14.3.13

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော်

ယခုအချိန်မှာ မြန်မာပြည်ဟာ ဒီမိုကရေစီ စံနစ်သစ်ဆီသို့ ဦးတည်သွားနေပြီလို့ ဆိုပါတယ်။

ဒီမိုကရေစီ စံနစ်ကို ထူထောင်မယ် ဆိုလိုက်တာနဲ့ တရားဥပဒေ စိုးမိုးရေးဟာ အင်မတန် အရေးကြီးတာလဲ လူတိုင်း သိကြပါတယ်။ (အဲဒီလို အရေးကြီးလို့ကို လွှတ်တော် ထဲမှာ ဒေါ်စုက တရားဥပဒေ စိုးမိုးရေး တာဝန်ကို ယူထားတာပေါ့။) ဥပဒေ စိုးမိုးရေး ဆိုရာမှာလဲ ယခုလက်ရှိမှာ ဥပဒေပြင်ပ ရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ဥပဒေ ဘောင်ဝင်အောင် ဘယ်လို legalize လုပ်မလဲ၊ အနာဂတ် ပြည်ထောင်စု တပ်မတော်နဲ့ ဘယ်လို ပေါင်းစည်းကြမလဲ ဆိုတဲ့ ပြဿနာတွေဟာ အရေး တကာ့ အရေးအကြီးဆုံး ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေအတွက် အစိုးရရော အတိုက်အခံ ဖက်ကပါ ရေရေရာရာ စီမံချက် ရှိသေးပုံ မရဘူး၊ ရှိတယ်ဆိုရင်လဲ ပွင့်လင်းမြင်သာမှု မရှိသေးဘူး။ အဲဒီကိစ္စ္စတွေနဲ့ ပတ်သက်လို့ ပြည်သူတဦးရဲ့ အမြင်ကို တင်ပြချင်တဲ့အတွက် ဒီဆောင်းပါးကို ရေးရတာ ဖြစ်ပါ တယ်။

ပထမဆုံး အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဥပဒေဘောင်ထဲ ရောက်လာအောင် အစိုးရ အဆက်ဆက် အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို ကြည့်ကြရအောင်ပါ။


လက်နက်ချခိုင်းတဲ့နည်း

အစိုးရ အဆက်ဆက်က တိုင်းရင်းသား လက်နက်ကိုင်တွေ ဥပဒေ ဘောင်ဝင်အောင် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တာကတော့ လက်နက်ချခိုင်းတဲ့နည်း ဖြစ်ပါတယ်။ လက်နက်ချ အလင်းဝင်လိုက်တာနဲ့ ဥပဒေဘောင် ၀င်သွားပြီပေါ့။ ဒီနည်းနဲ့ မအောင်မြင်ခဲ့တာ အထူး ပြောစရာ မလိုပါဘူး၊ ဒါပေမယ့် ဘာလို့ မအောင်မြင်ခဲ့တာလဲ ဆိုတာ အလေးအနက် စဉ်းစားဖို့ လိုပါတယ်။

အစိုးရနဲ့ ဆွေးနွေးပြီး သဘောတူညီချက်ရလို့ လက်နက်ချခဲ့တာ ဖဆပလအစိုးရ လက်ထက် နိုင်အောင်ထွန်း ခေါင်းဆောင်တဲ့ မွန်လက်နက်ကိုင် အဖွဲ့က ပထမဆုံးလို့ ဆိုပါတယ်။ နိုင်အောင်ထွန်း အဖွဲ့ဟာ အဲဒီ အချိန်တုံးကဆိုရင် ယခုလက်ရှိ မွန်ပြည်သစ် ပါတီထက်တောင် လူအင်အား၊ လက်နက် အင်အား တောင့်တင်းပါသတဲ့။ ၀န်ကြီးချုပ် ဦးနုနဲ့ ဆွေးနွေးပြီး သဘော တူညီချက်ရတဲ့အတွက် လက်နက် ချခဲ့တာပါတဲ့။ လက်နက်လည်း ချပြီးရော သဘောတူထားတဲ့ အချက်တွေ ဘာမှ ဖြစ်မလာတဲ့ အပြင် ဦးနုနဲ့ သွားတွေ့ပြီး အခြေအတင် ပြောတဲ့အတွက် နိုင်အောင်ထွန်း ထောင်ထဲ ရောက်သွားပါသတဲ့။ အဲဒီ အဖြစ်ကို နမူနာ ယူပြီးတော့ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေမှာ “ ဘာပဲဖြစ်ဖြစ် လက်နက်တော့ မချနဲ့၊ ဗမာတွေ ကတိမတည်ဘူး ” ဆိုတဲ့ သဘောထား ခံယူချက် သံမှို စွဲသလို မြဲသွားတာပါတဲ့။ (နိုင်အောင်ထွန်း အဖွဲ့ရဲ့ ဖြစ်ထွေကို သူငယ်ချင်း တဦးက ပြောပြခဲ့တာပါ။ စာရေးသူ မမွေးခင်က ကိစ္စ ဖြစ်လို့ ပိုသိတဲ့သူတွေက ပြင်ဆင် ဖြည့်စွက် ပေးကြစေလိုပါတယ်။)

(နိုင်အောင်ထွန်း ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သော မွန်ပြည်သူ့တပ်ဦးသည် ၁၉၅၈ ခု၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် မော်လမြိုင်မြို့၊ မိုင်ဒါကွင်း၌ လက်နက်ကိုင် တိုက်ပွဲအသွင်မှ ပါလီမန်ဥပဒေဘောင်အတွင်း တိုက်ပွဲအသွင် ပြောင်းလဲခြင်း အခမ်းအနား ကျင်းပခဲ့ရာ ဦးနုအစိုးရထံ အကြွင်းမဲ့ လက်နက် အပ်နှံခဲ့ကြသည်။

ထို့နောက် ၁၉၆၀-ခု၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့ အထွေထွေရွေးကောက်ပွဲ၌ ကျိုက္ခမီမြို့နယ် မဲဆန္ဒနယ်မြေတွင် အနိုင်ရပြီး ပြည်သူ့လွှတ်တော်အမတ် ဖြစ်ခဲ့သည်။

ဦးနုအစိုးရအဖွဲ့တွင် မွန်ရေးရာဝန်ကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေး ဌာနများကိုပါ ပူးတွဲ တာဝန်ယူခဲ့သည်။

၁၉၆၂ – ခု ဗိုလ်နေဝင်း စစ်အာဏာသိမ်းစဉ်တွင် (၆) နှစ်ခန့် အကျဉ်းကျ ခံလိုက်ရသည်။

ထို့နောက် တော်လှန်ရေးကောင်စီ (ဗိုလ်နေဝင်း စစ်အစိုးရ) ၏ ၃၃ ဦးပါ နိုင်ငံတော် သမ္မတ အကြံပေး အဖွဲ့တွင် မွန်အမျိုးသား ခေါင်းဆောင် နိုင်ဖိုးချိုနှင့်အတူ ပါဝင်ခဲ့ကြသည်။

၁၉၇၀ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်၌ မော်လမြိုင် နေအိမ်တွင် နိုင်အောင်ထွန်း ကွယ်လွန် အနိစ္စရောက်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၇ နှစ် ဖြစ်သည်။)

