17.6.13

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် (၁)၊ (၂) တို့မှ ဖယ်ရှားခံရ သူများအား ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁၅၅ ရပ်ကွက်သို့ ပြောင်းရွှေ့

 

ဒဂုံမြို့သစ်အရှေ့ပိုင်း (၁၅၅) ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ယာယီနေရာ ချထားပေးသည့် ပြောင်းရွှေ့ခံရသူများအား ဇွန် ၁၆ ရက် ည ၁၁ နာရီခွဲခန့်က တွေ့ရစဉ် (ဓာတ်ပုံ - သက်မျိုးမင်း)


 သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် (၁) (၂) တို့မှ ဖယ်ရှားခံရ သူများအား ဇွန် ၁၆ ရက် ညနေပိုင်းမှစကာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ၁၅၅ ရပ်ကွက်သို့ ပြောင်းရွှေ့ပေးနေကြောင်း သိရသည်။

 
ဇွန် ၁၆ ရက် ညနေ ၃ နာရီခန့်မှစကာ ရန်ကုန်မြို့တော် စည်ပင်မှ ကား ၆ စီးဖြင့် မိကျောင်းကန် ရပ်ကွက်များရှိ အိမ်ထောင်စု ၁၇၉ စုမှ အိမ်ထောင်ဦးစီးများကို အဆိုပါ ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၅၅ ရပ်ကွက်သို့ ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်သည်။
 
ညနေပိုင်းတွင် ပြောင်းရွှေ့ခံရသူများအား ရပ်ကွက်အတွင်းရှိ မူလတန်းကျောင်းတွင် ယာယီနေရာ ချထားပေးပြီး အဆိုပါရပ်ကွက် အတွင်းရှိ ပလပ်မြေတွင် နေရာပြန်လည် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။
 
"လောလောဆယ်တော့ ကျွန်တော်တို့ ရပ်ကွက်ထဲက ပလပ်မြေမှာ ပြန်ပြီး နေရာချထားပေးမယ်လို့ သိရတယ်။ မနေ့က (ဇွန် ၁၅ ရက်) ကစပြီး အိုးအိမ်ဦးစီး ဌာနကနေ ရပ်ကွက်ပလပ်မြေမှာ အကွက်တွေ လာရိုက်သွားတယ်။ ပလပ်မြေ အကျယ်ကတော့ ၃ ဧက ကျော်လောက်တော့ ရှိမယ်ထင်တယ်" ဟု ၁၅၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ပြောကြားသည်။
ဇွန်၁၅ ရက်နေ့က တာဝန်ရှိသူများက ပြောကြားရာတွင် တစ်အိမ်ထောင်လျှင် မြေကွက် ၂၀ ပေ_၆၀ ပေ ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ဇွန် ၁၆ ရက်နေ့တွင်မူ တစ်အိမ်ထောင်လျှင် ၂၀ ပေ_ ၃၀ပေသာပေးတော့မည်ဟုပြောကြောင်းနှင့်ယင်းမြေကွက်များကိုယာယီပေးခြင်း ဖြစ်သည်ဟုသာပြောကြား 
ကြောင်း ပြောင်းရွှေ့ခံရသူများက ပြောကြားသည်။
"ပေ ၂၀၊ ပေ ၃၀ ဆိုတော့ နေရတာ အခက်အခဲ အများကြီး ရှိမှာပါ။ အိမ်သာထားဖို့လည်း မလွယ်ဘူး။ လမ်းလည်းမပေးဘူးလို့ ပြောတယ်။ ရေ၊ မီးကလည်း အစဆိုတော့ ဘယ်လိုပေးမယ်မှန်း မသိသေးဘူး။ ပေ ၂၀၊ ပေ ၆၀ လောက်ဆိုရင်တော့ အဆင်ပြေနိုင်တယ်။ အခုကတော့ မြေကွက်ပေးမယ် ဆိုတာပဲ ကြားသေးတယ်။ အိမ်ဆောက်ပေးမှာလား၊ မပေးဘူးလား ဆိုတာတော့ မသိရသေးဘူး" ဟု ပြောင်းရွှေ့ခံရသူ တစ်ဦးဖြစ်သူ ကိုဇော်ဇော်ဝင်းက ပြောကြားသည်။
 
လတ်တလော ရွှေ့ပြောင်းနေသူများမှာ အိမ်ထောင်ဦးစီး များသာဖြစ်ပြီး ဇွန် ၁၇ ရက်နံနက်ပိုင်းတွင် မြေကွက်များကို မဲနှိုက်ကာ နေရာချထားပေးမည် ဖြစ်သောကြောင့် ကြိုတင်သွားရောက် နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။
 
ကျန်ခဲ့သည့် မိသားစုများမှာမူ ဖယ်ရှားခံရသည့် မြေကွက်များအနီး လမ်းဘေးတွင် ဆက်လက်နေထိုင်မည် ဆိုပါက တရားစွဲဆိုမည်ဟု ဆိုသောကြောင့် ဇွန် ၁၆ ရက် ညနေပိုင်းမှစကာ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆ ရပ်ကွက်ရှိ အပိုင်း (၂) နှင့် အပိုင်း (၃) ဓမ္မာရုံတို့တွင် အကူအညီတောင်းကာ ယာယီနေထိုင်နေရကြောင်း သိရသည်။
 
မိကျောင်းကန်ရပ်ကွက် (၁) နှင့် (၂) တွင် ရပ်ကွက်မြေ အကျယ်အ၀န်းမှာ ၃၃ ဧကကျော် ကျယ်ဝန်းပြီး အိမ်ခြေ ၂၀၀ ကျော်ရှိကာ ဇွန် ၁၃ ရက်တွင် တပ်မြို့စည်ပင်သာယာရေး အဖွဲ့မှ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။
Ref: Eleven

0 comments:

Post a Comment