26.10.13

မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံရှိ ဆင်းဟတ်စ် တော်ဝင်စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာပြီး မိန့်ခွန်းပြောကြား

ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့အတိုက်
အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
သည် အောက်တိုဘာ ၂၅ ရက် ညနေပိုင်းတွင်
အင်္ဂလန်တောင်ပိုင်း၊ ကင်ဘာလေ (Camberley) မြို့ရှိ ဆင်းဟတ်စ် (Sandhurst) တော်ဝင် စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာပြီး မိန့်ခွန်းပြောကြားခဲ့သည်။
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဒုတိယအကြိမ် ဥရောပခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် လူဇင်ဘတ်၊ ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံသို့ အောက်တိုဘာ ၂၂ ရက်တွင် ရောက်ရှိလာခြင်းဖြစ်ကာ ငါးရက်ကြာ နေထိုင်မည်ဖြစ်သည်။ ယခုအကြိမ်သည် ဗြိတိန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခြင်းဖြစ်ပြီး ၎င်း၏ ငါးရက်ကြာ ခရီးစဉ်တွင် ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ အိမ်ရှေ့မင်းသား ချားလ်စ်အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂၄ ရက်က မြောက်အိုင်ယာလန်သို့ သွားရောက် လေ့လာခဲ့ပြီး Belfast မြို့ရှိ Wellington ကောလိပ်တွင် အမှာစကား ပြောကြားခဲ့သည်။ ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) တွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန် တောင်ပိုင်း၊ ကင်ဘာလေမြို့ရှိ ကမ္ဘာကျော် ဆင်းဟတ်စ် တော်ဝင်စစ် တက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့ပြီး မိန့်ခွန်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဆင်းဟတ်စ် တော်ဝင်စစ် တက္ကသိုလ်သို့ ရောက်ရှိချိန်တွင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် Stuart Skeates ကလာရောက်ကြိုဆို နှုတ်ဆက်ခဲ့ပြီး တော်ဝင်စစ်တက္ကသိုလ် အတွင်း လေ့ကျင့်သင်ကြား နေမှုများကို လှည့်လည် ကြည့်ရှုလေ့လာခဲ့ပြီး တော်ဝင်စစ်တက္ကသိုလ် ခန်းမဆောင်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ဗြိတိန်နိုင်ငံတွင် ငါးရက်ကြာ နေထိုင်ပြီးနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အီတလီနိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်။

ဆင်းဟတ်စ် တော်ဝင်စစ် တက္ကသိုလ်သို့ ရောက်ရှိလာသော ဒေါ်အောင် ဆန်းစုကြည်အားကြိုဆိုနှုတ်ဆက် နေသည့် တော်ဝင်စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် Stuart Skeates (လက်ဝဲ) နှင့် ဒုတိယကျောင်းအုပ် ဗိုလ်မှူး Chris Sargent (လက်ယာ)တို့ကို တွေ့ရစဉ်

Eleven Media Group

0 comments:

Post a Comment