(မှတ်ချက် = ဤကား အယ်ဒီတာအဖွဲ့၏ ဖြည့်စွက်ချက်သာ ဖြစ်သည်။)

နိုင်အောင်ထွန်းတို့ အကြောင်းကို စာရေးသူတို့ မမှီလိုက်လို့ အတိအကျ မပြောနိုင်ပေမယ်လို့ န၀တ/ နအဖလက်ထက် ဖြစ်ပျက်ခဲ့တာတွေကတော့ ကိုယ်တွေ့ မျက်မြင် ဖြစ်ပါတယ်။ န၀တလက်ထက်မှာ ဗိုလ်ခင်ညွန့်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လိုက်လံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲဖို့ သဘော တူညီချက်တွေ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ အခြေခံဥပဒေရယ်လို့ မရှိဘဲ ကာကွယ်ရေး ဦးစီးချုပ် ရဲ့ အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့ စစ်အုပ်ချုပ်ရေး ကာလမို့လို့လဲ အဲဒီလို လုပ်လို့ ရတာပါ။ အရင် အစိုးရတွေ လက်ထက်ကတော့ ဒီလိုလုပ်ရင် ဖြစ်နိုင်မှန်း မသိလို့ မဟုတ်လောက်ပါ၊ တည်ဆဲ ဖွဲ့စည်းပုံ ဥပဒေနဲ့ ငြိစွန်းနေလို့သာ လုပ်မရခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် န၀တ/ နအဖ လက်ထက် မှာတော့ နယ်စပ်ဒေသ အတော်များများမှာ အနှစ် (၂၀) နီးပါး ငြိမ်းချမ်းခဲ့တာ အမှန်ပါပဲ။ 

ဒါပေမယ့်  အဲဒီ ငြိမ်းချမ်းရေးဟာ အင်္ဂါမစုံဘဲ မွေးလာတဲ့ ကလေးနဲ့ တူနေပါတယ်၊ ကြီးမားတဲ့ ချို့ယွင်းချက် ရှိနေပါတယ်။ ဘယ်လို ချို့ယွင်းချက်လဲ။ ဗိုလ်ခင်ညွန့်က အရေးတယူ လာဆွေးနွေးတယ် ဆိုတာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာ တူညီတဲ့ အတွေးတခု ၀င်သွားစေခဲ့လို့ပဲ။ ဘယ်လို အတွေးလဲ ဆိုတော့ “ ကြည့်စမ်း၊ ဒေါ်စု ခေါင်းဆောင်တဲ့ NLD ကို တပြည်လုံးက လူများစု ထောက်ခံမဲ ပေးထားပါရက်နဲ့ ဒီလူတွေ NLD နဲ့ ဆွေးနွေးဖို့ စိတ်ကူးရှိပုံ မရဘူး။ ဒေါ်စုကို အကျယ်ချုပ် ထား၊ NLD အမတ်တွေကို ထောင်ထဲ ထည့်ထားပြီး ငါတို့နဲ့ အရေးတယူ လာဆွေးနွေးနေတယ်။ ဒါ ငါတို့ သေနတ် ကိုင်ထားလို့ပဲ။ ငါတို့မှာသာ လက်နက် မရှိတော့ရင် ငါတို့ကို ဂရုစိုက်ပါဦးမလား၊ ပေးထားတဲ့ ကတိတွေ တည်ပါဦး မလား ” ဆိုတဲ့ အတွေးပါ။

စဉ်းစားကြည့်ပါ။  လက်နက် မရှိတဲ့ ဒေါ်စုနဲ့ NLD ကို ဆွေးနွေးရမယ့် အစား အပြုတ်တိုက် ချေမှုန်းဖို့ ကြိုးစားခဲ့တာ နှစ် (၂၀) ကြာခဲ့တယ်။ ဒီမိုကရေစီအရေး  လှုပ်ရှားသူတွေ ရာပေါင်းများစွာ အသက် ပေးခဲ့ရ၊ ဘ၀ ပျက်ခဲ့ကြရတယ်။ တိုင်းရင်းသားတွေမှာ လက်နက် မရှိတော့ရင် NLD ရဲ့  ကံကြမ္မာမျိုး သူတို့ဖက် လှည့်မလာဘူးလို့ ဘယ်သူက အာမခံမှာလဲ။ ဒါဟာ  တိုင်းရင်းသားတွေ လက်နက် မချနိုင်ရခြင်းရဲ့ အဓိကအကြောင်းပဲ။ တနည်းအားဖြင့် ပြောရရင် လက်နက် မရှိတဲ့ NLD ကို ဖိနှိပ်ခဲ့တာဟာ တိုင်းရင်းသားတွေ လက်နက် မစွန့်ချင်အောင်၊ မစွန့်ရဲအောင် လုပ်လိုက်တာနဲ့ အတူတူ ပါပဲ။


နယ်ခြားစောင့်တပ် လုပ်ခိုင်းတဲ့နည်း

တဖက်က ကြည့်ပြန်တော့ အပစ်အခတ် ရပ်စဲပြီး ကိုယ့်နယ်မြေ ကိုယ်နေ၊ ကိုယ့်စီးပွား ကိုယ်လုပ် ဆိုတာက စစ်အစိုးရ လက်ထက်မှာသာ ဖြစ်နိုင်တာကိုး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလုပ်ပြီး အရပ်သားအစိုးရ အနေနဲ့ အုပ်ချုပ်တော့မယ် ဆိုရင်တော့ (၂၀၀၈) ဥပဒေဖြစ်ဖြစ်၊ အတိုက်အခံတွေ ပြောနေတဲ့ ဖက်ဒရယ်မူပဲ ဖြစ်ဖြစ် တိုင်းပြည် တခုတည်းမှာ ဥပဒေပြင်ပ လက်နက်ကိုင်တပ်တွေ သူတလူ၊ ငါတမင်း ရှိနေလို့ မဖြစ်ပြန်ဘူး။ အဲဒါကြောင့် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေကို နယ်ခြား စောင့်တပ် (BGF) အသွင် ပြောင်းဖို့ စည်းရုံးလာပါတယ်။ လက်နက် မချချင်ရင် မချနဲ့၊ နယ်ခြားစောင့်တပ် အနေနဲ့ တပ်မတော် အောက်မှာ နေပါ ဆိုတဲ့ သဘောပဲ။ တပ်မတော် လက်အောက် ရောက်တယ်ဆိုတာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ဥပဒေဘောင် ၀င်သွားပြီ၊ တရားဝင် ရပ်တည်လို့ ရပြီပေါ့။

