ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

4.4.13

google ကို မြန်မာဘာသာဖြင့် သုံးနိုင်ပြီ



၎.၄.၂၀၁၃၊ ကြာသပတေးနေ့

 

ဒီနေ့ကစပြီး Google.com.mm ကို အသုံးပြုရင်  မြန်မာလို ရေးသား ညွှန်ပြထားတာတွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာလိုရေးသား ညွှန်ပြထား တာမို့ အင်္ဂလိပ်လို မကျွမ်းကျင်တဲ့ သူတွေလည်း အင်တာနက်ကို အလွယ်တကူ သုံးလို့ရနိုင်လာတယ်။ နောက်ပိုင်းမှာ အင်္ဂလိပ် လို ကနေ မြန်မာလို ဘာသာပြန် ဖော်ပြတာမျိုးလို ဘာသာပြန်ကိစ္စရပ်တွေလည်း ဖြစ်လာတော့မယ်လို့  မြန်မာနိုင်ငံ ကွန်ပျုတာပညာရှင်များအသင်းရဲ့ အတွင်းရေးမှူး ဦးသောင်းစုငြိမ်းက ပြောပါတယ်။      
ဦးသောင်းစုငြိမ်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

Google.com.mm ပေါ်လာတဲ့အတွက် အားသာချက် ပြောပြပေးပါ။
“မြန်မာလို စပြီးပေါ်လာပြီ။ လူတွေ တော်တော်များများ ကိုယ့်ဘာသာနဲ့ကိုယ် သုံးလို့ရမယ်ဆိုတော့ အင်္ဂလိပ်လိုကျွမ်းကျင်တဲ့ သူတွေလည်း ၀င်လာလို့ အနေအထားရသွားတယ် အဲဒါက နံပါတ်တစ်။ နောက်တခုက နောက်ပိုင်း တဖြည်းဖြည်း ဆက်ပြီးလုပ်သွားမယ်ဆိုရင် Google map၊ image တို့ဘာတို့ရှာသွားတိုင်းမှာ ကိုယ့်မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ဟာ ထိပ်ဆုံးကနေ တက်တက်လာမှာ ဖြစ်ပါတယ်။”

နည်းပညာပိုင်းမှာရော ဘာတွေ တိုးတက်ပြောင်းလဲသွားနိုင်လဲ။

“ကုတ်နဲ့ပတ်သက်ပြီး သူတို့ လုပ်နေတာတွေရှိတယ်။ နောက်ပိုင်းကျရင် Google မှာ ဘာသာပြန်တာတွေ။ အခုက မြန်မာဘာသာက လုပ်လို့မရသေးဘူး။ နောက် ၁ နှစ်၊ ၂ နှစ်လောက်ကျရင် translate မှာ English to Myanmar တို့ပါ ဘာသာပြန်လို့ ရလာမှာမျိုးတွေ၊ နောက်သူတို့ရဲ့ google play တို့ဟာမျိုးတွေကို မြန်မာပြည်ကပါ သုံးလို့ရအောင်၊ မြန်မာ user တွေပါ ဒေါင်းလွတ်လုပ်လို့ရအောင် သူတို့ဖွင့်ပေးနေတယ်ဆိုတော့ နည်းပညာဖွံ့ဖြိုးဖို့အတွက် အများကြီး အထောက်အကူ ဖြစ်သွားနိုင်ပါတယ်။”

google မှာ မြန်မာလို မရတာ နှစ်ပေါင်းများစွာ၊ အဲဒါက အစိုးရနဲ့ ဆိုင်လား၊ ဘာကြောင့်မရတာလဲ၊ အခုမှ ဘာလို့ ရသွားတာလဲ။

“အရင်ကတော့ ပိတ်ဆို့မှုတွေကလည်း ရှိနေတယ်။ အခု ပိတ်ဆို့မှုတွေ မရှိတော့မှ google ဆိုတာလည်း အမေရိကန်ဥပဒေနဲ့ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတခုဆိုတော့ ဥပဒေအရ တားမြစ်ထားတော့ မလုပ်နိုင်ဘူး။ အခု ဥပဒေတွေ ဖြေလျော့ပေး လိုက်ပြီဆိုတော့ သူတို့လည်း တဆင့်ပြီးတဆင့် တိုးပြီး မြန်မာနိုင်ငံကို ပြန်ပြီး ဖြေလျှော့ပေးလာတဲ့သဘောပါ။ နိုင်ငံရေးတွေ နဲ့လည်း အများကြီး ဆက်နွှယ်တယ်လို့ ပြောလို့ ရပါတယ်။

ပြည်ပမှာရှိတဲ့ မြန်မာ ကွန်ပျူတာသုံးတဲ့သူတွေအတွက်ရော ဘာတွေများ  အထောက်ကူပြုမလဲ။

“ဥပမာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ နောက် နိုင်ငံခြားမှာ နေပေမယ့် မြန်မာလိုပဲ တတ်ကျွမ်းတယ်၊ နိုင်ငံခြားဘာသာနဲ့ သိပ်ကျွမ်းကျွမ်းကျင်ကျင်မရှိတဲ့ သူတွေအတွက် Information ရှာတဲ့နေရာမှာ အသုံးတည့်ချင်လည်း တည့်သွားလိမ့်မယ်။ ထိုင်းနိုင်ငံမှာဆိုရင် google.co.th ဆိုတာမျိုး အလိုလိုရောက်သွားမယ်။ အဲဒီကနေ Google.com.mm ဆိုတာကို ရိုက်ပြီးသုံးမယ်ဆိုရင် အနည်းဆုံးတော့ မြန်မာဘာသာနဲ့ စသုံးတဲ့ဟာမျိုး လုပ်လို့ရမယ်။ နောက်ပိုင်း ကရင်တို့၊ ရှမ်းတို့၊ စသဖြင့် ဘာသာတွေနဲ့လည်း ၀င်လာမယ်၊ မြန်မြန်ဆန်ဆန် ရလာမယ်ဆိုရင်တော့ တိုင်းရင်းသားတွေပါ အများကြီး အကျိုးရှိလာမှာပါ။”

တိုင်းရင်းသားဘာသာတွေနဲ့ သုံးနိုင်ဖို့က ဘယ်တော့လောက်ဖြစ်နိုင်မလဲ။

“ယူနီကုတ်က အစကတည်းက သူ့ထဲက ပါတယ်လို့ ကျနော်တို့ နားလည်ထားတယ်။ အခုကတည်းက ရှမ်းတို့ အစရှိတဲ့ ဘာသာစကားတွေနဲ့ သူ့ကီးဘုတ်နဲ့ သူ့ဟာသူ ရှိတဲ့သူတွေကတော့ သုံးလို့ရနေပါပြီ။”

မြန်မာလိုဖြစ်သွားတော့ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူ ဘယ်လောက်များ တိုးတက်လာနိုင်မလဲ။

“ဒါကတော့ google ၀က်ဘ်ဆိုဒ်တခုတည်းနဲ့တော့ အများကြီး မသက်ဆိုင်ဘူး။ သူကလည်း စွဲဆောင်မှုတခုတော့ ဖြစ်သွားမယ်။ ပိုအရေးကြီးတဲ့ အင်တာနက်ကို တက်ပြီး သုံးလာနိုင်ဖို့ကတော့ ဘယ်လိုချိတ်ဆက်မလဲဆိုတာ မိုဘိုင်းဖုန်း တွေနဲ့ ချိတ်ဆက်မလား၊ ဖိုင်ဘာတွေဆွဲပြီး ချိတ်ဆက်မလား၊ အဲဒါတွေကတော့ ဒီနှစ်ခုတွဲပြီး သွားမှပဲ လူဦးရေ သန်း ၂၀၊ ၃၀ လောက် အင်တာနက် သုံးကြတယ်ဆိုတာ ရောက်သွားမှာပါ။”
သူ့ရဲ့လူမှုရေးဝက်ဘ်ဆိုဒ်စာမျက်နှာမှာလဲ Google.com.mm ကို သွားရင် မြန်မာလို ပေါ်ပါပြီ။ မြန်မာကီးဘုတ် မရှိသူများ အတွက်လည်း on-screen keyboard တခုထည့်ပေးထားပါတယ်။ ယူနီကုဒ်သုံးထားတာ ဖြစ်ပါတယ်။ ဇော်ဂျီသုံးစွဲသူများ ဆီမှာတော့ ယူနီကုဒ်စာလုံးတွေ ကောင်းကောင်း ပေါ်ချင်မှ ပေါ်ပါမယ်။ Google.com.mm ကို မြန်မာဘာသာနဲ့ သုံးချင်တယ်ဆိုပြီး preference setting လုပ်လိုက်ပြီး ပေါ်လာတဲ့ စာမျက်နှာမှာ Search box ထောင့်က ကီးဘုတ်ပုံလေးကို နှိပ်ရင် on-screen keyboard ပေါ်လာမှာပါ။ အဲဒါလေး ဖွင့်ပြီး မြန်မာ ကီးဘုတ်မရှိပဲ ရိုက်ထည့်လို့ ရပါတယ်လို့ ရေးသား ဖော်ပြထားပါတယ်။

DVB  

ရခိုင်ရိုးရာသင်္ကြန်ပွဲ သုဝဏ္ဏကွင်းတွင် ပြောင်းရွှေ့ ကျင်းပမည်


၎.၄.၂၀၁၃၊ ကြာသပတေးနေ့

  

ရန်ကုန်မြို့ သိမ်ဖြူအားကစားကွင်း၌ နှစ်စဉ် ကျင်းပလေ့ ရှိသော ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်အား ယခုနှစ်တွင် သုဝဏ္ဏ အားကစားကွင်းသို့ ပြောင်းရွှေ့ ကျင်းပသွားမည်ဟု သိရ သည်။
ယခုနှစ် ကျင်းပမည့် ရခိုင်သင်္ကြန်ပွဲတော်သည် ၁၀ ကြိမ် မြောက် ဖြစ်ပြီး ၁၉၉၄ ခုနှစ်မှစ၍ ရန်ကုန်မြို့၌ ရခိုင်ပြည်နယ်တခုလုံး ကိုယ်စားပြု၍ အစဉ်လာအတိုင်း ကျင်းပခဲ့သည်။ ၂၀၁၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် နံ့သာသွေးပွဲ၊ ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီတွင် ဘုရား ရေသပ္ပာယ် ပွဲတို့ကို ကျင်ပးမည်ဖြစ်ကာ သင်္ကြန်ပွဲတော်ဖွင့်ပွဲကို သုဝဏ္ဏ အားကစားကွင်း၌ ၁၄ ရက်နေ့တွင် ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
နံ့သာသွေးပွဲနှင့် ဘုရား ရေသပ္ပာယ်ပွဲကို ရွှေတိဂုံစေတီတော် ရင်ပြင်တော်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ကျင်းပမည် ဖြစ်ကြောင်း၊ ထိုအခမ်းအနားသို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လူမှုအဖွဲ့များမှ ဧည့်သည်တော်များကိုလည်း ဖိတ်ကြားထားသည့်အတွက် လုံခြုံရေးအရ ဓမ္မာရုံသို့ ပြောင်းရွှေ့ ကျင်းပရခြင်းဖြစ်ကြောင်း ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီ နာယက ဒေါ်စောခင်တင့်က ဧရာဝတီသို့ ပြောသည်။
“လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် လုံခြုံရေးအရ တခုခုဖြစ်ရင် အခမ်းအနားကို ထိခိုက်မှာ စိုးရိမ်တဲ့အတွက် နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲကို ဓမ္မာရုံမှာပဲ ကျင်းပဖို့ စီစဉ်တာပါ။ တခြား အစီအစဉ်တွေတော့ နှစ်တိုင်းလိုပဲ ကွင်းထဲမှာ ရိုးရာ အစဉ်အလာမပျက် ကျင်းပသွားမှာပါ” ဟု ၎င်းက ဆိုသည်။
လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်၍ မိမိတို့ အစီအစဉ်ဖြင့်လည်း လုံခြုံရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သုဝဏ္ဏကွင်းကိုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ဒေါ်စောခင်တင့်က ပြောသည်။
သိမ်ဖြူ အားကစားကွင်းအား နိုင်ငံတကာအဆင့် အားကစားပွဲတော်များ ကျင်းပနိုင်ရန် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက် နေခြင်းကြောင့် သုဝဏ္ဏကွင်းသို့ ပြောင်းရွှေ့ ကျင်းပရခြင်း ဖြစ်ကြောင်း၊ နေရာပြောင်းသွားသည့်တိုင် အစီအစဉ်များ အားလုံးကို  အပြောင်းအလဲ မရှိဘဲ ကျင်းပသွားမည်ဖြစ်ပြီး လာမည့်နှစ်တွင်မူ သုဝဏ္ဏကွင်း၌ပင် အစအဆုံး ခမ်းနားစွာ ကျင်းပသွားမည်ဟု သိရသည်။
သို့သော် ပွဲတော်အတွင်း ရောင်းရမည့် ရခိုင်ရိုးရာ အစားအစာများ၊ မြန်မာ အစားအစာများနှင့် တခြား အစားအစာများ ရောင်းချမည့် ဆိုင်ခန်း အရေအတွက်သည် ယခင်နှစ်များတွင် ၅၀ ၀န်းကျင်အထိ ရှိခဲ့သော်လည်း ယခုနှစ်တွင် ဆိုင်ခန်း ၃၀ သာရှိမည်ဟု ဖြစ်မြောက်ရေး ကော်မတီအဖွဲ့က ဆိုသည်။ ယခုနှစ် သင်္ကြန်ပွဲတော်အား ရန်ကုန်တိုင်း အစိုးရ၊ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနက ဦးဆောင် ကျင်းပမည် ဖြစ်သည်။
ရခိုင်သင်္ကြန်ဖွင့်ပွဲရက်နှင့် တခြားရက်များတွင် ရခိုင်အဆိုတော်များ၊ ရခိုင်အနုပညာရှင်များ၊ လေးဝတီအဖွဲ့၊ ရခိုင်ယဉ်ကျေးမှု အဖွဲ့များ စသည့် အနုပညာရှင်များကလည်း ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။ ရခိုင်သင်္ကြန်ပွဲတော်သို့ ပါဝင်ဆင်နွဲလိုကြသည့် သူများကို ၀င်ကြေးအဖြစ် တဦးလျှင် ၅၀၀ ကျပ် သတ်မှတ်ထားသော်လည်း အခက်အခဲရှိသူများကိုမူ အခမဲ့ ပါဝင်ဆင်နွှဲ နိုင်ရန် စီစဉ်ပေးထားသည်။
ရခိုင်သင်္ကြန်ပွဲတော်တွင် ရခိုင်ပြည်နယ်မှ မြို့နယ်အလိုက် ကိုယ်စားပြုသည့် ရေလောင်းမဏ္ဍာပ်များ ပါဝင်မည်ဖြစ်ကာ  မဏ္ဍာပ်တိုင်း၌ ရခိုင်ရိုးရာအတိုင်း လောင်းလှေများတွင် ရေထည့်ပြီး ရေလောင်းပွဲ ကျင်းပမည်ဖြစ်သည်။
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်အား ရခိုင်တပြည်လုံး၌ တပြိုင်တည်း ကျင်းပလေ့ရှိပြီး ရန်ကုန်မြို့၌ သိမ်ဖြူကွင်း၌လည်း ရခိုင် ပြည်နယ်တခုလုံး ကိုယ်စားပြုကျင်းပလေ့ ရှိသည်။ ရန်ကုန်မြို့တွင်းနှင့် အလှမ်းဝေးကွာသော လှိုင်သာယာ၊ သံလျင်၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ စသည့် မြို့နယ်များတွင်လည်း ရခိုင်သင်္ကြန်မဏ္ဍပ်များ တည်ဆောက်၍ ရိုးရာအစဉ်အလာအတိုင်း စည်ကားစွာ ကျင်းပလေ့ရှိသည်။
ထို့အတူ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်လူမျိုးများကလည်း မိမိတို့နေထိုင်ရာ မြို့များ၌ ရခိုင်ရိုးရာ အတိုင်းကျင်းပလေ့ရှိပြီး၊ အမေရိကန်၊ ဥပေရောပ နိုင်ငံတချို့တွင်လည်း ၎င်းတို့နိုင်ငံ၏ ရာသီဥတု အပေါ်မူတည်၍ ကျင်းပလေ့ရှိကြသည်။
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်သည် ဓည၀တီပြည့်ရှင် ဘုရင် စန္ဒာသူရိယမင်းကြီးက မဟာမုနိ ဗုဒ္ဓရုပ်ရှင်တော်မြတ်အား အမွှေးနံ့သာရည် ပက်ဖျန်း၍ မျက်နှာတော် ဖွင့်ပေးခဲ့ရာမှ စတင်ကာ နှစ်စဉ် ကျင်းပလာခဲ့ကြောင်း ရခိုင်သမိုင်း မှတ်တမ်းများအရ သိရသည်။ ရခိုင်ရိုးရာ သင်္ကြန်သည် ဗုဒ္ဓဘုရားအား ပထမဦးစွာ အမွှေးနံ့သာရည်ဖြင့် ရေသပ္ပာယ်ပြီးမှသာ လူအချင်းချင်း ရေပက်ကစားရသည့် ဓလေ့ရှိသည်။

