16.2.17

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပရန် သတ်မှတ်ထားရက် ရွှေ့ဆိုင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က သတ်မှတ်ထားသည့် ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာထံမှ သိရသည်။

UPDJC အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက် အစောဆုံးထားပြီး သတ်မှတ်ကျင်းပသွားရန် နေပြည်တော်၌ ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် သတ်မှတ် ဆုံးဖြတ်ခဲ့သည်ဟု UPDJC အဖွဲ့ဝင်တစ်ဦးဖြစ်သူ PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားထားသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ခွင့်ပြုခဲ့သည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များ ထပ်ရှိထားသည့်အတွက် အချိန်အနည်းငယ် ထပ်ရွှေ့လိုက်သည့်သဘော ဖြစ်နိုင်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက သုံးသပ်ပြောကြားသည်။
“ဖေဖော်ဝါရီ ၂၈ မှာတော့ နည်းနည်းလေး အချိန်ကပ်သွားတယ်။ နောက် တချို့ အဖွဲ့အစည်းတွေက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ ခွင့်ပြုချက်ရတော့ နည်းနည်းလေး တက်သုတ်ရိုက်နေရတာပေါ့။ ဥပမာ ချင်းပေါ့။ ချင်းက ၂၀ ရက်မှာ ချင်းအမျိုးသားနေ့ရှိတယ်။ ချင်းအမျိုးသားနေ့ကျော်မှ သူတို့က လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရမယ်ဆိုတော့ အချိန်နည်းနည်း အကန့်အသတ်ဖြစ်တာပေါ့။ ဒါကြောင့် နည်းနည်းလေး ရွှေ့တဲ့သဘောပါ။ မတ်လ ဒုတိယပတ်လောက်မှာ ဖြစ်မယ်ထင်တယ်”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။
လက်ရှိတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအဖြစ် ကရင်ပြည်နယ်၌ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် တနင်္သာရီတိုင်းဒေသကြီး၌ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပပြီးသွားပြီ ဖြစ်ကာ နေပြည်တော်၌ ကျင်းပရန် ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းပေးထားပြီးဖြစ်သည့် အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလည်း ကျင်းပရန် ကျန်ရှိနေသေးသည်။
UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် ကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်းပေးခဲ့ပြီး ပအိုဝ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့တွင် ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။
“ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းနဲ့ ရှမ်းပြည်မှာတော့ ပအိုဝ်းနဲ့ရှမ်းပေါ့။ ပအိုဝ်းကတော့ ၁၆ ရက်စပြီ။ တောင်ကြီးမြို့မှာတော့ ဘယ်အဖွဲ့မှ လုပ်ခွင့်မရဘူး။ ကျွန်တော်တို့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမှာ လုပ်ခွင့်ရတယ်။ RCSS ကတော့ မုန်းပန်ဒေသမှာ လုပ်ခွင့်ရတယ်လို့ကြားတယ်”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
ယခုကဲ့သို့ ၂၁ ရာစုပင်လုံ အစည်းအဝေး ကျင်းပရန် သတ်မှတ်ရက်ကို ရွှေ့ဆိုင်းလိုက်ခြင်းမှာ ငြိမ်းချမ်းရေးကော်မရှင်က ဆွေးနွေးနေသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့အစည်းများ၊ ချင်းမိုင်အခြေစိုက် အဖွဲ့အစည်းများနှင့် ဆွေးနွေးသည့်ရက်ကိုလည်း အချိန်အနည်းငယ် ထပ်ယူသည့်သဘောဖြစ်နိုင်သည်ဟုလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက သုံးသပ်ပြောကြားသည်။
၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအစည်းအဝေးတွင် လတ်တလောပြုလုပ်ထားသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ဆုံးဖြတ်ချက်များကို UPDJC ကတစ်ဆင့် တင်သွင်းဆွေးနွေး အတည်ပြုသွားရန်ရှိသည်ဟု သိရသည်။  
Credit To >>> Eleven Media Group

0 comments:

Post a Comment