16.2.17

မြန်မာ-တရုတ် နယ်နိမိတ်ရှိ မြန်မာ့လယ်ယာမြေများပေါ်တွင် တရုတ်နိုင်ငံသားများ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိရပါက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဒုတိယ၀န်ကြီး ပြောကြား


မြန်မာ-တရုတ် နယ်နိမိတ်ရှိ မြန်မာ့လယ်ယာမြေများပေါ်တွင် တရုတ်နိုင်ငံသားများ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိရပါက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။


ဖေဖော်ဝါရီ ၁၅ ရက်က ပြည်သူ့လွှတ်တော်တွင် ကချင်ပြည်နယ် မံစီမဲဆန္ဒနယ်မှ ဦးချင်းဖေလင်း၏ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားရာတွင် ဗိုလ်ချုပ်အောင်စိုးက ထိုသို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဦးချင်းဖေလင်းက “ကျွန်တော်တို့ မံစီမြို့ နယ်ဟာဆိုရင် တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ နယ်နိမိတ်ချင်း ထိဆက်နေတဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို မံစီမြို့နယ် မံဝိန်းကြီးဒေသမှာရှိတဲ့ တောင်သူလယ်သမားတွေနဲ့ တစ်ဖက်နိုင်ငံက တောင်သူလယ်သမားတွေနဲ့ မြေယာပြဿနာ မကြာ ခဏဖြစ်ပွားလျက် ရှိပါတယ်”ဟု အဆိုပါ ဒေသတွင်ဖြစ်ပေါ်နေသည်များကို Power Point ဖြင့် တင်ပြမေးမြန်းသည်။

ယင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဒုဝန်ကြီးက ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ နယ် မံဝိန်းကြီးဒေသ ပန်ခမ်းကျေးရွာအုပ်စုသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နယ်စပ်ဒေသဖြစ်ကြောင်း၊ မြန်မာ-တရုတ် နယ်စပ်နယ်ခြားမျဉ်းသည် ပန်ခမ်းကျေးရွာရှိ နမ့်ဝမ်ချောင်းလယ်၌ တည်ရှိပြီး နယ်နိမိတ်မှတ်တိုင်အမှတ် ( ၅၃/၂) သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ ပန်ခမ်းအုပ်စု၊ နောင်မွန်းကျေးရွာနှင့် တရုတ်နိုင်ငံဘက်ခြမ်းရှိ ကောင်းခမ်းကျေးရွာနှင့် လွယ်ဝိန်းကျေးရွာ၊ နယ်နိမိတ် မှတ်တိုင်အမှတ် ( ၅၃/၄) သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ မန်အိုက်ကျေးရွာနှင့် တရုတ်နိုင်ငံဘက်ခြမ်းရှိ မန်းပန်ကျေးရွာတို့ ထိစပ်လျက်ရှိကြောင်း၊ အဆိုပါဒေသသည် မံစီမြို့နယ်အတွင်း တည်ရှိသော်လည်း လုံခြုံ ရေးအရမံစီမှ တိုက်ရိုက်သွားရောက်၍ မရဘဲ မန္တလေး-မူဆယ်-နမ့်ခမ်း-မံဝိန်းကြီးလမ်းမှ သွားရောက်ရသည့်ဒေသဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

“မံစီမြို့နယ် မံဝိန်းကြီးဒေသ ပန်ခမ်းဂိတ်အနီး မြန်မာ-တရုတ် နယ်ခြားနယ်နိမိတ် အမှတ် (၅၃/၂) အနီးမှာ မြန်မာနိုင်ငံဘက်အတွင်းမှာရှိတဲ့ မြန်မာ့လယ်ယာမြေများပေါ်မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာတောင်သူများကို ကြိုတင်ငွေအရင်းအနှီး စိုက်ထုတ်ပေးပြီး သီးနှံပေါ်ချိန်မှာ ကာလပေါက်ဈေးဖြင့် ငွေအရင်းအနှီး စိုက်ထုတ်ပေးသူထံ ပြန်လည်ရောင်းချကာ ချေးယူထားတဲ့ ငွေကို ပြန်လည်ပေးဆပ်သည့်စနစ်ဖြင့် စိုက်ပျိုးနေခြင်းများရှိကြောင်းနဲ့ အဆိုပါ နယ်နိမိတ် မှတ်တိုင်အမှတ် (၅၃/၂) အနီးရှိ မြန်မာ့လယ်ယာမြေများပေါ်မှာ တရုတ်နိုင်ငံသားများ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိရပါက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော)ပြဋ္ဌာန်းချက်များ အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်းဖြေကြားအပ်ပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment