ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.6.13

ပုသိမ်မြို့ရှောင်လမ်း ဖောက်မည်

ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့ တောင်ဘက်ရှိ ငပုတောမြို့မှ ရန်ကုန်မြို့ သို့ သွားရောက်ရာ တွင် ပုသိမ်မြို့ကို ဖြတ်သန်း နေရသဖြင့် မြို့ရှောင်လမ်း အဆင့်မြှင့် ဖောက်လုပ်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဝင်းနိုင် The Voice သို့ ပြောကြားသည်။

ယင်းမြို့ရှောင်လမ်းမှာ ရှိနှင့်ပြီး ဖြစ်သော်လည်း ပျက်စီးနေပြီး ယာဉ်လိုင်းများ အသုံးပြု၍ မရသည့်အတွက် ပုသိမ်-ငပုတောလမ်း အုတ်စီ ကုန်းလမ်းခွဲမှ ပုသိမ်မြို့ မဟာစေတီလမ်း (ဘုရားကြီး ကုန်းကျေးရွာ) အထိလေးမိုင် နှစ်ဖာလုံခန့်ကို အဆင့်မြှင့် ပြုပြင်ရန် လိုအပ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့က ပြည်သူ့ ထံမှ ကောက်ခံ ရရှိသော အခွန်ငွေဖြင့် ဆောင်ရွက်ရန် မလုံလောက်သည့် အတွက် ဆောက်လုပ်ရေး ဝန်ကြီး ဌာနက လွှဲပြောင်း ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရထံ တင်ပြထားပြီး ဖြစ်ကာ ခွင့်ပြုချက် ရရှိသည်နှင့် လမ်းပြုပြင်ရေး အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ဦးကျော်ဝင်းနိုင်က ပြောဆိုသည်။

ပုသိမ်မြို့ရှောင် လမ်းပေါ်ရှိအုတ်စီကုန်းရွာ၊ ညောင်ကုန်းရွာ၊ပေါက်ကုန်းရွာနှင့် ဘုရားကြီးကုန်းရွာတို့မှာ လမ်းပြုပြင်ပြီးစီးပါက ပုသိမ်မြို့နှင့် ဆက်သွယ်ရေး ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ဒေသခံများက ပြောကြား သည်။ ငပုတောမြို့မှ ရန်ကုန်မြို့သို့ သွားလာရာတွင် ပုသိမ်-ငပုတော လမ်းပေါ်ရှိ သက္ကယ်ချောင်း တံတားနှင့် မြို့ရှောင်လမ်း ပြီးစီးပါက ပုသိမ်မြို့ကိုဖြတ်သန်းရန် မလိုတော့ဘဲ ပုသိမ်-ရန်ကုန်လမ်း (မြက်တို လမ်းခွဲ)သို့ တိုက်ရိုက် ရောက်ရှိနိုင်မည် ဖြစ်သည်။

The Voice Weekly

ရာဇာနေဝင်း တစ်ကိုယ်တော် Live Show ခွေထွက်မည်

အနုပညာရှင်များထဲတွင် တစ်မူ ထူးခြားသော ကိုယ်ပိုင်ဟန်ပန်နှင့် သရုပ်ဆောင်မှု များကြောင့် ပရိသတ် များ ကြိုက်နှစ်သက်ခဲ့ကြသော သရုပ်ဆောင် ရာဇာနေဝင်းက သူ့ရဲ့တစ်ကိုယ်တော် Live Show ခွေကို မကြာမီ ဖြန့်ချိ ပေးသွားတော့ မှာပါလို့ The Voice ကို ပြောပါတယ်။

အဆိုပါ Live Show ခွေနဲ့ ပတ်သက်ပြီး ရာဇာနေဝင်းက“ဒီ Live Show ခွေကို ကိုယ် ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ထားတာပါ။ အဆိုပိုင်းကတော့ ပြီးနေပြီ။ ဟာမိုနီတွေ ဆိုဖို့ပဲ ကျန်တော့တယ်။ သီချင်းတွေ ကျတော့ Copy တွေပါပဲ။ တေးရေးတွေကတော့ စောခူဆဲ၊ စောဖိုးခွား၊ ဇဝါ၊ ဟဲလေး၊ သြရသ တို့က ရေးပေးထားတယ်။ ဒီခွေကို ပရိသတ် အတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစား ထားပါတယ်။ ထွက်ဖို့ကတော့ ရာသီဥတု အခြေအနေ ကောင်းတာနဲ့ ဒီတစ်လ၊ နှစ်လအတွင်း ထွက်မှာပါ” လို့ ပြောပါတယ်။

ရာဇာနေဝင်းက ပရိသတ်နဲ့ အကြာကြီး အဆက်ပြတ်နေခဲ့တာက အနုပညာ အလုပ်တွေ မလုပ်ဖြစ်ဘဲ ရပ်နားထားခဲ့တာ ကြောင့်ပါလို့ ပြောပါတယ်။ ယခုအခါမှာတော့ ပရိသတ်တွေနဲ့ ပြန်လည် ထိတွေ့ခွင့် ရဖို့အတွက် ဇာတ်ကားတွေ ပြန်ရိုက်နေကာ ဟာသဇာတ်ကား နှစ်ကား ရိုက်ကူးပြီးသွားပါပြီလို့ ဆိုပါသေးတယ်။

The Voice Weekly

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသားများကို မက်စ် ဦးဇော်ဇော် ဦးစီးတည်ထောင် ထားသော ဧရာဝတီဖောင်ဒေးရှင်းနှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းကာ အခမဲ့ပြန်လာနိုင်ရေး စီစဉ်ပေး



ဗိုက်တွင် ဓါးဒဏ်ရာရရှိထားသောကိုထွန်းမောင်သိန်းကို လူနာတင်ယာဉ်ပေါ်သို့တင်နေစဉ်
 
ပြည်တော်ပြန်လာလိုသော မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသားများကို မက်စ် ဦးဇော်ဇော် ဦးစီးတည်ထောင် ထားသော ဧရာဝတီဖောင်ဒေးရှင်းနှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းကာ အခမဲ့ပြန်လာနိုင်ရေး စီစဉ်ပေးမှုကြောင့် ယခုအခါ ၄င်းတို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်သည်။

၁၅.၆.၂၀၁၃ ရက်နေ့တွင် ၉၄ ဦး၊၁၇.၆.၂၀၁၃ ရက်နေ့တွင် အမျိုးသား အမျိုးသမီး ၂၅ ဦးပြန်လည်ရောက် ရှိကြပြီ ဖြစ်ကြောင်း၊၁၇.၆.၂၀၁၃ ရက်နေ့တွင် ကိုထွန်းမောင်သိန်းဆိုသူ ဓါးဒဏ်ရာရရှိထားသော လူနာ တစ်ဦး ပါဝင်ကြောင်း၊ယင်းလူနာကို ၀ိတိုရိယဆေးရုံတွင် ဆေးကုသမှုခံယူနိုင်ရန် ရန်ကုန် အပြည်ပြည် လေဆိပ်မှ တိုက်ရိုက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့(၃၀.၅.၂၀၁၃)ကစတင်ကာ မလေးရှားနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများခံနေရသော မြန်မာ တိုင်းရင်းသားများအနေဖြင့် မလေးရှားနိုင်ငံတွင် ဆက်လက်နေထိုင်ရန် စိုးရိမ်မှုများဖြစ်ပေါ်လာကြခြင်း ဖြစ် သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဒေါ်အောင်ဆန်းစုကြည် အာဏာရူးနေသလော

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတဖြစ်မဖြစ် လူပြောများနေကြပြီ (ဓာတ်ပုံ- Reuters)
နိုင်ငံရေးသမားများကို အလွယ်တကူ ပုတ်ခတ်စော်ကားလိုသူတွေ သုံးစွဲလေ့ရှိသော စကားလုံးတလုံး ရှိသည်။ ယင်းမှာ “အာဏာရူး” ဟူသော စကားလုံးဖြစ်သည်။ ၈၈ အရေးအခင်းကာလ ဦးနုက သူသာ လျှင် ပြည်သူကရွေးကောက် တင်မြှောက်ထားသော ၀န်ကြီးချုပ်ဖြစ်ပါသည်(၁၉၆၂ တွင် ဗိုလ်နေ၀င်းက အာဏာကို လက်နက် အားကိုးဖြင့် လုယူခဲ့တာ ထင်ရှားစေချင်သည်) ဟု ကြေညာ၏။ သူက အစိုးရ (စင်ပြိုင်) ဖွဲ့သည်။ နိုင်ငံရေးပါး မ၀သူတွေက ပွဲလန့်တုန်း ဖျာခင်းသည့် အာဏာရူးကြီးဟု ၀ိုင်းစွပ်စွဲကာ ကန့်ကွက်ကြသည်။ ဦးနု၏ နိုင်ငံရေးခြေလှမ်းကို မရိပ်စားမိ။ ထိုအခြေအနေလည်း ပျက်ပြယ်သွားသည်။

နိုင်ငံရေးသမားဆိုတာ ဘယ်အချိန် ဘာလုပ်ရမည်ဆိုတာ တိတိကျကျသိရမည်။ အဲဒါကို ပွဲလန့်တုန်းဖျာခင်း သည် ခေါ်မရ။ အခြေအနေမှန်နှင့် အချိန်အခါမှန်ကို မသုံးတတ်၍ တိတိကျကျ အခွင့်အရေးကို မဆုပ် ကိုင်နိုင်သဖြင့် ကျနော်တို့ နိုင်ငံ၏ ဒီမိုကရေစီခရီးစဉ်မှာ ဤမျှကြာအောင် ရေစုန်မျောခဲ့ရခြင်းဖြစ်သည်။ ဦးနုက ဖျာခင်းတာတော့မှန်တယ်၊ သူထိုင်ဖို့မဟုတ်၊ မောင်တို့မယ်တို့ ထိုင်ဖို့ပါဟု ပြောခဲ့သည်။ သူက အာဏာ ရာထူး ဂုဏ်ရှိန်ကို မက်မောသူမဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းက (ကျောင်းတုန်းက လုပ်ဖော် ကိုင်ဖက် သူ့ကို) ဖ.ဆ.ပ.လ အဖွဲ့ထဲ အတင်း ဆွဲသွင်းခဲ့ရသည်။ အာဏာရှိစဉ် ၀န်ကြီးချုပ်ဘ၀ကလည်း မကြာခဏပင် အနားယူရန် စီစဉ်ခဲ့သူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း အာဏာ ရာထူးဂုဏ်ရှိန်ကို မက်မောသူမဟုတ်။ သူ့မိသားစု ဘ၀လေး ကို ရိုးသား အေးချမ်းစွာ တည်ဆောက်နေလိုသူသာဖြစ်သည်။ နေမကောင်းသော မိခင်ကြီးကို ပြုစုရန်ပြန် လာစဉ် ၈၈ အရေးအခင်းနှင့် ဆုံကြုံရသည်။ အားပေးကူညီရန် လူထုရှေ့ထွက်လာသောအခါ အားကိုးရာ ရှာနေသော လူထုက (သူတို့ကြည်ညိုသော ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဟူသောအသိဖြင့်) အုတ်အုတ် ကျက်ကျက် ထောက်ခံကြသည်။ သို့တိုင်အောင် သူကပါတီမထောင် နိုင်ငံရေးမလုပ်ဟု အတိအ လင်း ပြောဆိုနေခဲ့သေးသည်။ ဒီတော့ နေရာယူချင်သူမဟုတ်တာ သေချာသည်။ ရာထူးဂုဏ်ရှိန်ကို မမက်မောသူဟု မြင်သည်။

အခြေအနေအရ သို့မဟုတ် သမိုင်း၏ပြဌာန်းချက်အရ ဒီမိုကရေစီခေါင်းဆောင်၊ ပါတီကြီးတခု ၏ခေါင်းဆောင်ဖြစ် လာပြီးမှ “သမ္မတ လုပ်ချင်ပါသည်” ဟုပြောဆိုနေခြင်းကို အာဏာရူးဟု စွပ်စွဲစရာ အကြောင်းမရှိ။ အာဏာ သို့မဟုတ် Power ဆိုသည်မှာ လုပ်ပိုင်ခွင့်ပင်ဖြစ်သည်။ လက်ထဲမှာ အာဏာမရှိ လျှင် တိုင်းပြည်အပေါ် စေတနာရှိလှပါသည်ဟု အသံကုန်အောင် ဟစ်အော်နေစေပါဦး၊ အကောင် အထည်ဖော်နိုင်ခွင့် မရှိ။ သမ္မတဆိုတာ ဒီနေ့ဖွဲ့စည်းပုံအရ နိုင်ငံတော်၏ အကြီးအကဲ ၊ အမြင့်ဆုံးအာဏာ ပိုင်စိုးသူ။ တခုပဲရှိသည်၊ အာဏာကို နိုင်ငံနှင့်ပြည်သူအတွက် အသုံးချတာလား၊ ကိုယ့် အကျိုးစီးပွားအတွက် အသုံးချတာလား ဆိုသောကိစ္စ။

