15.9.14

IS အဖွဲ့အား ဆန့်ကျင်ချေမှုန်းရေးတွင် ပါဝင်ရန် ယူအေအီးသို့ သြစတြေးလျတပ်ဖွဲ့ဝင် ၆၀၀ ခန့် စေလွှတ်မည်


အစ္စလာမ်မစ်နိုင်ငံတော်IS အဖွဲ့ စစ်သွေးကြွများအား ဆန့်ကျင်တိုက်ခိုက်ရန် ပြင်ဆင်နေကြသည့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ မဟာ မိတ် ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းရန်အတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံသို့ သြစတြေးလျ တပ်ဖွဲ့ဝင် ၆၀၀ ခန့် စေ လွှတ်တပ်ဖြန့်လိမ့်မည် ဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘက်ထ် က  က ဆိုခဲ့သည်ဟု စက်တင်ဘာ ၁၄ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အီရတ် နှင့် ဆီးရီးယားတို့တွင် ပါဝင် တိုက်ခိုက်နေကြသည့် သြစတြေးလျနိုင်ငံသား စစ်သွေးကြွများ သြစတြေးလျ သို့ ပြန် လာကြမည်ဆိုပါက နိုင်ငံ၏ လုံခြုံရေး ထိခိုက်လာမည့်အရေးကို စိုးရိမ်မှုများ ကြီးထွားမြင့်တက်လာလျက်ရှိသဖြင့် အကြမ်းဖက် ဝါဒ အန္တရာယ်ကို အလယ်အလတ် အဆင့်မှနေ၍ မြင့်သောအဆင့်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သြစတြေးလျ အစိုးရ က ကြေညာခဲ့အပြီး နှစ်ရက်အကြာတွင် တိုနီအက်ဘက်ထ်က ယခုကဲ့သို့ ပြောလိုက်ခြင်းလည်း ဖြစ်သည်။

သောင်းကျန်းလျက်ရှိသော အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့အား ဆန့်ကျင်တိုက်ခိုက်မည့် နိုင်ငံတကာ မဟာမိတ် ညွန့်ပေါင်း အဖွဲ့တွင် သြစတြေးလျလည်း ပူးပေါင်းပါဝင်ရန် အမေရိကန်က သြစတြေးလျအား တရားဝင် မေတ္တာရပ်ခံခဲ့ပြီးနောက် သြ စတြေးလျ လေကြောင်း ဆိုင် ရာအမှုထမ်း ၄၀၀ ခန့် နှင့် စစ်ဘက်အမှုထမ်း၂၀၀ ခန့် တပ်ဖြန့်ချထားမည့် အစီအစဉ် ကို ကြေညာ ခဲ့ခြင်း ဖြစ်သည်။ သြစတြေးလျ အနေဖြင့် တိုက်ပွဲ ဝင်တပ်ဖွဲ့များ စေလွှတ်တပ်ဖြန့်ရုံသာမဟုတ်ဘဲ လူသားချင်း စာနာထောက်ထားမှုကင်းမဲ့ခြင်း အကျပ်အတည်း ပို၍ မကြီးမား လာအောင် ကာကွယ်ရန် ရည်ရွယ်သည့် နိုင်ငံတကာ အားထုတ် မှုများတွင်လည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

“သြစတြေးလျတပ်ဖွဲ့တွေ အနေနဲ့ အီရတ်နိုင်ငံအတွင်း စစ်ဆင်တိုက်ခိုက်ရေးတွေမှာ မပါဝင်ခင် မှာ နောက်ထပ်ဆုံးဖြတ်ချက်တွေ ချမှတ်ရဦးမယ်ဆိုတာကတော့ ထင်ရှားပါတယ်” ဟု သြစတြေးလျနိုင်ငံ ဒါဝင်မြို့တွင် ကျင်းပခဲ့ သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝန်ကြီးချုပ် အက်ဘက်ထ်က ပြောကြားခဲ့သည်။

“ဒါပေမဲ့ IS အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရေး နိုင်ငံတကာ စစ်ဆင်ရေးတွေမှာ ပါဝင်ဖို့ သြစေတြးလျနိုင်ငံက ပြင်ဆင်ထားပါတယ်။ဘာကြောင့်လည်းဆိုတော့ ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ လူသတ်အဖွဲ့ဟာ အီရတ်က လူတွေလောက်ကိုပဲ၊ အရှေ့အလယ်ပိုင်းဒေသက လူတွေလောက်ကိုပဲ ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ သြစတြေး လျ အပါအဝင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတာပါ” ဟု ၎င်းက ဆိုခဲ့သည်။

အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွများအား ဆန့်ကျင်ချေမှုန်းရေး ညွန့်ပေါင်းအဖွဲ့တစ်ရပ် ခိုင်ခိုင်မာမာဖြစ်လာအောင် အမေရိကန်နိုင်ငံက ဆောင်ရွက်လျက် ရှိပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည်လည်း IS အား တိုက်ခိုက်ရေး တွင် အာရပ်နိုင်ငံများ၏ ထောက်ခံမှုရအောင် စည်းရုံးရေးအတွက် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်လျက် ရှိသည်။

Ref:AFP

0 comments:

Post a Comment