16.10.14

ကိုဘာနီမြို့ အစိတ်အပိုင်း အချို့ကို IS တပ်ဖွဲ့များ လက်လွှတ်လာရ


တူရကီနှင့် နယ်စပ်အနီးရှိ မဟာဗျူဟာအရ အချက်အခြာကျသော ဆီးရီးယားမြို့ ကိုဘာနီကို သိမ်းယူရန် အားထုတ်နေသည့် အစ္စလာမ်မစ် နိုင်ငံတော် (IS) တပ်ဖွဲ့များ ယခုအခါ ပြန်လည် ဆုတ်ခွာစ ပြုနေပြီဟု သိရသည်။

IS တပ်ဖွဲ့၏ စီးနင်းတိုက်ခိုက်မှုကို ကာ့ဒ် ပြည်သူ့စစ်များက ကြံ့ကြံ့ခံ တွန်းလှန်နေပြီး ယခုအခါ IS တပ်ဖွဲ့ဝင်များသည် ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့၏ အစိတ်အပိုင်း အချို့ကို စွန့်ခွာသွားကြောင်း ကာ့ဒ်အရာရှိ တစ်ဦးဖြစ်သည့် အိုင်ဒရစ် နက်ဆန်က BBC သို့ ပြောကြားခဲ့သည်။

IS တပ်ဖွဲ့သည် ကိုဘာနီကို ပိတ်ဆို့ ဝန်းရံထားခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ၎င်းတို့ ထိန်းချုပ်ထားသည့် အစိတ်အပိုင်းအနက် မြို့၏ (၂၀)ရာခိုင်နှုန်းမျှသော ပမာဏကို လက်လွှတ်ခဲ့ရကြောင်း နက်ဆန်က ဆိုသည်။ အမေရိကန်နှင့် မဟာမိတ် လေတပ်များကလည်း ကိုဘာနီ အနီးတဝိုက်ရှိ IS ပစ်မှတ်များကို ဗုံးကြဲ တိုက်ခိုက်လျက် ရှိသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက လေကြောင်းထိုးစစ်များအတွင်း IS စစ်သွေးကြွ အရေအတွက် ရာနှင့်ချီ သေဆုံးခဲ့ကြောင်း ဆိုသည်။ နက်ဆန်က “ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာ IS တပ်ဖွဲ့က တစ်မြို့လုံးရဲ့ (၄၀)ရာခိုင်နှုန်းလောက်ကို စီးနင်းထားတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူတို့လက်ထဲ ရောက်နေတာ မြို့ရဲ့ (၂၀)ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ ဒီတစ်ပတ်ထဲမှာ ကာ့ဒ် ပြည်သူ့စစ်တွေဟာ ကိုဘာနီ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေကို ရှင်းလင်းဖို့အတွက် စစ်ဆင်ရေး ဆင်နွှဲသွားမှာပါ”ဟု ပြောကြားခဲ့သည်။

IS တပ်ဖွဲ့ကို ပူးပေါင်းတိုက်ခိုက်မှု စစ်ဆင်ရေးအတွက် အမေရိကန်က စေလွှတ်ခဲ့သည့် အထူးကိုယ်စားလှယ် အဖွဲ့မှ ဂျွန်အလန်က ကိုဘာနီမြို့ အနီးတွင် ပူးပေါင်းလေတပ်၏ ဗုံးကြဲမှုသည် ယခုအခါ ခုခံရေးသမား ပြည်သူ့စစ်များကို ပိုမိုထောက်ပံ့နိုင်ရန် ဗျူဟာ ပြောင်းလဲလာကြောင်း ရှင်းလင်းခဲ့သည်။ “ခုခံတိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေ အသက်ရှူချောင်လာအောင် ကြိုးစားပေးဖို့က အခုလောလောဆယ် ပိုပြီး အရေးတကြီး လိုအပ်လာတယ်။ မြေပြင်တပ်ဖွဲ့တွေ စုစည်းဖို့ အချိန်ပိုရလာတာမျိုး ဖြစ်နိုင်အောင် ရည်ရွယ်ပြီး လေကြောင်းပစ်ကူ ပေးနေပါတယ်”ဟု အလန်က ဆိုသည်။

IS တပ်ဖွဲ့သည် ကိုဘာနီမြို့ကို တစ်လကျော်မျှ ပိတ်ဆို့ထားပြီး တိုက်စစ်ဆင်နေသော်လည်း ကာ့ဒ်တပ်ဖွဲ့များက မြို့ထံတွင် ခံစစ်အနေအထား အခိုင်အမာ ရယူကာ တုံ့ပြန်နေခြင်း ဖြစ်သည်။ အမေရိကန်နှင့် ပူးပေါင်းလေတပ်ကလည်း ကိုဘာနီမြို့ အနီးရှိ IS တပ်ဖွဲ့များကို တိုက်ခိုက်မှုအရှိန် မြှင့်တင်ပြီး ကာ့ဒ်တပ်ဖွဲ့များကို အကူအညီ ပေးခဲ့သည်။ ကိုဘာနီမြို့သည် စစ်ရေးအရ အလွန်အရေးပါသည့် အနေအထားတွင် ရှိနေခြင်းကြောင့် IS တပ်ဖွဲ့က မြို့ကို သိမ်းယူရန် အထူးအားထုတ်နေခြင်း ဖြစ်သည်။

_Ref: BBC

0 comments:

Post a Comment