14.3.13

ဆီးဂိမ်းတွင် အောင်မြင်နိုင်ရန် ယခုအချိန်မှ စတင်ကြိုးစားရမည်ဟု ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆို

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က မြန်မာ့လက်ရွေးစင် ယူ-၂၃ ဘောလုံးအသင်းသည် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆီးဂိမ်းတွင် အောင်မြင်မှုရရှိလိုပါက ယခုချိန်မှ စတင်ကာ မနားမနေ ကြိုးစားရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မတ် ၁၁ ရက်က ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ ၌ ပြုလုပ်ခဲ့သည့် လက်ရွေးစင်နည်းပြ၊ ကလပ်အသင်းပိုင်ရှင်များနှင့် တွေ့ဆုံ ညှိနှိုင်းပွဲ၌ ပြောကြား သွားခဲ့သည်။
ဦးဇော်ဇော်က “ အခု လာမယ့် ဆီးဂိမ်းမှာ ကျွန်တော်တို့က အိမ်ရှင် ဖြစ်တယ်ဆိုပြီး ပေါ့ပေါ့တန်တန် လုပ်လို့တော့ လုံးဝ မဖြစ်ပါဘူး။ ပေါ့ပေါ့လုပ်ရင် သေချာပေါက် ရှုံးနိမ့်ရပါလိမ့်မယ်။ ဆီးဂိမ်းမှာ အောင်နိုင်ချင် တယ် ဆိုရင် ကျားကုတ်ကျားခဲ လေ့ကျင့်မှပဲ ရပါလိမ့်မယ်”ဟု ပြောကြားသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဆီးဂိမ်းတွင် ဘောလုံးအားကစားနည်းအောင်မြင်မှု ရရှိရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဆီးဂိမ်း အရန်အသင်းကို ကစားသမား ၂၆ ဦးဖြင့် ပြီးခဲ့သည့် မတ် ၁၁ ရက်က စတင်စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။ အဆိုပါကစားသမား ၂၆ ဦးမှ ၇ ဦး၊ ၈ ဦးခန့်ကို ရွေးချယ်ခေါ်ယူမည်ဖြစ်ပြီး လက်ရွေးစင် ယူ-၂၃ အသင်းကြီးနှင့် ပူးပေါင်းစေမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဆီးဂိမ်းအရန်အသင်း အား မကွေးအသင်းနည်းပြချုပ် ဦးကြည်လွင်က ကိုင်တွယ်လျက်ရှိသည်။ ဆက်လက်ပြီး ဦးဇော်ဇော်က “ "ဒီအသင်းက ကစားသမားတွေကို တကယ့် အသက်မှန်တဲ့ မျက်နှာသစ် ကစားသမား တွေနဲ့ပဲ စုဖွဲ့ဖို့ ရည်ရွယ် ထားပါတယ်။ ဒါကြောင့် ကစားသမား တွေရဲ့ မွေးသက္ကရာဇ် အမှန်ကို သိရဖို့ ကလပ်အသင်း တာာဝန်ရှိသူတွေ၊ နည်းပြတွေက ကစားသမား တွေရဲ့ မိသားစုတွေနဲ့ပါ ဆက်သွယ်ပြီး သေချာ စိစစ် ပေးစေလိုပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီအသင်းက ဆီးဂိမ်း အတွက်တင် မဟုတ်ဘဲ အာရှဖလား ကန်ရမယ့် ယူ-၂၂ အသင်း၊ အိုလံပစ်ခြေစစ်ပွဲ ၀င်မယ့် အသင်းတွေ အတွက်ပါ ရည်မှန်း ထားတာကြောင့်ပါ" ဟု ပြောကြားခဲ့သည်။

0 comments:

Post a Comment