ဧရာဝတီ 

အစိုးရက ဖုန်းဆင်းကတ် ဈေးလျှော့ရောင်းမည့်အပေါ် ရွှေပြည်တံခွန် ကြိုဆို



၎.၄.၂၀၁၃ ၊ ကြာသပတေးနေ့

 

မြန်မာအစိုးရက ဆင်းကတ်တခုရဲ့ဈေးနှုန်းကို ကျပ် ၂ သိန်းနဲ့ ရောင်းနေရာကနေ  ကျပ် ၁၅၀၀ ထိ ဈေးလျှော့ရောင်းပေး တော့မယ်လို့ ဧပြီ ၃ ရက်နေ့ ည သတင်းမှာ ထုတ်ပြန်ကြေညာလိုက်ပြီး ၁ လကို နိုင်ငံတ၀န်းလုံးကို ဆင်းကတ်ပေါင်း ၃ သိန်း ၅ သောင်း ဖြန့်ဝေမယ်လို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ်ဆန်းပိုင်းတုန်းက ရွှေပြည်တံခွန်ကုမ္ပဏီက မန်းနေးဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက တယ်လီဖုန်းဆင်းကတ်တခုကို ကျပ်ငွေ ၅ ထောင်နဲ့ ရောင်းပေးမယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ချိန်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆင်းကတ်တခုကို ကျပ်ငွေ ၅ သိန်းနဲ့ ရောင်းချနေချိန်ဖြစ်တာကြောင့် ပြည်သူလူထုက အစိုးရအပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။
ဒီနောက်မှာ သမ္မတဦးသိန်းစိန်က  အများပြည်သူ ဈေးသက်သာစွာနဲ့ တယ်လီဖုန်းသုံးနိုင်ရေး အကောင်အထည်ဖော်မယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒီနောက် မနှစ်နှစ်လယ်ပိုင်းမှာ ဆင်းကတ်တခုကို ကျပ်ငွေ ၂ သိန်းထိ ဈေးလျှော့ချပြီး ကျေးလက်တောရွာတွေနဲ့ ၀န်ထမ်း တွေကို အရစ်ကျပေးချေတဲ့စနစ်နဲ့ အကြွေးရောင်းချခဲ့ပါတယ်။
အခုလို ဆင်းကတ်တခုကို ကျပ်ငွေ ၁၅၀၀ ကျပ်နဲ့ ရောင်းမယ်လို့ အစိုးရက ကြေညာလိုက်တဲ့အတွက် လူတိုင်း လူတိုင်း တယ်လီဖုန်းကိုင်တွယ်အသုံးပြုနိုင်တဲ့ခေတ်ကို ရောက်ရှိနိုင်တော့မှာဖြစ်ပြီး ဆက်သွယ်ရေးစနစ် ကောင်းမွန်လာတော့မှာ ဖြစ်ပါတယ်။
အစိုးရကြေညာချက်အပေါ် ဆင်းကတ်တခု ကျပ် ၅ ထောင် ဈေးနဲ့ စိန်ခေါ်ကမ်းလှမ်းခဲ့တဲ့ ရွှေပြည်တံခွန် မန်းနေဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ၀မ်းသာအယ်လဲ ကြိုဆိုလိုက်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှုကို ပြည်သူတွေ တိုက်ရိုက်ခံစားရတဲ့ အသီးအပွင့်တခုအဖြစ် မှတ်ချက်ပြုတယ်လို့ ပြောပါတယ်။
အရင်က ဆင်းကတ်တခုကို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချမှု မပြုခဲ့တာနဲ့ ပတ်သက်ပြီး ဦးလွင်နိုင်ဦးက အခုလို သုံးသပ်ပါတယ်။
“အရင်တုန်းက ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး ဆက်နွှယ်နေတဲ့ လူတွေရဲ့ စိတ်နေသဘောထားပေါ့။ ကျနော် တချိန်တုန်းက ပြောခဲ့ပါတယ်။ ဒါကတော့ ပြည်သူတွေအပေါ်မှာထားတဲ့ စေတနာလို့ပဲ ပြောချင်တယ်။ အဲလူတွေရဲ့ စိတ်နေသဘောထားနဲ့ပဲ ဆိုင်မယ်လို့ ယူဆပါတယ်။”
ရွှေပြည်တံခွန်ကုမ္ပဏီက သတ်မှတ်တဲ့ ဈေးနှုန်းထက် အစိုးရက ပိုမိုလျှော့ပေါ့ရောင်းချခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“လွန်ခဲ့တဲ့ နှစ်တွေက ဈေးကွက်အရ ကျနော်တို့ အခြေအနေအရ တွက်ချက်ခဲ့တာ။ အဲတုန်းကကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အခြေခံပြီး ကျနော်တို့က တွက်တာ။ အခုလုပ်တဲ့စနစ်က နိုင်ငံတကာမှာလည်း ၁၅၀၀ လောက်ဖြစ်နေပြီ။ ဟိုတလောကလည်း ကျနော်ပြောခဲ့ပါတယ်။ ဆင်းကတ်ကို အလကားပေးနိုင်အောင် တခြားနိုင်ငံတွေမှာလည်း ကြိုးစားနေပြီ။ ကျနော့်ထက် သုံးပုံတပုံ နည်းသွားတဲ့အတွက် ကြိုဆိုပါတယ်။ ကျနော်တို့က ၃၅၀၀ အမြတ်စားတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကတွက်ခဲ့တဲ့ စစ်တမ်းတွေအပေါ်မှာ အခြေခံပြီး တွက်ရတဲ့အခြေအနေကြောင့် ကွာဟမှု ရှိသွားတာပါ။”
အစိုးရက ဆင်းကတ်တွေကို ၁ လ ၃ သိန်းခွဲနှုန်းနဲ့ ပြည်နယ် ၁၄ ခုကို ဖြန့်ဝေသွားမယ့်အပေါ်ကိုလည်း ဦးလွင်နိုင်ဦးက အခုလိုပြောပါတယ်။
“ဒါကတော့ လုပ်ရင်းနဲ့ တည်ဆောက်သွားရမယ်။ ပြည်သူတွေက ချက်ချင်းအသီးအပွင့်ကို ခံစားသွားရတယ်။ ဒါပေမယ့် လုပ်ရင်းနဲ့ တည်ဆောက်သွားရမှာဖြစ်တဲ့အတွက် ၃ သိန်းခွဲဆိုတဲ့ အကန့်အသတ်လေး ရှိတာပါ။ ဒါကလည်း အချိန်လေးတခုပါ။ အဲဒီအချိန်လေး လွန်သွားရင် ပြည်သူတွေ လိုသလောက် ဖောဖောသီသီ ရသွားမှာပါ။

