16.2.17

အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း ထပ်တက်နိုင်ခြေရှိသည်ဟု ပြောကြားပြီးနောက် ကမ္ဘာ့ဒေါ်လာဈေး တက်လာသော်လည်း ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းတည်ငြိမ်နေ

အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ Yellen က အတိုးနှုန်း ထပ်တက်နိုင်ခြေရှိသည်ဟု ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၁၀၁ ဒသမ ၃၆ ပွိုင့်အထိ မြင့်တက်လာပြီး ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ ၁၂၂၄ ဒေါ်လာဝန်းကျင်တွင် ဆက်ရှိနေကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင် ဒေါ်လာဈေးအညွှန်းကိန်း ၁၀၀ ဒသမ ၇၃ ပွိုင့်အထိကျဆင်းခဲ့ရာမှ အမေရိကန် ဗဟိုဘဏ် အစည်းအဝေး ပြီးဆုံးချိန်တွင် သုံးပတ်အတွင်း အမြင့်ဆုံးနှုန်းအဖြစ် ၁၀၁ ဒသမ ၃၆ ပွိုင့်အထိ မြင့်တက်ခဲ့ပြီး မွန်းလွဲ ၃ နာရီ ၀န်းကျင်အထိ ၁၀၁ ဒသမ ၃၄ ပွိုင့်ဝန်းကျင်တွင် ရှိနေသည်။ ဇန်န၀ါရီ ၃ ရက် ညပိုင်းတွင် ကမ္ဘာ့ငွေကြေးဈေးကွက်၌ ဒေါ်လာဈေးအညွှန်းကိန်း ၁၄ နှစ်အတွင်း စံချိန်တင်နှုန်းထားအဖြစ် ၁၀၃ ဒသမ ၇၈ ပွိုင့်အထိ မြင့်တက်ခဲ့ပြီးနောက် တအိအိပြန်လည်ကျဆင်းခဲ့ရာ ဖေဖော်ဝါရီ ၃ ရက်၌ ၉၉ ဒသမ ၂၅ ပွိုင့်အထိ ရောက်ရှိခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၄ ရက်မှ ၉ ရက်အထိ ပွိုင့် ၁၀၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၀ မှ ၁၄ ရက် မွန်းလွဲပိုင်းအထိ ၁၀၀ ဒသမ ၆၀ မှ ၁၀၁ ဒသမ ၀၆ ပွိုင့်ကြားရှိခဲ့ကြောင်း သိရသည်။


ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ညွှန်းကိန်းမြင့်တက်လာသော်လည်း ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဈေး အနည်းငယ် ကျဆင်းခဲ့သည်။ ၁၃၆၈ - ၁၃၇၀ ကျပ်ဝန်းကျင်၌ ခြောက်ရက်ဆက်တိုက် ငြိမ်သက်နေသော နိုင်ငံခြားငွေလဲနှုန်းသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် ၁၃၆၂ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ ဖေဖော်ဝါရီ ၁၅ ရက်တွင်လည်း ၁၃၆၂ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ကျပ် ၁၃၆၀ အထိ ကျဆင်းခဲ့ကာ ညနေ ၃ နာရီခန့်တွင် ၁၃၆၁ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။

ဖေဖော်ဝါရီ ပထမပတ်နှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ငွေကြေးဈေးကွက်၌ ဒေါ်လာဈေး မာနေသော်လည်း ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဈေး ကျဆင်းနေခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်၌ ဒေါ်လာဈေး စံချိန်တင်နှုန်းအဖြစ် ၁၄၃၈ ကျပ်အထိ အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ဇန်န၀ါရီ ၁၆ ရက်တွင် ၁၃၄၆ ကျပ်အထိ ကျဆင်းခဲ့သည်။ ထို့နောက် ဇန်န၀ါရီ ၁၉ ရက်တွင် တစ်ဒေါ်လာ ၁၃၆၇ ကျပ်အထိ ပြန်လည်မြင့်တက်လာပြီး ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၇ ရက်အထိ တစ်ဒေါ်လာ ၁၃၅၄ မှ ၁၃၆၂ ကျပ်ကြား၊ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ၁၃၆၈-၁၃၇၀ ကြားတွင် နေ့စဉ်အတက်အကျ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၁၄ ရက်တွင် တစ်ဒေါ်လာ ၁၃၆၇ ကျပ်နှုန်းဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၃၆၂ ကျပ်အထိ ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေး မြင့်တက်နေသော်လည်း ပြည်တွင်းဈေးကွက်တွင် လိုက်ပါမြင့်တက်မှု မရှိခဲ့ကြောင်း သိရသည်။

ဈေးကွက်အတွင်း ဒေါ်လာဈေး ၁၃၆၈ ကျပ်ဝန်းကျင်ဖြင့် တည်ငြိမ်နေသောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ကျပ် ၁၃၆၀ အဖြစ် ဆက်လက်သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို ဇန်န၀ါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျပ် ၁၃၅၀ အဖြစ် သတ်မှတ်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် ၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီ ၈ ရက်မှ ၁၅ ရက်အထိ ကျပ် ၁၃၆၀ အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment