3.12.15

အစ္စလာမ်က လူနည်းစုများ၏ အခွင့်အရေးနှင့် လုံခြုံမှုကို အာမခံထားသည်ဟု ပါကစ္စတန် သာသနာရေးဝန်ကြီး ပြော

paki
– အစ္စလာမ်သာသနာမှာ လူနည်းစုများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံရေးကို အာမခံထားသည်ဟု ပါကစ္စတန် ဖက်ဒရယ် သာသနာရေးဝန်ကြီး ဆာဒါရ် မိုဟာမက် ယူဆွဖ်က ပြောကြားလိုက်ပြီး အကြမ်းဖက်ဝါဒကို အမြစ်ဖြတ်သုတ်သင်ရေး စစ်ပွဲအတွင်း အစိုးရနှင့် စစ်တပ်တို့အား ဘာသာရေးခေါင်းဆောင်များက ထောက်ပံ့ပေးကြရန်လည်း မေတ္တာရပ်ခံခဲ့သည်။

အင်္ဂါနေ့ကပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံညီလာခံတွင် ယူဆွဖ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဘာသာရေးပညာရှင်တွေ၊ ခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်နေတဲ့၊ နိုင်ငံအတွင်းမှာ အကြမ်းဖက်ဝါဒကို အမြစ်ဖြတ်ဖယ်ရှားနေတဲ့ အစိုးရနဲ့စစ်တပ်ကို အပြည့်အ၀ ထောက်ခံဖို့ လိုပါတယ်” ဟု ယူဆွဖ်က ဆိုပြီး အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များအနေဖြင့် အစ္စလာမ့်သွန်သင်မှု အလင်းတန်းများဖြင့် တိုင်းပြည်အား ဦးဆောင်လမ်းပြသင့်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“လက်ရှိတိုင်းပြည်ရဲ့အခြေအနေက ဘာသာပေါင်းစုံ သဟဇာတဖြစ်မှုကို ရှာဖွေရမှာပါ။ ဘာသာပေါင်းစုံ သဟဇာတဖြစ်မှု မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုမှာ အစ္စလာမ်၊ ခရစ်ယာန်။ ဟိန္ဒူနဲ့ ဆစ်ခ်ဘာသာဝင်တွေဟာ သူတို့ရဲ့ အခန်းကဏ္ဍအလိုက် ပါဝင်နေကြတာဟာ ကောင်းမွန်တဲ့ ရှေ့ပြေးနိမိတ်ပါပဲ”
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုတို့တွင်လည်း ပါကစ္စတန်ရှိ ဘာသာတရားအားလုံး၏ နောက်လိုက်များမှာ ပူးပေါင်းဆောင်ရွက်မှုများ ယခင်ကတည်းက ပြုလုပ်ခဲ့ကြသည်ဟုလည်း ယူဆွဖ်က ထည့်သွင်းပြောကြားခဲ့သည်။
“အစ္စလာမ်ဟာ လူနည်းစုတွေအတွက် လွတ်လပ်မှုနဲ့ လုံခြုံမှုကို အာမခံပေးထားပါတယ်။ အစိုးရကလည်း တိုင်းပြည်အတွင်းမှာရှိနေတဲ့ လူနည်းစုတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေအတွက် လုံခြုံမှုနဲ့ ကာကွယ်မှုတွေကိုလည်း အသေအချာ လုပ်ဆောင်ပေးခဲ့ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ သည်းခံမှု၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်မှုတွေကို မြှင့်တင်ခြင်းအားဖြင့် အကြမ်းဖက်ဝါဒနဲ့ ဂိုဏ်းဂန၀ါဒတွေကို ကျွန်တော်တို့ လုံးဝ အမြတ်ဖြုတ်နိုင်ပါတယ်” ဟု ပါကစ္စတန် သာသနာရေးဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။
ပါကစ္စတန်မှာ နိုင်ငံလုံးဆိုင်ရာ ဘာသာပေါင်းစုံညီလာခံကို မြို့တော် အစ္စလာမ်မာဘတ်၌ မကြာခင် ပြုလုပ်ရန်ရှိနေပြီး နိုင်ငံတစ်ဝှမ်းရှိ ဘာသာပေါင်းစုံမှ ထင်ရှားသည့် ခေါင်းဆောင်များကိုလည်း ဖိတ်ကြားသွားမည်ဖြစ်သည်။

Credit To>>> M-Media News

0 comments:

Post a Comment