ဒီနေရာမှာ ပြောချင်တာက တိုင်းရင်းသား လက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ် အနေနဲ့ လက်ခံတယ် ဆိုတာ အစိုးရစစ်တပ် အနေနဲ့ အတော် စွန့်စားရတဲ့ ကိစ္စ ဖြစ်တယ် ဆိုတာပါပဲ။ နယ်ခြားစောင့် တပ်ထဲက လူတွေဟာ တချိန်က ကိုယ်နဲ့ သူသေကိုယ်သေ တိုက်ခဲ့တဲ့သူတွေ ဖြစ်သလို နောင်လဲ အခြေအနေ အကြောင်းကြောင်းကြောင့် အချိန်မရွေး အရောင်ပြောင်းပြီး ကိုယ့်ကို ပြန် တိုက်နိုင်တဲ့သူတွေ ဖြစ်တယ် (ဒါ ကရင်ပြည်နယ်မှာ လက်တွေ့ပဲလေ)။ အစိုးရ တပ်မမှူး၊ တိုင်းမှူးတွေမှာ အရေးအကြောင်း ပေါ်လို့ နယ်ခြားစောင့်တပ်ကို ခိုင်းရမယ်ဆိုရင် “ ဒီလူတွေ ငါ့အမိန့်ကို နာခံပါ့မလား။ သူတို့ တိုင်းရင်းသား အချင်းချင်း ပင်းပြီး ငါ့ကို နောက်ကျော ဓါးနဲ့ ထိုးလေမလား ” လို့ တွေးမိကြမှာ ဖြစ်သလို နယ်ခြားစောင့် တပ်မှူးတွေ ကိုယ်တိုင်ကလဲ “ ဒီ တပ်မမှူး/ တိုင်းမှူး ခိုင်းတိုင်း ငါလုပ်လို့ ဖြစ်ပါ့မလား၊ သူ့အမိန့်ကို နာခံလိုက်လို့ ငါတို့ တိုင်းရင်းသားချင်း  ပြန်ပစ်ရတဲ့ အခြေအနေ ရောက်သွားရင် ငါ့ဇာတိ ရပ်ရွာမှာ၊ ငါ့ဆွေမျိုးတွေ ကြားမှာ သူများ တံတွေးခွက် ပက်လက်မျောရချည်ရဲ့ ” လို့ တွေးမိ ကြမှာ အမှန်ပါပဲ။ စစ်တပ် ဆိုတာက ရဲဘော်ရဲဘက်ချင်း အသက်ပေး ယုံကြည် စိတ်ချနိုင်မှသာ ထက်မြက် ပါတယ်။ အထက်လူနဲ့ အောက်လူ မယုံသင်္ကာဖြစ်ပြီး သံသယတွေ များနေရင်တော့ လူများပြီး ပွဲမစည်တဲ့ တပ်စုတ်တပ်ပဲ့သာ ဖြစ်နေမှာပဲ။

တိုင်းရင်းသားတွေဖက်က ကြည့်ပြန်တော့ ပြဿနာက “ နယ်ခြားစောင့်တပ် တပ်ရင်း တရင်းစီမှာ တပ်သား ဦးရေ ၃၂၆ ဦး ရှိမည်ဖြစ်ပြီး မြန်မာ့တပ်မတော်မှ စစ်သား ၃ဝ ဦး ပါဝင်မည်။ ထို့ပြင် တပ်ဖွဲ့ဝင် များ၏ လစာ ကို ဗဟိုအစိုးရက ထုတ်ပေးမည် ဖြစ်ပြီး အုပ်ချုပ်မှုအရလည်း မြန်မာ့တပ်မတော် လက်အောက်၌ပင် ထားရှိ မည်ဖြစ်သည် ” ဆိုတာကိုး။ တိုင်းရင်းသားတွေမှာ သူတို့ နှစ်ပေါင်းများစွာ တောင်းဆိုလာတဲ့ အခွင့်အရေးတွေ ဘယ်ဆီနေမှန်း မသိသေးခင် အစိုးရစစ်တပ် အုပ်ချုပ်မှု အောက်မှာ နေရမယ် ဆိုတော့ အစုလိုက် အပြုံလိုက် လက်နက် ချခိုင်းတာနဲ့ အတူတူ ဖြစ်နေတယ်။ တိုင်းရင်းသား အချင်းချင်းပေါ် သေနတ်ပြောင်း လှည့်ရမယ့် အခြေအနေ မျိုးများ ဖြစ်လာခဲ့ရင် လက်နက်ချတာထက်ကို ပိုဆိုးသွားပြီ။ နောက်ပြီး နယ်ခြားစောင့် တပ်ရင်းတိုင်းမှာ အစိုးရ စစ်သားတွေ လာထည့်ထားတဲ့အတွက် ကိုယ့်မှာရှိတဲ့ လက်နက်အင်အား၊ လူအင်အား၊ လေ့ကျင့်မှု၊ လှုပ်ရှားမှု စတဲ့ အတွင်းရေးတွေကို အစိုးရစစ်တပ်ကို အကုန် ဖွင့်ပြရတာနဲ့ အတူတူပဲ။ နောင် နိုင်ငံရေး ညှိနှိုင်းတာ အဆင် မပြေလို့ မလွှဲသာ မရှောင်သာ ပြန်တိုက်ရမယ် ဆိုရင်တောင် ကိုယ့်အကြောင်း အကုန်လုံး ရန်သူဖက်က သိပြီး ဖြစ်နေလို့ ဒုက္ခ တော်တော် ရောက်သွား နိုင်တယ်။ ဒါကြောင့် ကေအိုင်အေ၊ ဒီကေဘီအေ၊ မွန်ပြည်သစ်ပါတီ စတဲ့ အပစ်ရပ် အဖွဲ့တွေက နယ်ခြားစောင့်တပ် မလုပ်ပဲ ငြင်းဆန်ခဲ့ကြတာပဲ။

ဒါဆိုရင် ဘာဖြစ်လို့ အစိုးရက ဒီလို စီစဉ်ရသလဲ။ “ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးကို တဖက်လှည့်နည်းနဲ့ ဖြိုခွဲ ချေမှုန်းဖို့ ကြိုးစားတာပါ ” လို့ ဖြေချင်ကြပါလိမ့်မယ်။ ဒီအဖြေ မှားတယ်လို့ စာရေးသူ မပြောလိုဘူး၊ ဒါပေမယ့် ဒီအဖြေနဲ့ ရပ်သွားမယ် ဆိုရင်တော့ မြန်မာ့ တပ်မတော်ရဲ့ mindset ကို နားမလည်ရာ ရောက်ပါတယ်။

ဒီနေရာမှာ နည်းနည်း အကျယ်တ၀င့် ပြောဖို့ လိုလိမ့်မယ်။ နိုင်ငံတကာ တပ်မတော်တွေမှာ မရှိတဲ့ စည်းကမ်း တခု မြန်မာ့တပ်မတော်မှာ ရှိသတဲ့။ တစ်ပွင့်နဲ့ အထက် ပြန်တမ်းဝင် အရာရှိတွေဟာ တပ်တတပ် မှာ (၃) နှစ်ထက် ပိုမနေရ ဆိုတဲ့ စည်းကမ်းပဲ။ စည်းကမ်းအရ (၃) နှစ်ဆိုပေမယ့် လက်တွေ့မှာ တစ်နှစ်၊ နှစ်နှစ်နဲ့ ပြောင်းကြရတာက များတယ်။ စစ်သက် (၁၀)နှစ်လောက်ဆို မြန်မာပြည် နှံ့သွားပြီပေါ့။

ဒီစည်းကမ်းဟာ အကျိုးထက် အပြစ်က ပိုများပါတယ်။ တပ် ခဏခဏ ပြောင်းကြရတဲ့ အရာရှိတွေ ခမျာ ဘယ်နေရာမှာမှ နေသားကျအောင် မနေရတဲ့အတွက် နယ်မြေ ကျွမ်းကျင်မှုမရ၊ ကိုယ့်လက်အောက်က ရဲဘော်တွေအကြောင်း၊ နယ်မြေခံ လူထုနဲ့ ရန်သူအကြောင်းကို လေ့လာချိန် မရကြရှာဘူး။ အဲဒီလို နယ်မြေ ကျွမ်းကျင်မှု မရှိတဲ့၊ ကိုယ့်ရဲဘော်တွေ အကြောင်းရော ရန်သူအကြောင်းရော ကောင်းကောင်း နားမလည်တဲ့ အရာရှိ အမိန့်ကို နာခံရတဲ့ ရဲဘော်တွေဟာ မနာသင့်ဘဲနာ၊ မသေသင့်ဘဲသေ ဆိုတာမျိုး မကြာခဏ ကြုံကြရတယ်။

ဒီအကြောင်းကို ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းလာတဲ့ လက်ရှိ တပ်မတော် စစ်ခေါင်းဆောင်တွေ မသိဘဲ မနေပါဘူး။ ဒါဆိုရင် ဒီစည်းကမ်း ဘာလို့ တည်မြဲနေသလဲ။ သမိုင်းပေး သင်ခန်းစာကြောင့်လို့ ဆိုပါတယ်။ လွတ်လပ်ရေး ရခါစ ရောင်စုံသူပုန်တွေ ထကြွတဲ့ အချိန်တုံးက တပ်မတော်ထဲက တပ်ရင်း လိုက် တောခိုသွားတာ အတော်များများ ရှိခဲ့ပါတယ်။ အဲဒီလို တောခိုတဲ့ ကိစ္စတွေမှာလဲ များသောအားဖြင့် တကယ် တောခိုတာက တပ်ရင်းမှူး ဖြစ်ပြီး လက်အောက်ခံ ရဲဘော်တွေကတော့ ခေါင်းဆောင် အမိန့်နာခံရင်း သူပုန် ဖြစ်မှန်းမသိ ဖြစ်ကုန်ကြရတာပါတဲ့။ အဲဒီအဖြစ်ကို သင်ခန်းစာယူပြီးတော့ အရာရှိတွေ ကိုယ် တာဝန်ထမ်းဆောင်တဲ့ တပ်အတွင်းမှာ ပုဂ္ဂိုလ်ရေးအရ သြဇာအာဏာ ထူထောင်လို့ မရနိုင်အောင် ဒီစည်းကမ်းကို လုပ်ထားခဲ့တာလို့ ဆိုပါတယ်။

အဲဒီတော့ စဉ်းစားကြည့်ပါ။ ကိုယ့်တပ်ထဲက အရာရှိတွေကိုတောင် ခဏခဏ တပ်ပြောင်းခိုင်းတဲ့ စည်းကမ်းမျိုး ကျင့်သုံးတဲ့ တပ်မတော်ဟာ နယ်ခြား စောင့်တပ်တွေကို တိုက်ရိုက် အုပ်ချုပ်ခွင့်မရဘဲ ဘယ်လို လုပ်ပြီး ယုံကြည် စိတ်ချနိုင်မှာလဲ။ အဲဒီလို ယုံကြည် စိတ်ချနိုင်မှု မရှိတာကြောင့်ပဲ နယ်ခြား စောင့်တပ် အစီအစဉ် မအောင်မြင်ဘဲ ဖြစ်ခဲ့ရတာပါ။


(လွတ်လပ်ရေး ခေတ်ဦးမှာ တပ်ရင်းမှူး ခေါင်းဆောင်မှုနောက် လိုက်ရင်း စစ်သည်တွေ သူပုန်ဖြစ်မှန်းမသိ ဖြစ်ကုန်တာ အမှန် ဖြစ်ခဲ့ပေမယ့် ဒီဖြစ်ရပ်ကို ကြည့်ပြီး တပ်မတော် ခေါင်းဆောင်တွေ သင်ခန်းစာ ယူခဲ့ပုံကတော့ မှားယွင်းတယ်လို့ ယူဆပါတယ်။ တိုင်းပြည် တပြည်ရဲ့ စစ်တပ်ဆိုတာဟာ မိုးကျရွှေကိုယ် မဟုတ်ပါဘူး၊ ဒီတိုင်းပြည်ထဲက ပြည်သူ ပြည်သားတွေနဲ့ပဲ တည်ဆောက်ထားတာပါ။ ကြီးမားနက်ရှိုင်းတဲ့ နိုင်ငံရေး ပြဿနာတွေကြောင့် ပြည်သူလူထု အကြား ညှိမရအောင် ကွဲကြတဲ့ အခါ လူထဲကလူ၊ ပြည်သူထဲကပြည်သူသာ ဖြစ်တဲ့ စစ်တပ်ပါ လိုက်ကွဲရတာဟာ မဆန်းပါဘူး၊ စစ်ခေါင်းဆောင်တွေရဲ့ အပြစ်လဲ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ထပ် ဒီလို မကွဲရအောင် ဆိုပြီး စစ်တပ်နဲ့ မသင့်တော်တဲ့ စည်းကမ်း ဥပဒေမျိုးကို ထုတ်ပြန် ကျင့်သုံးတာကတော့ စစ်ခေါင်းဆောင်တွေရဲ့ အမှား လုံးလုံး ဖြစ်ပါတယ်။

ပုံစံ ယှဉ်ပြရရင် ဒီမိုကရေစီ ဘိုးအေကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံကိုပဲ ကြည့်ပါ။ (၁၉) ရာစုတုံးက ကျေးပိုင် ကျွန်ပိုင်စံနစ် ဆက်ထားသင့် မသင့်ကိစ္စနဲ့ ပတ်သက်လို့ ညှိမရအောင် သဘောထား ကွဲကြတဲ့အခါ တောင်ပိုင်း ပြည်နယ်တွေက အမေရိကန် ပြည်ထောင်စုက ခွဲထွက်ဖို့ ဆုံးဖြတ်ကြတဲ့အတွက် စစ်တပ်ပါ (၂) ခြမ်းကွဲပြီး ပြည်တွင်း စစ် အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ စစ်ကာလ (၄) နှစ်အတွင်းမှာ နှစ်ဖက်စစ်သား ခန့်မှန်းခြေ (၇) သိန်းခွဲလောက် ကျဆုံး ခဲ့ပါတယ် (တိုက်ပွဲမှာ ပွဲချင်းပြီး ကျဆုံးတာကိုက (၂) သိန်းကျော် ရှိတယ်၊ ကျန်တာက ဒဏ်ရာရလို့ တိုက်ပွဲ ပြီးမှ ကျဆုံးတာ၊ ဒဏ်ရာကနေ အဖျားအနာ ရောဂါဝင်ပြီး သေကြတာတွေ ဖြစ်ပါတယ်။ ဒါ အရပ်သားတွေ သေတာ မပါသေးဘူးနော်။ အဲဒီစစ်ပွဲမျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာပြည်က ပြည်တွင်းစစ် ဆိုတာ ကြက်တိုက်ပွဲ သာသာပဲ ရှိတယ်)။ အဲဒီလောက် ကြီးကျယ်တဲ့ စစ်ပွဲအပြီး နိုင်ငံကို ပြန် ထူထောင်ကြတဲ့အခါကျတော့ အဓိက ပြုပြင် ပြောင်းလဲမှုတွေ လုပ်ကြတာ နိုင်ငံရေး အပိုင်းမှာ ဖြစ်ပါတယ်၊ လူသိအများဆုံးကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်ချက် (၃) ခု ထည့်ခဲ့တာပါ။ စစ်တပ်ကွဲတဲ့ ကိစ္စမျိုး ထပ်မဖြစ်ရအောင် အရာရှိတွေကို ခဏခဏ တပ်ပြောင်း ခိုင်းတဲ့ စည်းကမ်းမျိုးတော့ မြန်မာပြည်မှာလို ဖြစ်မလာပါဘူး။ ဒါပေမယ့် နိုင်ငံ ညီညွတ်မှုကို နိုင်ငံရေးနည်းနဲ့ ထိန်းသိမ်း နိုင်တဲ့အတွက် ကမ္ဘာစစ် (၂)ခု တိုက်ပြီးတာတောင် အမေရိကန်စစ်တပ်ဟာ ညီညွတ်ဆဲပါပဲ။

