အ၀တ်ဝတ်ဆင်ခြင်းသည် လူ့ယဉ်ကျေးမှု ဖြစ်သည်။ လူ့တန်ဖိုး ဖြစ်သည်။ လူတို့၏ စားရေး၊ ၀တ်ရေး၊ နေရေးများအနက် ၀တ်ရေးဟူသော ၀တ်စားဆင်ယင်မှုသည် အဓိကကျသော အကြောင်းရင်း တစ်ရပ်ပင် ဖြစ်သည်။ ၀တ်စားဆင်ယင်မှုသည် အသိဥာဏ်ရှိသော လူသားတို့အတွက် ပဓာန ကျသည်။ ၀တ်စားဆင်ယင်မှု မရှိခဲ့လျှင် လူသားသည် တိရစ္ဆာန်နှင့် မခြားနားတော့ပေ။ ၀တ်စားဆင်ယင်မှုသည် အရှက်အကြောက် တရားနှင့် သက်ဆိုင်သည်။ အရှက်အကြောက် တရားကို ဖုံးလွှမ်းရန် ၀တ်စားဆင်ယင်မှု ပြုခြင်းဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု အမြင်အရ ၀တ်စားဆင်ယင်မှုသည် ဟီရိနှင့် သြတ္တပ္ပဟူသော အရှက်နှင့် အကြောက်တရား နှစ်ပါးကို ထိန်းသိမ်းစောင့်ရှောက်ပေးခြင်း ဖြစ်သည်။ လူတို့တွင် ၀တ်စားဆင်ယင်မှုသည် အရေးကြီးသောကြောင့် "တောင်းမှာအကွပ် လူမှာအ၀တ်" ဟူ၍ ဆိုရိုးစကား ပြုထားခဲ့ခြင်း ဖြစ်ပေသည်။
အသိဥာဏ်ဟူသည် ရှက်စိတ်ဟူသော ဗီဇကို အရင်းတည်သည်။ ရှက်စိတ်ဟူသော ဗီဇမျိုးစေ့ကြောင့် လူသည်အရှက်ကို လုံခြုံအောင် ၀တ်စားဆင်ယင်မှု ပြုသည်။ အသိဥာဏ် ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ၀တ်စားဆင်ယင်မှုသည်လည်း တိုးတက်ဖွံ့ဖြိုး လာသည်။ ကျောက်ခေတ်လူသားသည် သစ်ရွက်၊ သစ်ခတ်၊ သားရေနွယ်တို့ကို ၀တ်ဆင်သည်။ ထို့နောက် ချည်ထည်၊ ပိုးထည် စသည်တို့ကို ၀တ်ဆင်သည်။ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတွင် ကိုယ်ပိုင်ရိုးရာ ၀တ်စားဆင်ယင်မှုဟူ၍ ရှိစမြဲ ဖြစ်သည်။ အနောက်တိုင်းတွင်လည်း အနောက်တိုင်း ရိုးရာဝတ်စုံ၊ အရှေ့တိုင်းတွင်လည်း အရှေ့တိုင်း ရိုးရာဝတ်စုံဟူ၍ သတ်မှတ်ဝတ်ဆင်ကြသည်။ မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားလူမျိုး အသီးသီးတို့သည် မိမိတို့၏ ရိုးရာဓလေ့ ထုံးစံယဉ်ကျေးမှုကို အခြေခံသော တိုင်းရင်းသားရိုးရာ ၀တ်စားဆင်ယင်မှုများကို ၀တ်ဆင်ကြသည်။ ထို့ကြောင့် ၀တ်စားဆင်ယင်မှုသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာကို ဖော်ဆောင်နေသည်။ နိုင်ငံကြီးသား ပီသသူတိုင်းသည် မိမိတို့၏ နိုင်ငံနှင့် လူမျိုးယဉ်ကျေးမှု၊ ရိုးရာ၊ ဓလေ့ကို အခြေခံသော ၀တ်စားဆင်ယင်မှုကို အလေးအမြတ်ပြု၊ တန်ဖိုးထား ၀တ်ဆင်ကြသည်။ ၀တ်စားဆင်ယင်မှုသည် လူမျိုး၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုနေသည်။
