17.6.13

ပုသိမ်မြို့ရှောင်လမ်း ဖောက်မည်

ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့ တောင်ဘက်ရှိ ငပုတောမြို့မှ ရန်ကုန်မြို့ သို့ သွားရောက်ရာ တွင် ပုသိမ်မြို့ကို ဖြတ်သန်း နေရသဖြင့် မြို့ရှောင်လမ်း အဆင့်မြှင့် ဖောက်လုပ်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဝင်းနိုင် The Voice သို့ ပြောကြားသည်။

ယင်းမြို့ရှောင်လမ်းမှာ ရှိနှင့်ပြီး ဖြစ်သော်လည်း ပျက်စီးနေပြီး ယာဉ်လိုင်းများ အသုံးပြု၍ မရသည့်အတွက် ပုသိမ်-ငပုတောလမ်း အုတ်စီ ကုန်းလမ်းခွဲမှ ပုသိမ်မြို့ မဟာစေတီလမ်း (ဘုရားကြီး ကုန်းကျေးရွာ) အထိလေးမိုင် နှစ်ဖာလုံခန့်ကို အဆင့်မြှင့် ပြုပြင်ရန် လိုအပ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့က ပြည်သူ့ ထံမှ ကောက်ခံ ရရှိသော အခွန်ငွေဖြင့် ဆောင်ရွက်ရန် မလုံလောက်သည့် အတွက် ဆောက်လုပ်ရေး ဝန်ကြီး ဌာနက လွှဲပြောင်း ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရထံ တင်ပြထားပြီး ဖြစ်ကာ ခွင့်ပြုချက် ရရှိသည်နှင့် လမ်းပြုပြင်ရေး အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ဦးကျော်ဝင်းနိုင်က ပြောဆိုသည်။

ပုသိမ်မြို့ရှောင် လမ်းပေါ်ရှိအုတ်စီကုန်းရွာ၊ ညောင်ကုန်းရွာ၊ပေါက်ကုန်းရွာနှင့် ဘုရားကြီးကုန်းရွာတို့မှာ လမ်းပြုပြင်ပြီးစီးပါက ပုသိမ်မြို့နှင့် ဆက်သွယ်ရေး ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ဒေသခံများက ပြောကြား သည်။ ငပုတောမြို့မှ ရန်ကုန်မြို့သို့ သွားလာရာတွင် ပုသိမ်-ငပုတော လမ်းပေါ်ရှိ သက္ကယ်ချောင်း တံတားနှင့် မြို့ရှောင်လမ်း ပြီးစီးပါက ပုသိမ်မြို့ကိုဖြတ်သန်းရန် မလိုတော့ဘဲ ပုသိမ်-ရန်ကုန်လမ်း (မြက်တို လမ်းခွဲ)သို့ တိုက်ရိုက် ရောက်ရှိနိုင်မည် ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment