16.10.14

အမေရိကန်ကို အီဘိုလာရောဂါ ခြိမ်းခြောက်နိုင်ခြေ အလွန်နည်းပါးဆဲဟု အိုဘားမားပြောကြား


အမေရိကန် ပြည်ထောင်စုကို အီဘိုလာရောဂါက ခြိမ်းခြောက်နိုင်သည့် အခြေအနေသည် အလွန်နည်းပါးသည့် အဆင့်မျိုး၌သာ ရှိနေဆဲဟု သမ္မတ ဘာရတ် အိုဘားမားက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဒဲလက်စ်မြို့တွင် အီဘိုလာရောဂါဖြင့် သေဆုံးသည့် လိုက်ဘေးရီးယားနိုင်ငံသား တစ်ဦးကို ကုသပေးခဲ့သည့် သူနာပြု အဖွဲ့ဝင်နှစ်ဦး ရောဂါကူးစက်ခံရသည့် သတင်းကြောင့် အမေရိကန်တွင် အီဘိုလာရောဂါနှင့် ပတ်သက်၍ ထိတ်လန့်စိုးရိမ်မှုများ တိုးပွားလာသည်။

အိုဘားမားက အမေရိကန် ပြည်သူများကို နှစ်သိမ့်စကား ပြောကြားခဲ့ပြီး အီဘိုလာရောဂါသည် အမေရိကန်၌ အလွန်ဆိုးရွားစွာ ကူးစက်ပျံ့နှံ့နိုင်ခြေ နည်းပါးလွန်းလှကြောင်း ဆိုသည်။ “လူတိုင်းကို သေချာ နားလည်စေချင်တယ်။ ဒီနိုင်ငံအတွင်းမှာ အီဘိုလာရောဂါ ဆိုးဆိုးရွားရွား ကူးစက်ဖို့ အခြေအနေက အရမ်းနည်းပါးပါတယ်။ ဒါပေမဲ့လည်း အစိုးရအနေနဲ့ ဖြစ်နိုင်ခြေအားလုံးကို အမြင့်ဆုံးအဆင့် သတ်မှတ်ချက်နဲ့ သတိထား စောင့်ကြည့်သွားမှာပါ”ဟု အိုဘားမားက ပြောကြားခဲ့သည်။

အီဘိုလာရောဂါနှင့် ပတ်သက်၍ အစိုးရက မည်သို့ကိုင်တွယ်နေကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်၊ အမေရိကန်၏ ကုလသမဂ္ဂ သံတမန် ဆူဆန်ရိုက်စ်တို့ တစ်ဖက်တစ်ချက်စီ ခြံရံလျက် အနေအထားဖြင့် အိုဘားမားက သတင်းထောက်များအား ယင်းကဲ့သို့ အသိပေးခဲ့ခြင်း ဖြစ်သည်။

အိုဘားမားက အမေရိကန်၏ ရောဂါထိန်းချုပ်ရေး ကျွမ်းကျင်ပညာရှင်များသည် ဖြစ်ရပ်တိုင်းကို လျင်လျင်မြန်မြန် တုံ့ပြန်နိုင်စွမ်းရှိကြောင်းလည်း ဆိုသည်။ “ကျွန်တော့်ကိုယ် ကျွန်တော်ပဲ ဥပမာ ပေးပါရစေ။ ရောဂါထိန်းချုပ်ရေး သုတေသန စင်တာကို ကျွန်တော်သွားတယ်။ အဲဒီက ပညာရှင်တွေကို ကျွန်တော် လက်ဆွဲနှုတ်ဆက်တယ်။ ပွေ့ဖက်တယ်။ ဒါဟာ ဆရာဝန်တွေတင် မကဘူး၊ သူနာပြုတွေလည်း ပါတယ်။ သူတို့က ကိုယ်တတ်စွမ်းတဲ့ ပညာရပ်နဲ့ ရဲရဲရင့်ရင့် လုပ်အားပေးနေသူတွေ ဖြစ်ပါတယ်။ ဒီလို ထိတွေ့မှုတွေ ရှိခဲ့ပေမယ့် ကျွန်တော့် စိတ်ထဲမှာ ဘာမှ တွေးပူမနေပါဘူး။ လုံလုံခြုံခြုံပဲ ခံစားမိပါတယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အာဖရိက အနောက်ပိုင်း နိုင်ငံများတွင် ဆိုးဆိုးရွားရွား ကူးစက်ပျံ့နှံ့နေသည့် အီဘိုလာ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် (၄၅၀၀)မျှထိ ရှိလာပြီ ဖြစ်သည်။

_Ref: NBC

0 comments:

Post a Comment