ဝတ်စားဆင်ယင်မှုနှင့် လူမျိုး၏ ယဉ်ကျေးမှုသည် ဆက်နွှယ်နေသည်။ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံသည် ရှေးနှစ်ပေါင်း များစွာကပင် ရာသီဥတု၊ ရေမြေသဘာဝ၊ ရိုးရာဓလေ့ ထုံးစံများနှင့်အညီ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် လိုက်လျောညီထွေ ရှိစေသည့် ၀တ်စားဆင်ယင်မှုကို သတ်မှတ်ဝတ်ဆင် ခဲ့ကြသည်။ အပူပိုင်းဒေသ အရပ်များတွင် အပူပိုင်း ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော အ၀တ်အထည်များ၊ ပါးလွှာအေးမြသော အ၀တ်အထည်များကို ၀တ်ဆင်လေ့ ရှိကြသည်။ ထိုနည်းတူ အအေးပိုင်းဒေသ အရပ်များတွင်လည်း အအေးပိုင်း ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော အ၀တ်အထည်၊ အထူအထဲများကို ၀တ်ဆင်လေ့ ရှိကြသည်။ တစ်နည်းဆိုရသော် ၀တ်စားဆင်ယင်မှုဟူသည် ရာသီဥတုဒဏ် ကာကွယ်ရန်နှင့် အရှက်အကြောက်ကို ဖုံးလွှမ်း၊ လုံခြုံရန် တန်ဆာဆင်မှု ဖြစ်သည်။ သို့သော် ခေတ်၏ယဉ်ကျေးမှု၊ ခေတ်၏ရေစီးကြောင်းနှင့်အညီ ၀တ်စားဆင်ယင်မှုသည် ပြောင်းလဲခဲ့သည်။ ဆန်းကြယ်လာခဲ့သည်။ ၀တ်စားဆင်ယင်မှုသည် ရာသီဥတုဒဏ် ကာကွယ်ရန်နှင့် အရှက်အကြောက် ဖုံးလွှမ်းရန် အနေအထားမှသည် ခေတ်ယဉ်ကျေးမှုအရ လှပတင့်တယ်ရေးကို အလေးထား ၀တ်ဆင်လာကြသည်။
ဝတ်စားဆင်ယင်မှုသည် လူမျိုးရေး လက္ခဏာနှင့် အမျိုးသားရေး လက္ခဏာကို ဖော်ညွှန်းသည်။ မြန်မာ့သမိုင်းကြောင်းကို လေ့လာလျှင် မြန်မာတို့၏ ၀တ်စားဆင်ယင်မှုသည် မြန်မာ့အမျိုးသားရေး လက္ခဏာကို ဖော်ဆောင်ခဲ့သည်။ ရှေးခေတ်အဆက်ဆက်က မြန်မာအမျိုးသားတို့သည် သျှောင်ထုံးသည်။ အင်္ကျီလက်ရှည် ၀တ်ဆင်သည်။ တောင်ရှည်ပုဆိုး ၀တ်ဆင်သည်။ မြန်မာ အမျိုးသမီးတို့သည် ဆံထုံးထုံးသည်။ ဖျင်အင်္ကျီ ၀တ်သည်။ ထဘီဝတ်သည်ဟူသော ကိုယ်ပိုင်ဝတ်ဆင်မှု ၀ိသေသ ဂုဏ်ပုဒ်ဖြင့် ထင်ရှားခဲ့သည်။ ယနေ့တိုင် အာရှနိုင်ငံများတွင် ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှု အ၀တ်အဆင် ထိန်းသိမ်းထားသော နိုင်ငံနှင့် လူမျိုးမှာ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုး ဖြစ်သည်ဟု ကြွေးကြော်နိုင်ဆဲ ဖြစ်သည်။
မျက်မှောက်ခေတ်တွင် ခေတ်ရေစီးကြောင်းနှင့်အညီ တိုင်းတစ်ပါး ယဉ်ကျေးမှုသည် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်အတွင်းသို့ တစိမ့်စိမ့်စီးဝင် ပျံ့နှံ့လျက် ရှိနေသည်။ ယင်းသို့စိမ့်ဝင် ပျံ့နှံ့ရောက်ရှိနေသော တိုင်းတစ်ပါး ယဉ်ကျေးမှုများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြန်မာ့ရိုးရာ ဘေးဘိုးအစဉ်အဆက် ယဉ်ကျေးမှု၊ အမွေအနှစ်၊ ၀တ်စားဆင်ယင်မှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အထူးအရေးကြီးလှ ပေသည်။ မြန်မာစာ ပါမောက္ခ ဆရာကြီး ဦးဧမောင် (တက္ကသိုလ်) မောင်သန့်စင်၏ အမျိုးသားယဉ်ကျေးမှု ဆောင်းပါးတွင် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်တွင်းသို့ တိုင်းတစ်ပါး ယဉ်ကျေးမှု ကူးစက်ပျံ့နှံ့နေမှုနှင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သင့်မှုကို-
နိုင်ငံခြား ယဉ်ကျေးမှုနှင့် ကျွန်ုပ်တို့ အမျိုးသား ယဉ်ကျေးမှုတို့မှာ ရောထွေးယှက်တင်ဖြစ်ကာ အောက်ကလိအာ အာကလိအောက် ဆိုသကဲ့သို့ ကျီးမရောက် ကြက်မမြောက်ဘဲ မဖွယ်မရာ၊ မတော်မလျော် ဖြစ်နေသည်။ ဤခေတ်သည် အသိဥာဏ် ကျက်စားရာ စာအုပ်စာတမ်းများ၊ ရုပ်ရှင်ဇာတ်သဘင် အစရှိသော နိုင်ငံခြား ယဉ်ကျေးမှုတို့သည် နေ့စဉ်နှင့်အမျှ ထိုးဖောက်ဝင်ရောက်လျက် ရှိနေရာ ပြည်ထောင်စုသား အပေါင်းတို့သည် မိမိတို့ အမျိုးသားစိတ်ဓာတ်၊ မိမိတို့ အမျိုးသား သဘောတရားတို့နှင့် ဖီလာကန့်လန့်ဖြစ်သော ယဉ်ကျေးမှုမျိုးကို ရှောင်ရှားဖယ်ခွာ နိုင်ကြပါစေဟူ၍ သတိပေး နှိုးဆော်ရေးသား တင်ပြခဲ့သည်။
ထိုသို့ ခေတ်ရေစီးကြောင်းနှင့်အတူ စီးဝင်လာနေသော တိုင်းတစ်ပါး ယဉ်ကျေးမှု ၀တ်စားဆင်ယင်မှုများကို မြန်မာလူမျိုးများ အထူးသဖြင့် လူငယ်တို့သည် လိုအပ်သည် ထက်လွန်ကဲစွာ မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖည်သော ၀တ်စားဆင်ယင်မှုမျိုး မပြုသင့်ကြပေ။ ခေတ်ဟူသော ရေစီးကြောင်းသည် တသွင်သွင် စီးဆင်းနေသည်မှာ မှန်သော်လည်း ခေတ်နှင့်မညီသော သရုပ်ပျက်၊ ယဉ်ကျေးမှုမဲ့သော ၀တ်စားဆင်ယင်မှုများကို အလေးထား ၀တ်ဆင်နေမှုထက် မြန်မာ့လူနေမှုစနစ် အစဉ်အလာ၊ ယဉ်ကျေးမှုနှင့် လျော်ညီသော ခေတ်မီသည့် အ၀တ်အဆင်များကို ၀တ်ဆင်သင့်ပေသည်။
ခေတ်မီခြင်းနှင့် သရုပ်ပျက်ခြင်းတို့သည် အနှစ်သာရချင်း မတူညီပေ။ ခေတ်မီသော ၀တ်စားဆင်ယင်မှုများကို သေသေသပ်သပ် ၀တ်ဆင်ခြင်းသည် ခေတ်လည်းမီသည်။ ခေတ်နှင့်လည်း ညီသည်။ ရိုးရိုးနှင့် ယဉ်ယဉ် ၀တ်စားဆင်ယင်ခြင်းလည်း ပေါ်လွင်သည်။ သရုပ်ပျက်သော လည်ဟိုက်၊ ဘေးကွဲနောက်ကွဲ၊ ထဘီစကတ်တို၊ ဘောင်းဘီတိုများဖြင့် မလုံ့တလုံ ၀တ်စားဆင်ယင် နေမှုများသည် အမြင်မတော် ဆင်တော်နှင့် ခလောက်ဟူသော ဆိုရိုးကဲ့သို့ လူ၏ဣနြေ္ဒနှင့် သိက္ခာတန်ဖိုးတို့ကို ကျဆင်းထိပါး စေသည်။ ထို့ကြောင့် မြန်မာလူငယ်တိုင်းသည် မြန်မာ့ယဉ်ကျေးမှု အခြေခံသော ၀တ်စားဆင်ယင်မှုများကို မြတ်နိုးတန်ဖိုးထားရန် အထူးအရေးပါလှ ပေသည်။
