14.3.13

AFC Cup တွင် အုပ်စုအဆင့်မှ နောက်တစ်ဆင့်တက်ရောက်လိုဟု ကီလန်တန်နည်းပြ ဘိုဂျန် ဆို

မလေးရှား စူပါလိဂ်ကလပ် ကီလန်တန်အသင်းသည် 2013 AFC Cup တွင် အုပ်စုအဆင့်မှ နောက်တစ်ဆင့် သို့ တက်ရောက်ရန် မျှော်မှန်းထားကြောင်း ဧရာဝတီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ဖွင့်ဟသွားခဲ့ သည်။
ကီလန်တန်အသင်းသည် 2013 AFC Cup အုပ်စု(G) အုပ်စုအဖွင့်ပွဲစဉ်တွင် အိမ်ကွင်း၌ မော်လ်ဒိုက်ကလပ် မဇီရာအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သည့် အသင်းဖြစ်သည်။ ကီလန်တန်အသင်းနည်းပြ ဘိုဂျန်က “ မဇီရာနဲ့ပွဲမှာ အပိုင်အခွင့်အရေး ၁၅ လုံး လောက်ရခဲ့ပါတယ်။ မဇီရာအသင်းက အခွင့်အရေး နှစ်ခါပဲ ရခဲ့တာပါ။ ၁၅ လုံးလောက် အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဂိုးတိုင်ထိတာတွေ၊ ဘေးချော် ထွက်တာတွေ ပဲ ဖြစ်ခဲ့ပါတယ်။ အသင်းက မနှစ်က အသင်းနဲ့ မတူပါဘူး။ ဒီနှစ်မှာ နည်းပြရော၊ ကစားသမား ခြောက်ယောက်လောက် အပြောင်းအလဲ လုပ်ထားတာပါ။ ကျွန်တော်တို့လိုပဲ ဧရာဝတီအသင်း ကလည်း နည်းပြနဲ့ နိုင်ငံခြားကစားသမားတွေ အပြောင်းအလဲလုပ်ထားတယ်လို့ သိရပါတယ်။ မနက်ဖြန်ကစားမယ့် ဧရာဝတီနဲ့ပွဲက ခက်ခဲပြီး ပွဲကောင်းတစ်ပွဲဖြစ်မှာပါ”ဟု ပြောကြားခဲ့သည်။
ကီလန်တန်အသင်းသည် 2013 AFC Cup အုပ်စု(G) အုပ်စုဒုတိယပွဲစဉ်အဖြစ် ဧရာဝတီယူနိုက်တက် အသင်းနှင့် မတ် ၁၃ ရက်တွင် သုဝဏ္ဏကွင်း၌ ကစားရမည်ဖြစ်သည်။ ဆက်လက်၍ ဘိုဂျန်က “ အုပ်စုထဲမှာ ဗီယက်နမ်ကလပ် ဒါနန်အသင်းက အတောင့်တင်းဆုံးအသင်းလို့ ထင်ပါတယ်။ ကီလန်တန်အသင်းနဲ့ ဒါနန်အသင်းတို့ပဲ နောက်တစ်ဆင့် တက်ရောက်နိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။ ကီလန်တန် အသင်းတွင် နိုင်ဂျီရီးယားကစားသမား နှစ်ဦး၊ ခရိုအေရှားတစ်ဦး၊ ဂျပန် ကစားသမားတစ်ဦးတို့ ပါဝင်သည်။

0 comments:

Post a Comment