20.6.13

တောင်ကြီးမြို့တွင် ကျောင်းကျန်းမာရေး စစ်ဆေးရာမှ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုပေါ်ပေါက်

ကလေးငယ်၏ ဒဏ်ရာများအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းအောင်မြတ်)

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၅) ရှိ အ.မ.က (၁၅) မူလွန်ကျောင်းတွင် မြို့နယ်ကျောင်း ကျန်းမာရေး အဖွဲ့မှ ဇွန် ၁၉ ရက် နံနက် ၉ နာရီ အချိန်က ကလေးများကို ကျန်းမာရေး စစ်ဆေးပေးရာမှ အသက်ခြောက်နှစ်အရွယ် ပထမတန်းကျောင်းသူ တစ်ဦးအား ညှဉ်းပန်းနှိပ်စက်ထားကြောင်း စစ်ဆေးတွေ့ ရှိ ခဲ့သဖြင့် သက်ဆိုင်ရာ ဌာနများသို့ အကြောင်း ကြားပြီး အရေးယူ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ပထမတန်းတွင် ပညာသင်ကြားနေသူ မသက်ထားခင်အား ကျန်းမာရေး စစ်ဆေးစဉ် မျက်နှာတွင် ညိုမဲ ဒဏ်ရာ တွေ့ရှိသဖြင့် ဆက်လက်စစ်ဆေးရာ ကလေး၏ ခန္ဓာကိုယ်အနှံ့ အပြားတွင် ဒဏ်ရာများ တွေ့ရှိ သဖြင့် ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနသို့ အကြောင်းကြားခဲ့ရာ လူမှုဝန်ထမ်း တာဝန်ရှိသူများနှင့် အတူ ပြည်နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကလေး၏ အုပ်ထိန်းသူများကို စစ်ဆေးမေးမြန်းခဲ့ရာ မသက်ထားခင်အား အဒေါ် ဒေါ်ပြုံးညို (၄၉) နှစ်နှင့် အစ်မ ၀မ်းကွဲတော်စပ်သူ မဝေေ၀ဖြိုး (၁၇) နှစ်တို့က ရိုက်နှက်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တောင်ကြီး အမှတ် (၁) ရဲတပ်ဖွဲ့သို့ အကြောင်းကြား တိုင်တန်းခဲ့ပြီး စခန်းမှူးနှင့် အဖွဲ့က ရဲဆေးစာ ပြုလုပ်နိုင်ရေး စစ်စံထွန်း ဆေးရုံသို့ပို့၍ စစ်ဆေးခဲ့သည်။

ဆက်လက်ပြီး မသက်ထားခင်အား ရိုက်နှက်ခဲ့သူ ဒေါ်ပြုံးညိုနှင့် သမီးဖြစ်သူ မဝေေ၀ဖြိုးတို့ နေထိုင် ရာ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၅)၊ ရွှေပြည်အေးလမ်း၊ တ-၅၆ နေအိမ်မှ ကလေးအား ရိုက်နှက်ခဲ့ သည့် သက်သေခံ အနီရောင် အရှည်နှစ်ပေခန့်ရှိ နှစ်ပင်လိမ်ထားသော ၀ါယာကြိုးအား သက်သေများရှေ့ တွင် အမှတ် (၁) ရဲစခန်းမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး ရိုက်နှက်ခဲ့သူ နှစ်ဦးအား လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် တိုင်ကြားခဲ့သဖြင့် ၎င်းတို့နှစ်ဦး အား အမှတ် (၁) ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါကလေးငယ် အား တောင်ကြီးမြို့ အမျိုးသမီးပရဟိတ ဂေဟာတွင် ခေတ္တထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။

EMG

0 comments:

Post a Comment