26.10.13

ကြက်အသည်း၊အမြစ်၊နှလုံး၊ကြက်ရိုးနှင့် ပဲရည်သုပ်ပူပူလေး~

ကြက်အသည်း၊အမြစ်၊နှလုံး တို့ကိုရေစင်အောင်ဆေးပြီး ဆား၊နနွင်းနှင့် နယ်ကာ ရေကိုမြုတ်အောင်
ထည့်ပြီး နူးအောင်တည်ထားပါ။ နူးလျှင် ကြက်အသည်း၊အမြစ်၊နှလုံးတို့ကို ဆယ်ထုတ်ထားပါ။ အရည်ကို ပဲရည်ကျိုရန် အတွက်ထား ထားပါ။ ကြက်တောင်ပံ၊ကြက်ခြေထောက် တို့ကိုလည်း ရေစင်အောင်ဆေးပြီး ဆား၊နနွင်းနှင့် နယ်ကာ ရေကိုမြုတ်အောင် ထည့်ပြီး နူးအောင်တည်ထားပါ။ ပွက်ပွက်ဆူလာပြီး အသားများနူးလာလျှင် ကြက်တောင်ပံနှင့် ကြက်ခြေထောက် များကိုဆယ်ထုတ်ထားပြီး အရည်ကို ပဲရည်ကျိုရန်အတွက် ပဲမှုန့်အစိမ်းကို ရေအနည်းငယ်နှင့်ချေပြီးဖျော်ကာ ကြက်ပြုတ်ရေထဲကို ထည့်ပါ။ ကြက်အသည်း၊အမြစ်၊နှလုံး ပြုတ်ရေတို့ကိုလည်း ရောထည့်ပြီး မွှေပေးပါ။ ပဲရည်ကို မကြာခဏ မွှေမွှေပေးကာ ဆားနှင့် မဆလာ အနည်းငယ်စီထည့်ပါ။ ပဲစိမ်းနံ့ပျောက်ပြီး အရည်များပွက်ပွက် ဆူလာလျှင် ကြက်သွန်နီကြော်ကို ထည့်ပေး၍ အပေါ့အငံမြည်းကာ အသုပ်အတွက် ပဲရည်လေး အဆင်သင့်ဖြစ်ပါပြီ။

ပဲရည်သုပ်ရန်အတွက် ပြုတ်ထားသော ကြက်အသည်း၊အမြစ်၊နှလုံး၊ကြက်တောင်ပံနှင့် ကြက်ခြေထောက်များကို ကြိုက်နှစ်သက်သလို အတုံးလေးများခုတ်ပြီး ထည့်ပါ။ပါးပါးလှီးထားသော ဂေါ်ဖီ၊ကြက်သွန်နီ၊ရှောက်ရွက်/နံနံပင်/ပူစီနံ၊ငရုတ်သီးစိမ်း တို့ကိုထည့်ပါ။ ကြက်သွန်နီကြော်၊ငရုတ်သီးအကြတ်မှုန့် နှင့် သံပုရာရည်ညစ်ကာ အားလုံးကိုရောနယ်ပြီး အပေါ့အငံမြည်းကာ ချဉ်ချဉ် ငံငံ စပ်စပ် ကြက်အသည်း၊အမြစ်၊နှလုံး၊ကြက်ရိုးနှင့် ပဲရည်သုပ်ပူပူလေး သုံးဆောင်လို့ ရပါပြီ။

နှင်းဆီဖူးလေးများ-Love BUDS

0 comments:

Post a Comment