9.4.15

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ လူစည်ကားရာ လမ်းအချို့ကို တစ်လမ်းမောင်းအဖြစ် ပြောင်းလဲသတ်မှတ်ကာ ယာဉ်မောင်းသူများ လိုက်နာရန် စည်းကမ်းချက်များ ရဲတပ်ဖွဲ့မှ ထုတ်ပြန်


၂၀၁၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် ကာလအတွင်းတွင် ရန်ကုန်မြို့ရှိ လူစည်ကားရာ ကားလမ်းမကြီး အချို့အား တစ်လမ်းမောင်းအဖြစ် ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဧပြီ ၈ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရှိရသည်။


မဟာသင်္ကြန်ပွဲတော် ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ ဧပြီ ၁၆ ရက်အထိ လူစည်ကားရာ လမ်းများအား တစ်လမ်းမောင်းအဖြစ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

တစ်လမ်းမောင်း သတ်မှတ်သွားမည့် လမ်းများမှာ ကမ္ဘာအေးစေတီလမ်းအား ပါရမီလမ်းဆုံမှ ကုက္ကိုင်းလမ်းဆုံအထိ မြောက်မှတောင်သို့ တစ်လမ်းမောင်း၊ စက်မှု (၁) လမ်းအား ဆရာစံလမ်းဆုံမှ ကမ္ဘာအေးစေတီလမ်းဆုံအထိ တစ်လမ်းမောင်း၊ ဆရာစံလမ်းအား ကမ္ဘာအေးစေတီလမ်းဆုံမှ စက်မှု (၁) လမ်းဆုံအထိ တစ်လမ်းမောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်းအထိ အရှေ့မှအနောက်သို့ တစ်လမ်းမောင်း သတ်မှတ်ထားကြောင်း သိရသည်။

ထို့အပြင် ကန်တော်ကြီးပတ်လမ်းအား ဦးထောင်ဘိုအ၀ိုင်း တိရစ္ဆာန်ဥယျာဉ်ဘက်မှ ကန်ရိပ်သာလမ်းသို့ အ၀င်လမ်းသတ်မှတ်ပြီး ကန်ရိပ်သာလမ်းအတိုင်း လက်ဝဲရစ်မောင်းနှင်၍ ၎င်းမှ နတ်မောက်လမ်းအတိုင်း ကမ္ဘာအေးစေတီလမ်းဆုံသို့ အထွက်သတ်မှတ်ထားရှိပြီး ကန်တော်ကြီးပတ်လမ်းသို့ ချည်းကပ်လမ်းများ အားလုံးမှာ ညာသို့ကွေ့ပြီး လက်ဝဲရစ်သွားရမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အခုသတ်မှတ်လိုက်တဲ့ လမ်းကြောင်းတွေက မနှစ်က တစ်လမ်းမောင်းအဖြစ် သတ်မှတ်ခဲ့တဲ့ လမ်းကြောင်းတွေ အတိုင်းပါပဲ။ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ တစ်လမ်းမောင်းသတ်မှတ်ထားတာ ဖြစ်ပေမယ့် အဲဒီနောက် ညပိုင်းအချိန်တွေမှာ ပုံမှန်အတိုင်း မောင်းနှင်လို့ ရပါတယ်။ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့ ရောက်တာနဲ့ အခုတစ်လမ်းမောင်းအဖြစ် သတ်မှတ်ထားတဲ့ လမ်းတွေအားလုံး ပုံမှန်သွားနေကြအတိုင်းပဲ မောင်းနှင်သွားလာနိုင်မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်မိုးသီဟကျော်က ဧပြီ ၈ ရက်တွင် ပြောကြားသည်။

၂၀၁၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်နစ်နာမှု မရှိရေး ယာဉ်အန္တရာယ် မဖြစ်ပွားစေရေးတို့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စည်းကမ်း ၁၀ ချက်ကို ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်များမှာ မူးယစ်သောက်စား၍ မောင်းနှင်ခြင်းမပြုရ။ အပျော်လွန်ကြူး စည်းကမ်းမဲ့ ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်း မောင်းနှင်ခြင်း မပြုရ။ ယာဉ်နံပါတ်ပြား မပါဘဲ မောင်းနှင်ခြင်း မပြုရ။ ယာဉ်၏ ဘေးတံခါးများ၊ နောက်ဖုံးများဖြုတ်၍ မောင်းနှင်ခြင်း မပြုရ။ ဖျက်သိမ်းထားသော ယာဉ်အိုယာဉ်ဟောင်းများနှင့် ပြုပြင်ဆဲ ယာဉ်များအား မောင်းနှင်ခြင်းမပြုရ။ ယာဉ်ကြောပြောင်းပြန်စီးနင်း မောင်းနှင်ခြင်း မပြုရ။ ထော်လာဂျီကဲ့သို့ အနှေးယာဉ်များကို အသုံးပြု၍ ရေကစားခြင်း မပြုရ။ မော်တော်ဆိုင်ကယ်များအား အိတ်ဇောပိုက်ဖြုတ်၍ စီးခြင်း၊ အသံကျယ်လောင်စွာ စီးခြင်း၊ နံပါတ်မမြင်အောင် တွန့်ခေါက်၍ စီးခြင်း၊ ရှေ့နောက် နံပါတ်ပြားမပါဘဲ စီးခြင်း၊ နှစ်ဦးထက်ပို၍ စီးခြင်း၊ ဆိုင်ကယ်ဦးထုပ်မပါဘဲ စီးခြင်းများ မပြုရ။ သံစုံဟွန်းများ တပ်ဆင်ကာ အသုံးမပြုရန်နှင့် မော်တော်ယာဉ်များတွင် ညစ်ညမ်းသောစာသားများ ဆိုင်းဘုတ်ပန်းချီ၊ ရုပ်ပုံ၊ အခြားမသင့်လျော်သော ပစ္စည်းများ ရေးသားချိတ်ဆွဲ၍ မောင်းနှင်ခြင်း မပြုရဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ၂၀၁၄ ခုနှစ် မဟာသင်္ကြန် ပွဲတော်ကာလအတွင်း တစ်နိုင်ငံလုံး အနေဖြင့် ယာဉ်မတော်တဆမှု ၃၆၀ မှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၉၁၇ ဦးနှင့် သေဆုံးသူ ၉၄ ဦးအထိရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရပြီး ဖြစ်စဉ်အများစုမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်ပွားကြောင်း သိရသည်။

Credit to : Eleven Media Group

0 comments:

Post a Comment