20.6.13

ထားဝယ်မြို့ရှိ လယ်မြေအသိမ်းခံရသော လယ်သမားများအား အစိုးရအဖွဲ့ တာဝန်ရှိသူများက ဖိအားပေး လက်မှတ်ထိုးခိုင်း

 ထားဝယ်မြို့နယ်တွင် ၀န်ကြီးအိမ်ရာနှင့်ဝန်ထမ်းအိမ်ရာများ၊ ရုံးများ ဆောက်လုပ်ရန်အတွက် သိမ်းဆည်း ထားသော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် လယ်သမားများမှတောင်းဆိုမှုအချို့ ပြုလုပ်ခဲ့ပြီး ဇွန် ၁၈ ရက် မွန်းလွဲပိုင်းက လယ်မြေသိမ်းဆည်း ခံထားရသည့် လယ်သမားများအား တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးတင့်သိန်းနှင့် ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်တို့က မြို့တော်ခန်းမသို့ ခေါ်ယူပြီး လယ်သမားတို့အား ၎င်းတို့ချမှတ် ပေးထားသော အချက်များကိုသာ ပေးနိုင်မည်ဖြစ်သောကြောင့် သဘောတူပါက လက်မှတ်ရေးထိုးရန်၊ သဘောမတူပါက တရားရုံးတွင်သာ ဖြေရှင်းမည်ဟု ပြောကြားခဲ့ကြောင်း လယ်သမား ကိုယ်စားလှယ်များထံမှ သိရသည်။

"သူတို့ဝန်ကြီးအိမ်ရာ ဆောက်ဖို့နဲ့ ရုံးတွေဆောက်ဖို့အတွက် လယ်မြေအသိမ်းခံရတဲ့ လယ်သမား ၄၃ ဦးကို အစိုးရအဖွဲ့က ဒီနေ့မွန်းလွဲ ၁ နာရီခွဲမှာ မြို့တော်ခန်းမကို လာဖို့ခေါ်ခဲ့တယ်။ ဟိုရောက်တော့ ဦးတို့ ကိုယ်စားလှယ်တွေကို အထဲပေးမ၀င်ပါဘူး။ မီဒီယာတွေနဲ့ လယ်သမား ကိုယ်စားလှယ်တွေအပြင် ဆွဲထုတ် ဖို့  မြို့နယ်အုပ်ချုပ်ရေးမှူးက ရဲတွေကို ပြောပါတယ်။ လယ်သမား ၄၃ ဦးကိုပဲ အခန်းထဲမှာ ထားပါတယ်။ လယ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေကို သူတို့က လိုက်လျောမပေးနိုင်ဘူးလို့ ပြောပါတယ်။ သူတို့ ချမှတ်ထားတဲ့အတိုင်း လယ်သုံးဧက ပိုင်တဲ့သူကို မော်လဲဘုရားနားက မြေမှာ ၄၀၊ ၆၀ မြေကွက်တစ် ကွက်နှုန်း ပေးမယ်။ နောက်ပြီး အခုလက်ရှိ သိမ်းထားတဲ့လယ်တွေမှာ တစ်နှစ်စာအတွက် စိုက်ပျိုးစရိတ် တစ်ဧက တစ်သိန်းနှုန်း ထုတ်ချေးပေးမယ်။ အဲဒီ လယ်မြေထဲက တစ်နှစ်ပြည့်ရင် ထွက်ပေးရမယ်လို့ ပြော ပါတယ်။ သူတို့ပြောတဲ့အချက်ကိုလက်ခံရင် သဘောတူလက်မှတ် ရေးထိုးပေးဖို့နဲ့သဘောမတူရင် တရားရုံး မှာ တွေ့မယ်လို့ ဆိုပါတယ်။ သူတို့ ဒီလိုပြောလို့ လယ်သမားတွေထဲက ၁၁ ယောက်က လက်မှတ်ထိုးခဲ့ပြီး ကျန်တဲ့ ၃၂ ယောက်ကတော့ လက်မှတ်မထိုးခဲ့ပါဘူး။ ဦးတို့ လယ်သမားတွေက လယ်ပဲလုပ်တတ်တာ။ လယ်မရှိရင် ဘာလုပ်ရမှာလဲ။ သူတို့ပေးတဲ့ မော်လဲဘုရားနားက မြေတွေကအိမ်နောက်ဖေး လမ်းကြားထဲ က ရေမြုပ်နေတဲ့ နေရာတွေပါ" ဟု လယ်သမားများ ကွန်ရက်မှ ကိုယ်စားလှယ်ဖြစ်သူဦးအေးက ပြောကြား ခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိမ်းဆည်းထားသော လယ်ယာမြေမှာဧက ၁၀၀ ကျော်ခန့် ရှိပြီး လယ်မြေပေါ် တွင် အစိုးရပိုင်အဆောက်အအုံများအပြင် ပုဂ္ဂလိကဆေးရုံဆောက်လုပ်ရန် မြေနှစ်ဧကနှင့် ပြည်ခိုင်ဖြိုးပါတီ ၏ ပါတီရုံး အဆောက်အအုံအပြင် မြို့နယ်မြေစာရင်း ဦးစီးမှူး၏ နှစ်ထပ်တိုက်တစ်လုံး တည်ဆောက် ထားကြောင်း သိရသည်။

0 comments:

Post a Comment