8.5.13

မြောက်ကိုးရီးယားဘဏ်စာရင်း တရုတ်ဘဏ်ပိတ်ပစ်

၈.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့
 

တရုတ်နိုင်ငံက ထိပ်တန်းဘဏ်လုပ်ငန်းကြီးတစ်ခုက မြောက်ကိုရီးယား
နိုင်ငံက ဘဏ်တစ်ခုကဖွင့်ထားခဲ့တဲ့ ဘဏ်ငွေစာရင်းကို ပိတ်ပြစ်လိုက်တယ်
လို့ သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို အရေးယူ ဒဏ်ခတ်မှုတွေလုပ်ဖို့ အမေရိကန်နိုင်ငံ
က ပစ်မှတ်ထားနေတဲ့ မြောက်ကိုရီးယားဘဏ်ရဲ့ ဘဏ်စာရင်းကို တရုတ်ဘဏ်လုပ်ငန်း Bank of China က ပိတ်ချလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုံးက မြောက်ကိုရီးယားအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု
အစီအစဉ် တိုးချဲ့တာကို တရုတ်အစိုးရက ထောက်ခံခဲ့တုံးက မြောက်ကို
ရီးယားအစိုးရက ဒေါသတကြီးကန့်ကွက်ပြောဆိုခဲ့ဖူးတဲ့အတွက် အခုလို ဘဏ်စာရင်းအပိတ်ခံရမှုကလည်း မြောက်ကိုရီးယားအစိုးရကို ဒေါသူပုန်ထစေလိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

လတ်တလောမှာတော့ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ငွေကြေးလဲလှယ်မှု အဓိကဘဏ်စာရင်းအပိတ်ခံလိုက်ရတဲ့အတွက် မြောက်ကိုရီးယားအစိုးရကို ဘဏ္ဍာရေးအရဘယ်လောက်အထိ ထိခိုက်စေမလဲဆိုတာ မသိရသေးသလို၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရဖက်ကလည်း ထုတ်ဖေါ်ပြောဆိုမှု တစုံတရာမရှိသေးကြောင်း သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံအတွက် ငွေကြေးခဝါချပေးတဲ့ ဘဏ်လုပ်ငန်းမှန်သမျှ
ကို အရေးယူသွားမယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ သတိပေးချက်ထွက်ပေါ်
အပြီးမှာ တရုတ်ဘဏ်က အခုလိုလုပ်လိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူမှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံကလည်း ပါဝင်ပတ်သက်နေခဲ့ရာမှာ မကြာခင်ကပဲ သြစတြေးလျနိုင်ငံက ဗဟိုတရားရုံးချုပ်တရားသူကြီးဟောင်း Michael Kirby အနေနဲ့ မြောက်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေးဖောက်
ဖျက်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်ဆိုတဲ့ ကြေညာ
ချက်ထွက်ပေါ်လာပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ စီမံချက်အရ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို Mr Kirby က ဦးဆောင်ပြီး မြောက်ကိုရီးယားနိုင်ငံ
မှာ ချွေးတပ် အလုပ်စခန်းတွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ အငတ်ဘေး
ကျရောက်စေတာတွေ ရှိနေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး
သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုအစီအစဉ်ကို မြောက်ကိုရီးယားအစိုးရက လက်သင့်မခံတဲ့အတွက် လတ်တလောမှာတော့ စုံစမ်းရေးအဖွဲ့အနေနဲ့
မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေရဲ့ ထွက်ဆိုချက်တွေကိုသာ အဓိကထားလေ့လာသွားရမှာဖြစ်တယ်လို့ သိရပါတယ်။

ABC Radio Australia

0 comments:

Post a Comment