ယနေ့ ကမ္ဘာပေါ်တွင် အာဏာရှင်နိုင်ငံများသာမက ဒီမိုကရေစီ နိုင်ငံများတွင်ပါ အာဏာအလွဲသုံးစား မှုတွေ ပေါ်ပေါက်နေတာ အားလုံးအမြင်။ တချိန်က အာဏာရှိခဲ့သူတွေမှာ အခုတော့ ရာဇ၀တ်ကောင်တွေ အဖြစ် အရေးယူခံနေရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံကောင်းအောင် လုပ်နိုင်တာ မလုပ်နိုင် တာ မလုပ်နိုင်တာအပထား အာဏာကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးစီးပွားရှာမယ့်သူ မဟုတ်ဆိုတာ ကိုတော့ (သူ့ရဲ့ အတိုက်အခံတွေအပါအ၀င်) တနိုင်ငံလုံးက သေသေချာချာ ယုံကြည်နေကြသည်။ ဒါဆို သူ သမ္မတ လုပ်ပစေပေါ့။ ခက်တာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၃)၊ အပိုဒ်ခွဲ ၉၅(စ)က သူ သမ္မတဖြစ်ခွင့်ကို ကန့်သတ်ဟန့်တား၍ နေသည်။

ဒါဆို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမှာပေါ့။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မည်ဟူသော မဲဆွယ်စကားဖြင့် အနိုင်ရလာခြင်း ဖြစ်သည်။ ( အဲဒီ တုန်းက ကျနော်က ဖွဲ့စည်းပုံကို ပြင်ဆင် ရန်မလွယ်ပါဟု ထောက်ပြသောဆောင်းပါး တပုဒ်ရေးခဲ့ပါသည်။ မတ်လ ၃၁ရက်နေ့ သူ့ခြံဝန်းအတွင်း ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တနှစ်အတွင်းပြင်နိုင်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားခဲ့ပါသည်။) အဲဒီ ကထဲက ပြင်ဆင်ဖို့မလွယ်ဘူးလို့ ကျနော်ပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လိုလျှင် အခန်း(၃) ၉၅(စ) ကိုပြင်ရမည်။ အခန်း(၁၂) အခြေခံဥပဒေပြင်ဆင်ခြင်းမှာ ဖော်ပြထားမှုအရ ထိုပြဌာန်း ချက်ကို ပြင်ဆင်လိုလျှင် ပထမ သူတင်ပြသော ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အစုစု၏ ၂၀ရာခိုင်နှုန်းက ထောက်ခံမှသာ လွှတ်တော်က လက်ခံဆွေးနွေးမည်။

ယခုလွှတ်တော်ထဲရှိ NLD လွှတ်တော်ကိုယ်စားလှယ် ၄၄ဦး (+ ဒေါက်တာ မြတ်ဉာဏစိုး) မှာ လွှတ်တော် ကိုယ်စားလှယ် ၆၅၉ ဦး နှင့် တွက်လျှင် ၇ ရာခိုင်နှုန်းသာရှိသည်။ ယခုကာလပိုင်းတွင် တိုင်းရင်းသားများ ၏ ထောက်ခံမှုမှာလည်း ကျဆင်း၍နေသည်။ ဒီတော့ ၂၀ ရာခိုင်နှုန်းပြည့်ဖို့ မလွယ်။ ဥပဒေမူကြမ်းတင်ကာ လွှတ်တော်၏ လက်ခံဆွေးနွေးမှုအဆင့် ရောက်ဖို့ပင်မလွယ်။ ကံကောင်း၍ ထိုအဆင့်ကို ဖြတ်ကျော်နိုင် သည် ထားဦး၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ကျော်က သဘောတူထောက် ခံဖို့လိုပါသည်။ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ချန်လှပ်ကာ ကျန်အရပ်သား ကိုယ်စား လှယ် အားလုံးက ထောက်ခံပါမည်လား။

ကြံ့ခိုင်ရေးပါတီ၊ တစည နှင့် တိုင်းရင်းသား ပါတီတွေက ဒေါ်စု သမ္မတဖြစ်ရေးအတွက် ထိုဥပဒေပါအချက် ၉၅ (စ) ကိုပြင်ဆင်ရန် တညီတညွတ်တည်း သဘောတူကြလိမ့်မည်ဟု ယုံကြည်ရန် ခဲယဉ်းလှပါသည်။ ကိုယ့်ပါတီက ခွဲထွက်သွားသော ပါတီများနှင့်လည်း ကျောင်းတော်က ရန်စကို အဆုံးမသတ်နိုင်သေး။ ထားပါတော့၊ ထို ၇၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံပါပြီတဲ့။ မပြီးသေး၊ ၇၅ ရခိုင်နှုန်းကျော်ကျော်က ထောက် ခံရမည် ဆိုသည့်အတွက် တပ်မတော်ကိုယ်စားလှယ်များဘက် က ထောက်ခံမှုရဖို့ လိုသေးသည်။ ဒါကြောင့် ဒေါ်စုက “ရဲရဲတောက် သတ္တိရှိတဲ့ တပ်မတော်သား တယောက် ပေါ်ထွန်းလာဖို့လိုတယ်” ဟု ထုတ်ဖော်ပြောနေခြင်းဖြစ်သည်။

သို့သော် တကယ်တမ်းမှာတော့ တယောက်မက လိုပါသည်။ လူ ၁၀၀ တွင် ၇၆ ယောက် ထောက်ခံမှ ရပါမည်။ တပ်မတော် ရဲ့သဘောက တသွေး တသံ တမိန့်။ အထက်က ညွှန်ကြားချက်အရသာ ဆောင်ရွက် ရသည်။ အထက်ကတော့ ထောက်ခံလိုက်ဟု ညွှန်ကြားလိမ့်မည် မထင်။ ဤကာလများအတွင်း အစိုးရအဖွဲ့ (ဦးသိန်းစိန်)၊ လွှတ်တော် (ဦးရွှေမန်း) နှင့် ကြံ့ဖွံ့ပါတီ (ဦးဌေးဦး) တို့ကို စည်းရုံးအပြီး ဒေါ်စုသည် တပ်မတော်ကို စည်းရုံးရန် ကြိုးပမ်းလာသည်ကို တွေ့ရသည်။ NLD သဘာပတိကြီး ဦးဝင်းတင်ကပင် “ဒေါ်စုက တပ်မတော်အပေါ် ပျော့ပြောင်းလွန်းတယ်” ဟု ထုတ်ဖော်ဝေဖန်လာသံ ကြားရ၏။ လက်ပံတောင်းတောင် ကိစ္စအပါအ၀င် တပ်မတော်နှင့် ပတ်သက်၍ ဒေါ်စု၏ စွန့်လွှတ်အနစ်နာခံမှု (Sacrifice) မှာ ထိုက်တန်ပါရဲ့လော သံသယ၀င်သူတွေက ၀င်သည်။

အခုတော့ ၂၀၁၅ ရွေးကောက်ပွဲရောက်ရန် အချိန်အတော် လိုသေးသောကာလမှာ သမ္မတလုပ်လိုသူ သုံးယောက်ပေါ်ထွန်း လာသည်။ ဦးသိန်းစိန်သည် ယခင်က သူ့ကျန်းမာရေးအရ သက်တမ်းတကြိမ်သာ ထမ်းဆောင်မည်ဟု ပြောခဲ့သော်လည်း နောက်တော့ တိုင်းပြည်က လိုအပ်နေပါက ဆက်လက်ထမ်းဆောင် ပါမည်ဟု စကားပြင်ပြောခဲ့၏။ ဤသုံးယောက်ထဲမှ သမ္မတဖြစ်ရန် တယောက်ယောက်ကို ထောက်ခံပါ ဆိုပါက တွေဝေ စဉ်းစားနေစရာ အကြောင်းမရှိ၊ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ရွေးချယ်ပါ သည်။ လေး နက်အောင် ထပ်ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကိုအပြည့်အ၀ ခြွင်းချက်မရှိ ထောက် ခံပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတဖြစ်မဖြစ် အလောင်းအစား လုပ်မည်ဆိုပါ က မဖြစ်တဲ့ဘက်က နေပါမည်။

သစ္စာနီ
ဧရာဝတီ

ဆန္ဒပြမှုများအား ဖြိုခွင်းမှုကို ဆန့်ကျင်ရန် တူရကီအဖွဲ့အစည်းများ တိုက်တွန်း

ပြည်သူ့လုပ်သား ယူနီယံ (KESK)နှင့် ကုန်သွယ်မှု တိုးတက်ရေး ယူနီယံ (DISK)တို့က ရဲတပ်ဖွဲ့၏ အင်အား သုံး နှိမ်နင်းသော လုပ်ဆောင်မှုများ ရပ်တန့်ရန်လည်း အစိုးရအား တောင်းဆိုခဲ့ . . . . .

တူရကီ နိုင်ငံမှ အထင်ကရ ယူနီယံ အဖွဲ့အစည်းကြီး နှစ်ခုက ဆန္ဒပြမှုများကို ရဲများက အင်အားသုံး ဖြိုခွင်းခြင်းအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင်ရန် နှိုးဆော် တိုက်တွန်းလိုက်သည်။ ပြည်သူ့ လုပ်သား ယူနီယံ (KESK)နှင့် ကုန်သွယ်မှု တိုးတက်ရေး ယူနီယံ (DISK)တို့က ရဲတပ်ဖွဲ့၏ အင်အား သုံး နှိမ်နင်းသော လုပ်ဆောင်မှုများ ရပ်တန့်ရန်လည်း အစိုးရအား တောင်းဆိုခဲ့သည်။ ဥယျာဉ်တစ်ခုကို ဖျက်သိမ်းရန် အစိုးရ၏စီမံကိန်းကိုဆန့်ကျင်ရာမှ စတင်လာသော ဆန္ဒပြမှုကြီးသည် ပြည်လုံးကျွတ်နိုင်ငံရေး လှုပ်ရှားမှုကြီး အသွင်သို့ ပြောင်းလဲလာခဲ့သည်။ တူရကီ ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများကို ရေအမြောက်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ပြီး လူစုခွဲရန် ကြိုးစားခဲ့ရာ ယင်းကို ယူနီယံကြီး နှစ်ခုက ဆန့်ကျင် ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ရီဆက်ပ် တေယစ်ပ် အာဒိုဂန်ကမူ မိမိတို့၏ ရဲတပ်ဖွဲ့က အကြမ်းနည်းဖြင့် လုပ်ဆောင်မှုများ ရှိနေသည် ဆိုခြင်းကို ဒေါသတကြီး ကာကွယ် ငြင်းချက်ထုတ်ခဲ့သည်။ လက်ရှိအချိန်တွင် မြို့တော် အန်ကာရာနှင့် စီးပွားရေး အချက်အချာ မြို့ကြီးဖြစ်သော အီစတန်ဘူလ်တို့ အပါအဝင် မြို့အများအပြားတွင် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်နေဆဲဟု သိရသည်။ အာဒိုဂန်ကမူ ဆန္ဒပြမှုများနှင့် ပတ်သက် ပြီး "ဒီကိစ္စက လူနည်းစုလေး တစ်ခုက လူများစုကို လွှမ်းမိုးဖို့ ကြိုးစားနေတယ် ဆိုတာထက် ဘာမှမပိုဘူး။ ဒါကို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး။ ခွင့်ပြုမှာ မဟုတ်ဘူး"ဟု ဆိုသည်။

၎င်းက ဆန္ဒပြမှုများကိုအာဏာရှင်ဆန်ဆန် နှိမ်နင်းနေသည် ဆိုခြင်းကိုလည်း ငြင်းပယ်ကာ "လမ်းပေါ်ထွက် ပြီး အကြမ်းဖက်မှုဆန်ဆန် လုပ်ဆောင်နေတဲ့ တစ်ဦးချင်း လုပ်ရပ်တွေကို မြင်အောင်ကြည့်ဖို့ လိုလိမ့် မယ်"ဟု ပြောဆိုသွားသည်။ တူရကီရဲတပ်ဖွဲ့သည် တက်ခ်ဆင်မ် ရင်ပြင်နှင့် ဂါဇီဥယျာဉ်တို့တွင် (၁၈) ရက် ကြာ သပိတ်စခန်း ချထားသည့် ဆန္ဒပြသူများနှင့် ပဋိပက္ခများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ တနင်္ဂနွေနေ့က အန်ကာရာတွင် အသက်(၂၀)အရွယ် အမျိုးသမီး တစ်ဦးသည် မျက်ရည်ယိုဗုံး ထိမှန်မှုကြောင့် ဦးခေါင်း တွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

KESKနှင့် DISKတို့သည် ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုများကို ပူးပေါင်း ဆန့်ကျင်ကြောင်း ကြေညာပြီး "ကျွန်တော်တို့ရဲ့ တောင်းဆိုမှုက ရဲတွေရဲ့ အကြမ်းနည်း သုံးစွဲမှုတွေကို ချက်ချင်း ရပ်တန့်လိုက်ဖို့ပါ"ဟု KESK ပြောရေးဆိုခွင့်ရ အရာရှိ ဘာကီ ဆီနာက ပြောကြားသွားသည်။ ယခုကြေညာချက်ကို ဆရာဝန်များ အသင်း၊ အင်ဂျင်နီယာများအသင်းနှင့် သွားဘက်ဆိုင်ရာ ဆရာဝန်များ အသင်းတို့ကလည်း အသီး သီး ထောက်ခံခဲ့ကြောင်း သတင်းများက ဖော်ပြသွားသည်။

Planet.com.mm

G8 မှာ ဆီးရီးယား အရေး အလေးထားမယ်


ကမ္ဘာ့ စက်မှု အင်အားကြီး ၈ နိုင်ငံရဲ့ G8 ထိပ်သီး အစည်းအဝေးအတွက် ကမ္ဘာ့ခေါင်းဆောင် တွေ ဟာ မြောက်အိုင်ယာလန်ကို ရောက်ရှိ နေကြပြီ ဖြစ်ပြီး၊ အစည်း အဝေး အစီ အစဉ်ထဲမှာ ဆီးရီးယား ပဋိပက္ခ ကိစ္စလည်း ပါဝင်မှာ ဖြစ်ပါတယ်။

နှစ်ရက်ကြာ ကျင်းပမယ့် ဒီ အစည်း အဝေး ကနေ ဆီးရီးယား အကျပ် အတည်း အဆုံးသတ် စေရေး ကြိုးပမ်း ဆောင်ရွက် မှုတွေကို အရှိန် ရစေအောင် ဆောင်ကျဉ်း ပေး နိုင်မယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက ပြောပါတယ်။ ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး ရုရှားရဲ့ ရပ်တည်ချက်ဟာ အမေရိကန်နဲ့ မဟာမိတ် ဥရောပ နိုင်ငံတွေ ရဲ့ သဘောထားနဲ့ ကွဲလွဲ နေပေမယ့်လည်း အခြေခံ သဘောထားကတော့ တူညီကြတယ်လို့ မစ္စတာ ကမ်မရွန်းက အလေးအနက် ပြောကြားပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ် ပေါ်ပေါက်လာရေး လိုအပ် နေတယ် ဆိုတာကို အားလုံးက နားလည်း ကြတယ်လို့ မစ္စတာ ကမ်မရွမ်းက သတင်းထောက်တွေကို ပြောကြား လိုက်ပြီး၊ အဲဒီလို ဖြစ်လာအောင် G8 ကနေ ကြိုးပမ်း လုပ်ဆောင် သင့်တယ်လို့ ဆိုပါတယ်။ ရုရှားကတော့ ဆီးရီးယားအစိုးရကို ထောက်ခံမှု ပေး ထားပြီး၊ သူပုန်တွေကို လက်နက်ထောက်ပံ့မှုတွေ မလုပ်ဖို့ တနင်္ဂနွေနေ့က အခိုင်အမာ သတိပေးထား ပြီ ဖြစ်ပါတယ်။

BBC Burmese

ကမ္ဘာ့ ပထမဆုံးမိုးပျံကား ပျံသန်းနိုင်ပြီ

ကမ္ဘာပေါ်မှာ အသုံးပြုဖို့ အနာဂါတ်မှာ မိုးပျံကားတွေ စမ်းသပ် ထုတ်လုပ်သွားရန် အစီအစဉ်တွေနဲ့ စမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ ဒါပေမယ့် ဒီနေ့ အချိန်မှာတော့ အဲဒီ လုပ်ဆောင်ချက်တွေဟာ လက်တွေ့မှာ အကောင်အထည်ဖော် စမ်းသပ် လုပ်ဆောင်နိုင်နေပြီ ဖြစ်ပါတယ်။ မိုးပျံကားတွေရဲ့ အတွေးအခေါ်က ထိရောက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်မှာ လက်တွေ့ မှာ မြင်သာပါတယ်။

အကြောင်းကတော့ မိုးပျံကားတွေဟာ ငှက်တစ်ကောင်လိုမျိုး ဦးတည်ချက်၊ အမြန်နှုန်းနဲ့ အနိမ့်အမြင့်တွေ ကို စိတ်ကြိုက်သွားလာနိုင်မှာ ဖြစ်လို့ပါ။ သိပ္ပံ ဇာတ်လမ်းတွေမှာတော့ အဆိုပါ ကားတွေကို ထည့်သွင်း ဖန်တီး အသုံးပြုနေကြတာ ကြာမြင့်ပြီဖြစ်ပေမယ့် Animationဆိုတဲ့ ပုံဖော် ရိုက်ကူးမှု အဖြစ်သာ ရိုက်ကူးနိုင်သေးတာ ဖြစ်ပါတယ်။ အဆိုပါ မိုးပျံကားကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက Terrafugiaဆိုတဲ့ ကုမ္ပဏီကနေ မိုးပျံကားကို စမ်းသပ်မောင်းနှင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခု စမ်းသပ်မောင်းနှင်အောင်မြင်ခဲ့တဲ့ မိုးပျံကားမှာ Electric-Gasolineလို့ ခေါ်တဲ့ လျှပ်စစ်နဲ့ ဆီနှစ် မျိုးပေါင်း စွမ်းအင်သုံး စနစ်နဲ့ လည်ပတ်မောင်းနှင်ရမှာ ဖြစ်ပြီးနောက်ပိုင်းမှာ ကားထုတ်လုပ်မှု ကဏ္ဍကို အကောင်းဆုံး ခြိမ်းခြောက်လာနိုင်မယ့် တီထွင် မှုလည်း ဖြစ်လာနိုင်ပါတယ်။ အခုလို စမ်းသပ်မောင်းနှင် မှု အောင်မြင်ခဲ့တာကြောင့်လည်း ကုမ္ပဏီဟာ အဆိုပါ မိုးပျံကားတွေကို ဈေးကွက်တင်နိုင် အောင် ကြိုးစားဖို့ ဆက်လက် ဆောင်ရွက်သွားတော့မယ်လို့ ဆိုပါတယ်။

Myanmar ICT

တပ်မတော်သားကိုယ်စားလှယ်များကိုဖယ်ခိုင်း၍ ဆိုးကျိုးကြုံလာပါကဖယ်ခိုင်းသူသည် သမိုင်းတရားခံ ဖြစ်မည်ဟုဦးခင်မောင်ဆွေ ပြော

လက်ရှိလွှတ်တော်တွင်းပါဝင်နေသောတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အတင်း အကျပ် ဖယ်ခိုင်းသည့်အတွက် နောက်ဆက်တွဲနှင့် ဘေးထွက် ဆိုးကျိုးများရှိလာပါကဖယ်ခိုင်းသည့် သူ သည် သမိုင်းတရားခံ ဖြစ်လာမည်ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ၁၅-၆-၂၀၁၃ ရက်တွင် ရန်ကုန်မြို့ YWCA ၌ ပြုလုပ်သောပါတီသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအား အတင်းအကျပ် ဖယ်ခိုင်းပါက နိုင်ငံရေးမတည်ငြိမ် မှုဖြစ်ပြီး အကျိုးဆက်အရစီးပွားရေး ကျဆင်းမည့် အရေးကိုသုံးသပ်ပြီး ယခုကဲ့သို့ ပြောခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ပြည်တွင်း ငြိမ်းချမ်းရေးမရတဲ့ကိစ္စ၊ တပ်မတော် အုပ်ချုပ်မှုစနစ် က လွတ်လာတဲ့ ကိစ္စ၊ တပ်မတော်ကရေးဆွဲထားတဲ့ အခြေခံဥပဒေ၊ အဲဒီ ဥပဒေမှာပါတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်တွေကို ဖြည်းဖြည်းချင်းနောက်ဆုတ်ခိုင်းဖို့ NDF က သဘောထား ရှိပါတယ်” ဟု ဦးခင်မောင်ဆွေ ကပြောသည်။

ဒီမိုကရေစီအခြေခံဥပဒေတစ်ခုတွင် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များမပါဝင်သင့် ဟု ယေဘုယျသဘောတရားအရ လက်ခံသော်လည်းတစ်ဖက်နှင့် တစ်ဖက် နားလည်မှုနည်းကာ ယုံကြည်မှု အပြည့်အဝမရှိသေးသောကြောင့် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဝင်ရောက်နေရခြင်း ဖြစ်ကြောင်း NDFပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာသန်းငြိမ်း ကသုံးသပ် သည်။ နှစ်ဖက် ညှိနှိုင်း ကာ တပ်မတော်သား ကိုယ်စားလှယ်များကိုလွှတ်တော်မှ ဖြည်းဖြည်း ချင်းလျှော့ ချရမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးရပါက ပိုမြန်မည်ဖြစ်ပြီး ရွေးကောက်ပွဲတစ်ခါပြီးတိုင်း တစ်ခါ လျှော့ချ သွားပါကပိုမိုကောင်းမွန်မည် ဖြစ်ကြောင်းဦးခင်မောင်ဆွေကပြောသည်။

ပြည်မြန်မာ နေ့စဉ် (၁၆-၆-၂၀၁၃)

၈၈ ကျောင်းသားများ ဗြိတိန်ခရီးစဉ် ယနေ့စမည်

အမေရိကန်ပြည်ထောင်စုမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြန်လည်ရောက်ရှိ လာသော ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (၈၈မျိုးဆက်ကျောင်းသားများ) အဖွဲ့ဝင် ရှစ်ဦးသည် ဗြိတိန်နိုင်ငံသို့ ယနေ့ ဇွန်လ ၁၇ရက် သွားရောက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးထံမှ သိရ သည်။

၈၈ မျိုးဆက် ခေါင်းဆောင်များသည် ဗြိတိန်နိုင်ငံတွင် ဇွန်လ ၁၇ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့ အထိ ရှစ်ရက်ကြာ သွားရောက်မည်ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ခရီးစဉ်တွင် ဗြိတိန်ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်များ ၊ ဗြိတိန် အစိုးရ ဝန်ထမ်း အဖွဲ့အစည်း၏ အကြီးအကဲ Edward Llewellyn တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းမှ ဦးအံ့ဘွယ်ကျော်က ပြောကြားသည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် များဖြစ်သော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးဌေးကြွယ်၊ ဦးမြအေး၊ ဦးမာကီး၊ ဒေါ်မီးမီးနှင့် ဒေါ်နီလာသိန်းတို့ ပါဝင်မည့် ယင်းခရီးစဉ် အတွင်း ဗြိတိန်အစိုးရ တာဝန်ရှိသူများ၊ ဗြိတိန် လွှတ်တော်နှင့် ဓနသဟာယရုံး မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈ ခေါင်းဆောင်များက ရှင်းပြသည်။

၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ရှစ်ဦးသည် ဗြိတိန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ ဗြိတိန် တက္ကသိုလ် ကျောင်းသားများ၊ ဗြိတိန်ရောက် မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဦးအံ့ဘွယ်ကျော်က ဆိုသည်။  ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့သည် မေလ ၁၅ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိ ကိုရီးယားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့ သွားရောက် ခဲ့ပြီး ဦးမြအေး ဦးဆောင်သည့် အဖွဲ့ဝင် လေးဦးသည် ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အသီးသီး သွားရောက်ခဲ့သည်။

The Voice Weekly

မလေးရှားနိုင်ငံမှ အခက်အခဲများကြုံတွေ့ပြီး ယနေ့ ၁၇.၆.၂ဝ၁၃ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိလာသော မြန်မာနိုင်ငံသားများကို Htoo Foundation နှင့် Air Bagan တို့ ပူပေါင်းကာ တစ်ဦး လျှင် ဒေါ်လာ ၁ဝဝ စီကူညီ

မလေးရှားနိုင်ငံမှ အခက်အခဲများကြုံတွေ့ပြီး ယနေ့ ၁၇.၆.၂ဝ၁၃ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာသော မြန်မာနိုင်ငံသားများကို Htoo Foundation နှင့် Air Bagan တို့ ပူပေါင်းကာ ကြိုဆိုမှုများပြု လုပ်ခြင်း၊ တစ်ဦးလျှင် ဒေါ်လာ ၁ဝဝ စီ ကူညီခြင်းများကို ပြုလုပ်ပေးခဲ့ကြပါသည်။ မြန်မာနိုင်ငံသား အချင်း ချင်း ကူညီလိုသော စိတ်ဓါတ်ဖြင့် မိမိတို့ တတ်စွမ်းသမျှ အကူအညီပေးခဲ့ကြခြင်းဖြစ်ပါသည်။ နောက်လာ မည့် နေ့များတွင်လည်း မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည့် အခက်အခဲများ ကြုံတွေ့ ခဲ့ရသည့် မြန်မာနိုင်ငံသားများကိုလည်း အကူအညီပေးရန် အမြဲအဆင်သင့်ရှိနေပါကြောင်း အသိပေးအပ်ပါသည်။

Htoo Foundation Facebook

ဘင်္ဂါလီ ဒုက္ခသည်များအတွက် ယာယီ စာသင်ကျောင်း သုံးဆယ်ကျော်ဆောက်မည်

ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF (မြန်မာ) တို့ ပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်ကျောင်းသား များ အတွက် ယာယီ စာသင်ကျောင်း ၃၃ ကျောင်းကို ဇူလိုင်လအတွင်း အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

