15.9.14

ဗြိတိသျှ လူမှုကူညီရေး လုပ်သားကို ခေါင်းဖြတ်သည့် လုပ်ရပ်မှာ မိစ္ဆာလုပ်ရပ် စစ်စစ်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြောကြား


ဗြိတိသျှ လူမှုကူညီရေး ဝန်ထမ်းတစ်ဦး ဖြစ်သည့် ဒေးဗစ်ဟိန်းစ်ကို ခေါင်းဖြတ်သတ်ခဲ့သည့် အစ္စလာမ္မစ် အစွန်းရောက် လက်နက်ကိုင်အဖွဲ့ IS ၏ လုပ်ရပ်မှာ မိစ္ဆာလုပ်ရပ် စစ်စစ် ဖြစ်သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားလိုက်သည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။

ဒေးဗစ်ဟိန်းစ်ကို IS အဖွဲ့သားတစ်ဦးက ခေါင်းဖြတ်ကွပ်မျက်နေသည့် ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးသည့် နောက်တွင် ဒေးဗစ်ကင်မရွန်းက ယခုကဲ့သို့ ပြစ်တင်ရှုတ်ချလိုက်ခြင်း ဖြစ်သည်။

စနေနေ့ နှောင်းပိုင်းက ထွက်ပေါ်ခဲ့သော အဆိုပါ ဗီဒီယိုဖိုင်ထဲတွင် ဒေးဗစ်ဟိန်းစ်ကို ခေါင်းဖြတ်သတ်သူမှာ ယခင် အမေရိကန် သတင်းထောက်နှစ်ဦးကို ခေါင်းဖြတ်သတ်ပြခဲ့သည့် အဖွဲ့သားဟုပင် ယူဆရပြီး နောက်ထပ် ဗြိတိသျှ ဓားစာခံတစ်ဦးကို ခေါင်းဖြတ်သတ်ဦးမည်ဟုလည်း ယင်း IS အဖွဲ့သားက ခြိမ်းခြောက်ထားသည်။

အသက် ၄၄ နှစ်အရွယ်ရှိ လူမှုကူညီရေးဝန်ထမ်း ဒေးဗစ်ဟိန်းစ်သည် ဆီးရီးယားနိုင်ငံတွင် ၂၀၁၃ ခုနှစ် အတွင်းက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုပြီး ဒေးဗစ်ဟိန်းစ်ကို သတ်ဖြတ်သူများကို ရှာဖွေဖော်ထုတ်သွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ်က ကတိပေး ပြောကြားထားသည်။

“ဒါဟာ မိစ္ဆာလုပ်ရပ် စစ်စစ်တစ်ခုပါ။ ဒီတုန်လှုပ်စရာ အဖြစ်ဆိုးကြီးကို သတ္တိရှိရှိနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တဲ့ မစ္စတာဟိန်းစ်ရဲ့ မိသားစုနဲ့ထပ်တူ ကျွန်တော်လည်း ခံစားရပါတယ်” ဟု ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားခဲ့သည်။

“ဒီလူသတ်သမားတွေကို ရှာဖွေပြီး တရားသော နည်းအားဖြင့် စီရင်နိုင်ဖို့ ကျွန်တော်တို့မှာ ရှိသမျှ အစွမ်းတွေကို အသုံးချသွားမှာပါ” ဟုလည်း ၎င်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မစ္စတာဟိန်းစ်ကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုဖိုင်ကို အတည်ပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ထိုဗီဒီယိုဖိုင်ထဲတွင် မစ္စတာဟိန်းစ်ကို မျက်နှာဖုံးစွပ် လက်နက်ကိုင်တစ်ဦး၏ ဘေးတွင် ဒူးထောက်လျက်သား အနေအထားဖြင့် “ကျွန်တော့်နာမည် ဒေးဗစ်ကတ်သရုန်း ဟိန်းစ်ပါ။ ကျွန်တော် အခုလို သတ်ဖြတ်ခံရတာဟာ ဒေးဗစ်ကင်မရွန်းမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ကြေညာချင်ပါတယ်” ဟု ပြောကြားနေသည်ကို တွေ့ရသည်။

The Voice Weekly

0 comments:

Post a Comment