23.11.15

"Wi-Fi, vending machine များနှင့် ATM စက်များပါဝင်သော နည်းပညာမြင့် အများသုံးအိမ်သာများကို တရုတ်မိတ်ဆက်"


တရုတ်နိုင်ငံရှိ အများသုံးအိမ်သာများ၏ ပုံရိပ်ကို ပြန်လည်သစ်လွင်စေရန် ရည်ရွယ်သည့်အနေဖြင့် နည်းပညာမြင့် အိမ်သာများအား ဘေကျင်းမြို့တွင် စတင်မိတ်ဆက်ပေးခဲ့သည်။
The Fifth Space ဟုခေါ်သော နည်းပညာမြင့် အိမ်သာများတွင် Wi-Fi, vending machine များနှင့် ATM စက်များအပြင် flat-screen TV set များ ပါဝင်သည်။
ထို့အပြင် တရုတ်နိုင်ငံ၏ နာမည်ကျော် လျှပ်စစ် စကူတာများ အတွက် အားပြန်သွင်းနိုင်သောရုံများလည်း ပါဝင်ကြောင်း People's Daily Online မှ ဖော်ပြခဲ့သည်။
အဆိုပါ မျိုးဆက်သစ် အိမ်သာကို ကြာသပတေးနေ့က ဘေကျင်း အနောက်တောင်ရှိ ဖန်ရှန်ဒေသတွင် ပထမဦးဆုံး ဖွင့်လှစ်ပေးခဲ့သည်။
၎င်းမိတ်ဆက်ပွဲသည် ကမ္ဘာ့အိမ်သာနေ့ကို ကျင်းပချိန်နှင့် ထပ်တူကျခဲ့သလို ပထမဦးဆုံး တရုတ်အိမ်သာတော်လှန်ရေးလှုပ်ရှားမှုနေ့၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
အဆောက်အဦအပြင်ဘက်တွင် ပြသထားသော နေရာလမ်းညွှန်တစ်ခုအရ အဆိုပါ နည်းပညာမြင့် အိမ်သာတွင် အမျိုသားသုံး အိမ်သာများ၊ အမျိုးသမီးသုံး အိမ်သာများ၊ အမျိုးသား/အမျိုးသမီးသုံး အိမ်သာများ၊ မသန်စွမ်းသုံး အိမ်သာများ၊ ကလေးအဝတ်လဲခန်းများ၊ e-commerce ဧရိယာတစ်ခုနှင့် ATM အခန်းတစ်ခန်း အပါအဝင် မတူညီသော ဧရိယာ ၁၁ ခု ပါဝင်ကြောင်း သိရသည်။
ဧရိယာတစ်ခုလုံးတွင် Wi-Fi ကို အသုံးပြုနိုင်ပြီး အအေးမျိုးစုံကို ရောင်းချသော vending machine များကိုလည်း တပ်ဆင်ပေးထားသည်။ အိမ်သာတစ်ခုစီတွင် သုံးစွဲသူများကို ဖျော်ဖြေရန် အတွက် flat-screen TV set တစ်ခုကို တပ်ဆင်ပေးထားသည်။
ထို့အပြင် အဆောက်အဦ အပြင်ဘက်တွင် အိမ်သာတက်ရင်း လျှပ်စစ်စက်ဘီးများကို အားသွင်းထားနိုင်စေမည့် အားသွင်းရုံများကိုလည်း တပ်ဆင်ပေးထားသည်။
The Fifth Space အများသုံးအိမ်သာများသည် မိသားစုနယ်ပယ်၊ လုပ်ငန်းခွယ်နယ်ပယ်၊ အားလပ်ချိန်နယ်ပယ်နှင့် ဆိုက်ဘာ နယ်ပယ်တို့၏နောက် ပဉ္စမမြောက်နယ်ပယ် ဖြစ်လာလိမ့်မည်ဟု မျှော် လင့်ထားကြောင်း Beijing Environmental Sanitation Engineering Group မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုခဲ့သည်။
အဆိုပါ The Fifth Space အိမ်သာများကို ဘေကျင်းမြို့စွန်များတွင် မကြာမီ ဖွင့်လှစ်သွားမည် ဖြစ်သလို ဂူယန်၊ ဟိုင်ကူ၊ ကူမင်းနှင့် ရှန်ကျီကူမြို့များတွင်လည်း ဖွင့်လှစ်သွားမည်ဟု သိရသည်။

0 comments:

Post a Comment