ကျောင်းဖွင့်ရာသီ ရောက်ရှိသော်လည်း ကျောင်းမတက်နိုင်သေးသော ဘင်္ဂါလီ ဒုက္ခသည်စခန်း မှ ကျောင်းသား၊ ကျောင်းသူ တစ်ထောင်ကျော်အတွက် ရခိုင်ပြည်နယ်မြို့နယ် ငါးခုတွင် ယာယီ စာသင်ကျောင်း များကို UNICEFက အကုန်အကျခံ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း အဆိုပါရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ယာယီ စာသင်ကျောင်းများတွင် သင်ကြားပေးမည့် စေတနာ့ဝန်ထမ်း အလုပ်သင် ဆရာ၊ ဆရာမ ၉၃ ဦးအတွက် ထောက်ပံ့မှုများလည်းပေးသွားရန် ရှိကြောင်း၊ ယင်း စာသင်ကျောင်းများတွင် ကျောင်းသား တစ်ဦးကို တစ်နေ့လျှင် တစ်နာရီသာ သင်ကြားပေးမည်ဖြစ်ကြောင်း UNICEF အရေးပေါ် ပညာရေး ထောက်ပံ့မှုတာဝန်ခံ Ms. Mary Ombaka က ပြောကြားသည်။

ယခုလ ၂၈ ရက်နေ့တွင် စစ်တွေ၊ ပေါက်တောနှင့် မင်းပြားမြို့နယ်များရှိ ယာယီ စာသင်ကျောင်းများကို အပြီးသတ်သွားမည်ဖြစ်ပြီး စစ်တွေမြို့တွင် စာသင်ကျောင်း ၁၆ ကျောင်း ဆောက်လုပ်ထားကြောင်း ပညာရေး ဝန်ကြီး ဌာနထံမှ သိရသည်။ "ကျောင်းပညာရေး စနစ်ကနေ နှစ်ဖက် အဖွဲ့အစည်းတွေ ကို ပြန်လည်စေ့စပ်ညှိနှိုင်းပေးဖို့ ကြိုးစားရမယ်" ဟု ရခိုင်ပြည်နယ်တွင် အခြေစိုက်သော OCHA ရုံးချုပ်မှ တာဝန်ရှိသူ Ms. Barbara Manzi က ပြောဆိုသည်။ ရခိုင်ပြည်နယ်တွင် ယခင်နှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ပျက်စီး သွားသော စာသင်ကျောင်း သုံးကျောင်းကို ပညာရေး ဝန်ကြီးဌာနက ဇူလိုင်လတွင် စတင် ပြင်ဆင်ရန် စီစဉ်လျက်ရှိကြောင်း၊ ပြည်နယ် တစ်ခုလုံး စာသင်ကျောင်း နှစ်ထောင့် ခုနစ် ရာ ကျော်ရှိပြီး ကျောင်းသား ဦးရေ ငါးသိန်းကျော် ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သည်။

The Voice Weekly

G 8 အစည်းအဝေး စတင်

စက်မှုဖွံ့ ဖြိုးပြီး နိုင်ငံများ အစည်းအဝေး G8 ကို တက်ရောက်ရန်အတွက် အမေရိကန် သမ္မတ အိုဘားမား သည် ၎င်း၏ မိသားစုနှင့်အတူ မြောက်အိုင်ယာလန် ဘဲလ်ဖတ်(စ) မြို့  နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိ လာစဉ်

လွန်ခဲ့သည့် ၁၅ နှစ်က Good Friday သဘောတူညီချက် ဖြင့် မြောက်အိုင်ယာလန် ငြိမ်းချမ်းရေးရရှိရေး အတွက် အမေရိကန်ကမကထပြုပေးမှု အထိမ်းအမှတ်အဖြစ် ၀ါးတာဖရန့်ခန်းမတွင် သမ္မတက မိန့်ခွန်း ပြောခဲ့ရာ မြောက်အိုင်ယာလန် နှင့်အတူ အမေရိကန်အစဉ်ရှိနေမည်ဟု ထည့်သွင်း ပြောကြား ခဲ့သည်။ G 8 အစည်းအဝေးတွင် ဆီးရီးယားအရေး ၊ အမေရိကန်၏ ပုဂ္ဂလုံခြုံရေးကို ထိပါးသည့် စောင့် ကြည့် မှုများမှာ အဓိက ဦးစားပေး ဖြစ်သည်။ Russia, Canada, Japan, Britain, France, Italy, Germany and the United States are members of the G-8.

Freedom News Group(Burma)

MERS ဗိုင်းရပ်စ်ကြောင့် ဆော်ဒီတွင် လူ ၄ ဦး ထပ်မံ သေဆုံး

တစ်ချိန်က ကမ္ဘာကို ခြိမ်းခြောက်ခဲ့သည့် SARSနှင့် ဆင်တူသည့် MERS ဗိုင်းရပ်စ်ပိုးကြောင့် ယခုအခါ အရှေ့အလယ်ပိုင်း ဒေသရှိ ဘုရင့်နိုင်ငံအတွင်း အသေအပျောက် ပမာဏသည် (၃၂)ဦးထိ ရှိလာ ပြီဖြစ်သည်။

ဆော်ဒီအာရေဗျ အစိုးရက MERS ဗိုင်းရပ်စ်ကြောင့် နောက်ထပ် လူ(၄)ဦး ထပ်မံ သေဆုံးကြောင်း ကြေညာ ခဲ့သည်။ တစ်ချိန်က ကမ္ဘာကို ခြိမ်းခြောက်ခဲ့သည့် SARSနှင့် ဆင်တူသည့် MERS ဗိုင်းရပ်စ်ပိုးကြောင့် ယခု အခါ အရှေ့အလယ်ပိုင်း ဒေသရှိ ဘုရင့်နိုင်ငံအတွင်း အသေအပျောက် ပမာဏသည် (၃၂)ဦးထိ ရှိလာ ပြီ ဖြစ်သည်။ အခြေအနေသည် ဆော်ဒီတွင် ရောဂါပိုးမွှားသစ်နှင့် ပတ်သက်ပြီး ထိတ်လန့်မှုများ ဖြစ်ပေါ်စေ ခဲ့သည်။ စက်တင်ဘာလက စတင်၍ ထောက်လှမ်းဖော်ထုတ်နိုင်ပြီးသည့်နောက် အဆိုပါ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ အရေအတွက် (၄၀)နီးပါး ရှိလာပြီး အများစုသည် အရှေ့အလယ်ပိုင်းနှင့် ဥရောပ တို့တွင် ဖြစ်ကြောင်း သိရှိရသည်။

ဆော်ဒီ ကျန်းမာရေး ဝန်ကြီးဌာနက နောက်ထပ် MERS ဗိုင်းရပ်စ် ကူးစက်ခံရသူ (၃)ဦးကို တွေ့ရှိ ထားကြောင်းလည်း တနင်္လာနေ့က အတည်ပြု ပြောကြားခဲ့သည်။ ယင်းကူးစက် ခံရသူများတွင် အသက် (၂)နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်နေသည်။ ကျန်းမာရေးဌာန တာဝန်ရှိသူများက ဗိုင်းရပ်စ်က မည်သည့်အတိုင်းအတာဖြင့် လူအများကြား လွယ်လွယ်ကူကူ ကူးစက်နိုင်သည်ကို လေ့လာနေဆဲ ဖြစ် သည်။ ယခုဗိုင်းရပ်စ်နှင့် ဆင်တူသော SARSသည် (၂၀၀၃)ခုနှစ်က ကမ္ဘာကို ကပ်ရောဂါ တစ်ခုသဖွယ် ခြိမ်းခြောက်ခဲ့ပြီး ထိုစဉ်က လူပေါင်း (၈၀၀)ဝန်းကျင်မျှ သေဆုံးခဲ့ဖူးသည်။

planet

ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ သဘောထားအမြင်ဖလှယ်ပွဲမှ အချက်ရှစ်ချက်ပါသော ထုတ်ပြန်ချက် ထုတ်ပြန် ၊နိုင်ငံတော်သမ္မတထံသို့ တိုက်ရိုက် ပေးပို့တင်ပြမည်ဟု ဆို

မြ၀တီမြို့နယ်DKBAကလိုထူးဘောစစ်ဌာနချုပ်အခြေစိုက်ရာဆုံစည်းမြိုင်ကျေးရွာတွင်ပြုလုပ်သော ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲ တတိယနေ့တွင် အချက် ရှစ်ချက်ပါဝင်သော ထုတ်ပြန်ချက် အား ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဆွေးနွေး ခဲ့သော ဆွေးနွေးပွဲဧ။် ရလဒ်နှင့် သဘောထားထုတ်ပြန်ချက်များအား နိုင်ငံတော်သမ္မထံသို့ တိုက်ရိုက်ပေးပို့ သွားမည်ဖြစ်ကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီ မှ ဗိုလ်မှူးတိုက်ဂါးက ပြောကြားခဲ့သည်။


အဆိုပါထုတ်ပြန်ချက်များတွင်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဒီမိုကရေစီရေး လူ့အခွင့်ရေး အမျိုးသားရေး နှင့် တန်းတူအခွင့် အရေးတွေကို ပြန်လည် မဖြေရှင်းနိုင်သည့်အတွက် ကိုပြန်လည်ရေးဆွဲရန်

စစ်မှန်သော ဖရဒယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် တစ်မျိုးသားလုံး ပါဝင်သော ညီလာခံကြီးတစ်ရပ်ခေါ်ရန်

မတရားသည့်ဥပဒေများကို ပယ်ဖျက်ရန်နှင့် ကန့်သတ်ချုပ်ချယ်မှုကင်သော နှောင်ကြီုးမဲ့သော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်

အပစ်အခေတ်ရပ်စဲရေးကိစ္စများကို နိုင်ငံတကာစံနူန်းများနှင့်အညီ တစ်ပြည်လုံးအတိုင်းအတာအရ အမြန် ဆုံး အကောင်အထည်ဖေါ်ဆောင်ရွက်ပေးရန်။

အစိုးရတပ်များအနေဖြင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခေတ်ရပ်စဲစဉ်အချိန် ကာလ ၌သဘောတူညီချက်များကို တိကျစွာလိုက်နာရန်

တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများ အခြင်းခြင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒီမိုကရေစီရေးနှင့် အမျိုးသားတန်းတူရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာလျှင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမျာ်မှ ၀ိုင်းဝန်းထောက်ခံပေးရန်

အလုပ်သမားလယ်သမားတို့ဧ။် ဘ၀အခက်အခဲများကို မှန်ကန်စွာ ဖြေရှင်းပေးရန်

တိုင်းရင်းသားတပ်ပေါင်းစုများနှင့်အဖွဲ့အစည်းအသီးသီးကို သဘောတူညီချက်များကို ကျွုနုပ်တို့အနေဖြင့် အသိမှတ်ပြုမှတ်တမ်းတင်ပြီး တက်ကြွစွာ ဆောင်ရွက်သွားရန်

တို့ပါရှိသည်ကို တွေ့ရသည်။

The Street View

စနစ်တကျမထိန်းသိမ်းလျှင် ရန်ကုန် ရှေးဟောင်းအမွေအနှစ်များ နှစ်အနည်းငယ်အတွင်း လုံးဝ ပျောက်ကွယ်ဖွယ်ရှိ

ရန်ကုန်မြို့တော်၌ ကျန်ရှိနေသေးသည့် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများကို ၂ နှစ်၊ သုံးနှစ် အတွင်း စနစ်တကျကြိုတင် ကာကွယ်စောင့်ရှောက်ခြင်း မရှိပါက အဆိုပါ အဆောက်အအုံများ လုံးဝ ပျောက်ကွယ်သွားနိုင်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) မှ ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးက The Voice သို့ ပြောကြားသည်။

စင်ကာပူနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလက ရှေးဟောင်း အဆောက်အအုံများကို ကာကွယ်ခြင်း မပြုဘဲ ဖြိုချ ဖျက်ဆီး၍ ခေတ်မီ အဆောက်အအုံများ တည်ဆောက်ခဲ့ခြင်းကြောင့် ယခု အခါ ရှေးဟောင်း အမွေအနှစ်များ မရှိတော့ကြောင်း ဒေါက်တာ သန့်မြင့်ဦးက ဥပမာပေး ပြောဆိုသည်။
“ဘယ်သူမှမလုပ်ဘူး (မကာကွယ်ဘူး) ဆိုရင် ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ရဲ့ Unique Landscape (ထူးခြားသည့် မြင်ကွင်း)က လုံးဝပျောက်ကွယ်သွားမယ်။ ပျောက်သွားရင် ဘယ်တော့မှ ဒါကို ပြန်ဖန်တီး လို့ရမှာ မဟုတ်တော့ဘူး” ဟု ၎င်းကဆိုသည်။