DVB

ပုဂံဒေသ မြေယာ ဈေးနှုန်းများ မြင့်တက်


၎.၄.၂၀၁၃ ၊ ကြာသပတေးနေ့


ပုဂံဒေသရှိ မြေယာဈေးနှုန်းများသည် ပြီးခဲ့သည့် ၆ လအတွင်းမှ စတင်၍ များစွာမြင့်တက် လာကြောင်း သိရသည်။
ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ရင်းနှီးမြှုပ်နှံ လိုသူ များလာခြင်းကြောင့် ထိုသို့မြေယာဈေးများ မြင့်တက် လာခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။
အစိုးရသစ်လက်ထက် နိုင်ငံခြားသား ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု များပြားလာခြင်းကြောင့် ဟိုတယ် လုပ်ငန်း လုပ်ကိုင်လိုသူ များပြားလာရာ ဘိုးဘွားပိုင်နှင့် အမည်ပေါက် ဂရန်မြေများသာမက တောင်သူများစိုက်ပျိုးနေသည့် ယာမြေများကို ၀ယ်ယူမှုများရှိလာကြောင်းလည်း ဒေသခံ များက ဆိုသည်။
ပုဂံဒေသ အိမ်ခြံမြေပွဲစားတဦးဖြစ်သူ ကိုမျိုးက“နိုင်ငံခြားသားတွေ အခု အရမ်းလာကြတော့ လုပ်ငန်းရှင်တွေက ဟိုတယ်တို့ စားသောက်ဆိုင်လုပ်ဖို့ ၀ယ်ကြတယ်၊ တချို့လည်း ရန်ကုန်က ခြံမြေတွေကို ရောင်းပြီးတော့ ဒီမှာလာ ရင်းနှီးမြှုပ်နှံတာ မျိုးတွေ ရှိတယ်” ဟု ပြောသည်။
လက်ရှိ ပုဂံဒေသ မြေပေါက်ဈေးမှာ မြို့ဟောင်း လမ်းမတော်တ၀ိုက် ဘိုးဘွားပိုင်မြေမှာ တဧက ကျပ် သိန်း ၁သောင်း ခန့်၊ ဂရန်မြေ မှာ ပေ ၈၀၊ ပေ ၁၀၀ ပတ်လည် တကွက်လျှင် ကျပ် သိန်း၂ထောင် ခန့်၊ ယာမြေများမှာ တဧကလျှင် ကျပ် သိန်း ၃၅၀ ခန့် ဖြင့် အရောင်းအ၀ယ် ပြုလုပ်နေပြီး ဟိုတယ်လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင်နှင့် အဆောက်အအုံ ပါဝင်သည့်                      ၅ ဧကခန့် မြေကွက်မှာ ကျပ် သိန်း ၅သောင်း ခန့် ပေါက်ဈေး ရှိသည်ဟု ကိုမျိုးက ဆိုသည်။
စစ်အစိုးရ လက်ထက်က ပုဂံမြို့နှင့် ၇ မိုင်ခန့် အကွာတွင် ဟိုတယ်ဇုန် သတ်မှတ်ခဲ့သော်လည်း လာရောက် ရင်းနှီးမြှုပ်နှံ သူများ စိတ်ဝင်စားမှုနည်းပါးပြီး လုပ်ငန်းရှင်များမှာ ပုဂံမြို့အတွင်းရှိ ယဉ်ကျေးမှုဇုန်အတွင်းတွင်သာ တည်ဆောက် လိုကြသည်ဟု ၎င်းက ပြော သည်။
ယခုအခါ လူနေအဆောက်အအုံ ဆောက်လုပ်ခွင့်ရှိသည့် ဘိုးဘွားပိုင်နှင့်ဂရန်မြေများမှာ ရောင်းချသူ ရှားပါးလာသည့်အတွက် စီးပွား ရေး လုပ်ငန်းရှင်များမှာ တောင်သူများ၏ စိုက်ပျိုးမြေများကို စိတ်ဝင်စားလာကြောင်း၊ ယာမြေဈေးနှုန်းမှာလည်း လွန်ခဲ့သည့် ၆ လ ခန့် တဧက ကျပ် သိန်း ၂၀ ခန့်သာ ပေါက်ဈေးရှိသော်လည်း ယခုအခါ တဧက သိန်း ၃၅၀ ခန့် ဈေးပေါက်ကြောင်း သိရသည်။
“ရေမိုးမကောင်းတော့ သီးနှံအထွက်က တဖြည်းဖြည်းလျော့လာတယ်၊ နောက်ပိုင်းလည်း ယာကွက်တွေ ဈေးကောင်းတော့ နှစ်ဧက လောက်ရောင်း၊ ကားလေးဘာလေးဝယ်၊ ဒီအနားတ၀ိုက် ကမ္ဘာ့လှည်ခရီးသည် လိုက်စားတာက ပိုကိုက်တယ်”ဟု ကိုမျိုးက ဆက် လက် ရှင်းပြသည်။
ပုဂံဒေသအတွင်းရှိ ယာမြေကို တခြားသောလုပ်ငန်း ပြောင်းလဲအသုံးချမည်ဆိုလျှင် မြို့နယ်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီး ဌာန စသည့် ဌာနဆိုင်ရာ ၁၁ ခု၏ ခွင့်ပြုချက် ယူရကြောင်း၊ သို့သော် လုပ်ငန်းရှင်များအနေဖြင့် နည်းမျိုးစုံအသုံးပြုပြီး လွတ် ကင်း စေရန် ဆောင်ရွက်ကြရကြောင်းလည်း ဆိုသည်။
ထိုသို့ ယာမြေကို အခြားနည်း ပြောင်းလဲအသုံးပြုခွင့် ဆောင်ရွက်ခြင်းသည် စစ်အစိုးရနှင့် အရပ်သားအစိုးရ အပြောင်းအလဲ ကာလ တွင် ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြေစာရင်းဦးဌာနမှ တာဝန်ရှိသူတဦးက“တချို့လည်း ယာမြေ၀ယ်ယူပြီး လုပ်ငန်းသစ်လုပ်ခွင့် ရနေကြတာ ရှိသလို၊ တချို့လည်း ၀ယ်ပြီးမှ ဟိုတယ်တို့ စားသောက်ဆိုင်တို့ ဖွင့်မရတော့ ယာအဖြစ်နဲ့ပဲ ဆက်လုပ်နေကြတာရှိသလို ယာအဖြစ် ဆက်မလုပ်ဘဲ ပစ် ထားတာတွေလည်း ရှိတယ်”ဟု ဆိုသည်။
အစိုးရသစ်လက်ထက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနက ပုဂံခေတ်လက်ရာ ရှေးဟောင်းပုထိုးစေတီများရှိသည့် အရပ်ကို အထိမ်း အမှတ်ဇုန်(Monument Zone)၊ ရှေးဟောင်း သုတေသနဇုန်(Archaeological Zone)၊ ကာကွယ်ဇုန်(Protect  Zone) ဟု သတ်မှတ် ကာ အဆိုပါ ဇုန်များနှင့် လွတ်ကင်းသည့် နေရာများတွင်သာ အဆောက်အအုံ ဆောက်လုပ်ရန် ကန့်သတ်ထားသည်ဟု သိရသည်။
ပုဂံမြို့ခံတဦးဖြစ်သည့် ဦးမြင့်ဇော်က“ယာတွေ ဈေးကောင်းပေးဝယ်ပြီး ဒီတိုင်း ပစ်ထားတာမျိုးတွေ ကြတော့၊ ယာမြေဆုံးရှုံး သလို တောင် သူတွေရဲ့ဘ၀တွေ ပျက်စီးသွားတယ်၊ ဒါမျိုးတွေ အရမ်းများလာပြီ”ဟု ပြောဆိုသည်။
ရှေးဟောင်း သမိုင်းဝင် ပုဂံဒေသ၌  စေတီပုထိုးများအကြားတွင် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်မှုများသည် အလှအပတခု သဖွယ်ဖြစ် နေ ပြီး၊ ကမ္ဘာလှည့်ခရီးသွားများ ကြိုက်နှစ်သက်သည့် စွဲမက်ဖွယ် ရှုမျှော်ခင်းများဖြစ်သည်ဟုလည်း ဆိုသည်။
ယမန်နှစ်က ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသွားနှင့် ပြည်တွင်းခရီးသွားများ ပုဂံဒေသသို့ အများအပြားလာရောက်သည့် အတွက် တည်းခိုရန် ဟိုတယ်အခန်းများ ပြတ်လပ်မှုပင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ပုဂံဒေသသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသွား အရေအတွက်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ၃ သောင်းခန့် ရှိသည်ဟု သိရသည်။

ဧရာဝတီ 

တောင်သူလယ်သမား အကာအကွယ်ပေးရေး ဥပဒေရေးဆွဲ ပြဋ္ဌာန်းမည်

၎.၄.၂၀၁၃၊ ကြာသပတေးနေ့


လယ်သမားများသည် အကြွေးသံသရာဖြင့် ဆင်းရဲမွဲတေ နေကြဆဲ ဖြစ်သည် မြန်မာနိုင်ငံတွင် တောင်သူလယ်သမား များကို အကာအကွယ်ပေးသည့် ဥပဒေတရပ်ကို ရေးဆွဲသွား မည်ဖြစ်ပြီး ယင်းဥပဒေတွင် တောင်သူ လယ်သမာများ ကြုံတွေ့နေရသည့် အကြွေးပြသနာ၊ ဆင်းရဲမွဲတေမှုများကို လျော့ချနိုင်မည့် ပြဋ္ဌာန်းချက်များထည့်သွင်းရေးဆွဲ မည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက် နေပြည်သူများဖြစ်ပြီး တောင်သူလယ်သမား လူတန်းစား အများစုပါဝင်နေကြောင်း၊ လက်ရှိတွင် တောင်သူလယ်သမား များသည် အကြွေးသံသရာလည်နေပြီး ဆင်းရဲမွဲတေမှုများကို ရင်ဆိုင်နေရကြောင်း၊ တောင်သူလယ်သမားများကို အကာအကွယ် ပေးမည့်ဥပဒေတရပ်ကို လွှတ်တော်က ရေးဆွဲ ပြဋ္ဌာန်းရန် စီစဉ်နေပြီး ယင်းဥပဒေတွင် တောင်သူလယ်သမား များ ကြုံတွေ့ရသည့် ပြသနာများကို လျော့ပေါ့ပေးနိုင်မည့် ပြဋ္ဌာန်းချက်များ ပါဝင်မည်ဖြစ်ကြောင်း ဧပြီလ ၁ ရက်နေ့ နေပြည်တော်၊ ပြည်သူ့လွှတ်တော်အဆောက်အအုံတွင် ကျင်းပခဲ့သော တောင်သူလယ်သမား အကာအကွယ် ပေးရေးဥပဒေဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက် ခဲ့သူ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌဦးချစ်ခိုင်က ပြောသည်။
“လယ်သမားတွေရဲ့အကြွေးတွေလျော့ပြီးဆင်းရဲမှုလျော့ချနိုင်ဖို့အတွက်ဥပဒေထဲမှာထည့်သွင်းရေးဆွဲသွားမှာပါ။ စိုက်ပျိုးရေး သီးနှံတွေနဲ့ပတ်သက်လို့ သူတို့ဝင်ငွေကောင်းလာဖို့ တွက်ခြေကိုက်မယ့် ဈေးနှုန်း တွေဖြစ်ဖို့ကိုလည်း ဥပဒေထဲမှာ ထည့်သွား မှာပါ”ဟု ဦးချစ်ခိုင်က ဆိုသည်။အစိုးရခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားများသည်  စိုက်ပျိုးရေးစီမံချက်များအရ အစိုးရက စေခိုင်းသော စိုက်ပျိုးရေးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးရခြင်း၊ ပွင့်လင်းမြင်သာသော ဈေးကွက် စီးပွားရေးစနစ် ဖြစ်ထွန်းလာမှု မရှိခြင်း၊ လယ်ယာမြေပိုင်ဆိုင်ခွင့်မရှိခဲ့ခြင်း အပါအ၀င် ပြသနာများစွာ ကြောင့် ခေတ်အဆက်ဆက် ဆင်းရဲနိမ့်ကျခဲ့ပြီး ဆင်းရဲမှုနှုန်းမြင့်တက်နေကြောင်း လယ်သမားများ၏ အရေး ဆောင်ရွက်ပေးနေသူ ရှေ့နေဦးမြင့်သွင်က ပြောသည်။
“အစိုးရက စပါးစိုက်ရမယ်၊ ငရုတ်စိုက်ရမယ် ဆိုပြီး ရာသီအလိုက် စိုက်ပျိုးခိုင်းတဲ့သီးနှံတွေကို တောင်သူက စိုက်ရတယ်။ အစိုးရစနစ်ကကြိုးကိုင်တဲ့ အပေါ်မူတည်ပြီး  စိုက်ပျိုးရေး လုပ်နေရတယ်။ တကယ်ဆိုရင် ဈေးကွက်တွက်ခြေ ကိုက်တဲ့သီးနှံကို တောင်သူတွေရဲ့ လွတ်လပ်တဲ့ ဆန္ဒအရ စိုက်ပျိုးခွင့်၊ရောင်းချခွင့်တွေပေးရမယ်”ဟု ၎င်းက ဆိုသည်။ အစိုးရ၏ မြန်မာ့စိုက်ပျိုးရေးဘဏ်က တောင်သူများကို ချေးငွေများ ထုတ်ချေးသော်လည်း ဆင်းရဲမွဲတေမှုနှင့် အကြွေး သံသရာလည်မှုကို မဖြေရှင်းနိုင်ကြောင်း၊ တောင်သူများ တွက်ခြေကိုက်မည့် ဆန်စပါးအခြေခံဈေးနှုန်းကိုသတ်မှတ် ပေးမှသာလျှင် တောင်သူလယ်သမားများ ပိုမိုအဆင်ပြေနိုင် တွံ့တေးမြို့နယ်၊သ၀န်းတောကျေးရွာမှ တောင်သူဦးဌေးကြွယ် က ပြောသည်။“စိုက်ဘဏ်ကချေးငွေက စိုက်ပျိုးစရိတ်အတွက်  မသုံးရဘူး။ အပြင်ကအကြွေးတွေ ကိုရှင်းနေရတာ။ အခုက လယ်သမားတိုင်းအဆင်မပြေကြ ဘူး။ တရုတ်နိုင်ငံကလည်း ဓာတ်မြေသြဇာသုံးတာများ လို့ဆိုပြီး ဒီကဆန်စပါးကို မ၀ယ်ဘူး။ ၀ယ်လိုအားနည်းပြီး ရောင်းလိုအားများနေတော့ အခြေခံဈေးနှုန်း မသတ်မှတ်ရင် ဘယ်လိုမှ အဆင်မပြေဘူး။ ဘယ်လိုမှ တွက်ခြေ မကိုက်ဘူး”ဟု တောင်သူဦးဌေးကြွယ်က ဆိုသည်။

ဧရာဝတီ 

ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားလည်မည်


 ၄.၄.၂၀၁၃၊ ကြာသပတေးနေ့
 

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကို လာမယ့် ဧပြီ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ လာရောက်လည်ပတ်မယ်လို့ ဂျပန်အစိုးရက ဧပြီ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒီခရီးစဉ်ဟာ ဆယ်စုနှစ်သုံးခုအတွင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံး ဂျပန်ခရီးစဉ်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ကျိုတိုတက္ကသိုလ်မှာ သုတေသနစာတမ်းတခုအတွက် ရောက်ရှိနေထိုင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ “မြန်မာပြည် လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း” ခေါင်းစဉ်နဲ့ စာတမ်းကို ကျိုတိုတက္ကသိုလ်အနီး အဆောင်အခန်းနံပါတ် E306 မှာ ပြုစုရေးသားခဲ့ပါတယ်။ ၁၉၈၅ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၉၈၆ ခုနှစ် ဇွန် ၃၀ ရက်နေ့အထိ ၉ လကြာ နေထိုင်ပြုစုရေးသားခဲ့ပါတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးရအပြီးမှာ အဲဒီအခန်းကို ဒေါ်အောင်ဆန်းစုကြည်အခန်းအဖြစ် ဂုဏ်ပြုပြီး ပြခန်းဖွင့်လှစ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ကျိုတိုမြို့ကို သွားရောက်လည်ပတ်ပြီး ကျိုတိုတက္ကသိုလ်မှာ မိန့်ခွန်းပေးမယ်လို့ မျှော်လင့်ရပြီး ဂျပန်ရောက် မြန်မာတိုင်းရင်းသားတွေနဲ့ လည်း တွေ့ဆုံဖွယ်ရှိသလို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးအပါအ၀င် ဂျပန်နိုင်ငံရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံစကားပြောဖို့ ရှိပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်တွေကို ထောက်ခံခဲ့ ပြီးတဲ့နောက် မြန်မာနိုင်ငံက တင်ရှိနေတဲ့ အကြွေး ဒေါ်လာသန်းထောင်ပေါင်းများစွာကို လျော်ပစ်ခဲ့သလို မြန်မာနိုင်ငံနဲ့ သီလ၀ါရေနက်ဆိပ်ကမ်းလို စီမံကိန်းအကြီးကြီးတွေမှာ ရင်နှီးမြှပ်နှံဖို့ သဘောတူထားပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အကူအညီပေးမှုအဖြစ် အစိုးရက နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌကို ကိုယ်စားလှယ်အဖြစ် တာဝန်ပေးထားပြီး အခုလက်ရှိမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက ခေါင်းဆောင်တွေကို ဂျပန်နိုင်ငံကို ဖိတ်ကြားပြီး တွေ့ဆုံ ဆွေးနွေးနေပါတယ်။
 