ဒီနေရာမှာ “ ဒီလို စည်းကမ်းမျိုး အခြားတပ်မတော်တွေမှာ မရှိပေမယ့် ဒီလို ထိန်းချုပ်ထားတဲ့အတွက် (၁၉၈၈) အရေးအခင်း၊ (၂၀၀၇) သံဃာ့အရေးအခင်းမျိုး ကြုံခဲ့တာတောင် စစ်တပ်ဟာ ညီညွတ်မှု မပျက်ခဲ့ဘူး၊ ဒါကိုက ဒီစည်းကမ်းရဲ့ အကျိုးပဲ ” လို့ တပ်မတော် ခေါင်းဆောင်များက ချေပချင်ပါလိမ့်မယ်။ မှန်ပါတယ်၊ ဒါပေမယ့် စဉ်းစားကြည့်ပါဦး။ ကိုယ့်တပ်ထဲ ညီညွတ်နေရုံနဲ့ မပြီးပါဘူး။ တိုင်းပြည်သာ အေးချမ်း ညီညွတ်နေမယ်၊ နိုင်ငံရေး ပြဿနာ ကြီးကြီးမားမား မရှိဘူး ဆိုရင် အခု တိုင်းရင်းသား လက်နက်ကိုင်တွေဟာ လက်နက်မကိုင်ပဲ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် စားသောက်သူတွေ၊ ဒါမှမဟုတ် ၀ါသနာပါရင် ပြည်ထောင်စု တပ်မတော်ထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ စစ်သားကောင်းတွေ ဖြစ်နေမှာပဲ။ အဲဒီလို လူတွေက လက်နက်ကိုင်ပြီး တော်လှန်နေတယ်ဆိုတာကိုက တကယ်ရှိသင့်တဲ့၊ တကယ် ရှိရမယ့် ပြည်ထောင်စု တပ်မတော်ကြီး အစိတ်စိတ် အမွှာမွှာ ကွဲနေတဲ့ သဘော ပါပဲ။)

အဲဒါဆိုရင် ဘယ်လို လုပ်သင့်သလဲ။ တိုင်းရင်းသား အခွင့်အရေးတွေ အပြည့်အ၀ ရမှသာ တိုင်းရင်းသား အဖွဲ့တွေက လက်နက် စွန့်မှာ ဖြစ်တဲ့အတွက် အဲဒီ အခွင့်အရေးတွေ အပြည့်အ၀ ပေးနိုင်အောင် (၂၀၀၈) ဥပဒေကို ပြင်မှ ဖြစ်မယ်လို့ ယူဆသူ များပါတယ်။ ဒါပေမယ့် အခုထိ ဘယ်သူမှ မပြင်နိုင်ကြသေးဘူး။ အဲဒီတော့ ထိုင်စောင့်နေရမယ့် အတူတူ လက်ရှိ ဒီ ဥပဒေဘောင်ထဲမှာပဲ လုပ်လို့ ရတာကို လုပ်ကြရမှာပါ။ လုပ်လို့ ရတာတွေ ရှိပါတယ်။


လက်ရှိအချိန်မှာ လုပ်လို့ ရတဲ့ လုပ်ငန်းစဉ်များ

ပထမဆုံး လုပ်သင့်တာက တိုင်းရင်းသား တပ်ဖွဲ့တွေကို လက်ရှိ အနေအထားအတိုင်း နယ်ခြားစောင့် တပ်များအဖြစ် ကာကွယ်ရေးဦးစီးချုပ်က အသိအမှတ် ပြုပေးဖို့ ဖြစ်တယ်။ တိုင်းရင်းသားတွေဖက်က တံဆိပ်လောက်တော့ ပြောင်းပေးရမှာပေါ့။ လက်ရှိ တိုင်းရင်းသား တပ်ဖွဲ့တွေကို ဟောသလို ကမ်းလှမ်း သင့်ပါတယ်။

“ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ရှိမှသာ ဖထီးတို့ တပ်က တရားဝင်မှာ။ ဒါကြောင့် ဖထီး တို့ကို နယ်ခြားစောင့်တပ်အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်က အသိအမှတ်ပြုပေးမယ်။ တံဆိပ်တော့ ပြောင်းတပ်ပေးပါ။ ဒါပေမယ့် ကျွန်တော်တို့ဖက်က ဖထီးတို့ တပ်ထဲ လာရောက် စွက်ဖက်တာ မရှိစေရဘူး။ ဖထီးတို့ အရင်တုံးကလိုပဲ ကိုယ့်နေရာကိုယ်နေပြီး ပြည်သူကို စောင့်ရှောက်ပါ၊ စီးပွားရေး၊ ပညာရေး တိုးတက်အောင် လုပ်ပေးပါ။ နိုင်ငံတော်ကလဲ တတ်နိုင်သလောက် ပံ့ပိုးပေးမယ်။ တိုင်းရင်းသား အခွင့်အရေးကိစ္စ ကတော့ နိုင်ငံရေး ပြဿနာ ဖြစ်လို့ နိုင်ငံရေးသမားတွေ ဖြေရှင်းကြပါစေ။ နိုင်ငံရေးဖက်က ပြေလည်ရင် တပ်ကိစ္စက စီစဉ်ရတာ မခက်ပါဘူး။ နိုင်ငံရေး မပြေလည်လို့ ပြန်တိုက် ချင်တယ် ဆိုလဲ နယ်ခြားစောင့် တံဆိပ်ဖြုတ်ပြီး မူရင်း တံဆိပ် ပြန်တပ်တာ ငါးမိနစ် မကြာ ပါဘူး။”

တံဆိပ် ပြောင်းရုံနဲ့ ဘာထူးမှာလဲ မေးစရာ ရှိတယ်။ သိပ်ထူးတာပေါ့။ ကာကွယ်ရေး ဦးစီးချုပ်က နယ်ခြား စောင့်တပ်အဖြစ် အသိအမှတ် ပြုလိုက်တာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေရော (ဥပမာ KIA)၊ သူတို့နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေပါ (ဥပမာ  KIO) မတရားသင်း ပုဒ်မနဲ့ လွတ်ပြီး တရားဝင် အဖွဲ့အစည်းတွေ ဖြစ်သွားပြီ။ အဲဒီလို အခြေအနေ ရောက်တာနဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လုပ်ငန်းကို စလို့ရပြီ။ အဲဒီ လုပ်ငန်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဆိုပြီး (၃) ပိုင်း ပါသင့်ပါတယ်။