အစိုးရ၏ ရှေးဟောင်း အဆောက်အအုံများ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းကို ကန့်ကွက် သူများလည်း ရှိနေပြီး အချို့ အဆောက်အအုံများမှာ ဟိုတယ်အဖြစ် အသွင်ပြောင်းလဲရန် စီစဉ်လျက်ရှိသည်။  မြန်မာနိုင်ငံ တွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စသည့် အရေးကြီးကိစ္စ အများအပြား ရှိနေသော်လည်း ရန်ကုန်မြို့တော် ရှိ သမိုင်းဝင် အဆောက်အအုံများကို လည်း စနစ်တကျထိန်းသိမ်းစေလိုကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာနမှ အငြိမ်းစားအရာရှိ တစ်ဦးက မှတ်ချက်ပြုသည်။

“အခုဒီအချိန်မှာ Priority မဟုတ်ပေမယ့် ဘာမှမလုပ်ရင် နောက် ၂ နှစ် သုံးနှစ်အတွင်း အရမ်းနောက် ကျ သွားလိမ့်မယ်။ နောက် ၁၅ နှစ်၊ နှစ် ၂၀ ကြာလို့ တိုင်းပြည် ဖွံ့ဖြိုးလာတဲ့အချိန်မှာ ဒီလိုမျိုး ဆက်ရှိနေမယ် ဆိုရင် တိုင်းပြည်အတွက်ရော ခရီးသွားလုပ်ငန်း အတွက်ရော အရမ်းတန်ဖိုးရှိမယ်”ဟု ဒေါက်တာသန့်မြင့်ဦး က ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကို လည်း Yangon Master Plan ရေးဆွဲရာတွင် အဆိုပါ အဆောက်အအုံများ ကာကွယ်ရန်ကိစ္စကိုပါ ထည့် သွင်း ရေးဆွဲရန် အကြံပြုထားကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေး အသင်း(Yangon Heritage Trust)ကို ရန်ကုန်ရှိ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းရန် ၂၀၁၂ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အသင်းသည် ရန်ကုန်ရှိ ရှေးဟောင်း အဆောက်အအုံများကို မှတ်တမ်းတင် ထားရှိရန် လေ့လာ ဆန်းစစ်မှု ပြုလုပ်နေပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှတစ်ဆင့် အဆိုပါ အဆောက် အအုံများကို ကာကွယ်ပေးမည့် ဥပဒေတစ်ခု ပေါ်ပေါက်လာရန် ကြိုးပမ်းနေသည်။ ရန်ကုန်မြို့ အတွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် အချို့မှာ လူနေထိုင်မှုများ ရှိပြီး အဆောက်အအုံ အများစုမှာ ကာလရှည် ပြုပြင် ထိန်းသိမ်းခြင်း မရှိသောကြောင့် ပျက်စီးယိုယွင်းနေကာ အချို့မှာလက်ရှိတွင် ပုဂ္ဂလိကကုမ္ပဏီများက ပိုင်ဆိုင်နေသည်။

The Voice Weekly

ကချင်စစ်ရှောင်စခန်းများရှိကျောင်းနေအရွယ် ကလေးငယ်များကို ပြည်နယ်အစိုးရ ထောက်ပံ

၂နှစ်ကျော်ကြာစစ်ရှောင်စခန်းများရောက်နေသောကျောင်းနေအရွယ်များပညာရေးဆက်လက်သင်ယူနိုင်ရန် လိုအပ်သော စာအုပ်စာတမ်းများ၊အသုံးအဆောင်ပစ္စည်းများကိုပြည်နယ်အစိုးရကိုယ်စားလူမူရေး ဝန်ကြီး ဒေါ်ဘောက်ဂျာ ကဇွန်၁၅ရက်မှစတင်၍ စခန်းအသီးသီးသို့သွားရောက်ပေးအပ်နေကြောင်းသိရ သည်။ယခုနှစ်တွင်စစ်ရှောင်ကလေး၁၀၀၀၀ကျော်မှာ ပညာသင်ကြမည်ဖြစ်ရာ၎င်းတို့အတွက် အား လုံးထောက်ပံမူကိုပြုလုပ်သွားမည်ဟု ပြည်နယ် လူမူရေးဝန်ကြီးဌာနက ပြောသည်။

Popular Myanmar News Journal

ရခိုင်ပါတီနှစ်ခု ပူးပေါင်းရေး အပြီးသတ် သဘောတူ လက်မှတ်ရေးထိုး

ရခိုင်တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) နဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (Arakan National Party) အဖြစ် ထူထောင်ဖို့ ဒီကနေ့ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ရခိုင်အမျိုးသားပါတီအဖြစ် အသစ်ထူထောင်ဖို့ ဆုံးဖြတ်ရတာဟာ ရခိုင်တမျိုးသားလုံးရဲ့ တောင်းဆို မှုကြောင့် အပြင် ရခိုင်ပြည်နယ်ရဲ့ လက်ရှိပထ၀ီနိုင်ငံရေး အခြေအနေတွေကြောင့် အခုလိုပူးပေါင်းရတာလို့ ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ ရခိုင်သဟာရအသင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌဒေါက်တာအေးမောင်က ပြောပါတယ်။ "အဓိက ရည်မှန်း ချက်က ရခိုင်ပြည်သူတစ်ရပ်လုံးရဲ့ဆန္ဒ၊ သံဃာထုတစ်ရပ်လုံးရဲ့ တောင်းဆိုချက်၊ ကျနော်တို့ပါတီနှစ်ခုချင်း မှာလည်းရှိတဲ့ မူလရည်မှန်းချက်၊ ဒီနေ့ဒီအချိန်ဒီကာလာမှာ ရခိုင့်ပထဝီနိုင်ငံရေး အခြေအနေက လည်း ပေါင်းစည်းဖို့အတွက် တောင်းဆိုတဲ့အခြေအနေကို အထူးသဖြင့် ပဋိပက္ခတွေ ကျနော်တို့မှာရှိခဲ့ပါ တယ်"

အခုတည်ထောင်လိုက်တဲ့ ရခိုင်အမျိုးသားပါတီသစ်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ဝင်မယ့် ပါတီဖြစ်ဖို့၊ ပါတီတစ်ခုချင်းစီကနေ အချိုးကျလူ ၁၅ ဦးစီပါဝင်တဲ့ ယာယီဗဟိုအလုပ်အ မှုဆောင်ကော်မတီ ဖွဲ့စည်းဖို့၊ ပါတီသစ်လျှောက်ထားဖို့ကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီးပြင် ဆင်ဖို့၊ ပါတီသစ်မှတ်ပုံတင်ကျပြီး ၇ လအတွင်း ပါတီညီလာခံကျင်းပဖို့စတဲ့ ကြေညာချက်တစ်စောင်ကို လည်း နှစ်ဖက်ပါတီတွေက ပူးပေါင်းထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်အမျိုးသားပါတီသစ်အဖြစ် ရွေးကောက် ပွဲကော်မရှင်က ခွင့်ပြုချက်ကျလာရင် လာမယ့် နိုဝင်ဘာလအတွင်းမှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက် ပွဲမှာ နေရာ ၃ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့လည်း သိရပါတယ်။

ယခုပူးပေါင်းလိုက်တဲ့ပါတီနှစ်ခုထဲက RNDP ပါတီဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့ အနိုင်ရရှိခဲ့သလို နောက်ပါတီတစ်ခုတဲ့ ALD ဟာလည်း ၁၉၉ဝ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် တတိယအများဆုံးနေရာထိ အနိုင်ရရှိခဲ့တဲ့ပါတီ ဖြစ်ပါ တယ်။

RFA Burmese

မလေးရှားမှာ အထောက်အထားမရှိတဲ့ မြန်မာ ၅ဝ ခန့် အရေးယူခံရ

မလေးရှားနိုင်ငံမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး သက်သေခံ တရားဝင် လက်မှတ်မပါရှိဘဲ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ဝ ခန့်ကို ဆာပန်းနယ် တရားရုံးက ဒီကနေ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားအပြီး မလေးရှား အာဏာပိုင်တွေက တရားမဝင် အထောက်အထားမရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာတွေကိုဖမ်းဆီးခဲ့ရာမှာ တရားဝင် အထောက် အထားမရှိသူတွေကို အခုလို အရေးယူလိုက်တာဖြစ်ပါတယ်။ တကယ်လို့ ဒီအမှုနဲ့ အပြစ်ရှိတယ်လို့ တရားရုံး ကဆုံးဖြတ်ရင် ငွေဒဏ် မလေးရှားရင်းဂစ်ငွေ ၁ သောင်း၊ အများဆုံး ထောင်ဒဏ် ၅ နှစ်နဲ့ ကြိမ်ဒဏ်တွေ အထိ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။ မြန်မာ ၁၃၇ ဦးကိုလည်း မနက်ဖြန်မှာ ဒီအမှုနဲ့ ရုံးထုတ်စီရင်မယ်လို့ ဆာပန်းတရားသူကြီးရုံး ပြောခွင့်ရသူက ပြောပါတယ်။

RFA Burmese

မြန်မာ မင်းသမီးများထဲတွင် ပထမဆုံး ရင်သား ခွဲစိတ်ပြုပြင်မှုကို နန်းဆုရတီစိုးမှ စတင်ပြုလုပ်


   မြန်မာမင်းသမီးတစ်ဦးဖြစ်သော နန်းဆုရတီစိုးသည် ဂျပန်နိုင်ငံတွင် ရင်သားခွဲစိတ်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယခင်က နန်းဆုရတီစိုးမှာ ရင်သားကြီးမားခြင်းမရှိပဲ ယခုကဲ့သို့ ခွဲစိတ်ပြုပြင်လိုက်သော အခါမှ ကမ္ဘာ့အဆင့်မီ ခန္ဓာကိုယ်ဖြစ်သွားခဲ့ကြောင်း ပရိသတ်များက ဆိုသည်။
    သူ့ကြည့်ရတာ ဆီလီကွန်ထည့်လိုက်တယ်နဲ့ တူတယ်။ ချက်ချင်းကြီးကို ထွားတက်လာတာဟု နန်းဆုရ တီစိုးအား မိတ်ကပ်ပြုပြင်ပေးခဲ့ဖူးသူ အလှဖန်တီးရှင်တစ်ဦးမှ ပြောကြားသည်။ ကမ္ဘာကျော်မင်းသမီးများ ကြားတွင် ယင်းကဲ့သို့ ရင်သားလှပစေရန် ခွဲစိတ်ပြုပြင်မှုမှာ မဆန်းပြားတော့သော် လည်း ယခုကဲ့သို့ မြန်မာ မင်းသမီး တစ်ဦး၏ ရင်သားပြုပြင်မှုမှာမူ ပထမဆုံးအကြိမ်ဖြစ်၍ ကြားသိရသူများ အဖို့ အထူးအဆန်း သတင်းတစ်ခုသဖွယ် ဖြစ်လျက်ရှိသည်။

သစ်ထူးလွင်

ကျောင်းသားဗဟိုပြုပညာရေးစနစ် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
Monday, June 17, 2013

ကျောင်းသားဗဟိုပြုပညာရေးစနစ်နဲ့ ပတ်သက်ပြီးကောမှူးမြို့နယ်ထဲက ဆရာ၊ ဆရာမတွေ နဲ့ဒေါ်အောင်ဆန်း စုကြည် တို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ ကောမှူးမြို့နယ် အန်အယ်လ်ဒီပါတီက ဦးအေးသိန်းက ပြောပါတယ်။

အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ကောမှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန် ၁၆ ရက် မနက်ပိုင်းက ကောမှူးမြို့နယ်ပြည်သူ့ဆေးရုံနဲ့ အထက်တန်းကျောင်းတို့ကို သွားရောက်ပြီး ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ရာမှာ မြို့နယ်ထဲက ဆရာနဲ့ ဆရာမေတွက အခုလို ပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

ဦးအေးသိန်းက “ကေလးတွေ ဗဟိုပြုပညာရေးနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြတာတွေ ရှိပါတယ်။ အဲဒါတွေ မူတွေက ကောင်းပါတယ်တဲ့။ ဆရာမေတွ မလုံလောက်ဘူး၊ အချိန်မလောက်ဘူး၊ သင်ရိုးညွှန်း တန်းတွေကလည်း တဖက်မှာ ချုပ်ကိုင်ထားတော့ ထိရောက်မှုမရှိဘူး။ နောက်ဆံတတင်းတင်းနဲ့ လုပ်ရ တယ်၊ လွတ်လွတ်လပ်လပ်မလုပ်ရတဲ့ ပညာရေးတွေပါဆို ပြောတယ်။ ဆရာမေတွကလည်း အော်တာလေး ပွင့်ပွင့်လင်းလင်း ပြောလာတယ်။ အခုလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာ လက်ခံပါတယ်။ ပွင့်ပွင့်လင်းလင်း လည်း ဆွေးနွေးချင်တယ်ပေါ့။ ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ ပြဿနာတွေ ဖြစ်လာရင်လည်း ၀ိုင်းဝန်း ကူညီဖြေရှင်းပေးမယ်လို့ ပြောတယ်။”

