14.3.13

ဧရာဝတီယူနိုက်တက်နှင့် ကီလင်တန်အသင်းတို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ

အာရှဘောလုံးအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့် AFC Cup 2013 ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မတ်လ(၁၃)ရက်နေ့ ညနေ(၅)နာရီတွင် သုဝဏ္ဏကွင်း၌ယှဉ်ပြိုင်ကစားရမည့် ဧရာဝတီ ယူနိုက်တက် အသင်းနှင့်မလေးရှားကလပ်ကီလင်တန်အသင်းတို့၏ ပြိုင်ပွဲ အကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့,နေ့လည်(၁၂)နာရီတွင် သုဝဏ္ဏဘောလုံးကွင်း အစည်းအဝေးခန်းမ၌ကျင်းပပြု လုပ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ကီလင်တန်အသင်း၏နည်းပြချုပ်ဖြစ်သူ ခရိုအေးရှားနိုင်ငံသားပိုဂျန်ဟိုတက်က ဧရာဝတီအသင်း၏ ကစားပုံမှာ မနှစ်ကထက်ပိုမိုကောင်းမွန် လာကြောင်း၊ နောက်တစ်ဆင့်သို့ မိမိတို့အသင်းနှင့်ဗီယက်နမ်ကလပ်ဒါနန်းအသင်းတို့ တက်ရောက်နိုင်ဖွယ်ရှိကြောင်း သုံးသပ်သွားခဲ့သည်။ "ဒါနန်းအသင်းနဲ့ဧရာဝတီအသင်းတို့ရဲ့ပွဲစဉ်ကို ကြည့်ရှုခဲ့ပြီးပါပြီ။ ဒါနန်းအသင်းဟာ အသင်းကောင်း တစ်သင်းဖြစ်သလို ဧရာဝတီအသင်းဟာလည်းမနှစ်ကထက်ကစားပုံပိုမိုကောင်းမွန်လာပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့အိမ်ကွင်းမှာဆိုရင်ရလဒ်ကောင်း တွေ ရရှိပေမယ့် အဝေးကွင်းမှာဆိုရင်တော့ ခက်ခက်ခဲခဲ ကစားရတတ်ပါတယ်။ အသင်းမှာ မနှစ်က ပါဝင်ခဲ့တဲ့ အဓိက,ကစားသမား(၆)ဦး မရှိတော့တာဟာလည်း အသင်းကိုအားနည်း စေပါတယ်။ အသင်းမှာ နိုင်ဂျီးရီးယားကစားသမား(၂)ဦး၊ သြစတြေးလျကစားသမား(၁)ဦးနဲ့ ခရိုအေးရှားကစားသမား(၁)ဦးစီ ပါဝင်ပြီး သူတို့ထဲက(၂)ဦး ဟာ ပြည်တွင်းလိဂ်ပွဲတွေကို ၀င်ရောက် ကစားခွင့်မရပါဘူး။

 ဒါ့ကြောင့် ဒီကစားသမားတွေအနေနဲ့ AFC Cup ပြိုင်ပွဲတွေမှာ အသင်းနဲ့အသားကျအောင် ရုန်းကန်နေရ ပါတယ်" ဟုဆိုခဲ့သည်။ ဆက်လက်၍ ၎င်းကအုပ်စု အဆင့်ကနေကျော်ဖြတ်နိုင်ရန် ဗီယက်နမ်ကလပ် ဒါနန်းအသင်းနှင့် မိမိတို့၏ကီလင်တန် အသင်း(၂)သင်းမှာ အခြေအနေကောင်း မွန်နေပြီး ဧရာဝတီ ယူနိုက်တက် အသင်းမှာ အခွင့်အရေးကောင်းများရှိသော်လည်း ကျန်အသင်းများဖြင့် ယှဉ်ပြိုင်ပါက အတွေ့အကြုံ ပိုင်းအားနည်းနေသေးကြောင်း သုံးသပ်သွားခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်း၏နည်းပြချုပ်ဖြစ်သူမာဂျန်ကလည်း ပြီးခဲ့သည့်နှစ်က(၂)သင်းတွေ့ဆုံခဲ့စဉ်တွင် (၃-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် ရလဒ်မျိုးထပ်မံရရှိအောင်ကြိုးစားသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့သည်။ မာဂျန်က "မနှစ်ကအိမ်ကွင်းမှာ ကီလင်တန်ကို(၃-၁)ဂိုးနဲ့အနိုင်ရရှိခဲ့တယ်ဆိုပေမယ့် ဒီနှစ်ခြေစွမ်း ကိုတော့နှိုင်းယှဉ်ပြီး မပြောလိုပါဘူး။ မနှစ်ကလိုရလဒ်မျိုးထပ်မံရရှိဖို့အစွမ်းကုန် ကြိုးစား သွားမှာပါ။ ကစားသမားတွေအနေနဲ့လည်း အင်တိုက်အားတိုက်ယှဉ်ပြိုင်မယ်ဆိုရင် ရလဒ်ကောင်း ထွက်ပေါ်လာ မှာပါ။ ကီလင်တန်အသင်း ဟာ အသင်းကြီးတစ်သင်းဖြစ် သလို နိုင်ငံခြားသား ကစားသမား(၄)ဦးပါဝင်တာကြောင့် သူတို့နဲ့ပွဲစဉ်ဟာခက်ခဲပြီး ပွဲကောင်းတစ်ပွဲဖြစ်လာပါ လိမ့်မယ်။ ရာသီ ဥတုအနေအထားကြောင့် အိမ်ရှင်အသင်းဖြစ်တဲ့ကျွန်တော်တို့အသင်းက အသာရတယ်ဆိုတာထက် ကစားသမားတွေ ရဲ့ စွမ်းဆောင်မှုကသာ ပိုအရေးကြီးတာပါ" ဟုဆိုခဲ့သည်။ ကီလင်တန်အသင်း နည်းပြချုပ်အနေဖြင့် နောက်တစ်ဆင့်ကိုတက် ရောက်နိုင်မည့် အသင်းများကိုသုံးသပ်ခဲ့ရာတွင် မိမိတို့အသင်း မပါဝင်ခြင်းနှင့်ပတ်သတ်၍ အငြင်းပွားစရာမရှိကြောင်း၊ အဆိုပါ အသင်း(၂)သင်း၏ ငွေကြေး သုံးစွဲမှုမှာ မိမိတို့အသင်းနှင့်များစွာကွာခြားကြောင်း၊ အကောင်းဆုံးကြိုးစားပြီး နိုင်ပွဲရရှိရန် စွမ်း ဆောင်ရမည် မှာ မိမိတို့တာဝန်သာဖြစ်ကြောင်း ၊ နောက်တစ်ဆင့်တက်ရောက်နိုင်မည် ဟု မျှော်လင့်ထားကြောင်း ရှင်းလင်းပြော ကြားသွားခဲ့သည်။

0 comments:

Post a Comment