို့ပြင် ဓာတ်ပုံ၏ အောက်တွင်လည်း “ကျွန်တော်တို့ ကောင်လေးတွေ ဒီနေ့ ကိုဘာနီမြို့ကို ရောက်တယ်၊ အဲဒီမှာ သူတို့ အပစ်အခတ် ခံခဲ့ရသေးပေမယ့် ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ ပြောတယ်။ သူတို့ အဆင်ပြေပါတယ်” ဟုလည်း ရေးသားထားသည်ကို တွေ့ရသည်။
ကိုဘာနီမြို့သို့ သွားရောက်ပြီး IS အဖွဲ့ ချေမှုန်းရေးတွင် နိုင်ငံတကာ တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်လျက် ရှိသော နယ်သာလန် ဆိုင်ကယ် လမ်းသရဲဂိုဏ်းမှ ဂိုဏ်းသားသုံးဦးကို တရားစွဲဆိုသွားမည် မဟုတ်ကြောင်း နယ်သာလန် အာဏာပိုင်များက ပြောကြားခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ဂျာမန်ဆိုင်ကယ် လမ်းသရဲဂိုဏ်းသားများ ကိုဘာနီမြို့သို့ သွားရောက် တိုက်ခိုက်သည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
IS အဖွဲ့ကို ချေမှုန်းရာတွင် ကူညီတိုက်ခိုက်ပေးနေသော ပြည်ပရောက် ဆိုင်ကယ်လမ်းသရဲ ဂိုဏ်းသားများကို တရားစွဲဆိုသွားမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နယ်သာလန်တပ်များကို တိုက်ခိုက်ခြင်း မဟုတ်သဖြင့် ဥပဒေချိုးဖောက်ရာ မရောက်သောကြောင့် ဖြစ်ကြောင်း နယ်သာလန် အစိုးရရှေ့နေတစ်ဦးက ပြီးခဲ့သော ရက်သတ္တတစ်ပတ် အတွင်းက ပြောကြားခဲ့သည်။
“နိုင်ငံခြားသား လက်နက်ကိုင် တပ်တွေနဲ့ သွားရောက် ပူးပေါင်းတာဟာ အရင်တုန်းက တရားမဝင်တဲ့ လုပ်ရပ်ဖြစ်ပေမယ့် အခုအခါမှာတော့ အဲဒါကို တားမြစ်ထားခြင်း မရှိတော့ပါဘူး။ နယ်သာလန် တပ်တွေကို တိုက်ခိုက်တဲ့အဖွဲ့နဲ့ ပူးပေါင်းမှသာ ဥပဒေအရ အပြစ်ပေးခံရမှာ ဖြစ်ပါတယ်” ဟု အစိုးရရှေ့နေ ဝင်ဒီဘရွန်းက ပြောကြားသည်။
နယ်သာလန် နိုင်ငံသားများ အနေဖြင့် ကာ့ဒ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး IS အဖွဲ့ကို တိုက်ခိုက်နိုင်သည် ဆိုသော်လည်း ထိုကဲ့သို့ တိုက်ခိုက်စဉ်တွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းမှု ကျူးလွန်ခြင်း စသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့လျှင်မူ တရားစွဲဆိုသွားမည်ဟု မစ္စတာဘရွန်းက ပြောကြားသည်။
“ဒါပေမဲ့ အလွန်ဝေးကွာတဲ့ ရေခြား၊ မြေခြားမှာ ဖြစ်တဲ့အမှု ဆိုတော့ သက်သေပြဖို့တော့ ခက်လိမ့်မယ်” ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ဗြိတိန်အပါအဝင် နိုင်ငံအများအပြားသည် ၎င်းတို့နိုင်ငံသားများ IS အဖွဲ့နှင့် သွားရောက် မပူးပေါင်းနိုင်စေရန် ကြိုးစားတားဆီးလျက် ရှိသော်လည်း IS အဖွဲ့ကို တိုက်ခိုက်ချေမှုန်းလျက် ရှိသည့် ကာ့ဒ်တပ်ဖွဲ့နှင့် သွားရောက် ပူးပေါင်းခြင်းကိုမူ ယေဘုယျအားဖြင့် ခွင့်ပြုထားကြသည်။

