25.11.13

ကျွဲ/နွား တင်ပို့မှုများနေ၍ ရေရှည်တွင် ကျွဲ/နွား မျိုးစိတ်များ ရှားပါးလာနိုင်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကျွဲ/နွားများ တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့မှုများနေသောကြောင့်
 ရှေရှည်တွင် ကျွဲ/နွား မျိုးစိတ်များ ရှားပါးလာနိုင်ကြောင်း ကွတ်ခိုင်ဒေသခံအချို့က သုံးသပ်ကြသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကျွဲ/နွားဈေးများမှာ ယခင်ထက် ပိုမိုမြင့်တက် လာနေပြီး ရေရှည်တွင်နွားမျိုးစိတ်များ ရှားပါးလာကာ
 ဈေးနှုန်းများ ပိုမို မြင့်တက်လာနိုင် သဖြင့် တာဝန်ရှိသူ များမှ ထိန်းချုပ် ဆောင်ရွက်သင့်ကြောင်း
 ကွတ်ခိုင်ဒေသခံများက ပြောသည်။

“နွားတွေက သိန္နီဈေးနေ့နဲ့ ကွတ်ခိုင်ဈေးနေ့တွေဆိုရင်နွားမှောင်ခိုကနေတဆင့် တရုတ်ဘက်ကို 

သွားတာများတယ်။ အဓိက ကတော့ (၁၂)ဘီးကားတွေနဲ့ တစ်စီးကို (၁၅)ကောင်နှုန်းကျ သယ်ကြတယ် ” ဟု နမ့်ဖက်ကာ ကျေးရွာလူမှုရေး အသင်းအဖွဲ့မှ ကိုမြင့်အောင်က ပြောသည်။

လက်ရှိဒေသအတွင်း နွားဈေးနှုန်းမှာ ခိုင်းကျွဲ/နွား တစ်ကောင်လျှင် (၇)သိန်း ခန့် ရှိနေပြီး ယခင်နှစ်များထက် (၂)သိန်းကျော် ဈေးပိုလာခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ခိုင်းကျွဲ/နွားများ ဈေးတက်လာသဖြင့် ရေရှည်တွင် ဒေသအတွင်း ခိုင်းကျွဲ/နွားများအား မှိခို၍ လုပ်ကိုင်နေကြသော တောင်သူများ အခက်တွေ့လာနိုင်ကြောင်း ကွတ်ခိုင်ဒေသခံ တစ်ဦးက သုံးသပ်ပြောကြားသည်။

“ အဓိကပို့နေတဲ့ ကျွဲ/နွားတွေက ခိုင်းကောင်းတဲ့ ကျွဲ/နွားတွေပဲ
ဖြစ်နေတယ်။ မှောင်ခိုတင်တာလား အခွန်ဆောင်ပြီး သွားတာလား မသိရဘူး။ အဓိကကတော့ တောလမ်းကနေ မောင်းတဲ့ အဖွဲ့က မှောင်ခိုတွေများတယ်။ နိုင်ငံတော်ကဒါတွေကို ကြပ်မတ်ဆောင်ရွက် ပေးသင့်နေပါပြီ ”ဟု
ကွတ်ခိုင်မြို့ မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

လက်ရှိတင်ပို့နေသော ကျွဲ/နွားများအား ကွတ်ခိုင်
နွားပွဲဈေးမှတဆင့် မူဆယ်မြို့နယ် မောတောင်း
ဒေသမှဖြတ်ကာ တရုတ်နိုင်ငံ ကျင်ဆန်းကျော့ ဒေသမှ
တဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေကြသည်။ တစ်ရက်လျှင်
ကျွဲ/နွားများအား အကောင်ရေ(၅၀)မှ (၆၀)အကြား ပုံမှန်တင်ပို့နေသောကြောင့် ရေရှည်တွင် ကျွဲ/နွားမျိုးစိတ်များ
ရှားပါးလာပြီးခိုင်းကျွဲနွားများ ဈေးနှုန်း မြင့်တက်လာကာ
ရေရှည်တွင် တောင်သူများ အခက်တွေ့လာနိုင်၍ နိုင်ငံတော်မှ ထိန်းချုပ် ဆောင်ရွက် ပေးသင့်ကြောင်း ကွတ်ခိုင်မြို့ နွားပွဲဈေး အနီးရှိ ဒေသခံများက သုံးသပ်ပြောကြသည်။

စိုင်းကံသာ(လားရှိုး)
The Myanma Age

0 comments:

Post a Comment