18.7.13

တရုတ်တွင် အင်တာနက်အသုံးပြုသူ ၅၉၁ သန်းအထိ များပြားလာ

စမတ်ဖုန်းများနှင့် အခြား မိုဘိုင်းလ်အသုံးအဆောင်များဖြင့် အင်တာနက် အသုံးပြုသူ အရေအတွက်မှာလည်း ၂၀ ရာခိုင်းနှုန်းမျှ တိုးတက်များပြားလာ တရုတ်နိုင်ငံတွင် အင်တာနက်အသုံးပြုသူဦးရေမှာ ၅၉၁ သန်းအထိ ရောက်ရှိလာပြီဖြစ်ကြောင်း တရုတ် အင်တာနက်ကွန်ယက် သတင်းအချက်အလက်စင်တာ (China Internet Network Information Center - CINIC) က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၇ ရက်) တွင် ထုတ်ပြန်ပြောကြားသည်။
စမတ်ဖုန်းများနှင့် အခြား မိုဘိုင်းလ်အသုံးအဆောင်များဖြင့် အင်တာနက် အသုံးပြုသူ အရေအတွက်မှာလည်း ၂၀ ရာခိုင်းနှုန်းမျှ တိုးတက်များပြားလာကြောင်း သိရသည်။ ဇွန်လကုန် စာရင်းဇယားများအရ တရုတ်တွင် အင်တာနက်အသုံးပြုသူ စုစုပေါင်း အရေအတွက်မှာ လွန်ခဲ့သည့် တစ်နှစ်ကထက် ၁၀ ရာခိုင်နှုန်း တိုးတက်လာသည်။

ကြိုးမဲ့စနစ်ဖြင့် အင်တာနက်အသုံးပြု ၄၆၄ သန်းအထိ များပြားလာကြောင်း CINIC ၏ အချက်အလက်များက ဖော်ပြသည်။ တရုတ်အစိုးရသည် စီးပွားရေးဆိုင်ရာ လုပ်ငန်းများနှင့် ပညာရေးကဏ္ဍတို့အတွက် အင်တာနက်အသုံးပြုမှုကို အားပေးသော်လည်း အစိုးရအပေါ် ဝေဖန်တိုက်ခိုက်မှုကဲ့သို့ နိုင်ငံရေးဆိုင်ရာများ သို့မဟုတ် ညစ်ညမ်းသော အကြောင်းအရာများအတွက် အသုံးပြုမှုကိုမူ ပိတ်ပင်တားဆီးလေ့ရှိသည်။ တရုတ်တွင် အွန်လိုင်းဈေးဝယ်ခြင်းနှင့် ဘလော့ဂ်များရေးသားခြင်းတို့မှအစ အွန်လိုင်းဗီဒီယိုကြည့်ရှုခြင်းအထိ အင်တာနက်ကို ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိသည်။

တရုတ်နိုင်ငံ လူဦးရေ၏ ၄၄ ရာခိုင်နှုန်းမှာ အင်တာနက်သုံးနေပြီဟု CINNIC ကဆိုသည်။ အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများကလည်း အလွန်ရေပန်းစား သုံးစွဲလာကြသော စမတ်ဖုန်း၊ Tablet နှင့် အခြား မိုဘိုင်းလ် အသုံးအဆောင်များတွင် ဝန်ဆောင်မှုကို အပြိုင်အဆိုင်ပေးလျက်ရှိသည်။ တရုတ်နိုင်ငံ၏ အအောင်မြင်ဆုံး အင်တာနက်ရှာဖွေရေး ဝက်ဘ်ဆိုက် Baidu သည် စမတ်ဖုန်း applications များ ရေးဆွဲသည့် 91 Wireless Websoft ကုမ္ပဏီကို ဒေါ်လာ ၁.၉ ဘီလျံဖြင့် ဝယ်ယူမည်ဟု ယခုသီတင်းပတ်အတွင်း ကြေညာခဲ့သည်။ အင်တာနက်အသုံးပြုသူ တိုးတက်များပြားလာမှုနှင့်အတူ တရုတ်အစိုးရက ထိန်းချုပ်ကန့်သတ်ရန် ကြိုးပမ်းမှုများလည်း ရှိနေသည်။

ယမန်နှစ်အတွင်း အီဂျစ်နှင့်တူနီးရှား အစိုးရတို့ကို ဖြုတ်ချနိုင်ခဲ့သည့် ဆန္ဒပြမှုများတွင် လူမှုကွန်ယက်နှင့် အင်တာနက်ဝက်ဘ်ဆိုက်များက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ဖြစ်ရပ်အပြီးတွင် တရုတ်အစိုးရက အွန်လိုင်းကို ပိုမိုထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည်။ အလားတူ အွန်လိုင်းဗီဒီယိုများ လွှင့်တင်မှုကိုလည်း တရုတ်အစိုးရက တင်းကြပ်ခဲ့သည်။ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများအနေဖြင့် ဗီဒီယိုများကို အွန်လိုင်းသို့ လွှင့်တင်ခြင်းမပြုမီ သက်ဆိုင်ရာ အာဏာပိုင်များ၏ စစ်ဆေးမှု ခံယူရန် ညွှန်ကြားထားသည်။ ရိုင်းပျကြမ်းတမ်းမှု၊ ညစ်ညမ်းပုံရိပ်များ ပါဝင်မှုနှင့် ကြမ်းကြုတ်ရက်စက်သော ပြကွက်များ ပါဝင်မှုရှိ မရှိ အာဏာပိုင်များက စစ်ဆေးပြီးမှသာ ဗီဒီယိုများကို လွှင့်တင်ခွင့်ပြုလေ့ရှိသည်။

Planet.com.mm

0 comments:

Post a Comment