The Voice Weekly

ဆီးရီးယားနယ်စပ်တွင် အိုင်အက်စ်နှင့်ကာဒစ်ရှ်တပ်ဖွဲ့ တိုက်ပွဲပြင်းထန်

ဆီးရီးယားနယ်စပ်က ကိုဘာနီမြို့မှာ အိုင်အက်စ်တွေက ကာဒစ်ရှ် ခုခံသူတွေကို မော်တာတွေ၊ ကားဗုံးတွေနဲ့ တိုက်နေလို့ အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။


အစ္စလာမ်မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) အဖွဲ့က အောက်တိုဘာ ၁၈ ရက်နေ့က ကာဒစ်တွေနေတဲ့ မြို့ရဲ့ အစိတ်အပိုင်းတွေဆီ မော်တာ ၄၄ လုံး ပစ်ခဲ့တာပါ။ တချို့ကတော့ တူရကီနယ်စပ်နားကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အီရတ်နဲ့ ဆီးရီးယားနိုင်ငံက နယ်မြေအများအပြားကို ထိန်းချုပ်ထားတဲ့  အိုင်အက်စ်အဖွဲ့က ကိုဘာနီမြို့ကို ၁ လကြာ တိုက်ပွဲဆင်နွှဲနေပြီး မြို့ဟာ မကြာခင် ကျဆုံးတော့မယ်လို့ ကာ့ဒ်လူမျိုးတွေ အရင်အပတ်က ပြောပါတယ်။

ဆီးရီးယားမြောက်ပိုင်းခြေကုပ်စခန်း အားကောင်းအောင် လုပ်ချင်တဲ့ အိုင်အက်စ်အဖွဲ့ကို အမေရိကန်နဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ သြဂုတ်လကတည်းက လေကြောင်းကနေ တိုက်ခိုက်မှု တွေ လုပ်နေပါတယ်။

အိုင်အက်စ်အဖွဲ့ဟာ ဆီးရီးယားသမ္မတ ဘာရှားလ်အယ် အာဆတ်ကို ဆန့်ကျင် တိုက်ခိုက်ရာကနေ အင်အားကြီးလာပြီး ခုလို နယ်မြေတွေကို စီးနင်း သိမ်းပိုက်နိုင်လာခဲ့တာပါ။

၂၀၁၁ မတ်လက စတဲ့ ဆီးရီးယားပြည်တွင်းစစ်အတွင်း သေဆုံးသူ အယောက် ၂ သိန်းနီးပါး ရှိနေပါပြီ။

နေတိုးအဖွဲ့ရဲ့ မဟာမိတ် တူရကီနိုင်ငံကတော့ နယ်စပ်တလျှောက် တပ်တွေ ချထားပေမယ့် စွက်ဖက်ဖို့ တွန့်ဆုတ်နေတာပါ။

မဟာမိတ်တွေက ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရေး ဆီးရီးယားသမ္မတ အာဆတ်ကို အတိုက်အခံ လုပ်သင့်တယ်လို့လည်း ပြောပါတယ်။

တူရကီနိုင်ငံတွင်းကို ကိုဘာနီမြို့ကနေ ထွက်ပြေးလာတဲ့ ဆီးရီးယား ကာ့ဒ်လူမျိုး ၂သိန်းနီးပါး အပါအဝင် ဆီးရီးယား စစ်ပြေးဒုက္ခသည် ၁ သန်းခွဲကို လက်ခံထားရပါတယ်။

DVB

သိမ်းပိုက်ထားသော ဒုံးကျည်ဖြင့် ယူကရိန်းသူပုန်များက MH 17 ခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့သည်ဟု ဂျာမနီ ထောက်လှမ်းရေးအဖွဲ့ ထုတ်ပြန်


နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ဇူလိုင် ၁၇ ရက်က ထွက်ခွာ လာသော မလေး ရှားလေကြောင်းလိုင်း၏ ခရီးသည်တင် MH17 လေယာဉ်အား ယူကရိန်းသူပုန်တို့က သိမ်းပိုက်ထားသည့် ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ဂျာမန်ထောက်လှမ်းရေးဌာနက အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါလေယာဉ်သည် ရုရှားတို့က ထောက်ပံ့ခဲ့သည့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် သူပုန်များက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်း အစိုးရနှင့်အနောက်နိုင်ငံများက စွပ်စွဲပြောကြားခဲ့သော်လည်း ရုရှားအစိုးရက ငြင်းဆိုခဲ့သည်။

