21.3.13

အပြောင်းအလဲ လုပ်မည် မဟုတ်ကြောင်း ပရီးမီးယားလိဂ် ကြေညာ

ပရီးမီးယားလိဂ် အနေဖြင့် လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားကို ဆောင်းရာသီ အဆင်ပြေ ချေမွေ့စွာ ကျင်းပနိုင်ရန် အတွက် ပြည်တွင်းလိဂ် ပွဲစဉ်များကို မူလ သတ်မှတ် အတိုင်းသာ ဆက်လက်၍ ကျင်းပသွားမည် ဖြစ်ပြီး ပြောင်းလဲရန် အစီအစဉ်မရှိကြောင်း ဆိုသည်။ ပရီးမီးယားလိဂ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆာဒေ့ဗ်ရစ်ချက်နှင့် ဗြိတိန်ကိုယ်စားပြု ဖီဖာဒုတိယ ဥက္ကဋ္ဌ ဂျင်ဘွိုင်းတို့က လာမည့် ၂၀၂၂ ကမ္ဘာ့ဖလား အတွက် ပရီးမီးယားလိဂ် ပွဲများ
အပါအ၀င် ဥရောပ ပြည်တွင်းလိဂ် ပွဲစဉ် အများစုမှာ အပြောင်းအလဲ ဖြစ်မည်ဟု အံ့အားသင့်ဖွယ် ဆိုခဲ့ပြီးနောက် ယင်းအတွက် ယခုလို ပရီးမီးယားလိဂ်မှ ပြန်လည်ကာ ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရစ်ချက်က ၂၀၂၂ ကမ္ဘာ့ဖလားကို အိမ်ရှင် ကာတာနိုင်ငံက ကျင်းပ မည် ဖြစ်သော်လည်း အဆိုပါ နိုင်ငံ၏ နွေရာသီ အပူချိန်မြင့်မားမှုကြောင့် ဥရောပ ဘောလုံးလိဂ် ပွဲစဉ်များနှင့် လွတ်ကင်းရာ နွေရာသီတွင် ကျင်းပရန် မဖြစ်နိုင်ဟု ၀န်ခံ ပြောဆိုခဲ့ သည်။

ပရီးမီးယားလိဂ် အနေဖြင့်လည်း ကမ္ဘာ့ဖလားအတွက် ၎င်းတို့၏ နှစ်ကာလ ရှည်ကြာစွာ ရှိလာခဲ့သော ပြည်တွင်းလိဂ် ပွဲစဉ်များကို ပြောင်းလဲမည် မဟုတ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ အလားတူ ရစ်ချက်ကလည်း ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ကာတာနိုင်ငံ အနေဖြင့် ဆောင်းရာသီတွင် ကျင်းပရန် အတွက် ဥရောပပြည်တွင်းလိဂ် အဖွဲ့ချုပ် များနှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၂၂ ကမ္ဘာ့ဖလားကို ကာတာတွင် ကျင်းပရန်အတွက် စီစဉ်ရာတွင် မူလ သတ်မှတ်ထားသော ပြိုင်ပွဲ ကာလအတွင်း ယင်းနိုင်ငံ၏ အပူချိန်မှာ မြင့်မားနေ၍ ကျင်းပရန် အခက်အခဲများ ရှိနေခဲ့သည်။

ယင်းနှင့် ပတ်သက်၍ ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ဥက္ကဋ္ဌ ပလာတီနီက ၂၀၂၂ ကမ္ဘာ့ဖလားကို ဆောင်းရာသီတွင် ကျင်းပရန် အဆိုပြုခဲ့သည်။ ထိုသို့ ဆိုရာတွင် ဆောင်းရာသီ ကာလသည် ဥရော ပြည်တွင်းလိဂ်များ အတွက် ရာသီတစ်ဝက်ကျိုးပြီး ဒုတိယ ရာသီဝက်ကို ပြန်လည်စတင်ချိန်နှင့် တိုက်ဆိုင်နေ၍ အခက်ကြုံနေသည်။ ဖီဖာ အထွေထွေ အတွင်းရေးမှူး ဂျာရိုမီဗာကီးက သုတေသန စစ်ဆေးချက်များအရ နွေရာသီ ကာလအတွင်း ကာတာနိုင်ငံ၏ အပူချိန် မြင့်မားခြင်းသည် ပြိုင်ပွဲဝင် လက်ရွေးစင် အသင်း အသီးသီးမှ ကစားသမားများ၏ အသက် အန္တရာယ်ကို ထိခိုက်လာနိုင်၍ ၂၀၂၂ ကမ္ဘာ့ဖလားကို ဆောင်းရာသီသို့ ပြောင်းရွှေ့ရနိုင်ချေ ရှိကြောင်း ယခုလ အစောပိုင်းက ဆိုခဲ့ဖူးသလို ယင်းအဆိုကို ဖီဖာ ဆေးဝါးကော်မတီ ဥက္ကဋ္ဌ မီချယ်ဒယ်ဟိုဂျီကလည်း ထောက်ခံခဲ့သည်။

0 comments:

Post a Comment