DVB 

ရာသီဥတုကြောင့် အပူရှောင်လိုသူများပင် လာရောက်မှု နည်းပါးလာသည့် ပြင်ဦးလွင်


၎.၄.၂၀၁၃၊ ကြာသပတေးနေ့

ပြင်ဦးလွင်မြို့တွင် နွေရာသီ၌ ငွေကြေးတတ်နိုင်သူများ လာရောက် အပူရှောင်လေ့ရှိသော်လည်း ယခုနှစ် အတွင်း အိမ်ငှားရမ်းမှုမှာ နည်းပါးလျက်ရှိကြောင်း အိမ်၊ခြံ၊မြေအကျိုးဆောင်များထံက သိရှိရသည်။

ထိုကဲ့သို့ အပူရှောင်ရန်အိမ်ငှားရမ်းမှုနည်းပါးရခြင်းမှာ ပြင်ဦးလွင်မြို့တွင်လည်း ရာသီဥတုပူနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြင်ဦးလွင်အိမ်၊ခြံ၊မြေအကျိုးဆောင်ဦးခင်မောင်ဝင်းက ပြောသည်။

“ဘယ်လိုကြောင့် ရယ်တော့မသိဘူးဗျ၊ ဒါပေမဲ့ ကျွန်တော်ထင်တာကတော့ ပြင်ဦးလွင်မြို့မှာလည်း တော်တော်ပူနေပြီ၊ ပန်ကာဖွင့်ပြီးနေနေရတယ်။” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

၂၀၁၂ ခုနှစ်၌ အပူရှောင်ရန် အိမ်ငှားရမ်းသူများ ယခုနှစ်ထက် ပိုမိုများပြားပြီး ယခုနှစ်တွင်မူ မေးမြန်းစုံစမ်းဆဲ အဆင့်သာရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။

အိမ်ငှားရမ်းမှုနှင့်အိမ်ခြံရောင်းဝယ်မှု နည်းပါးလာခြင်းမှာ အိမ်၊ခြ၊ံမြေ၀ယ်ယူသူများက အစိုးရအား အခွန်(၃၅) ရာခိုင်နှုန်း ပေးဆောင်ရခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ရွှေညီကို အိမ်၊ခြံ၊မြေအကျိုးဆောင်က ပြောပြသည်။

“အရင်တုန်းက အစိုးရကို (၁၀)ရာခိုင်နှုန်းပဲ ပေးရတာ၊ အခုတော့ ၃၅ ရာခိုင်နှုန်း ၀ယ်သူက ပေးရတာဆိုတော့အရောင်းအ၀ယ် သိပ်မဖြစ်တော့ဘူး အမေးအမြန်းတွေပဲ ရှိတယ်” ဟု ရွှေညီကိုအိမ်ခြံမြေအကျိုးဆောင်တစ်ဦး က ပြောသည်။

ပြင်ဦးလွင်မြို့တွင် အိမ်အငှားဈေးနှုန်းမှာ ရပ်ကွက်၊ အကျယ်အ၀န်းတို့ အပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း သိရသည်။ပြင်ဦးလွင်၌ အိမ်ငှားခဈေးနှုန်းများမှာ တစ်လလျှင် ကျပ် လေးသောင်း မှ ဆယ်သိန်းအထိဈေးရှိကြောင်း သိရသည်။ ပြင်ဦးလွင်မြို့တွင် အငှားအသွက်ဆုံး
အရပ်မှာ မြို့သစ်ဘက်၌ ဖြစ်ကြောင်း သိရသည်။

“အများဆုံးငှားဖြစ်တာကတော့ မြို့သစ်ဘက်မှာပဲ အဲဒီမှာက အိမ်အလွတ်တွေ အများကြီးရှိတယ်။” ဟုဒေသခံတစ်ဦးက ပြောသည်။

၂၀၁၁ ခုနှစ်ကုန်ပိုင်းတွင် ပြင်ဦးလွင်မြို့၌ အိမ်ခြံမြေများ အ၀ယ်လိုက်ခဲ့ရာမှ ၂၀၁၂ ခုနှစ် နှစ်လယ်ခန့်တွင် မတန်တဆဈေးများ တက်ခဲ့ပြီးနောက် အရောင်းအ၀ယ်အေးခဲ့သည်မှာ ယခုအချိန်အထိဖြစ်ကြောင်း ပွဲစားတို့က ဆိုသည်။

ငွေကြေးတတ်နိုင်သူများအနေဖြင့် ပြင်ဦးလွင်မြို့ရှိကျေးရွာများတွင် ခြံမြေအလွတ်များ ၀ယ်ယူ၍ အိမ်ဆောက်ပြီး နွေရာသီတွင်လာရောက် အပန်းဖြေလျက်ရှိကြသည်။

ပြင်ဦးလွင်မြို့မှာ မန္တလေးတိုင်းအတွင်းရှိသော်လည်း တောင်ပေါ်မြို့ဖြစ်သဖြင့်နွေရာသီတွင် အပူချိန် မမြင့်မားခြင်းကြောင့် ငွေကြေးတတ်နိုင်သူများ အပူရှောင်ရန် စိတ်ဝင်စားသောမြို့တစ်မြို့လည်းဖြစ်သည်။

ပြင်ဦးလွင်မြို့သို့ အပူရှောင်ရန်အများဆုံးလာရောက်ကြသူများမှာ မန္တလေးမြို့၊မိတ္ထီလာမြို့နှင့် မုံရွာမြို့တို့မှအများဆုံးဖြစ်ကြောင်းသိရသည်။

ပြင်ဦးလွင်မြို့၌ အပူချိန်တဖြည်းဖြည်းမြင့်တက်လာခြင်းမှာ သစ်တောများပြုန်းတီးမှုကြောင့်ဖြစ်နိုင်ကြောင်း ဒေသခံအချိုက သုံးသပ်ပြောဆိုကြသည်။

ထိုကဲ့သို့ သစ်တောပြုန်းတီးရခြင်းအကြောင်းရင်းမှာ ဘော်ဒါဆောင်များ၊ စစ်တပ်များ အနေဖြင့် အစားအသောက်ချက်ပြုတ်ရာတွင် ထင်းကိုအသုံးပြုခြင်းတို့ကြောင့်ဖြစ်နိုင်သည်ဟု ဒေသခံအချို့ကဆိုသည်။

ထို့အပြင် ပြင်ဦးလွင်မြို့တွင် ထုံးဖုတ်လုပ်ငန်းများပြုလုပ်လျက်ရှိရာ ထုံးဖုတ်ရာတွင် ထင်းများကို အသုံးပြုခြင်းကြောင့် လည်းဖြစ်နိုင်ကြောင်း အချို့ကပြောကြသည်။