ဂျာမန်ပြည်ပထောက်လှမ်းရေးဌာန BND အကြီးအကဲ ဂါးဟဒ်ရှင်ဒယ်လာက မိမိတို့တွေ့ရှိရသော ထောက်လှမ်းရေးအချက်အလက်များအရ အဆိုပါလေယာဉ်အား သူပုန်တို့က ယူကရိန်းအစိုးရ စစ် အခြေစိုက်စခန်းတစ်ခုမှ သိမ်းဆည်းခဲ့သော BUK စနစ်သုံး ဒုံးကျည်ဖြင့် ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း Spiegel မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

ရုရှားတို့၏ ပြောကြားချက်တွင် ယူကရိန်းတိုက်လေယာဉ်တစ်စင်းက အဆိုပါ လေယာဉ်အနီးသို့ အနီးကပ်ပျံသန်းပြီး ပစ်ချခဲ့ခြင်းဖြစ် သည်ဟု ဖော်ပြချက်သည် မှားယွင်းကြောင်း အောက်တိုဘာ ၂၀ ရက်က ထွက်ရှိခဲ့သည့် အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့သည်။

Ref:AFP

ဟောင်ကောင်ဆန္ဒပြမှု ပြည်ပ ပယောဂပါ


တရုတ်နိုင်ငံပိုင်နယ်မြေဖြစ်တဲ့ ဟောင်ကောင်ကျွန်းမှာ ဖြစ်ပွားတဲ့ ဒီမိုကရေစီလိုလားသူများရဲ့ ဆန္ဒပြမှုတွေမှာ ပြည်ပအင်အားစုတွေ ပါဝင်နေတယ်လို့ ဟောင်ကောင် ခေါင်းဆောင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

သတင်းပတ်နဲ့ချီပြီးတော့ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ လုံးဝပြည်တွင်းလှုတ်ရှားမှု သက်သက် မဟုတ်ဘူးလို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး leung Chun-ying က တနင်္ဂနွေနေ့ နှောင်းပိုင်း ရုပ်သံလွှင့်ဌာနတခုနဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေတယ်လို့ သူ့အနေနဲ့ ယူဆတဲ့ တိုင်းပြည် အဖွဲ့အစည်းရဲ့ အမည်ကိုတော့ ထုတ်ဖေါ်ပြောကြားသွားခြင်းမရှိပါဘူး။

ဆန္ဒပြမှုတွေရဲ့နောက်ကွယ်မှာ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေရဲ့ ကြိုးကိုင်ချယ်လှယ်မှုတွေ ပါနေတယ်ဆိုပြီးတော့ တရုတ်နိုင်ငံပိုင် မီဒီယာကနေ မကြာခင်က ပြောဆိုခဲ့တာကို သံယောင်လိုက် မှတ်ချက်ပေး ပြောဆိုလိုက်တာသာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ စောစောပိုင်းမှာ ဟောင်ကောင်ရဲတွေနဲ့ ဆန္ဒပြသူတွေအကြားတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အစိုးရနဲ့ ဆန္ဒပြသူတွေကြားမှာ မဖြေရှင်းနိုင်မှုတွေ ပိုမို များပြားလာနေပါတယ်။

အစိုးရက ဆန္ဒပြသူကျောင်းသားတွေနဲ့  အင်္ဂါနေ့မှာ တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ ပြောဆိုလိုက်ပြီးနောက် နာရီပိုင်းအကြာမှာ အခုလို တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာပါ။

VOA

လုဖ်သန်ဇာလေကြောင်းလိုင်းကို ဆန္ဒပြကြရန် ဂျာမန်လေယာဉ်မှူးများ ဆော်သြ

ဂျာမန်လေယာဉ်မှူးများသမဂ္ဂ (ဗီစီ) က လုဖ်သန်ဇာ (Lufthansa) လေကြောင်းလိုင်း အဲဘတ်စ် ၃၂၀ နဲ့ ဘိုးရင်း ၇၃၇ လေယာဉ်တွေကို ပစ်မှတ်ထားပြီး အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ဆန္ဒပြဖို့ အောက်တိုဘာ ၁၉ ရက်နေ့က ဆော်သြလိုက်ပါတယ်။