(၁) နိုင်ငံရေး။ ။ ပထမဆုံး လုပ်သင့်တာက ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေမှာ တပ်မတော်က ယူထား တဲ့ (၂၅) ရာခိုင်နှုန်း အမတ် နေရာထဲက အချို့အ၀က်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အတွက် ခွဲဝေပေးဖို့ ဖြစ်ပါတယ်။ ဘယ်နှစ်နေရာ ပေးမယ်ဆိုတာကတော့ အကြေအလည် ဆွေးနွေးပြီး တိုင်းရင်းသား နယ်ခြားစောင့် တပ်ဖွဲ့က အမည်စာရင်း တင်သွင်း၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရမှာပါ။ ဒီလို ခန့်အပ်လိုက်တဲ့ အတွက် ကိုယ့်ပြည်နယ်ကိစ္စ၊ ဒေသခံ ပြည်သူ့ကိစ္စတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပြောရေးဆိုခွင့်၊ မဲပေးခွင့် ရှိသွားသလို ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ဒူးတိုက် ဆွေးနွေးလို့ရ၊ အလုပ်အတူ လုပ်လို့ ရတဲ့ အခြေအနေကို ရောက်သွားမှာပါ။

နောက်ပြီး ပြည်သူ့ လွှတ်တော်ထဲမှာလဲ တပ်မတော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်း ရထားတဲ့ အထဲက တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ကို တစ်ဦးစီ၊ ဒါမှမဟုတ် နှစ်ဦးစီ ခန့်အပ်ပေးသင့်ပါတယ်။ သူတို့က လိုအပ်သလို ပြည်ထောင်စု အစိုးရနဲ့ ဆွေးနွေးနိုင်တယ်၊ အခြားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့လဲ ဆွေးနွေးနိုင်တယ်၊ မဲလဲ ပေးနိုင်တယ်။ အခုကချင်ဒေသ စစ်ပွဲကိစ္စမျိုးဆိုရင် ဒေါ်စု ကြားဝင်ပေးပါ လို့ အထူး ပြောစရာမလို၊ လွှတ်တော်ထဲ နေ့တိုင်း တွေ့နေရမှာကိုး။ (စာရေးသူ အထင် တကယ်လို့သာ ပြည်နယ် လွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေထဲမှာ KIA ကိုယ်စားလှယ်သာ နဂိုကတည်းက ပါခွင့် ရခဲ့မယ်ဆိုရင် ကချင်ဒေသမှာ ဒီလောက် အခြေအနေဆိုးခဲ့မှာ မဟုတ်ဘူး။)

တခု ရှိတာကတော့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တယ် ဆိုပေမယ့် သူတို့ အမြင်နဲ့သူတို့ လွတ်လွတ် လပ်လပ် ပြောဆိုဆွေးနွေး မဲပေးကြမှာ ဖြစ်တယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေ လိုတော့ ဦးစီးချုပ်အမိန့်အတိုင်း တသွေမတိမ်း လိုက်နာမှာ မဟုတ်ဘူး။ ဒါကိုတော့ ကာကွယ်ရေး ဦးစီးချုပ်က နားလည်ပေးနိုင်ရမှာပါ။

နောက်ပြီး တိုင်းရင်းသားတပ် ကိုယ်စားလှယ်တွေ ပြည်သူ့လွှတ်တော်ထဲ ရောက်သွားတာကို တပ်မတော် ဖက်က ဒေသခံ တပ်တွေက ကျေနပ်ပါ့မလားလို့ မေးစရာ ရှိတယ်။ ဒါကတော့ စဉ်းစား ကြည့်ပါ။ တကယ် ပြဿနာ ဖြစ်လာတဲ့ အချိန်မှာ ဒေသခံ တပ်တွေနဲ့ ပြီးလေ့မရှိပါဘူး။ ဟိုတပ်မ၊ ဒီတပ်မ စစ်ကူခေါ်ကြရတာပါပဲ။ အဲဒီတော့ အစကတည်းက ပြဿနာ မဖြစ်အောင် တားဆီးဖို့  ပြည်သူ့ လွှတ်တော်ထဲ သူတို့ ကိုယ်စားလှယ် ခေါ်ထားတာကို ကြည်ဖြူသင့်ပါတယ်။

နောက်ပြီး လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ အရပ်သားနိုင်ငံရေး အဖွဲ့အစည်းတွေ (ဥပမာ KIO, NMSP) ကိုလည်း နိုင်ငံရေးလုပ်ခွင့်၊ ရွေးကောက်ပွဲဝင်ခွင့် ပေးနိုင်ရမယ်။ (KIO က လာတဲ့ ဒေါက်တာ တူးဂျာကို အရင် အစိုးရက ရွေးကောက်ပွဲ ၀င်ခွင့် မပေးခဲ့တာဟာ ဥပဒေအရ မှန်ချင်မှန်မယ်၊ နိုင်ငံရေး ရှုထောင့်က ကြည့်ရင်တော့ အင်မတန် ကြီးမားတဲ့ အမှားလို့ စာရေးသူ မြင်ပါတယ်။) သူတို့ ဖက်ကလဲ ကိုယ့်တိုင်းရင်းသား အကျိုး အတွက် တကယ် လုပ်နေပါတယ်ဆိုရင် NLD၊ ပြည်ခိုင်ဖြိုး စတဲ့ ပါတီကြီးတွေနဲ့ ယှဉ်ပြီး ကိုယ့်ပြည်သူရဲ့ ဆန္ဒမဲ အဆုံးအဖြတ်ကို ခံယူရဲရပါမယ်။ ယူနီဖေါင်းဝတ် သေနတ်ကိုင်ထား လို့ ရွေးကောက်ပွဲ ၀င်လို့ မရတာတော့ ထားပေါ့။ အရပ်သား နိုင်ငံရေးအဖွဲ့အစည်း ဖြစ်ပါလျှက်နဲ့ ရွေးကောက်ပွဲ မ၀င်ရဲရင် သူတို့ပြောတဲ့ “ တိုင်းရင်းသား အကျိုးအတွက် လုပ်နေတာပါ ” ဆိုတဲ့ စကားဟာ သံသယ ရှိစရာ ဖြစ်သွားပြီ။