မြန်မာတို့သည် မိမိတို့၏ ယဉ်ကျေးမှု အ၀တ်အဆင်ကို တန်ဖိုးထားသူတို့ ဖြစ်ကြသည်။ ရှေးမြန်မာမင်းများ လက်ထက်ခေတ်အဆက်ဆက်၌ မြန်မာအမျိုးသားနှင့် အမျိုးသမီး ၀တ်စုံများကိုသာ အမြတ်တနိုး ၀တ်ဆင်ခဲ့ကြသည်။ ကိုလိုနီခေတ်တွင် အနောက်တိုင်း ယဉ်ကျေးမှုကို အထင်ကြီး၍ အတုခိုး ၀တ်ဆင်ကာ အမေကျော် ဒွေးတော်လွမ်းနေ ခဲ့သူတို့ကို ၀ံသာနု အဖွဲ့အစည်းများ၊ မျိုးချစ်ပုဂ္ဂိုလ်များ၊ လူငယ်များက ဆန့်ကျင်တိုက်ပွဲ ၀င်ခဲ့ကြသည်။ ကိုလိုနီခေတ်တွင် မြန်မာအမျိုးသမီးများ ပါးလွှာသော မှန်နိုင်လွန် အင်္ကျီများ ၀တ်ဆင်ခြင်း၊ နိုင်ငံခြားပုံစံ အ၀တ်အထည်များ ၀တ်ဆင်ခြင်းတို့ကို မျိုးချစ်စိတ်ရှိသော ကာတွန်းဆရာကြီးများက သတင်းစာများတွင် ရေးဆွဲလှောင်ပြောင် သရော်ခဲ့သည်။ အနောက်တိုင်း ယဉ်ကျေးမှုနှင့် ၀တ်စားဆင်ယင်မှုကို အထင်ကြီး၊ လေးစားဝတ်ဆင် နေကြသော မြန်မာအမျိုးသား အထက်တန်းလွှာ လူတန်းစားများကို စာရေးဆရာကြီး ဦးလတ်သည် ရွှေပြည်စိုး ၀တ္ထုတွင် မောင်သောင်းဖေ၏ ၀တ်စားဆင်ယင်မှုဖြင့် ဇာတ်လမ်းဆင်ဖွဲ့ဆို သရော်လှောင်ပြောင် ရေးဖွဲ့ခဲ့သည်။
ဝတ်စားဆင်ယင်မှုသည် လူတို့၏ စိတ်နေစိတ်ထား၊ သဘောထားနှင့် ဆက်စပ်နေသည်။ လူတစ်ဦးချင်း စိတ်နေစိတ်ထားကို အ၀တ်အဆင်ဖြင့် အကဲခတ်နိုင်သည်။ ၀တ်စားဆင်ယင်မှုကိုကြည့်၍ ပေါ့တန်သူ၊ လေးနက်သူ၊ တည်ကြည်သူ၊ မောက်မာပလွှားသူ စသည်ဖြင့် ခန့်မှန်းနိုင်သည်။ အထူးသဖြင့် သရုပ်ပျက်သော၊ အရှက်အကြောက် ကင်းမဲ့သော ၀တ်စားဆင်ယင်မှုများသည် လူ့သိက္ခာနှင့် တန်ဖိုးကို ထိခိုက်စေသည်။ ခေတ်အလွန်ဆန်သော၊ ခေတ်ရှေ့ပြေးသော၊ ဣနြေ္ဒသိက္ခာမဲ့သော ၀တ်စားဆင်ယင်မှုထက် ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်စားဆင်ယင်မှုသည် တန်ဖိုးရှိသည်။ စိန်ရွှေဆင်၍ မယဉ်၊ ဣနြေ္ဒဆင်မှ ယဉ်သည်ဟူသော ဆိုရိုးစကားသည် ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်စားဆင်ယင်ခြင်း၏ အနှစ်သာရကို ဖော်ကျူးနေသည်။ ကိုလိုနီခေတ်တွင် ထင်ရှားခဲ့သော စာရေးဆရာကြီး တစ်ဦးဖြစ်သော လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ "ပညာသင်ခါ မရှက်ရာ" စကားပြေတွင် - "ပညာသင်ကြားသည့် အရွယ်၌ အ၀တ်အဆင်များကို တခမ်းတနား ကြွားကြွားဝါ၀ါ မပြုထိုက်၊ အ၀တ်အဆင်ချင်း ဂုဏ်ပြိုင်နေလျှင် ပညာကို ဆုတ်ယုတ်စေတတ်သည်။ အ၀တ်အဆင် ကြွားဝါခြင်းသည် မာန်မာနကို အားပေးသည်။ မိဘဖြစ်သူတို့သည် ပညာသင်ကြားနေသော သားသမီးတို့ကို အ၀တ်အစားစသော စိတ်ပြောင်းဖွယ်တို့ကို အားမပေးကြဘဲ သင့်လျော်စွာနှင့် ပညာတတ်မြောက်ဖို့ အရေးကိုသာလျှင် အားပေးသင့်ပေသည်ဟူ၍ သတိပေး လမ်းညွှန်ခဲ့သည်။