“ဒီမှာ တဖြည်းဖြည်းပူလာတာလည်းမပြောနဲ့ ဘော်ဒါဆောင်တွေ၊ စစ်တပ်တွေ ရှိနေတော့ ချက်ရေးပြုတ်ရေး အတွက် ထင်းခုတ်ကြတယ်လေ၊ ထုံးဖုတ်ရင်လည်း အမြစ်ပါမကျန် ထုံးဖိုထဲ ထည့်လို့ရတော့ ခုတ်လို့ရသမျှ အမြစ်ပါမချန် အကုန်ခုတ်နေကြတယ်။” ဟု ပြင်ဦးလွင်မြို့ရှိ နောင်ခမ်းကြီး
ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

Myit Makha Mediagroup

မြို့မ တေးဂီတ ရန်ကုန်တွင် ဖျော်ဖြေမည်

၎.၄.၂၀၁၃၊ ကြာသပတေးနေ့
၂၀၁၂ သင်္ကြန်က မန္တလေးတွင် လိုက်လံဖျော်ဖြေခဲ့သော မြို့မ တေးဂီတဝိုင်း (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
အတာတေးနဲ့ မြို့မ သင်္ကြန်သံစုံ ဂီတဖျော်ဖြေပွဲကို မန္တလေးမြို့မ တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ဧပြီ ၆ (စနေ) ညနေ ၆ နာရီတွင် ရန်ကုန် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ဖျော်ဖြေမည်ဟု ၎င်းအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာလှခိုင် ထံမှ သိရသည်။
ဖျော်ဖြေပွဲကို JBL (Galaxy Pro Rent) ကုမ္ပဏီမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး စင်ကာပူနည်းပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့မတေးဂီတ မန်နေဂျာ ဦးဇော်ဝင်းသန်းက ပြောသည်။
“ခေါင်းစဉ်ကတော့ JBL စက်တွေကို ပရိုမိုးရှင်း လုပ်တဲ့သဘောပါပဲ။ မြို့မတေးဂီတအဖွဲ့က အပုဒ်ရေ ၂၀ ကျော်လောက် တီးကြမယ်။ ဧည့်သည်တီးဝိုင်း ဖိတ်ထားတာတော့မရှိသေးပါဘူး” ဟု မန်နေဂျာ ဦးဇော်ဝင်းသန်းက ဆိုသည်။
ဖျော်ဖြေပွဲတွင် တေးသံရှင် တက္ကသိုလ်မင်းနောင်၊ ကိုသိန်းဝင်း၊ သန်းမြတ်စိုး၊ ရန်ပိုင်စိုး၊ မန္တလေးသိန်းဇော်၊ ဖိုးသောကြာ၊ ဇေယျာပြည့်ဖြိုး၊ ချစ်ကောင်း၊ စည်သူလွင်၊ ဘိုဘို၊ ထား၊ တင်တင်မြ၊ ရီရီသန့်၊ ညွန့်ညွန့်သိန်း၊ စိုးစန္ဒာထွန်း၊ အိအိချွန်၊ ပန်းအိဖြူ၊ ရတနာဦး စသည့် တေးသံရှင်များက ဖျော်ဖြေကြမည်ဖြစ်ပြီး မြန်မာသံတေးများ၊ သင်္ကြန်တေးအကများ ဖြင့်လည်း တင်ဆက် ဖျော်ဖြေမည်ဖြစ်သည်။
“ဧပြီ ၆ ရက်နေ့မှာ ကိုမင်းနောင်နဲ့ ကိုသိန်းဝင်းတို့ကတော့ ကိုယ်ပိုင်သီချင်းတွေနဲ့ အစပိုင်းမှာ ဖျော်ဖြေမယ်။ သင်္ကြန် သီချင်းတွေ မြို့မဧည့်ခံ သီချင်းတွေကို အများဆုံးဆိုကြမှာပါ။ မြို့မ တေးဂီတအနေနဲ့ ဘယ်သီချင်းဖြစ်ဖြစ် တီးနိုင်တယ် ဆိုတာလည်း ပြချင်ပါတယ်” ဟု မန်နေဂျာ ဦးဇော်ဝင်းသန်းက ပြောသည်။
မြို့မ တေးဂီတအဖွဲ့နှင့် ပါဝင်သီဆိုမည့် တေးသံရှင် စည်သူလွင်က “ဖိုးညိုမြနဲ့ ရှာပုံတော် မင်းသားကြီး သီချင်းနှစ်ပုဒ် ဖျော်ဖြေဖို့ စဉ်းစားထားပါတယ်။ သင်္ကြန် သီချင်းတွေအနေနဲ့ ဒီပွဲက မြို့မနဲ့ ဖျော်ဖြေတာ ပထမဆုံးပွဲပါ။တခြား သီချင်းတွေကိုတော့ မန္တလေးမှာမြို့မနဲ့ တခါ ဖျော်ဖြေဖူးတယ်။ မြို့မနဲ့ မန္တလေး၊ မြို့မနဲ့ သင်္ကြန်ဆိုတာ အစဉ်အလာရှိခဲ့ပါတယ်။ အခုလို ၀င်ရောက် သီဆိုရတဲ့အတွက် အရမ်းဝမ်းသာတယ်” ဟု ပြောသည်။
လက်မှတ်များကို ကျပ် ၁၀၀၀၀၊ ၂၀၀၀၀ သတ်မှတ်ထားကြောင်း၊ ယခုပွဲသည် JBL (Galaxy Pro Rent) ၏ ဒုတိယမြောက် ပွဲဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ပထမဆုံး ပွဲအဖြစ် ဇော်ဝင်းထွဋ်နှင့် S.I.R ပွဲကို ကျင်းပခဲ့ကြောင်း JBL(Galaxy Pro Rent) ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇော်က ပြောသည်။
မြို့မတေးဂီတ၏ ဧပြီ ၆ ရက်နေ့ ဖျော်ဖြေပွဲသည် ရန်ကုန်တွင် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်သည် ၂၀၀၉ တွင် ရန်ကုန် မျှော်စင်ကျွန်းတွင် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
မြို့မ တေးဂီတသည် မတ် ၂၉ တွင် မန္တလေး အမျိုးသား ကဇာတ်ရုံတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မပပျောက်ရေး ရည်ရွယ်ချက်ဖြင့် မန္တလေးနှင့် မြို့မဟူသော ဖျော်ဖြေပွဲတပွဲ ကျင်းပရန်ရှိသေးသည်။
မန္တလေး မြို့မတေးဂီတသည် ၁၉၂၅ တွင် စတင်ခဲ့ပြီး အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း (ဦးကျော်ငြိမ်း) က တည်ထောင်ခဲ့ သူများထဲတွင် တဦးအပါအ၀င် ဖြစ်သည်။ မြို့မငြိမ်းသည် မြန်မာ့တေးဂီတ သမိုင်းတွင် ကျန်ရစ်စေသော မြန်မာသီချင်း (Modern Classicisms) များကို သီကုံးခဲ့၍ ပန်းချီပန်းပု ပညာရပ်များကိုလည်း တတ်မြောက်ခဲ့သူဖြစ်သည်။
၁၉၂၈ ခုနှစ်တွင် မန္တလေး မြို့မတူရိယာအဖွဲ့ကို ဦးကော်လုံဆိုသူက တည်ထောင်ခဲ့ရာ ဦးကျော်ငြိမ်းလည်း ပါဝင်ခဲ့သည်။ ဦးကျော်ငြိမ်းသည် မြို့မ အဖွဲ့သားအဖြစ် အနောက်တိုင်း တူရိယာ တီးနည်းနှင့် တူရိယာ သင်္ကေတ ပညာတို့ကို သင်ယူခဲ့သည်ပြီး ၁၉၃၁ မှစ၍ သီချင်းများကို ရေးစပ်ခဲ့ရာ မြို့မငြိမ်း ဟူသော ဂီတစာဆိုအမည်ကို ခံယူခဲ့သည်။
မြို့မငြိမ်း ရေးသားခဲ့သော သီချင်းပေါင်း ၂၀၀ ခန့် ရှိသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ပါရှိသည်။ မြန်မာသင်္ကြန်၏ ပြယုဂ်ဖြစ်သော မန်းတောင်ရိပ်ခို သီချင်းကိုလည်း ၎င်းက ရေးစပ်ခဲ့သည်။ မြို့မငြိမ်း၏ သီချင်းများအနက် ပထမဦးဆုံး တတိုင်းပြည်လုံး ကျော်ကြားခဲ့သော သီချင်းမှာ “ချစ်တာပဓာန” သီချင်း ဖြစ်သည်။ သီချင်းရေး သက်တမ်း ၂၄ နှစ်အတွင်း ကျော်ကြားခဲ့သော သီချင်းများမှာ ခင့်အိပ်မက်၊ တစ်ချစ်ထဲ ချစ်၊ မြင်းခင်းတော်၊ နတ်သျှင်နောင်၊ မေ့ပါနိုင်၊ ပျို့မှာတမ်း၊ သက်ဝေ၊ ပါရမီတော်၊ ချစ်ရဲဘော်၊ မင်္ဂလာမောင်မယ်၊ ငွေဇင်ယော်၊ ပြုံးတဲ့မေ၊ လေချိုသွေး စသော သီချင်းများ ဖြစ်ကြသည်။ မြို့မငြိမ်း သီချင်း စတင်ရေးသားခဲ့သော အချိန်၌ အနောက်တိုင်း တေးသွားများကို ပုံတူကူး၍ မြန်မာစကားလုံး သွင်းကာ စပ်ဆိုသော အလေ့အကျင့် ခေတ်စားနေသော အချိန်ဖြစ်သည်။ သို့သော် မြို့မငြိမ်းသည် အနောက်တိုင်း ဂီတမှ သီချင်း စပ်နည်းကို မီငြမ်းသော်လည်း တေးသွားကို ခိုးချခြင်း မပြုဘဲ သူ၏ ပင်ကိုယ်ဂီတဉာဏ်ဖြင့်သာ ကိုယ်ပိုင် တေးသွားများ ရေးစပ်ခဲ့ကြောင်း www.Shwesu.web.com တွင် ဖော်ပြထားသည်။

ဧရာဝတီ 

သံတွဲ ဆန္ဒပြပွဲ ခွင့်ပြုချက် ပယ်ချခံရ၊ ခေါင်းစဉ်ပြောင်း၍ ထပ်တင်



၎.၄.၂၀၁၃၊ ကြာသပတေးနေ့          

စစ်တွေ(မဇ္ဈိမ)။ ။ ရခိုင်အမျိုးသမီးများ ဘဝလုံခြုံမှု ရှိစေရေးအတွက် ဧပြီလ ၄ ရက်နေ့ သံတွဲတွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆန္ဒပြပွဲအား မြို့နယ်မှ ပယ်ချလိုက်သဖြင့် ခေါင်းစဉ် ပြောင်း၍ ယနေ့ ခွင့်ပြုချက် ထပ်တင်လိုက်ကြောင်း ဦးဆောင်စီစဉ်သူများက ဆိုသည်။

မတ်လ ၂၉ ရက်နေ့က သံတွဲမြို့နယ် ရဲမှူးထံ တင်ပြထားသည့် ဆန္ဒပြခွင့်ကို “ဧပြီ ၂ ရက်နေ့မှာ ပယ်ချတယ်။ ပယ်ရတဲ့အကြောင်းရင်းက ယခင်တောင်းဆိုထားတဲ့ စီရင်ချက်ချဖို့ နှောင့်နှေးနေတဲ့အမှု ၁၁ မှုကို တရားရုံးက အားလုံးစီစဉ် ထားပြီး ဖြစ်တယ်။ ရခိုင်အမျိုးသမီးတဦး မုဒိမ်းကျင့်ခံရတဲ့ အမှုကိုလည်း ဧပြီလ ၈ ရက်နေ့မှာ စီရင်ချက်ချတော့မယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးထွန်းရွှေက ပြောပါတယ်။ ဒါနဲ့ ကျနော်တို့ အစည်းအဝေးထိုင်ပြီး တောင်းဆိုချက်တွေကို ပြောင်းလဲ ခဲ့တယ်” ဟု သံတွဲလူမှုကွန်ယက်မှ ဦးမြင့်မိုး က ပြောသည်။          

ဧပြီလ ၉ ရက်နေ့တွင် ဆန္ဒပြခွင့်ရရန် ထပ်မံတင်ပြထားကြသည်။ တရားဥပဒေ စိုးမိုးရေး အပါအဝင်၊ ကျေးရွာ လုံခြုံရေး၊ ဧည့်စာရင်း စစ်ဆေးရေးနှင့် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေ အကောင်အထည် ဖော်ရေးဟူ၍ အချက် ၄ချက်ပါဝင်ကြောင်း စီစဉ်သူများက ဆိုသည်။          

ထိုဆန္ဒပြပွဲတွင် လူ ၂၀၀ ခန့်ပါဝင်မည်ဟု ဆိုသည်။

Mizzima 

" ဒေါ်အောင်ဆန်းစုကြည်ကအစွန်းရောက်မှုတွေ ရှောင်ဖို့ ပြောကြား"



 
ဒေါ်အောင်ဆန်းစုကြည်က အဓိကရုဏ်းတွေ ပပျောက်ရေး အတွက် အကြမ်းဖက်မှုနဲ့အစွန်းရောက်မှုတွေကို ရှောင်ကျဉ်ဖို့ လိုကြောင်းပြောဆိုလိုက်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း မိတ္ထီလာက စခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ပတ်သက်ပြီး “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ် အတွက် RFA က မေးမြန်းခဲ့ရာမှာ သူကအခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"အမတို့နိုင်ငံကလူအများစုက အေးအေးဆေးဆေး နေချင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ချင်စိတ် မရှိဘူး။ ရှိတယ်ဆိုရင်လည်း အမတို့ ဘယ်လိုမှ အားမပေးသင့်ဘူး။အထူးသဖြင့် အကြမ်းဖက်မှုဆိုတာ ဘယ်လိုနည်းနဲ့မှ ခွင့်ပြုစရာမရှိဘူး။ ဘာဆင်ခြေနဲ့မှ အကြမ်းဖက်မှု မရှိဘူးလို့ ဒီလို မြင်ပါတယ်"

ဒါ့အပြင် တော်လှန်ရေးနေ့ အခမ်းအနား နဲ့ ပတ်သက်ပြီး ဖိတ်ကြားခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်းနဲ့တဆက်တည်းမှာ နိုင်ငံခြားသတင်းဌာနတချို့ရဲ့တင်ပြပုံဟာ ပြည့်စုံမျှတမှုမရှိဖူးလို့ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။      

"ဒီလိုဖိတ်တာကို ကျေးဇူးတင်တယ်။နောက်ပြီးတော့ သွားရတာလည်း ဂုဏ်ယူတယ်။တော်လှန်ရေးနေ့လို့ အမတို့က အမြဲခေါ်တယ်။ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဒီနေ့ဟာ ဖက်ဆစ်ကို တော်လှန်ခဲ့တဲ့နေ့၊ တပ်မတော်နေ့လို့ ဘာလို့ခေါ်တယ်။ တပ်မတော်ဆိုတာ ဘယ်တုန်းက စတင်ခဲ့တယ်ဆိုပြီး ပြည့်ပြည့်စုံစုံ ပြောသွားတော့အရမ်းအားရတယ်။
နောက်ပြီးတော့ ဖေဖေ့ကိုလည်း တပ်မတော် ဖခင်ကြီး အဖြစ် ပြောသွားတော့ ဝမ်းသာတယ်။အားရတယ်။တစ်ချို့ နိုင်ငံခြား သတင်းဌာနတွေကဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ရမယ်။ ကာကွယ်ရမယ်လို့ ပြောတာကို မီးမောင်းထိုးပြတယ်။ တကယ်ဆိုလို့ရှိရင် ထူးခြားတဲ့ဟာကို ကြည့်ရမယ်။မကြည့်ဘဲနဲ့ သမရိုးကျဟာကို မီးမောင်းထိုးကြည့်တာကိုတော့ ချိန်ခွင်လျှာညီမျှမှု မရှိဘူးလို့ ထင်ပါတယ်"         

ပုဂ္ဂလိကသတင်းစာတွေ ပြန်လည်ထုတ်ဝေခွင့်ရတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒါဟာ ဝမ်းသာစရာ ကိစ္စဖြစ် ကြောင်း နဲ့ ဒီနေ့လူငယ်သတင်းသမား တွေရဲ့ကြိုးစားမှုကိုအားရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။