အခုလိုမျိုး ကောမှူးမြို့နယ်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်တဲ့အခါတိုင်း ပညာရေးဌာနဟာ လွယ်လွယ်ကူကူ ခွင့်မြပုတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

“ပညာရေးဌာနကို တွေ့မယ်ပြောတဲ့အခါမှာ အခက်အခဲတွေ ရှိသေးတယ်။ ဟိုတခါ ပညာရေးမှူးကို သွားပြောတော့ သူတို့က ခွင့်မြပုဘူး။ ခွင့်မြပုတော့ ဒေါ်အောင်ဆန်းစုကြည်က အေပ်ါကေန တောင်းခံပြီး လာရတာ။ အေပ်ါကေနြပီး လွှတ်လိုက်ဆိုတော့မှ တော်တော်လေးကို နီးကပ်မှ အခွင့်အေရးရြပီး လုပ်တယ်။ အဲမှာလည်း ကျောင်းဆရာ ဆရာမေတွကို နီးစပ်ရာပဲ ဖိတ်ပြီးတော့ လုပ်မယ်ကြားတော့ ကျေန်ာတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်က ပြည့်ပြည့်စုံစုံဖိတ်ခိုင်းတယ်၊ ပြည့်ပြည့်စုံစုံ ဖိတ်ပေးပါဆိုပြီး သွားပြောရတယ်။ ပညာရေးကို တွေ့ရတာ ချောချောမွေ့မွေ့မဟုတ်ဘူး။ ကျန်းမာရေးကိုတွေ့ရတာတော့ အဆင်ပြေပါတယ်။”

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန် ၁၅ ရက်ကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေနဲ့ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။

DVB News

ဖုန်းခေါ်ဆိုမှု နှုန်းထားမှာ နှစ်ဆသုံးဆ လျှော့ချရန် စီစဉ်

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ လက်ရှိ ကောက်ခံလျက်ရှိသည့် မိုဘိုင်းဖုန်း ခေါ်ဆိုခသည် များပြားလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာန ဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဌာန ဒုတိယဝန်ကြီး ဦးသောင်း တင်၏ ပြောစကားအရ သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင်က လက်ရှိ ကောက်ခံလျက်ရှိသော တစ်မိနစ် ၅၀ကျပ်မှာ ဈေးနှုန်းလွန်ကဲနေသေးကြောင်း ၎င်းထက် ၂ ဆ၊ ၃ ဆ လျော့ နည်းသည့် ဈေးသာ ဖြစ်သင့်ကြောင်း “ဆက်သွယ်ရေးက ဒါတွေကို သိပါတယ်။ သိပေမယ့် မလုပ်နိုင်ပါဘူး။

အဲ့ဒီအတွက် လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေကို ခေါ်ပြီး လုပ်ခိုင်းတာပါ။ သူတို့တွေကလည်း Service တွေကို အပြိုင်အဆိုင် ပေးသွားမှာပါ။ air time လို့ခေါ်တဲ့ ဖုန်းပြောဆိုခတွေကိုလည်းဈေးလျှော့ပေးသွားကြမှာပါ” ဟု မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် မြန်မာအင်တာနက် လွတ်လပ်ခွင့် ဖိုရမ်တွင် ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် နိုင်ငံတကာမှ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့်နိုင်ငံတကာမှကုမ္ပဏီများနှင့် ပြည်တွင်းလုပ်ငန်းရှင်များသည် Operator လုပ်ငန်းအား စိတ်ဝင် စားသည့် လျှောက်လွှာများ တင်ခဲ့ကြသည်။ အဆိုပါ လျှောက်လွှာတင်ထားသည့် ကုမ္ပဏီ (၉၁)ခုမှ ဆန်ခါတင်ကုမ္ပဏီ (၁၂) ခုကို ရွေးချယ်ခဲ့သည်။
ဆန်ခါတင် ရွေး ချယ်ထားသည့် ကုမ္ပဏီ ၁၂ခုမှ Vodafoneနှင့် China Mobile ကုမ္ပဏီတို့ ပူးတွဲ လျှောက်ထားခြင်းကို အဆိုပါ ကုမ္ပဏီများက ပယ်ဖျက်ခဲ့၍ နောက်ဆုံးအဆင့် ဆန်ခါတင် အဆင့်တွင် ကုမ္ပဏီပေါင်း ၁၁ခုသာ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရ သည်။ မြန်မာ့ဆက်သွယ်ရေး Operator အဖြစ် ရွေးချယ်ခံရပါက ၂ နှစ်ခွဲအတွင်းတွင် မိုဘိုင်းသိပ်သည်းဆကို ၅၀ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်လာရန် လုပ်ဆောင်ပေးရမည် ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်သည် အမေရိကန်ဒေါ်လာ သန်း ၂ထောင် ရင်းနှီးမြှုပ်နှံ ရမည် ဖြစ်ကြောင်း သိရသည်။
Ref: အင်းလေးမီဒီယာ
 
 

မြေနီကုန်း J’ DONUTS ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွား

 
ဇွန်(၁၇)ရက် နံနက်(၆း၂၅)နာရီအချိန်က ရန်ကုန်မြို့စမ်းချောင်းမြို့နယ် မြေနီကုန်း City Mart ရှေ့ ပြည်လမ်း မပေါ်ရှိ J’ DONUTS မုန့်ဆိုင်တွင် အပူလွန်ကဲရာမှဝါယာရှောခ်ဖြစ်ကာ မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့သည်။

မီးလောင်ကျွမ်းမှုမှာ မုန့်ဆိုင်တွင်ထားရှိသော 2 Door ရေခဲသေတ္တာ၌ တပ်ဆင်ထားသည့် Safecard အပူလွန် ကဲရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း လာရောက်ငြှိမ်းသတ်သော မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

“လောင်တာက ကြာနေပြီလို့တော့ ထင်တယ်။ အထဲမှာ လူမရှိဘူး။ မှန်တွေကွဲထွက်လာမှ မီးလောင်နေပြီ ဆိုတာ သိရတာ”ဟု မီးလာရောက်ငြှိမ်းသတ်သည့် မီးသတ်ဝန်ထမ်းတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရမှုမရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် (၁) သိန်း ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

“၅ နာရီခွဲလောက်က လောင်တယ်လို့ ထင်တယ်။ မီးငြိမ်းသွားလို့ တော်သေးတယ်။ စိုးရိမ်တာက ဘေးနားမှာ ဓါတ်ဆီဆိုင်ရှိတော့အဲ့ဒီကို ကူးသွားမှာပဲကြောက်တာ အဲ့ဒါဆို မလွယ်ဘူး။”ဟု ပတ်ဝန်းကျင်တွင်နေထိုင်သူ တစ်ဦးက ပြောသည်။

စမ်းချောင်းမြို့နယ်မှ မီးသတ်ကား(၂)စီး၊ တာမွေ မြို့နယ်မှ(၁)စီး၊ လှိုင်မြို့နယ်မှ (၁)စီး၊ ရေသည်ယာဉ် (၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးတို့ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ပြီးနံနက်(၆း၃၀)နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

J’ DONUTS’ မုန့်ဆိုင် ပိုင်ရှင်မှာ J J CO.LTD မှ ဦးအေးဝင်းဖြစ်ပြီး၎င်းအား မီးပေါ့ဆမှုပုဒ်မ (၂၈၅) ဖြင့် အရေး ယူနိုင်ကြောင်း အရာရှိတစ်ဦးက ပြောသည်။

ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းတွင်ကလည်း အင်းစိန်မြို့နယ် ရွာမတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
Ref: FB

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် (၁)၊ (၂) တို့မှ ဖယ်ရှားခံရ သူများအား ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁၅၅ ရပ်ကွက်သို့ ပြောင်းရွှေ့

 

ဒဂုံမြို့သစ်အရှေ့ပိုင်း (၁၅၅) ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ယာယီနေရာ ချထားပေးသည့် ပြောင်းရွှေ့ခံရသူများအား ဇွန် ၁၆ ရက် ည ၁၁ နာရီခွဲခန့်က တွေ့ရစဉ် (ဓာတ်ပုံ - သက်မျိုးမင်း)


 သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် (၁) (၂) တို့မှ ဖယ်ရှားခံရ သူများအား ဇွန် ၁၆ ရက် ညနေပိုင်းမှစကာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ၁၅၅ ရပ်ကွက်သို့ ပြောင်းရွှေ့ပေးနေကြောင်း သိရသည်။

 
ဇွန် ၁၆ ရက် ညနေ ၃ နာရီခန့်မှစကာ ရန်ကုန်မြို့တော် စည်ပင်မှ ကား ၆ စီးဖြင့် မိကျောင်းကန် ရပ်ကွက်များရှိ အိမ်ထောင်စု ၁၇၉ စုမှ အိမ်ထောင်ဦးစီးများကို အဆိုပါ ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၅၅ ရပ်ကွက်သို့ ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်သည်။
 
ညနေပိုင်းတွင် ပြောင်းရွှေ့ခံရသူများအား ရပ်ကွက်အတွင်းရှိ မူလတန်းကျောင်းတွင် ယာယီနေရာ ချထားပေးပြီး အဆိုပါရပ်ကွက် အတွင်းရှိ ပလပ်မြေတွင် နေရာပြန်လည် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။
 
"လောလောဆယ်တော့ ကျွန်တော်တို့ ရပ်ကွက်ထဲက ပလပ်မြေမှာ ပြန်ပြီး နေရာချထားပေးမယ်လို့ သိရတယ်။ မနေ့က (ဇွန် ၁၅ ရက်) ကစပြီး အိုးအိမ်ဦးစီး ဌာနကနေ ရပ်ကွက်ပလပ်မြေမှာ အကွက်တွေ လာရိုက်သွားတယ်။ ပလပ်မြေ အကျယ်ကတော့ ၃ ဧက ကျော်လောက်တော့ ရှိမယ်ထင်တယ်" ဟု ၁၅၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ပြောကြားသည်။
ဇွန်၁၅ ရက်နေ့က တာဝန်ရှိသူများက ပြောကြားရာတွင် တစ်အိမ်ထောင်လျှင် မြေကွက် ၂၀ ပေ_၆၀ ပေ ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ဇွန် ၁၆ ရက်နေ့တွင်မူ တစ်အိမ်ထောင်လျှင် ၂၀ ပေ_ ၃၀ပေသာပေးတော့မည်ဟုပြောကြောင်းနှင့်ယင်းမြေကွက်များကိုယာယီပေးခြင်း ဖြစ်သည်ဟုသာပြောကြား 
ကြောင်း ပြောင်းရွှေ့ခံရသူများက ပြောကြားသည်။
"ပေ ၂၀၊ ပေ ၃၀ ဆိုတော့ နေရတာ အခက်အခဲ အများကြီး ရှိမှာပါ။ အိမ်သာထားဖို့လည်း မလွယ်ဘူး။ လမ်းလည်းမပေးဘူးလို့ ပြောတယ်။ ရေ၊ မီးကလည်း အစဆိုတော့ ဘယ်လိုပေးမယ်မှန်း မသိသေးဘူး။ ပေ ၂၀၊ ပေ ၆၀ လောက်ဆိုရင်တော့ အဆင်ပြေနိုင်တယ်။ အခုကတော့ မြေကွက်ပေးမယ် ဆိုတာပဲ ကြားသေးတယ်။ အိမ်ဆောက်ပေးမှာလား၊ မပေးဘူးလား ဆိုတာတော့ မသိရသေးဘူး" ဟု ပြောင်းရွှေ့ခံရသူ တစ်ဦးဖြစ်သူ ကိုဇော်ဇော်ဝင်းက ပြောကြားသည်။
 
လတ်တလော ရွှေ့ပြောင်းနေသူများမှာ အိမ်ထောင်ဦးစီး များသာဖြစ်ပြီး ဇွန် ၁၇ ရက်နံနက်ပိုင်းတွင် မြေကွက်များကို မဲနှိုက်ကာ နေရာချထားပေးမည် ဖြစ်သောကြောင့် ကြိုတင်သွားရောက် နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။
 
ကျန်ခဲ့သည့် မိသားစုများမှာမူ ဖယ်ရှားခံရသည့် မြေကွက်များအနီး လမ်းဘေးတွင် ဆက်လက်နေထိုင်မည် ဆိုပါက တရားစွဲဆိုမည်ဟု ဆိုသောကြောင့် ဇွန် ၁၆ ရက် ညနေပိုင်းမှစကာ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆ ရပ်ကွက်ရှိ အပိုင်း (၂) နှင့် အပိုင်း (၃) ဓမ္မာရုံတို့တွင် အကူအညီတောင်းကာ ယာယီနေထိုင်နေရကြောင်း သိရသည်။
 
မိကျောင်းကန်ရပ်ကွက် (၁) နှင့် (၂) တွင် ရပ်ကွက်မြေ အကျယ်အ၀န်းမှာ ၃၃ ဧကကျော် ကျယ်ဝန်းပြီး အိမ်ခြေ ၂၀၀ ကျော်ရှိကာ ဇွန် ၁၃ ရက်တွင် တပ်မြို့စည်ပင်သာယာရေး အဖွဲ့မှ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။
Ref: Eleven

လီဝင်ဒေါစကီးအား ချယ်ဆီးကလဲ စိတ်ဝင်စား


  ရောဘတ်လီဝင်ဒေါစကီး အတွက် ကြိုးပမ်းမှုတွင် ချယ်လ်ဆီး အသင်းလည်း ကြားဝင်လာပြီ ဖြစ်ကြောင်း သိရှိရသည်။ ဘိုရပ်ရှား ဒေါ့တ်မန်က ၎င်းတို့၏ ဂျာမန်ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ထံသို့ အဓိက တိုက်စစ်မှူး လီဝင်ဒေါစကီးကို လုံးဝထုတ်ရောင်းမည် မဟုတ်ဟု အတည်ပြု ပြောကြားထားပြီးနောက် မန်ချက်စတာ ယူနိုက်တက်က အလားအလာ အကောင်းဆုံး သဖွယ် ဖြစ်လာခဲ့သည်။ ယခုအခါ ဈေးကွက်ထဲတွင် ထိပ်တန်း တိုက်စစ်မှူးသစ် တစ်ဦး ရှာဖွေနေသော ချယ်လ်ဆီးကလည်း ပိုလန် လက်ရွေးစင် လီဝင်ဒေါ စကီးကို အာရုံကျလာခဲ့သည်။ ချယ်လ်ဆီးသည် ဘွန်းဒစ်လီဂါ အခြေစိုက် ကစားသမား တစ်ဦးအဖြစ် အန်ဒ ရီရှာရဲလ်ကို ဘေယာလေဗာကူဆင်ထံမှ ဝယ်ယူရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။
   ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုသည် လက်ရှိ တိုက်စစ်မှူးများ ဖြစ်သော ဖာနန်ဒိုတောရက် စ်နှင့် ဒမ်ဘာဘားတို့ နေရာများကို အပြောင်းအလဲ ပြုလုပ်ဖွယ် ရှိနေပြီး လူငယ်နှစ်ဦးဖြစ်သည့် ရိုမီလူ လူ ကာကူနှင့် ရှာရဲလ်တို့ကိုပါ အသင်းတွင် အသုံးပြုသွားရန် စိတ်ကူး ရှိနေသည်။ သို့သော်လည်း ရှာရဲလ်မှာ တိုက်စစ်မြားဦး စစ်စစ်ထက် တောင်ပံတွင်အဓိက ကစားလေ့ရှိသူတစ်ဦးဖြစ်သည်။ အသက်(၂၄)နှစ်ရှိ လီဝင်ဒေါစကီးကို စပိန် ကလပ်များဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ကလည်း စိတ်ဝင်စား မှု ပြသနေသည်။ ဒေါ့တ်မန်သည် ၎င်းတို့၏ တက်သစ်စလူငယ်လေး မာရီယိုဂေါ့ဇီကို ဘိုင်ယန်ထံ လက် လွှဲရောင်းချရပြီး ကတည်းက နောက်ထပ် အဓိက ကစားသမား တစ်ဦး ဘိုင်ယန်ထံ မရောက်ရေး အလေး အနက် ကာကွယ်သွားရန် ဆုံးဖြတ်ထားသည်။
   ဘိုရပ်ရှား ဒေါ့တ်မန်က ၎င်းတို့၏ ဂျာမန်ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ထံသို့ အဓိက တိုက်စစ်မှူး လီဝင်ဒေါစ ကီးကို လုံးဝ ထုတ်ရောင်းမည်မဟုတ်ဟု အတည်ပြု ပြောကြားထားပြီးနောက် မန်ချက်စတာယူနိုက်တက် အလားအလာအကောင်းဆုံးသဖွယ် ဖြစ်လာခဲ့...

Soccer Myanmar 

သံဃာအပါအ၀င် အများပြည်သူ ရန်ကုန်ဗလီလေ့လာ

  

  ဗလီတွေထဲမှာ လက်နက်တွေ သိုလှောင်ထားတယ်၊ ဗလီကျောင်းတွေဟာ စစ်စခန်းတွေ ဖြစ်တယ်လို့  စွပ်စွဲချက်တွေ ရှိနေတဲ့အတွက် အစ္စလာမ်ဘာသာဝင် ၀တ်ပြုရာ ဗလီတွေထဲကို အများပြည်သူ ၀င်ထွက် သွားလာခွင့်၊ လေ့လာကြည့်ရှု ခွင့်တွေ ပြုလုပ်နိုင်ဖို့ မြန်မာမူစလင်ခေါင်းဆောင်တွေက ဒီကနေ့ ပထမဆုံး အကြိမ် စီစဉ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေအပါအ၀င် လေ့လာသူ ၁၀၀ ကျော်ဟာ ဒီကနေ့ မနက်အစောပိုင်းမှာပဲ ဗိုလ်အောင်ကျော် လမ်းမှာရှိတဲ့ ဗိုလ်အောင်ကျော် ဗလီဝတ်ပြုကျောင်းတွေကို ၀င်ရောက်လေ့လာခဲ့ပါတယ်။ ဒီအကြောင်း အပြည်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း ရန်ကုန် သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။
   ဘာသာရေးပဋိပက္ခတွေဖြစ်အောင် လှုံ့ဆော်တဲ့လူတစ်စုက မူစလင်တွေရဲ့ဗလီတွေထဲမှာ အက် စစ်တွေနဲ့လက်နက်တွေ သိုလှောင်ထားပြီး စစ်စခန်းတစ်ခုလို ပြုလုပ်နေတယ်ဆိုတဲ့ ၀ါဒဖြန့်ချိမှုတွေဟာ တကယ်မဟုတ်တဲ့အကြောင်း ဒီကနေ့ကစပြီး ဗလီတွေကို လေ့လာနိုင်တဲ့ အစီအစဉ်တစ်ခုကို ဗိုလ်အောင်ေ ကျာ် လမ်းကဗလီမှာ ကျင်းပခဲ့တာပါ။ အခုလိုဗလီထဲကို အခြားဘာသာဝင်တွေ ၀င်ထွက်ကြည့်ဖို့ စီစဉ်ပေးတဲ့နေရာမှာ အခြားတစ်စုံတစ်ရာ အခက်အခဲတွေ ကြီးကြီးမားမား မရှိဘဲ ပြေပြေလည်လည် ရှိခဲ့ တယ်လို့ ပွဲစီစဉ်ပေးတဲ့ အဖွဲ့ဖြစ်တဲ့ Pray for Myanmar က ကိုဇော်မင်းလတ် က ပြောပါတယ်။
   “ဗလီတွေကို ၀င်ကြည့်အောင် စီစဉ်ပေးတဲအချိန်မှာ အားလုံးက ချောချောချူချူပဲ ခင်ဗျ။ ဘာအခက် အခဲမှ မရှိပါဘူး။ ကျနော်တို့ အာဏာပိုင်ကို ခွင့်ပြုချက်ယူတဲ့အချိန်ကနေ နောက်ဆုံးပြီးတဲ့ အချိန်အထိမှာ အားလုံး ပြေပြေလည်လည်နဲ့ အခက်အခဲမရှိအောင် အောင်မြင်စွာ ပြီးဆုံးနိုင်ပါတယ်ခင်ဗျ။”
   ဗုဒ္ဓဘာသာမြန်မာတွေအနေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြားမှာ အခြား အထင်အမြင်လွဲမှားမှုတွေ ထပ်မရှိစေဖို့ နဲ့ လုံးဝ အထင်အမြင်လွဲမှားမှုတွေ မရှိဖို့ အတွက် ဘာသာတစ်ခုနဲ့တစ်ခုအကြား အပြန်အလှန် နားလည်သည်းခံပြီး အမြင်ချင်းဖလှယ်နိုင်တဲ့အထိ ဖြစ်အောင် အခုလိုဗလီလေ့လာရေးတွေကို စီစဉ်ခဲ့ တာ ဖြစ်တယ်လို့လည်း ကိုဇော်မင်းလတ်က ပြောပါတယ်။
   “ကျနော်တို့ ဗုဒ္ဓဘာသာနဲ့ မူစလင်ကို အကြမ်းဖက်လူတစ်စုက စနစ်တကျ ပြည်သူတွေ ထင်ယောင်ထင် မှားဖြစ်အောင် တချို့က၀ါဒဖြန့်တာတွေ ရှိပါတယ်ခင်ဗျ။ ၀ါဒဖြန့်တယ်ဆိုတာ ကျနော်တို့ ဗလီထဲမှာ underground ထားတယ်။ ဗလီထဲကို ဗုဒ္ဓဘာသာတွေ ၀င်လို့မရဘူး။ ဗလီထဲမှာစစ်သင် တန်းတွေပေးနေတယ်။ ဗလီထဲမှာ ဟိုဟာတွေလုပ်တယ်ဆိုပြီးတော့၊ ဒါတွေကို အစ်ကိုတို့လည်း ကြားပါမယ်။ ကျနော်တို့လည်း ခဏခဏ ကြားနေရပါတယ်ခင်ဗျ။ ဒါတွေကို ကျနော်တို့က မဟုတ်ဘူး ဆိုတာလည်း အရင်ကတည်းက ပြောပြထားပြီးသားဖြစ်ပါတယ်ခင်ဗျ။”
   ဇွန်လ ၁၆ ရက်နေ့ မနက်အစောပိုင်းမှာ ဗလီလေ့လာရေးအတွက် လာရောက်တဲ့ ဧည့်သည်တွေဟာ အချိန်၂နာရီနီးပါးလောက် ဗလီဝတ်ပြုကျောင်းထဲမှာရှိတဲ့ ဘာသာရေးသဘော တရားတွေ ကိုလေ့လာခဲ့ တယ်လို့ ဗလီဝတ်ပြုကျောင်း လေ့လာရေးမှာပါလာတဲ့ မူစလင်တဦးလည်းဖြစ်၊ ငြိမ်းချမ်းမှု တည်ဆောက်ေ ရးကွန်ယက်က ခေါင်းဆောင်ပိုင်း တစ်ဦးလည်းဖြစ်တဲ့ဒေါက်တာမြင့်သိန်းက ပြောပါတယ်။
   “မနက်ပိုင်း ၉ နာရီကျော်လောက် လူစုံတဲ့အခါမှာ အားလုံး သံဃာတော်တွေရော၊ ဘုန်းကြီးတွေရော၊ ဧည့်သည်တော်တွေရော၊ ဗလီကို လိုက်လေ့လာတယ်ပေါ့။ ဗလီဝတ်ပြုတဲ့ သဘောတရား၊ ၀တ်ပြုဆောင်တွေ၊ ဓမ္မစင်တွေ။ နောက် အဲဒီမှာရှိတဲ့ ကျနော်တို့ သင်္ကေတတွေပေါ့။ နောက်ကိုယ်လက် သန့်စင်တဲ့နေရာတွေ။ စာသင်ဆောင်တွေ။ အကုန်လုံးပါပဲ။ အဓိကကတော့ ဗလီတွေဟာစစ်စခန်း မဟုတ်ဘူး။ လက်နက်တွေ သိုလောင်ထားတဲ့ဟာတွေ မဟုတ်ဘူး။ ဒီဟာလေးတွေကို နည်းနည်းစဉ်း စားဖြစ်အောင်ပေါ့။ အဲဒါက ပထမပိုင်းမှာ အားလုံးလိုက်ကြည့်ကြတယ်ပေါ့။”
  ဒီကနေ့ လေ့လာရေးခရီးစဉ်မှာ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှာ ခေါင်းဆောင်ခဲ့တဲ့ သံဃာတော်တွေလည်း ဗလီ ၀တ်ပြုကျောင်းအတွင်း ၀င်ရောက်လေ့လာခဲ့ပြီး ဆရာတော်ဘဒ္ဒ န္တပဏ္ဍ၀ံသက ဘာသာရေးနဲ့ ပတ်သက်ပြီး သံသယတွေ ကင်းရှင်းရေး မိန့်ကြားခဲ့ပါတယ်။ အခုလို ဗလီထဲကို ၀င်ရောက်လေ့လာ ခွင့်ရတဲ့အတွက် နောက်အခါမှာ သံသယတွေလည်း ဘာသာတစ်ခုနဲ့တစ်ခုကြားမှာ ကင်းဝေသွားနိုင် တယ်လို့ ဆရာတော် ဘဒ္ဒ န္တပဏ္ဍ၀ံသ က မိန့်ကြားပါတယ်။
  “အဲဒီတော့ သူတို့က လူတစ်စုကြောင့်ပဲဖြစ်ဖြစ်၊ လူတစ်စုကြောင့် မဟုတ်တာပဲဖြစ်ဖြစ်၊ အရေးကြီး ဆုံးကတော့ စစ်ပွဲတွေထက် အရေးကြီးတာ ပဋိပက္ခပေါ့နော်။ စစ်ပွဲဆိုတာ ကချင်ပြည်နယ်မှာ့ဖြစ်ရင် ကချင်ပြည်သူတွေပဲ စစ်ပွဲဒဏ်ခံရတယ်ပေါ့နော်။ ရခိုင်ပြည်နယ်မှာဖြစ်ရင် ရခိုင်ကပြည်သူတွေပဲ ခံစားရတာ။ အခုလို ဘာသာရေးကို အခြေခံပြီးတော့၊ လူမျိုးရေးကို အခြေခံပြီးတော့ ပဋိပက္ခ တစ်ခုခုဖြစ် ရင်တော့ တနိုင်ငံလုံးက ရှိနေတဲ့ပြည်သူတွေ အားလုံး ဒုက္ခရောက်ကြရတဲ့ဟာကို ခံစားရမှာပဲ။ ”ဘာသာပေါင်းစုံ ယဉ်ကျေးမှုတွေ ဖလှယ်တဲ့ ဒီပွဲမှာ မြန်မာနိုင်ငံအတွင်း မှာ နေထိုင်ကြတဲ့ ဘာသာပေါင်း စုံရဲ့ ၀တ်ပြုကျောင်းတွေနဲ့ ဘုရားတွေ၊ ဘုန်းတော်ကြီးကျောင်းတွေကို ဘာသာပေါင်းစုံက ဘာသာဝင်တွေ က အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လေ့လာမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့လည်း ကိုဇော်မင်းလတ်ကပြော ပါတယ်။ 
  ရှေ့တပတ်မှာ အင်းစိန်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ကို လေ့လာရေး သွာဖို့ စီစဉ်ထားပြီးတော့ မူစလင်တွေလည်း လာရောက်လေ့လာမှာ ဖြစ်တယ်လို့ ဘာသာပေါင်းစုံ လေ့လာရေးပွဲ စီစဉ်ရေးလုပ်တဲ့ Pray For Myanmar အဖွဲ့က ခေါင်းဆောင်ပိုင်းတွေက အတည်ပြုပြောကြားခဲ့ပါတယ်။