ဝတ်စားဆင်ယင်မှုသည် ဂုဏ်သိက္ခာနှင့် အခြေအနေကို ထင်ဟပ်ဖော်ပြလေ့ ရှိသည်။ မြန်မာဆိုရိုး စကားများတွင် အသက်နှင့် လူမလုပ်၊ အရှက်နှင့် လူလုပ်သည်ဟူသော ဆိုရိုးစကား အထင်အရှား ရှိသည်။ ယင်းဆိုရိုးစကားသည် မြန်မာတို့၏ အရှက်နှင့် အကြောက်ကို တန်ဖိုးထားမှု၊ ၀တ်စားဆင်ယင်မှုကို လော်လည်ခြင်း မပြုရန် လမ်းညွှန်နေသည်။ စာမရီ သားကောင်တို့သည် မိမိ၏ အမွေးအမှင်ကို မြတ်နိုးခုံမင်သောကြောင့် အသက်အသေ ခံသည့်နည်းတူ မြန်မာအမျိုးသမီးတို့သည် ၀တ်စားဆင်ယင်မှုနှင့် ဂုဏ်သိက္ခာကို မလဲလှယ်သင့်ပေ။ ၀တ်စားဆင်ယင်မှုသည် လူ့တန်ဖိုးကို ဖော်ပြသည့် မှတ်ကျောက်ဖြစ်သည်။ ပြဒါးတိုင်သဖွယ် ဖြစ်သည်။
လူ့သဘာဝတွင် အကောင်းနှင့်အဆိုးဟူ၍ ရှိနေသည်။ ယဉ်ကျေးခြင်းနှင့် သရုပ်ပျက်ခြင်း တို့သည်လည်း ဒွန်တွဲနေသည်။ လူသည်ကောင်းမြတ်သော ယဉ်ကျေးသိမ်မွေ့သော အကြောင်းအရာများကိုသာ မြတ်နိုးတတ်သော သဘောရှိသည်။ ၀တ်စားဆင်ယင် မှုတွင်လည်း မြန်မာ့ယဉ်ကျေးမှု အခြေခံသော ၀တ်စားဆင်ယင်မှုနှင့် နိုင်ငံခြား ယဉ်ကျေးမှုကို အထင်ကြီးသော သရုပ်ပျက် ၀တ်စားဆင်ယင်မှု၊ ပရမ်းပတာ ၀တ်စားမှုတို့သည်လည်း ဒွန်တွဲနေသည်။ ထို့ကြောင့် သရုပ်ပျက် ၀တ်စားဆင်ယင်မှု၊ ပရမ်းပတာ ၀တ်စားဆင်ယင်မှုဖြင့် မြန်မာ့ယဉ်ကျေးမှု၊ အလှအပ၊ အသိမ်အမွေ့၊ အတင့်အတယ်၊ ဣနြေ္ဒနှင့် သိက္ခာများကို မဖျက်ဆီးသင့်ပေ။ မြန်မာ့ယဉ်ကျေးမှု၊ အလှအပ၊ အသိမ်အမွေ့၊ အတင့်အတယ် များနှင့်အညီ အရှက်အကြောက်ဟူသော ဟီရိနှင့် သြတ္တပ္ပတရား ရှိသော၊ မောင်နှင့်နှမ၊ သားနှင့်အမိ၊ သမီးနှင့်အဖ နယ်ပယ်တွင် လူ့တန်ဖိုး မှတ်ကျောက်တင်သော ၀တ်စားဆင်ယင်မှုများကို တန်ဖိုးထား လေးစားမြတ်နိုးကြ၍ မြန်မာလူငယ်တို့ သတိပြုသင့် ကြပေသည်။
ကျမ်းကိုး -
၁။ ပညာသင်ခါမရှက်ရာ (လယ်တီပဏ္ဍိတ ဦးမောင်ကြီး)
၂။ အမျိုးသားယဉ်ကျေးမှု (ပါမောက္ခဦးဧမောင်)
(ဇွန်လက ကျင်းပသော မြန်မာအမျိုးသမီးများနေ့ ၀တ်စားဆင်ယင်မှု ပြပွဲ (ဓာတ်ပုံ-ထက်ရှိုင်း))
(ဆောင်းပါးရှင်-လှမြင့်(ရန်ကုန်တက္ကသိုလ်))
Eleven Media Group
0 comments:
Post a Comment