ဒီသပိတ်မှောက်မှုဟာ လုဖ်သန်ဇာလေကြောင်းလိုင်း ဂျာမနီကနေ တာတိုနဲ့ တာလတ် လေကြောင်း ခရီးစဉ်တွေကို ထိခိုက်စေမယ်လို့ သမဂ္ဂ္ဒကပြောပါတယ်။ လုဖ်သန်ဇာရဲ့ စရိတ်နည်း လေကြောင်းလိုင်း ဂျာမန်ဝင်းဂ်စ်ကတော့ ထိခိုက်မှာ မဟုတ်ပါဘူး။

လုဖ်သန်ဇာရဲ့ လေယာဉ်မှူး အယောက် ၅၄၀၀ ကို ကိုယ်စားပြုတဲ့ သမဂ္ဂဗီစီကတော့ လေယာဉ်မှူးတွေ အသက် ၅၅ နှစ်မှာ အငြိမ်းစားယူခွင့်ပြုဖို့၊ ပြီးတော့ ပုံမှန် အငြိမ်းစားလစာ ပေးချေမှု မစခင် သူတို့လခရဲ့ ၆၀ ရာခိုင်နှုန်းကို ဆက်ရနေမယ့် အစီအစဉ်ကို ဆက်ထားဖို့ လိုလားနေပါတယ်။

လုဖ်သန်ဇာလေကြောင်းလိုင်းရဲ့ စီမံခန့်ခွဲရေးအဖွဲ့ကလည်း ပြိုင်ဘက် စရိတ်နည်း လေကြောင်းလိုင်းတွေနဲ့ အမြန်တိုးတက်လာနေတဲ့ အရှေ့အလယ်ပိုင်းက လေကြောင်း လိုင်းတွေကို ပိုမိုပြိုင်ဆိုင်နိုင်ရေးနဲ့ ကုန်ကျစရိတ်တွေကို လျော့ချဖို့ ဖိအားတွေ ရင်ဆိုင်နေရပါတယ်။

လေကြောင်းလိုင်းကတော့ သူတို့က မညှိနှိုင်းတာ မဟုတ်ဘဲ သမဂ္ဂက ဆွေးနွေးညှိနှိုင်းဖို့ သဘောတူရေး စောင့်နေတယ်လို့ ဆိုပါတယ်။

DVB

ခိုတောင်လူသတ်မှုတွင် ဗြိတိန်ပါဝင်မှုနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ငြင်းဆို

ဗြိတိန်ခရီးသွားနှစ်ဦး အသတ် ခံခဲ့ရသည့် ခိုတောင်လူသတ်မှုအား စုံစမ်းစစ်ဆေးခြင်းတွင် ဗြိတိန်ရဲတပ် ဖွဲ့ကို ပါဝင်ရန်ခွင့်ပြုခဲ့သည်ဆိုသည့် သတင်းကို ထိုင်းဝန်ကြီးချုပ် ပရာ ယုသ်ချန်အိုချာက ငြင်းဆိုလိုက်သည်။

မီလန်မြို့တွင် ကျင်းပခဲ့သော(၁ဝ) ကြိမ်မြောက် Asem ဆွေးနွေးပွဲမှ ပြန်လည်ရောက်ရှိလာပြီး ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်၌ စကားပြော ကြားရာတွင် ပရာယုသ်က ဗြိတိန်အ စိုးရအနေဖြင့် လူသတ်မှုအတွက် စုံ စမ်းစစ်ဆေးရေး တိုးတက်မှုများကို စောင့်ကြည့်လေ့လာမည့်အဖွဲ့တစ်ခု ကိုသာ စေလွှတ်လိမ့်မည်ဟု ဆိုသည်။ ဘီဘီစီနှင့်တယ်လီဂရပ် အပါအဝင် အခြားမီဒီယာများ၌ ထိုင်းဝန်ကြီးချုပ် နှင့်ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေး နွေးခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်က ခိုတောင်လူသတ်မှုစုံစမ်းရေးတွင် ဗြိ တိန်ရဲတပ်ဖွဲ့ပါဝင်ခွင့်ပြုလိုက်ကြောင်း နှင့် ဗြိတိန်စုံစမ်းစစ်ဆေးသူများသည် စနေနေ့တွင် ထိုင်းသို့ရောက်ရှိမည် ဟု ဖော်ပြခဲ့ကြသည်။

