4.3.16

ပြည်နယ်/တိုင်း ၀န်ကြီးချုပ်အားလုံးကို NLD ကိုယ်စားလှယ်များသာ ခန့်အပ်မည့်ကိစ္စ သေချာ


လာမည့် NLD အစိုးရသစ်ဖွဲ့စည်းရာတွင် ပြည်နယ်/တိုင်းဒေသကြီး ၀န်ကြီးချုပ်များကို သမ္မတမှ တိုက်ရိုက်ခန့်အပ်ရမည်ဖြစ်ပြီး ပြည်နယ်တိုင်းဒေသကြီး ၁၄ ခုမှ ၀န်ကြီးချုပ်ရာထူးများကို NLD ကိုယ်စားလှယ်များကိုသာ ခန့်အပ်သွားမည်ဖြစ်ကြောင်း ပါတီအလုပ် အမှုဆောင်အဖွဲ့ဝင်နှင့် အတွင်းရေးမှူး အဖွဲ့ဝင်ဦးဝင်းထိန်က မတ်လ ၃ ရက်တွင် News Watch သို့ အတည်ပြုပြောကြားသည်။

ပြည်နယ် တိုင်းဒေသကြီး ၀န်ကြီးချုပ်များကို NLD မှပဲ ရွေးချယ်လျာထားသည်ဆိုသည့် ဖော်ပြချက်နှင့် ပတ်သက်ပြီး မေးခွန်းကို ဦးဝင်းထိန်က ''ပြည်နယ်တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို ကျုပ်တို့ NLD ကပဲ ရွေးပြီး ခန့်မှာဖြစ်တယ်''ဟု အတည်ပြုပြောဆိုသည်။
ထို့ပြင် မတ်လ ၁၀ ရက်တွင် သမ္မတလောင်း အမည်စာရင်းများတင်သွင်းနိုင်ရန် သက်ဆိုင်ရာလွှတ်တော်ကိုယ် စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ကျင်းပမည့်ကိစ္စနှင့် ပတ်သက်၍ ဦးဝင်းထိန်အား ဆက်လက်မေးမြန်းခဲ့ရာ ပြန်လည်ပြောကြားခြင်းမရှိပေ။

NLD နှင့် တပ်မတော်တို့ သုံးကြိမ်တိုင် ဆွေးနွေးခဲ့ရာတွင် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေးနှင့် တပ်မတော်ဘက်မှ လိုလားသည့် ၀န်ကြီးချုပ်နေရာများ အပေးအယူလုပ်မည့်ကိစ္စ အောင်မြင်မှုမရှိဘဲ NLD နာယက ယခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးကို သမ္မတလောင်းအဖြစ် လျာထားသည်ဟုလည်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
''ဦးတင်ဦးကို ကျန်းမာရေးအရ အတော်ဂရုစိုက်ဖို့ အသွားအလာတွေကအစ ဂရုစိုက်ဖို့ မလိုအပ်တဲ့ အခမ်းအနားပွဲတွေ အပင်ပန်းခံမတက်ဖို့ ဆရာဝန်များက အသိပေးထားတာရှိပါတယ်။ အဓိက အဘရဲ့ ကျန်းမာရေးကို ဒေါ်စုကလည်း ဂရုစိုက်ခိုင်းပါတယ်။ ပြီးတော့ အဘအနေနဲ့အစိုးရ အဖွဲ့ဝင်တွေကို တာဝန်ပေးဖို့ ရွေးချယ်စဉ်းစားခိုင်းတာတွေကို ပြောထားတာရှိတယ်။ ဖြစ်နိုင်ခြေအရှိဆုံးက ၅၉(စ)မပြင် ဆင်နိုင်တဲ့ ကြားကာလမှာ အဘကို ခေတ္တဖြစ်ဖြစ် တာဝန်ယူခိုင်းမယ့်သဘောလို့ ယူဆလို့ရတယ်''ဟု ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များနှင့် နီးစပ်သူပါတီဝင်များက ဆိုသည်။
NLD နာယက ဦးတင်ဦးသည် သမ္မတတာဝန်ယူရန် သတင်းမီဒီယာများသို့ အကြိမ်ကြိမ်ငြင်းဆိုခဲ့သော်လည်း အချိန်ကာလတိုတခုအတွင်း တာဝန်ထမ်းဆောင်ရမည်ဟု ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ တိုက်တွန်းလျှင် တာဝန်ယူမည့်အခြေအနေရှိသည်ဟုလည်း NLD ရုံးချုပ် ပါတီဝင်များထံမှ သိရသည်။
ပြည်နယ်/ တိုင်းဒေသကြီး ၀န်ကြီးချုပ်များ ရွေးချယ်လျာထားခြင်းကိစ္စကို မတ်လ ၆ ရက်၌ ကျင်းပပြုလုပ်မည့် NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးသွားမည်ဟုလည်း သိရသည်။

Credit To >> > News Watch Journal

0 comments:

Post a Comment