17.6.13

ဆန္ဒပြမှုများအား ဖြိုခွင်းမှုကို ဆန့်ကျင်ရန် တူရကီအဖွဲ့အစည်းများ တိုက်တွန်း

ပြည်သူ့လုပ်သား ယူနီယံ (KESK)နှင့် ကုန်သွယ်မှု တိုးတက်ရေး ယူနီယံ (DISK)တို့က ရဲတပ်ဖွဲ့၏ အင်အား သုံး နှိမ်နင်းသော လုပ်ဆောင်မှုများ ရပ်တန့်ရန်လည်း အစိုးရအား တောင်းဆိုခဲ့ . . . . .

တူရကီ နိုင်ငံမှ အထင်ကရ ယူနီယံ အဖွဲ့အစည်းကြီး နှစ်ခုက ဆန္ဒပြမှုများကို ရဲများက အင်အားသုံး ဖြိုခွင်းခြင်းအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင်ရန် နှိုးဆော် တိုက်တွန်းလိုက်သည်။ ပြည်သူ့ လုပ်သား ယူနီယံ (KESK)နှင့် ကုန်သွယ်မှု တိုးတက်ရေး ယူနီယံ (DISK)တို့က ရဲတပ်ဖွဲ့၏ အင်အား သုံး နှိမ်နင်းသော လုပ်ဆောင်မှုများ ရပ်တန့်ရန်လည်း အစိုးရအား တောင်းဆိုခဲ့သည်။ ဥယျာဉ်တစ်ခုကို ဖျက်သိမ်းရန် အစိုးရ၏စီမံကိန်းကိုဆန့်ကျင်ရာမှ စတင်လာသော ဆန္ဒပြမှုကြီးသည် ပြည်လုံးကျွတ်နိုင်ငံရေး လှုပ်ရှားမှုကြီး အသွင်သို့ ပြောင်းလဲလာခဲ့သည်။ တူရကီ ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများကို ရေအမြောက်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ပြီး လူစုခွဲရန် ကြိုးစားခဲ့ရာ ယင်းကို ယူနီယံကြီး နှစ်ခုက ဆန့်ကျင် ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ရီဆက်ပ် တေယစ်ပ် အာဒိုဂန်ကမူ မိမိတို့၏ ရဲတပ်ဖွဲ့က အကြမ်းနည်းဖြင့် လုပ်ဆောင်မှုများ ရှိနေသည် ဆိုခြင်းကို ဒေါသတကြီး ကာကွယ် ငြင်းချက်ထုတ်ခဲ့သည်။ လက်ရှိအချိန်တွင် မြို့တော် အန်ကာရာနှင့် စီးပွားရေး အချက်အချာ မြို့ကြီးဖြစ်သော အီစတန်ဘူလ်တို့ အပါအဝင် မြို့အများအပြားတွင် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်နေဆဲဟု သိရသည်။ အာဒိုဂန်ကမူ ဆန္ဒပြမှုများနှင့် ပတ်သက် ပြီး "ဒီကိစ္စက လူနည်းစုလေး တစ်ခုက လူများစုကို လွှမ်းမိုးဖို့ ကြိုးစားနေတယ် ဆိုတာထက် ဘာမှမပိုဘူး။ ဒါကို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး။ ခွင့်ပြုမှာ မဟုတ်ဘူး"ဟု ဆိုသည်။

၎င်းက ဆန္ဒပြမှုများကိုအာဏာရှင်ဆန်ဆန် နှိမ်နင်းနေသည် ဆိုခြင်းကိုလည်း ငြင်းပယ်ကာ "လမ်းပေါ်ထွက် ပြီး အကြမ်းဖက်မှုဆန်ဆန် လုပ်ဆောင်နေတဲ့ တစ်ဦးချင်း လုပ်ရပ်တွေကို မြင်အောင်ကြည့်ဖို့ လိုလိမ့် မယ်"ဟု ပြောဆိုသွားသည်။ တူရကီရဲတပ်ဖွဲ့သည် တက်ခ်ဆင်မ် ရင်ပြင်နှင့် ဂါဇီဥယျာဉ်တို့တွင် (၁၈) ရက် ကြာ သပိတ်စခန်း ချထားသည့် ဆန္ဒပြသူများနှင့် ပဋိပက္ခများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ တနင်္ဂနွေနေ့က အန်ကာရာတွင် အသက်(၂၀)အရွယ် အမျိုးသမီး တစ်ဦးသည် မျက်ရည်ယိုဗုံး ထိမှန်မှုကြောင့် ဦးခေါင်း တွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

KESKနှင့် DISKတို့သည် ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုများကို ပူးပေါင်း ဆန့်ကျင်ကြောင်း ကြေညာပြီး "ကျွန်တော်တို့ရဲ့ တောင်းဆိုမှုက ရဲတွေရဲ့ အကြမ်းနည်း သုံးစွဲမှုတွေကို ချက်ချင်း ရပ်တန့်လိုက်ဖို့ပါ"ဟု KESK ပြောရေးဆိုခွင့်ရ အရာရှိ ဘာကီ ဆီနာက ပြောကြားသွားသည်။ ယခုကြေညာချက်ကို ဆရာဝန်များ အသင်း၊ အင်ဂျင်နီယာများအသင်းနှင့် သွားဘက်ဆိုင်ရာ ဆရာဝန်များ အသင်းတို့ကလည်း အသီး သီး ထောက်ခံခဲ့ကြောင်း သတင်းများက ဖော်ပြသွားသည်။

Planet.com.mm

0 comments:

Post a Comment