သို့သော် ထိုင်း ဝန်ကြီးချုပ်က သတင်းများတွင်ဖော် ပြသည့်အတိုင်း မဟုတ်ဘဲ ဗြိတိန်မှ လေ့လာသူအဖွဲ့တစ်ခုသာ လာရောက် မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ပရာယုသ်က ၄င်း သည် ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင် မရွန်းနှင့်ဆွေးနွေးခဲ့ကြောင်း၊ ကင်မ ရွန်းက ခိုတောင်လူသတ်မှုကို ဂရုတ စိုက်ဆောင်ရွက်ရန် ¤င်းတို့တောင်း ဆိုခဲ့သည်ဟု ပါဝင်သည်။ ယင်းအ ပြင် ထိုင်းအာဏာပိုင်များက ခိုတောင် လူသတ်မှုကို စုံစမ်းစစ်ဆေးခြင်းအ ပေါ် စိုးရိမ်နေသူများ၏ မေးခွန်းများ အားလုံးကို ဖြေရှင်းခဲ့ပြီးဖြစ်သည် ဟုလည်း ပြောသည်။

ထိုင်းနိုင်ငံ၏ တရားစီရင်ရေးကို ဗြိတိန်အစိုးရက လက်ခံကြောင်းနှင့်ဗြိတိန်လူမျိုးများ သည် ထိုင်းနိုင်ငံသို့ လည်ပတ်ရခြင်း ကို နှစ်သက်သည့်အတွက် ခိုတောင် လူသတ်မှုကဲ့သို့ မှုခင်းမျိုးထပ်မဖြစ် စေရန်တားဆီးရန်လည်း ကင်မရွန်း က ၄င်းကို တောင်းဆိုခဲ့သည်ဟု ပရာ ယုသ်ကပြောသည်။

Asem အစည်း အဝေးသို့ တက်ရောက်စဉ် ဝန်ကြီး ချုပ်ပရာယုသ်အား ဆန့်ကျင်ဆန္ဒပြ သည့် သတင်းများ၊ ဓာတ်ပုံများပေါ် ထွက်လာသော်လည်း ထိုင်းဝန်ကြီး ချုပ်က ဆန္ဒပြမှုများကို သတိမပြုမိ ခဲ့ဟု တုံ့ပြန်ခဲ့သည်။

ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင် ဆူဝေါင်ကလည်း ဗြိတိန်မှလာရောက် သူများသည် စုံစမ်းစစ်ဆေးမှုများ တွင် ထိုင်းရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင် ရွက်ရန် မဟုတ်ဘဲ ထိုင်းရဲတပ်ဖွဲ့၏ စုံ စမ်းစစ်ဆေးမှုများကို စောင့်ကြည့် ရန်သာ ဖြစ်ကြောင်း အတည်ပြုပေး ခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံခြား ရေးရာဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဆက်ခ်ဝန်နာမက်သီး ကလည်း ခို တောင်လူသတ်မှုတွင် ဗြိတိန်အစိုးရ ကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးပေး ရန် တောင်းဆိုသည့် အွန်လိုင်းအသ နားခံခြင်းကိုလည်း ယမန်နေ့က ပယ်ချလိုက်သည်။

အောက်တိုဘာ ၄ ရက်နေ့က စတင်ခဲ့သော အသနား ခံခြင်းသည် လွန်ခဲ့သော သောကြာ နေ့တွင် အွန်လိုင်းသုံးစွဲသူများ၏ လက်မှတ် ၁ဝဝ,ဝဝဝ ကျော်ရရှိခဲ့ပြီး ဖြစ်သော်လည်း ထိုင်းနိုင်ငံခြားရေး ဌာနပြောရေးဆိုခွင့်ရှိသူက ဗြိတိန်ဥပ ဒေအရသာ အသနားခံခြင်းကို ခွင့်ပြု ပေးကြောင်းနှင့်ထိုင်းနိုင်ငံနှင့်ဗြိတိန် တို့သည် ဥပဒေခြင်းမတူညီကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံရှေ့နေများကောင်စီမှ လူ့အခွင့်အ ရေးဆိုင်ရာ ရှေ့နေတစ်ဦးကလည်း မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး ဘက်မှ ရပ်တည်ဆောင်ရွက်ပေး သွားမည်ဟု ပြောခဲ့သည်။

Democracytoday