အောင်ရဲ မောင်မောင် (ဗွီအိုအေ)

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ တွေ့ဆုံပြီးတဲ့နောက် ထုတ်ပြန်တဲ့ကြေငြာချက်မှာ အဲဒီလို ဖော်ပြလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တဲ့နေရာမှာ ပြည်ထောင်စု လွှတ်တော်က ပူးပေါင်းပါဝင်တဲ့ အခန်းကဏ္ဍကို မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်တာလို့ ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky ကပြောကြားပါတယ်။

သူရ ဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှာ ပြည်သူ့လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီ ဥက္ကဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နဲ့ ဆောက်လုပ်ရေးကော်မတီ ဥက္ကဌ ဦးသိမ်းဆွေ၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နန်၊ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့ဝင် ဒေါက်တာဝင်းမြင့် နဲ့ ပြည်သူ့လွှတ်တော် စီးပွားရေး၊ ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ မျိုးအောင်တို့လည်း လိုက်ပါလာကြပါတယ်။
from: rfa

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်အတွင်း မြန်မာအလုပ်သမားတစ်ဦး အသတ်ခံရမှုကို ပြည်နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းသိရှိရ

အသတ်ခံရသော မြန်မာအလုပ်သမား ကိုမိုးလွင်၏ နာရေးကို ဇွန် ၁၆ ရက်က ပြုလုပ်နေစဉ်

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်အတွင်း မြန်မာအလုပ်သမား တစ်ဦး အသတ်ခံရမှုကို ပြည်နယ်ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ လူသတ်မှုသည် ဇွန် ၇ ရက်က မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား နယ်စပ်မြို့ ဖြစ်သော ဂျိုဟိုးအနီး တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေဆုံးခဲ့သူ ကိုမိုးလွင် (အသက် ၃၂ နှစ်)ကို ဇွန် ၁၆ရက် နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven ၏ အကြီးတန်း သတင်းထောက်က သတင်းပေးပို့ခဲ့ပါသည်။

ဖြစ်ပွားခဲ့သော ဖြစ်စဉ်အကျဉ်းမှာ ဇွန် ၇ ရက် ည ၇ နာရီအချိန်ခန့်က Classic Green Engineering တွင် အလုပ်လုပ် ကိုင်နေသော စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောကံရွာသားများ ဖြစ်သော ကိုမိုးလွင်နှင့် ကိုရန်အောင်တို့သည် Sungai Kapa (Desaru) အနီးတွင် ဖုန်းကတ်သွားဝယ်ပြီး အမည်မသိ လူတစ်ဦးနှင့် မိတ်ဖွဲ့ကာ အရက်သောက်ခဲ့ကြောင်း၊ ထို့နောက် ကိုရန်အောင်က မြန်မာနိုင်ငံသို့ ဖုန်းပြောရန် ဆိုင်အပြင်သို့ ထွက်သွားချိန်၌ နောက်တစ်ခွက် သောက်ပြီး မှ ပြန်ရန် အမည်မသိလူမှ ပြောသည်ဟု ကိုမိုးလွင်မှ လာပြောကြောင်း၊ ထို့ကြောင့် ဆိုင်အတွင်းသို့ ၀င်သွားပြီး ဧည့်သည် ငှဲ့ထားသော အရက်ခွက်ကို သောက်မိရာမှ ကိုရန်အောင်မှာ သတိလက်လွတ် ဖြစ်သွားကြောင်း၊ ဇွန် ၈ ရက် နံနက် ဝေလီဝေလင်း၌ ဦးခေါင်းတွင် ဒဏ်ရာတစ်ခု၊ လည်ပင်းတွင် ကုတ်ခြစ်ရာများဖြင့် သင်္ချိုင်းအနီးတွင် ကိုရန်အောင် သတိပြန်ရခဲ့ကြောင်း၊ ထို့နောက် အိမ်သို့ပြန်ခဲ့ပြီး ကိုမိုးလွင်အလာကို စောင့်နေခဲ့ကြောင်း၊ ဇွန် ၈ ရက် တစ်ရက်လုံး ပြန်မ လာသဖြင့် ဇွန် ၉ ရက်တွင် အရက်အတူ သောက်ခဲ့သော ဆိုင်သို့ သွားရောက်စုံစမ်းပြီး ၎င်းသတိရရှိရာ သင်္ချိုင်းသို့ သွားကြည့်ရာ ကိုမိုးလွင်၏ အလောင်းကို တွေ့ရှိခဲ့သည်ဟု ကိုရန်အောင်၏ ထွက်ဆိုချက်များအရ သိရှိရပါသည်။

ထိုသို့တွေ့ရှိပြီးနောက် ရဲအရာရှိများလာရောက်စစ်ဆေးခဲ့ကာ ကိုမိုးလွင်သည်ဓားထိုးဒဏ်ရာ ဆယ်ချက်ခန့်ဖြင့် သေ ဆုံးနေခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ရဲအရာရှိများက ကိုရန်အောင်ကို သက်သေအဖြစ် စစ်ဆေးခဲ့ရာမှ လက်ရှိအချိန်တွင် တရားခံဟု ယူဆရသူအဖြစ် ပြောင်းလဲစစ်ဆေးလျက် ရှိနေကြောင်း သိရသည်။ ''အခုချိန်မှာတော့ စစ်ဆေးနေဆဲပဲ ရှိပါသေးတယ်။ ပြည်နယ်ရဲချုပ်ရဲ့ပြောကြားချက်အရ ကိုမိုးဝေရဲ့လက်သည်းကို ဖြတ်ယူထားပြီး ကိုရန်အောင် ရရှိခဲ့တဲ့ ဒဏ်ရာက သွေးစကိုယူပြီး စစ်ဆေးနေပါတယ်။ တစ်လလောက်ကြာရင် ရလဒ်ထွက်မယ်လို့ သိရပါတယ်'' ဟု ဂျိုဟိုးနာ ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်ဇေလွင်က ပြောကြားသည်။

ထို့အပြင် အဆိုပါလူသေမှု ဖြစ်စဉ်သည် ကွာလာလမ်ပူမြို့ အနီးရှိ ဆလာရန်းတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများနှင့် သက်ဆိုင်မှုမရှိကြောင်း သိရပါသည်။ ဂျိုဟိုးမြို့တွင် တရားဝင်မြန်မာအလုပ်သမား ငါးသောင်းကျော် ရှိနေပြီး နှစ်သောင်း ခန့်မှာ မိန်းကလေးများ ဖြစ်ကြောင်း သိရသည်။ ဂျိုဟိုးမြို့ရှိ စက်ရုံအများစုကို စင်ကာပူ လုပ်ငန်းရှင်များက ပိုင်ဆိုင် ထားပြီး ဂျိုဟိုးမြို့၌ မည်သည့်ပြဿနာမှ မဖြစ်ဘဲ တည်ငြိမ်နေကြောင်း ဦးကျော်ဇေလွင်က Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

EMG

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူ ၁၅၀ ခန့် အစာအဆိပ်သင့်မှု ဖြစ်ပွား

မြစ်ကြီးနားဆေးရုံသို့ ရောက်ရှိနေကြသော အစာအဆိပ်သင့် လူနာများအား ဆေးကုသပေးနေစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇွန်လ ၁၆ ရက် ညနေ ၆ နာရီ ၀န်းကျင်ခန့်မှစတင်၍ အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့ရာ လူ(၁၅၀) ခန့် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ် မှာ မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်းရပ်ကွက် နယ်မြေ (၁၀)၊ ရပ်ကွက် (၃) ရှိ ၊ ဦးလဘန်တန်နှင့် ဒေါ်မရန်ကော့တို့ နေအိမ် တွင် တက္ကသိုလ်ဝင်တန်းအောင် သမီးငယ် မလဘန်ထုနန်အတွက် တနင်္ဂနွေ အိမ်ထောင်ဆုတောင်းပွဲ ပြုလုပ်ရာ တွင်ကျွေးမွေးသည့် ကချင်ဒံပေါက်ခေါ် (ကြက်သားနှင့် ထမင်းရော၍ နယ်ထားသော စားစရာ) စားရာမှ အစာအဆိပ် သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧည့်သည်များသည် ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် စားသုံးပြီးနောက် ညနေ ၆ နာရီခန့်တွင် ၀မ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ ရင်ပူခြင်းများ ဖြစ်လာကာ နီးစပ်ရာ ဆေးခန်းများသို့ စုပြုံရောက်ရှိ လာခဲ့သည်။ လူနာ (၂၃)ဦး ကုသနေသော မလိဇွပ် ပုဂ္ဂလိက ဆေးခန်းမှ ဒေါက်တာဂျိုးဇက်က ''စားသောက်ပြီးတာနဲ့ မကြာမီ ဒါဖြစ်တာဆိုတော့ (ဘက်တီးရီးယား ) ထက် ဓာတုဖြစ်ပစ္စည်းကြောင့် ဖြစ်ဖို့များတယ်။ ဒီဆေးခန်းမှာလာပြတဲ့ လူနာ ၂၃ ဦးမှာ ၁၁ ဦး က စိုးရိမ်ရလို့  မြစ်ကြီး နားပြည်သူ့ဆေးရုံကို လွှဲပေးလိုက်တယ်'' ဟု ဆိုသည်။ ည ၁၁ နာရီခွဲစာရင်းအရ မြစ်ကြီးနား ဆေးရုံတွင် ကလေး ၉၃ ဦးနှင့် လူကြီး ၄၁ ဦး ရောက်ရှိနေကြောင်း၊ မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ကလေးများအား ကုသနေသော ပြည်သူ့ဆေးရုံဆရာဝန် တစ်ဦးက ''စိုးရိမ်စရာတော့ ကောင်းတယ်။ အသက် အန္တရာယ် ဖြစ်တဲ့အထိ မစိုးရိမ်ရဘူးလို့ ယူဆတယ်။ ကလေးတွေကတော့ ပျော့ခွေခွေ ဖြစ်သွားတယ်'' ဟု ဆိုသည်။
အသက် ၆၂ နှစ်အရွယ် အဖိုးအို တစ်ဦးက''ကျွန်တော်လည်း အများကြီး စားလိုက်တယ်။ တစ်နာရီ ခွဲလောက်ကြာတော့ အန်လာတယ်။ ၀မ်းသွားတယ်။ ရင်ဘတ်တွေပူပြီးတော့ ပျော့ကျသွားတယ်။ ကလေး တွေကတော့ စိုးရိမ်ရမယ် ထင်တယ်။ ကျွန်တော်ကတော့ သက်သာလာပြီ'' ဟု မြစ်ကြီးနားဆေးရုံတွင် ည ၁၀ နာရီ ၁၅ မိနစ်က ဖြေကြားခဲ့သည်။

ဆေးကုသမှု ခံယူနေရသော လူနာများအား ရပ်ကွက်လူကြီးများ၊ မြို့နယ် ပြည်နယ် ရဲဌာနများ၊ ခရစ်ယာန်လူငယ် အသိုင်းအ၀ိုင်းများ၊ နီးစပ်ရာ ဆွေမျိုးများက အကူအညီပေးလျက်ရှိသည်။ ''တချို့ဆို တစ်အိမ်လုံးဖြစ်လို့ အိမ်စောင့်တောင် မကျန်တော့ဘူး။ ကျွန်တော်တို့က အားလုံးကို စီမံပေးနေတယ်'' ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။

EMG