(၂) စီးပွားရေး။ ။ ၀န်ကြီး ဦးအောင်မင်းက KNU ဥက္ကဋ္ဌကို “အကောက် မကောက်ပါနဲ့၊ စီးပွားရေးလုပ်ပါ” လို့ ပြောသတဲ့။ ဒီစကားကို  စာရေးသူ အပြည့်အ၀ ထောက်ခံပါတယ်။ အစိုးရတပ်ကပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသား တပ်ကပဲ  ဖြစ်ဖြစ် ယူနီဖေါင်းဝတ်၊ သေနတ်ကိုင်ပြီး ပိုက်ဆံ တောင်းတဲ့သူကို ပြည်သူတွေ သိပ် အထင်သေးတယ်။  စစ်သားတယောက်ရဲ့ လက်ဟာ စစ်ဖြစ်ချိန်မှာ သေနတ်ကိုင်ရတာ မှန်ပေမယ့် ငြိမ်းချမ်းချိန်မှာ ပြည်သူကို ကူညီတဲ့လက်၊ ပေးကမ်းတဲ့ လက်သာ ဖြစ်သင့်တယ်၊ တောင်းတဲ့လက် မဖြစ်သင့်ဘူး။ နောက်ပြီး ဆက်ကြေး ကောက်တယ် ဆိုတာ ကိုယ့်နယ်မြေထဲ နေထိုင်သူတွေ၊ ဖြတ်သန်း သွားသူတွေ၊ စီးပွားရေး လုပ်သူတွေဆီက ကောက်တာ ဖြစ်လို့ နယ်မြေ ကျယ်လေလေ အချက်အခြာ ကုန်သွယ်ရေး လမ်းကြောင်းတွေကို အုပ်စီး ထားနိုင်လေလေ အကောက် များများ ရလေ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကို ခွင့်ပြုထားရင် အစိုးရတပ်နဲ့ တိုင်းရင်းသား တပ် အကြား၊ ဒါမှမဟုတ် တိုင်းရင်းသား တပ် အချင်းချင်း နယ်လု စစ်ပွဲတွေ ဖြစ်အောင် တွန်းပို့သလို ဖြစ်နေတယ်။ ဒါကြောင့် ၀ါးလုံးတားပြီး အကောက် ကောက်တဲ့ အလုပ်မျိုး၊ ကုမ္ပဏီဝင်ပြီး ဆက်ကြေး တောင်းတဲ့ အလုပ်မျိုးကို အစိုးရတပ်ရော၊ တိုင်းရင်းသား တပ်တွေပါ မလုပ် သင့်တော့ပါဘူး။ 

ဒါဆိုရင်  စီးပွားရေးရော လုပ်သင့်လို့လားလို့ မေးစရာ ရှိတယ်။ ဟုတ်ပါတယ်၊ စီးပွားရေး လုပ်တာလဲ စစ်သားအလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုင်ရာ  တပ်ဖွဲ့ဝင်တွေ သာမက သူတို့ မိသားစုတွေရဲ့ စားဝတ်နေရေးက ရှိသေးတာကိုး။  အစိုးရတပ် ကိုယ်တိုင်က ဦးပိုင်ကုမ္ပဏီ ထောင်ပြီး စီးပွားရှာနေတဲ့ အချိန်မှာ  တိုင်းရင်းသား တပ်တွေ စီးပွားရေး လုပ်တာကို တားမြစ်လို့ ဘယ်တရားမှာလဲ။ လုပ်ခွင့်ပေးရမှာပဲ။ 

ဒါပေမယ့်  စီးပွားရှာတယ် ဆိုတာလဲ အပြိုင်အဆိုင် လုပ်ရတာမျိုးဆိုတော့ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်၊ ဒါမှမဟုတ် တိုင်းရင်းသားတပ် အချင်းချင်း စီးပွားရေး စားကွက် လုတာ၊ ခွက်စောင်း ခုတ်တာတွေ ရှိလာနိုင် တာပဲ။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ကို ပြည်နယ် လွှတ်တော်၊ ပြည်သူ့ လွှတ်တော်တို့ထဲမှာ တိုင်းရင်းသားတပ်က ကိုယ်စားလှယ်တွေ ထည့်ထားသင့်တယ်လို့ ပြောခဲ့တာပါ။


(၃) စစ်ရေး။ ။ ငြိမ်းချမ်းရေး ယူလိုက်ပြီ ဆိုတာနဲ့ စပြီး ဆွေးနွေးကြမှာကတော့ နယ်မြေကိစ္စပါ။ စစ်သား ဆိုတာမျိုးကလဲ မြေတလက်မကို အသက်တချောင်း ဆိုသလို ရင်းပြီး တိုက်ယူထားရတဲ့ ကိုယ့်ပိုင်နက် နယ်မြေကို အလွန်တန်ဖိုးထားတာ ဖြစ်လို့ နယ်မြေကိစ္စ ဆိုတာ ဆတ်ဆတ်ထိ မခံ၊ အတိမ်းအစောင်း မခံတဲ့ ကိစ္စမျိုးပါ။ တဖက်က ကြည့်ပြန်တော့ နှစ်ဖက်တပ်တွေ သိပ်နီးကပ်နေရင် အထင်လွဲမှားပြီး ပစ်ခတ်တဲ့ ကိစ္စက မကြာခဏ ဖြစ်နေမှာမို့ သူလဲဆုတ်၊ ကိုယ်လဲဆုတ် အပေးအယူ လုပ်ကြရမှာပါ။ ဒါပေမယ့် နယ်မြေ ကိစ္စဟာ ငြိမ်းချမ်းရေး လုပ်ခါစလောက်သာ အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး ယူပြီးသား တပ်ချင်း နောင်အခါ ပြန်တိုက်ကြတယ်ဆိုတာ များသောအားဖြင့် နိုင်ငံရေး၊ စီးပွားရေး အကြောင်းတွေကြောင့် ဖြစ်ပါတယ်၊ နယ်မြေကိစ္စ သက်သက်ကြောင့်တော့ ဖြစ်ခဲပါတယ်။ နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေကို အဆင်ပြေအောင် လုပ်ထားနိုင်ရင် ငြိမ်းချမ်းရေး ပျက်ဖို့ ခဲယဉ်းပါတယ်။

တခု စဉ်းစားရမှာက လူသစ် စုဆောင်းတဲ့ ကိစ္စပါ။ လူငယ်တွေ ကိုယ့်သဘောနဲ့ ကိုယ် စစ်ထဲ ၀င်တာကို ဘာမှ ပြောစရာ မရှိပေမယ့် အတင်း အဓမ္မ ချောဆွဲပြီး စစ်မှုထမ်းခိုင်းတဲ့ ကိစ္စကိုတော့ နှစ်ဖက် လုံးက မလုပ်သင့်ပါဘူး။ ဒါက ကိုယ့်ပြည်သူကို စိတ်ဆင်းရဲအောင် လုပ်ရာ ရောက်တဲ့အပြင် တပ်အတွက်လည်း မကောင်းပါဘူး။ အမေရိကန် နိုင်ငံဆိုရင် စစ်မှုမထမ်းမနေရ ဥပဒေရှိပေမယ့် ဗီယက်နမ်စစ်ပွဲ ရှုံးတဲ့ အချိန်က စပြီး အဲဒီဥပဒေကို လက်တွေ့ မကျင့်သုံးတော့လို့ အခုလက်ရှိ အမေရိကန် စစ်တပ်ဟာ ကိုယ့်သဘောနဲ့ကိုယ် စစ်ထဲဝင်လာသူ volunteer တွေနဲ့သာ ဖွဲ့စည်းထားတဲ့တပ် ဖြစ်နေပါပြီ။ ဘာဖြစ်လို့ အဲဒီလို လုပ်ရသလဲ။ ဥပဒေနဲ့ အတင်း ချောဆွဲပြီး စစ်ထဲ ရောက်လာသူတွေဟာ အများအားဖြင့် စစ်မြေပြင်မှာ သုံးစားလို့ မရတာကို ဗီယက်နမ် စစ်ပွဲမှာ ကိုယ်တွေ့ သိလိုက်ရလို့ ဖြစ်ပါသတဲ့။ မြန်မာပြည် (တပ်မတော်/ တိုင်းရင်းသား) စစ်ခေါင်းဆောင်တွေကတော့ ဘယ်လို ယူဆမလဲ မပြောတတ်ပါ။



