20.9.13

မန္တလေးတိုင်းဒေသကြီး လွှတ်တော် လစ်လပ်ဝန်ကြီးနေရာ ၁၀ ရက် အကြာတွင် ရွေးချယ်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး၏ နေရာကို ၁၀ ရက်အကြာ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကန့်ကွက်သူမရှိ ရွေးချယ် ခန့်အပ်ခဲ့ကြောင်း အဆိုပါ မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးအရ သိရှိရသည်။


လွှတ်တော်က ခန့်အပ်တာဝန်ပေးရန် ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဦးကျော်မြင့်ကို ခန့်အပ်ရန် သဘောတူကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထား ရယူကာ အတည်ပြု ပြောကြားသည်။
“ဘာဝန်ကြီးဆိုတာတော့ မသိသေးဘူး။ သမ္မတဆီ ဆက်တင်ရဦးမှာပါ” ဟု ရွေးချယ်ခံထားရသူ ရမည်းသင်းမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဦးဖုန်းဇော်ဟန်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၈၅ ပုဒ်မခွဲ (က) ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၂) ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၂ နှင့် နေပြည်တော် ကောင်စီ ဥပဒေပုဒ်မ ၄ တို့ပါ ပြဋ္ဌာန်းချက်အရ နေပြည်တော် ကောင်စီဝင်အဖြစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပြောင်းလဲ တာဝန် ပေးအပ်ခဲ့သဖြင့် ယင်းဝန်ကြီးနေရာ လတ်တလော လစ်လပ်နေသည်။

The Voice Weekly

0 comments:

Post a Comment