20.10.14

ဂျာမန် ဆိုင်ကယ်လမ်းသရဲဂိုဏ်း ဆီးရီးယားသို့ သွားရောက်ပြီး IS အဖွဲ့ကို တိုက်ခိုက်ရန်ပြင်ဆင်

Median Empire Motorcycle Club ဟု အမည်ရသော ဂျာမန်ဆိုင်ကယ် လမ်းသရဲဂိုဏ်းသည် အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS ကို ချေမှုန်းရာတွင် ပါဝင်ကူညီရန်အတွက် ဆီးရီးယားနိုင်ငံ၊ ကိုဘာနီမြို့သို့ ရောက်ရှိလျက် ရှိကြောင်း Daily Mail သတင်းဌာနတွင် ဖော်ပြထားသည်။
Median Empire Motorcycle Club သည် ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့တွင် အခြေစိုက်သော အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ကာ့ဒ်လူမျိုးစုများနှင့် အဆက်အသွယ် ရှိသော အဖွဲ့လည်း ဖြစ်သည်။
Median Empire Motorcycle Club ၏ ခေါင်းဆောင်များသည် ဆီးရီးယားနိုင်ငံ၊ ကိုဘာနီမြို့သို့ ရောက်ရှိနေသော ၎င်းတို့ဂိုဏ်းသားများ၏ ဓာတ်ပုံများကို အဖွဲ့၏ တရားဝင် Facebook စာမျက်နှာတွင် တင်ထားခဲ့ပြီး ထိုဓာတ်ပုံများထဲမှ လမ်းသရဲဂိုဏ်းသား အချို့မှာ လက်နက်များ ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။
ထို့ပြင် ဓာတ်ပုံ၏ အောက်တွင်လည်း “ကျွန်တော်တို့ ကောင်လေးတွေ ဒီနေ့ ကိုဘာနီမြို့ကို ရောက်တယ်၊ အဲဒီမှာ သူတို့ အပစ်အခတ် ခံခဲ့ရသေးပေမယ့် ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ ပြောတယ်။ သူတို့ အဆင်ပြေပါတယ်” ဟုလည်း ရေးသားထားသည်ကို တွေ့ရသည်။
ကိုဘာနီမြို့သို့ သွားရောက်ပြီး IS အဖွဲ့ ချေမှုန်းရေးတွင် နိုင်ငံတကာ တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်လျက် ရှိသော နယ်သာလန် ဆိုင်ကယ် လမ်းသရဲဂိုဏ်းမှ ဂိုဏ်းသားသုံးဦးကို တရားစွဲဆိုသွားမည် မဟုတ်ကြောင်း နယ်သာလန် အာဏာပိုင်များက ပြောကြားခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ဂျာမန်ဆိုင်ကယ် လမ်းသရဲဂိုဏ်းသားများ ကိုဘာနီမြို့သို့ သွားရောက် တိုက်ခိုက်သည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
IS အဖွဲ့ကို ချေမှုန်းရာတွင် ကူညီတိုက်ခိုက်ပေးနေသော ပြည်ပရောက် ဆိုင်ကယ်လမ်းသရဲ ဂိုဏ်းသားများကို တရားစွဲဆိုသွားမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နယ်သာလန်တပ်များကို တိုက်ခိုက်ခြင်း မဟုတ်သဖြင့် ဥပဒေချိုးဖောက်ရာ မရောက်သောကြောင့် ဖြစ်ကြောင်း နယ်သာလန် အစိုးရရှေ့နေတစ်ဦးက ပြီးခဲ့သော ရက်သတ္တတစ်ပတ် အတွင်းက ပြောကြားခဲ့သည်။
“နိုင်ငံခြားသား လက်နက်ကိုင် တပ်တွေနဲ့ သွားရောက် ပူးပေါင်းတာဟာ အရင်တုန်းက တရားမဝင်တဲ့ လုပ်ရပ်ဖြစ်ပေမယ့် အခုအခါမှာတော့ အဲဒါကို တားမြစ်ထားခြင်း မရှိတော့ပါဘူး။ နယ်သာလန် တပ်တွေကို တိုက်ခိုက်တဲ့အဖွဲ့နဲ့ ပူးပေါင်းမှသာ ဥပဒေအရ အပြစ်ပေးခံရမှာ ဖြစ်ပါတယ်” ဟု အစိုးရရှေ့နေ ဝင်ဒီဘရွန်းက ပြောကြားသည်။
နယ်သာလန် နိုင်ငံသားများ အနေဖြင့် ကာ့ဒ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး IS အဖွဲ့ကို တိုက်ခိုက်နိုင်သည် ဆိုသော်လည်း ထိုကဲ့သို့ တိုက်ခိုက်စဉ်တွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းမှု ကျူးလွန်ခြင်း စသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့လျှင်မူ တရားစွဲဆိုသွားမည်ဟု မစ္စတာဘရွန်းက ပြောကြားသည်။
“ဒါပေမဲ့ အလွန်ဝေးကွာတဲ့ ရေခြား၊ မြေခြားမှာ ဖြစ်တဲ့အမှု ဆိုတော့ သက်သေပြဖို့တော့ ခက်လိမ့်မယ်” ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ဗြိတိန်အပါအဝင် နိုင်ငံအများအပြားသည် ၎င်းတို့နိုင်ငံသားများ IS အဖွဲ့နှင့် သွားရောက် မပူးပေါင်းနိုင်စေရန် ကြိုးစားတားဆီးလျက် ရှိသော်လည်း IS အဖွဲ့ကို တိုက်ခိုက်ချေမှုန်းလျက် ရှိသည့် ကာ့ဒ်တပ်ဖွဲ့နှင့် သွားရောက် ပူးပေါင်းခြင်းကိုမူ ယေဘုယျအားဖြင့် ခွင့်ပြုထားကြသည်။

The Voice Weekly

0 comments:

Post a Comment