ဒါပေမယ့် တပ်မတော်က လက်ခံနိုင်ပါ့မလား

အထက်မှာ ပြောခဲ့တဲ့ လုပ်ငန်းစဉ်တွေကို လက်ရှိ တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ ရုတ်တရက်တော့ လက်ခံနိုင်ဖို့ မလွယ်ဘူး။ ဘာလို့လဲ ဆိုတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေနေချိန်မှာ ပြဿနာ မရှိလှပေမယ့် အခု KIA နဲ့ ဖြစ်ခဲ့သလို တိုင်းရင်းသား တစ်ဖွဲ့ဖွဲ့နဲ့ စစ်ရေးတင်းမာလာတဲ့ အချိန်မျိုးမှာ အဲဒီအဖွဲ့ ကိုယ်စားလှယ်တွေ ပြည်နယ် လွှတ်တော်ထဲ၊ ပြည်သူ့ လွှတ်တော်ထဲ ရှိနေရင် တပ်မတော်ဟာ စစ်ရေးအရရော၊ နိုင်ငံရေးအရပါ နှစ်ဖက်ညှပ် အတိုက်ခံရတဲ့ အခြေအနေ ရောက်သွားနိုင်လို့ပဲ။ စစ်မျက်နှာ (၂) ဖက်ဖွင့်ပြီး တိုက်ရတာကို ဘယ် စစ်ခေါင်းဆောင်မှ မကြိုက်ဘူး။

ဒါပေမယ့် စဉ်းစားကြည့်ပါဦး။ စစ်အုပ်ချုပ်ရေး ကနေ (၂၀၀၈) ဥပဒေနဲ့ အရပ်သား အုပ်ချုပ်ရေးကို ပြောင်းလိုက်တာနဲ့ နိုင်ငံရေး စစ်မျက်နှာဟာ ပွင့်သွား ခဲ့ပါပြီ။ ပြည်နယ်အဆင့် ဖြစ်ဖြစ်၊ ဗဟိုအဆင့် ဖြစ်ဖြစ် လွှတ်တော်ဆိုတာ အယူဝါဒ ကွဲပြားဆန့်ကျင်တဲ့သူတွေ လွန်ဆွဲ အားပြိုင်နေတဲ့ နိုင်ငံရေး စစ်မြေပြင် ပါပဲ။ အစိုးရနဲ့ လွှတ်တော် သဘောထား ကွဲတာတွေ၊ လွှတ်တော်ထဲမှာ အာဏာရပါတီနဲ့ အတိုက်အခံ ပါတီ သဘောထား ကွဲတာတွေ၊ အာဏာရ ပါတီတခုထဲမှာကို (ဦးဆန်းဆင့်နဲ့ ဦးဌေးဦးတို့လို) သဘောထား ကွဲကြတာတွေ လူသိရှင်ကြား တွေ့ခဲ့ရပြီး ဖြစ်ပါတယ် (လူမသိတဲ့ အကွဲအပြဲတွေလဲ ဘယ်လောက်တောင် ဖြစ်ခဲ့လဲ မသိဘူး)။ တပ်မတော် အနေနဲ့ နိုင်ငံရေး စစ်မျက်နှာ မဖွင့်ချင်လို့ အစကတည်းက လွှတ်တော်ထဲ မပါဘဲ နိုင်ငံရေးသမားတွေနဲ့ လွှဲထားတယ် ဆိုရင်တော့ တမျိုးပေါ့။ အခုကျတော့ လွှတ်တော်ထဲ ကိုယ်စားလှယ် နေရာ (၂၅) ရာနှုန်း ယူထားတယ် ဆိုတဲ့အတွက် နိုင်ငံရေး စစ်မြေပြင်မှာ အသင့်နေရာ ယူထားတဲ့ သဘောပဲ။ စစ်မြေပြင်မှာ နေမှတော့ စစ်လဲ တိုက်နိုင်ရမှာပေါ့။ ဒါ လွှတ်တော်ထဲ ရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်ရမှာပဲ။

အခု KIA နဲ့ ဖြစ်ခဲ့တဲ့ ပြဿနာမျိုးဆိုပါတော့။ သွေးမြေမကျခင် ပြဿနာ ပြေလည်အောင်၊ တိုက်ပွဲတွေ ဖြစ်နေပြီ ဆိုရင်တောင် ငြိမ်းချမ်းရေးကို အမြန် ပြန်လည် တည်ဆောက်နိုင်အောင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားတပ်ဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အပြိုင် အခြား လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေကို စည်းရုံးဖို့ ကြိုးစားရမှာပေါ့။ ဒါမှလဲ စစ်မြေပြင်မှာ အသက်သွေးချွေးတွေ ပေးဆပ်ရမယ့်၊ ပေးဆပ်နေဆဲဖြစ်တဲ့ ကိုယ့် ရဲဘော်ရဲဘက် အရာရှိ စစ်သည်တွေ အပေါ် ကူညီ စောင့်ရှောက်ရာ ရောက်မှာပါ။

စည်းရုံးရတာတော့ ဟုတ်ပါပြီ၊ ဘာလို့ “အပြိုင်” စည်းရုံးရမှာလဲလို့ မေးစရာ ရှိပါတယ်။ လူ့သဘာဝကိုက တဖက်သတ်စကားဆို နားဝင်လေ့မရှိလို့ပါ။ အနီးဆုံး ဥပမာ ပေးရရင် စစ်အစိုးရ လက်ထက်တုံးက ပြည်တွင်း အတိုက်အခံတွေကို ပါးစပ် ပိတ်ထားပြီး အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင် သံကြားတွေထဲကနေ နှစ်ပေါင်း များစွာ ပြည်သူကို စည်းရုံးလိုက်တာ ဘာများ အောင်မြင်ခဲ့သလဲ။ လူတွေဟာ ဘီဘီစီ၊ ဗွီအိုအေလို ပြည်ပအသံလွှင့် ဌာနတွေက သတင်းတွေကိုမှ ယုံကြည်ပြီး အစိုးရက မှန်တာ တရားဝင် ပြောရင်တောင် မယုံကြည် ကြတော့တဲ့ အထိ ဖြစ်ကုန်တယ်။ အဲဒါ တဖက်သတ် စည်းရုံးရေး လုပ်ခဲ့လို့ ဖြစ်ခဲ့တဲ့ ဆိုးကျိုးတွေ။

အမှန်က ကိုယ့်စကားကို သူများ နားဝင်စေချင်ရင် ကိုယ်နဲ့ အယူဝါဒမတူ ဆန့်ကျင်သူတွေကိုလဲ ပြောခွင့် ပေးရပါတယ်။ အခု နာမယ်ကြီးနေတဲ့ ဒေါက်တာဆိတ်ဖွား ကိစ္စ ကြည့်ပေါ့။ သူရေးတာ ဖတ်တဲ့လူ မရှိဘူး ဆိုရင် လွှတ်တော်က ဘယ် ဂရုစိုက်နေပါ့မလဲ။ သူ့

0 comments:

Post a Comment